← Chapters

ဆေးလုံး ရွေးချယ်ခြင်း

Vol. 8 Ch. 112

ဆေးလုံး ရွေးချယ်ခြင်း

Vol. 8 Ch. 112

အခန်း ၁၁၂ - ဆေးလုံး ရွေးချယ်ခြင်း

Translator – Than Toe Aung

ဆူဇီမိုသည် နောက်ဆုံး ခက်ခက်ခဲခဲအားထုတ်၍ ဖက်တီးလေးကို ပထုတ်နိုင်ခဲ့၏။ ထို့နောက် သူသည် လိုဏ်ဂူပေါက်ဝနားတွင် ဆောင့်‌ကြောင့်ထိုင်ချလိုက်ပြီး ဝင်္ကပါတစ်ခု ခင်းကျင်းဖို့ စတင်အာရုံစိုက်လိုက်၏။

သူခင်းကျင်းမည့် ဝင်္ကပါမှာ အဆင့်၂ .. မီးခိုးတစ်လူလူ ဝင်္ကပါဖြစ်၏။

ငှက်ရူးလေး၏ အဆင့်အတန်းက ထူးခြားသောကြောင့် ဆူဇီမိုသည် သတ်ဖြတ်ခြင်းဝင်္ကပါမျိုးကို ခင်းကျင်းရဲခြင်း မရှိပေ။ သူသည် ထိုငှက်ရူးကို ဝင်္ကပါထဲတွင် ပိတ်လှောင်ထားနိုင်လျှင်ပင် အလုပ်ဖြစ်လေသည်။

စိတ်ဝိညာဉ်ကျားက ဘေးကနေ ရပ်ကြည့်နေ၏။ ဘာတွေလုပ်နေသလဲဆိုတာ သူနားမလည်သော်လည်း ဆူဇီမို၏ ပြန်လည်ရောက်ရှိလာခြင်းက သူသည် သောက်ရူးငှက်ကို ဖိနှိမ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့လာလို့ ဖြစ်လိမ့်မည်ဆိုတာ သူခန့်မှန်းမိလေသည်။

သူပျောက်သွားသည်မှာ သုံးလတောင်ကြာခဲ့၏။ အဲ့ဒါက သိပ်ပြီး တိုတောင်းတဲ့ အချိန်တစ်ခု မဟုတ်ပေ။

ဆူဇီမိုသည် မီးခိုးတစ်လူလူဝင်္ကပါကို ခင်းကျင်းဖို့ တစ်နေ့လုံးလုံး အချိန်ယူခဲ့ရ၏။

သို့သော်လည်း သူသည် ၎င်းကို ခင်းကျင်းလို့ ပြီး‌မြောက်သွားသော်လည်း ရပ်တန့်ဦးမည့်ဟန်မရှိပေ။ သူသည် မီးခိုးတစ်လူလူဝင်္ကပါ၏ အပြင်ဘက်ပတ်လည်တွင် အသံလုံဝင်္ကပါတစ်ခုကို ထပ်မံခင်းကျင်းလိုက်၏။

ဤနည်းအားဖြင့် ငှက်ရူးသည် ထောင်ချောက်ထဲ ပိတ်မိ၍ အသံကုန်ခြစ်အော်စေကာမူ ကိစ္စမရှိတော့ပေ။

ပြီးနောက် သူသည် စိတ်ဝိညာဉ်ကျား၏ လည်ပင်းရှိ ဂိုဏ်းတံဆိပ်ပြားပေါ်တွင် အမှတ်အသားတစ်ခုကို ခတ်နှိပ်ပေးလိုက်၏။ ထိုသို့ဖြင့် စိတ်ဝိညာဉ်ကြားသည် ဝင်္ကပါကို ဖြတ်၍ လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမည်။

အားလုံး အစီတကျဖြစ်‌အောင် နေရာချပြီးသောအခါ ညအချိန်သို့ ရောက်နေပေပြီ။

ဆူဇီမိုသည် ည၏ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မှာ အိပ်စက်ဖို့စိတ် နည်းနည်းလေးမျှ ရှိမနေပေ။

နှစ်ကုန်ပြိုင်ပွဲကို ရောက်ဖို့က သုံးလတောင် မလိုတော့.. သူ့မှာ အချိန်သိပ်မကျန်တော့ပေ။

သူ၏ မူလအစီအစဉ်အတိုင်းဆိုလျှင် လုံလောက်သည့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပါက နှစ်ကုန်ပြိုင်ပွဲမရောက်မီ သူသည် ပကတိချီစုဖွဲ့စစ်သည်တော်အဆင့်သို့ပင် ရောက်နိုင်လေသည်။

ယခုအခါမှာတော့ သူ၏ အချိန်အတော်များများကို အစီအရင်တောင်ထွတ်မှာ ကုန်ဆုံးခဲ့ရလေသည်။ ထို့ကြောင့် ယခုအနေအထားအရ နှစ်ကုန်ပြိုင်ပွဲမတိုင်မီ သူသည် အလွန်ဆုံး ချီစုဖွဲ့မှုအဆင့်၉ ထိသာ ရောက်နိုင်ပေ‌တော့မည်။

နောက်ပြီး သူသည် ဆေးလုံးဖော်စပ်မှုကိုလည်း အခုထိ အောင်မြင်အောင် မလုပ်ရသေးပေ။

ပကတိချီစုဖွဲ့အဆင့်ဖြစ်သော ဖုန်ဟောက်ယွီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပါက သူ့မှာ နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိကြောင်း ဆူဇီမိုသိထားလေသည်။

ထို့အပြင် ဖုန်ဟောက်ယွီက အဓိက လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သော ဆန်းကြယ်ဓါးသိုင်းကိုလည်း လေ့ကျင့်ထားသေး၏။

ဆူဇီမိုအတွက် အနိုင်ရနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ဓါးဝင်္ကပါပညာရပ်သာ ဖြစ်လေသည်။

သူသည် တြိဂံဓါးဝင်္ကပါနှင့် ဆဋ္ဌဂံဓါးဝင်္ကပါတို့ကို နှစ်မကုန်ခင် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပြီး ဓါးဝင်္ကပါသခင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားရပေမည်။

ဆူဇိမိုသည် ထိုညမအိပ်တော့ဘဲ သူ၏ ဆေးမီးဖိုကို ထုတ်ယူကာ ဖော်စပ်ခြင်းကို စတင်လိုက်၏။

ယခင်က သူသည် အဆင့်၁ ဆေးလုံးကို ဖော်စပ်နိုင်တော့မည့် အခွင့်အရေးရှိခဲ့၏။ သို့သော်လည်း ကြိုးကြာလေး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဆေးလုံးက ပေါက်ကွဲသွားခဲ့ပြီး သူ၏ ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်ခဲ့ရ၏။

သုံးလလောက် ဆေးလုံးဖော်စပ်ခြင်းနှင့် ကင်းကွာခဲ့ပြီးနောက် ဆူဇီမို၏ နည်းစနစ်များက သံချေးတက်နေပေပြီ။

သူသည် မီးတောက်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်း မရှိဘဲ စိတ်ဝိညာဉ်ဆေးပင်များက လောင်ကျွမ်းပြာကျကုန်၏။

ညသန်းခေါင်သို့ ရောက်မှသာလျှင် သူသည် မီးတောက်ကို ထိန်းချုပ်ခြင်းနှင့် အနည်းငယ် အသားကျလာ၏။

အကြိမ်းများစွာ ကျရှုံးပြီးနောက် ဆူဇီမိုသည် မနက်စောစောသို့ ရောက်သောအခါ ဆေးတစ်ဖုံကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။

ပုံမှန်အားဖြင့်တော့ ဆေးတစ်ဖုံတွင် ဆေးလုံးကိုးလုံး ပါလေ့ရှိ၏။

သို့သော် ဆေးဖော်ရခြင်းက ရှားပါးရှုပ်ထွေးဆန်းကြယ်နက်နဲသောအခါ ဆေးတစ်ဖုံတွင် ထွက်ပေါ်လာမည့် ဆေးလုံးအရေအတွက်ကလည်း နည်းပါးသွား၏။

ဥပမာ.. အဆင့်၁ ဆေးလုံးများထဲတွင် ဖော်စပ်ရ အခက်ခဲဆုံးဖြစ်‌သော အခြေတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်မည်ဆိုလျှင် ဆေးတစ်ဖုံတွင် ဆေးလုံးတစ်လုံးသာ ရရှိပေလိမ့်မည်။

အဆင့်၁ ဆေးလုံးများထဲတွင် စိတ်ဝိညာဉ်စုဆောင်းခြင်း‌ဆေးလုံးသည် ဖော်စပ်ဖို့ရာ အရိုးရှင်းဆုံး ဖြစ်လေသည်။

ဆေးမီးဖို၏ အပေါက်များထဲမှ ‌စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးကိုးလုံးက လေထဲသို့ လွင့်မျောထွက်ပေါ်လာ၏။ ဆေးရှစ်လုံးမှာ ဆေးကြိုးသုံးကြိုးစီပါ၍ .. ၎င်းတို့သည် သာလွန်အဆင့်ဆေးလုံးများ ဖြစ်၏။

ဆေးတစ်လုံးကတော့ ဆေးကြိုးလေးကြိုး ပါရှိပြီး .. ထိပ်တန်းအဆင့်ဆေးလုံးဖြစ်လေသည်။

လေထဲတွင် လွင့်နေသော ဆေးလုံးကိုးလုံးကို ကြည့်၍ ဆူဇီမို၏ မျက်လုံးများသည် တစ်ဖျတ်ဖျတ်လက်သွားပြီး စဉ်းစားတွေးတောနေ၏။

သူ၏ ပထမအကြိမ် ကြိုးပမ်းမှုမှာပင် ထိုကဲ့သို့သော အရည်အသွေးရှိသည့် ဆေးလုံးများ ပေါ်ထွက်လာခြင်းက သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေ၏။

ဆေးလုံးဖော်စပ်ခြင်းက လက်နက်သွန်းလုပ်ခြင်းနှင့် သိပ်တော့ မတူပေ။

လက်နက်သွန်းလုပ်ခြင်းတွင် အခြေခံအုတ်မြစ်က မီးတောက်ဖြစ်၏။ သို့သော်လည်း တစ်ကယ့်အချုပ်က‌တော့ မီးဆေးခြင်းနှင့် စိတ်ဝိညာဉ်စုဆောင်းခြင်း ဖြစ်လေသည်။

ဆေးဖော်စပ်ခြင်းတွင် တစ်ကယ့်အချုပ်မှာ အဆီအနှစ်ထုတ်ခြင်း နှစ်ဆင့် ဖြစ်လေသည်။

အဆီအနှစ်ထုတ်ခြင်းတွင် ပိုကောင်းအောင် လုပ်နိုင်လေလေ.. ဆေးလုံးထဲမှ အညစ်အကြေးများက ပိုထွက်လေလေဖြစ်ပြီး အရည်အသွေးကလည်း ပိုကောင်းလာပေလိမ့်မည်။

အတွေးတစ်ချက်နှင့်ပင် ဆူဇီမို၏ ညာဘက်လက်ချောင်းထိပ်မှ ရှဲကနဲမြည်၍ ကြက်သွေးရောင်မီး‌တောက်တစ်ခုက ပေါ်လာ၏။

ဤကဲ့သို့သော အရည်အသွေးနှင့် ဆေးလုံးများ ဘာကြောင့် ထွက်ပေါ်လာသည်ဆိုတာ သူမှာ ရှင်းပြဖို့ နည်းလမ်းတစ်ခုသာ ရှိလေသည်။ ၎င်းသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကြောင့်ပင် ဖြစ်ရပေမည်။

သူ့ညာဘက်လက်မှ ထွက်ပေါ်လာသော အဆင့်၃ စိတ်ဝိညာဉ်မီးတောက်က အခြားသူများမှာရှိသော ပုံမှန်အဆင့်၃ စိတ်ဝိညာဉ်မီးတောက်နှင့် မတူဘူးဟူသော ခံစားချက်ကို သူရနေ၏။ သူ့အထင်အရ ပြောရလျှင် သူ၏ စိတ်ဝိညာဉ်မီးတောက်က ဆေးပင်များကို သန့်စင်ရာတွင် တစ်မူထူးခြားသည် အားသာချက်တစ်စုံတစ်ရာရှိပုံ ရလေသည်။

သူသာ ထိုအားသာချက်ကို သုံး၍ ဆေးပညာတွင် တစိုက်မတ်မတ် လေ့လာကြိုးစားအားထုတ်ပါက တစ်နေ့တွင် ပကတိဆေးလုံးများကို ဖော်စပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

“ငါ့မှာ ရှိတာက တစ်ကယ်ရော အဆင့်၃ စိတ်ဝိညာဉ်မီးတောက်မှ ဟုတ်ရဲ့လား.. တစ်ခြားမျိုးကွဲတစ်ခုခုနဲ့ အ‌ရောင်ချင်းသွားတူနေတာများလား”

ဆူဇီမိုသည် အတွေးနက်၍ သူ့ညာလက်ကို လှည့်ပတ်ကြည့်ရှုနေ၏။

ထိုအချိန်မှာပင် ရင်းနှီးနေကျဖြစ်သော ကြိုးကြာအော်သံက သူ့လိုဏ်ဂူတိုက်ခန်း အပြင်ဘက်မှ ထွက်ပေါ်လာ၏။

“ကော်း.. ကော်း..”

စိတ်ဝိညာဉ်ကျားသည် လန့်ပြီး ထခုန်လိုက်၏။ သူ့ကျောမှ အမွှေးများက ထောင်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများက စိမ့်၍ ဝင်ရောက်လာ၏။

သုံးလကြာတာတောင် စိတ်ဝိညာဉ်ကျား၏ အကြောက်တရားက မပျက်ပြယ်သေးပေ။ သူသည် ကြိုးကြာလေး၏ နှိပ်စက်မှုကို ဘယ်လောက်ခံခဲ့ရသလဲဆိုတာ ထိုအမူအယာက ထင်ရှားနေ၏။

“အင်း သူရောက်လာတာ အချိန်ကိုက်ပဲ”

ဆူဇီမိုသည် အေးဆေးပါကွာဆိုသည့်ပုံစံနှင့် ပြုံးလိုက်ပြီး ကောင်းကင်ထက်မှ ဆင်းသက်လာနေသည့် ကြိုးကြာလေးကို တည်ငြိမ်စွာ ကြည့်လိုက်၏။

တောင်ပံများကို တစ်ဖြန်းဖြန်းရိုက်ခတ်လိုက်ပြီး ကြိုးကြာလေးသည် မထီတရီ လှောင်ပြောင်ရန်စလို‌သောအကြည့်နှင့် ဆူဇီမိုကို ရွှင်မြူးစွာ ကြည့်လိုက်၏။

သူ့အမူအယာ၏ အဓိပ္ပါယ်က အလွယ်တကူ သိနိုင်၏... ပြောချင်သည်မှာ.. “မင်းက ပမွှားပါကွာ.. မင်းအမြဲတမ်း အပြင်မှာ သွားပုန်းနေလို့ မနေနိုင်ပါဘူး. အနှေးနဲ့ အမြန်ဆိုသလို ပြန်ရောက်လာရမှာပဲ.. မင်း ငါ့လက်ကနေ ‌ပြေးလို့မလွတ်ပါဘူး” ဟူ၍ပင်။

ကြိုးကြာလေး လိုဏ်ဂူပေါက်ဝရှေ့ကို ဆင်းသက်လိုက်စဉ်မှာပင် မြေပြင်မှ အလင်းရောင်များက တစ်ဖျတ်ဖျတ်လက်၍ တောက်ပလာ၏။

ဝင်္ကပါလမ်းကြောင်းများက တောက်ပလင်းလက်သွားပြီး မီးခိုးတစ်လူလူဝင်္ကပါက အသက်ဝင်သွားလေပြီ။

ကော်း..

ကြိုးကြာလေးသည် ရင်ထိတ်သွားပြီး သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။ သူသည် ကောင်းကင်ထက်သို့ ချက်ခြင်းပျံတက်ဖို့ လုပ်လိုက်၏။ သို့‌သော် မည်သို့ပင် သူကြိုးစားပါချေ.. သူသည် ထိုနယ်ပယ်ကျဉ်းကျဉ်းလေးထဲမှ လွတ်အောင် ရုန်းမထွက်နိုင်ချေ။

သူသည် ထောင်ချောက်ထဲ ပိတ်မိနေပေပြီ။

ကြိုးကြာလေးသည် ဆန်းကြယ်တောင်ထွတ်မှာ ကြီးပြင်းလာခဲ့တာဖြစ်သောကြောင့် ကျင့်ကြံသူများ အသုံးပြုတတ်သည့် နည်းလမ်းအတော်များများကို သိထားလေသည်။ ယခုသူသည် အစီအရင်ဝင်္ကပါတစ်ခုအတွင်း ကျဆင်းသွားပြီ ဆိုတာ ပြောစရာမလိုဘဲ သိနှင့်လိုက်၏။

ကော်း. ကော်း..

ကြိုးကြာလေသည် စိတ်တိုဒေါသထွက်လာပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သို့သော်လည်း သူ့အသံလှိုင်းများကို အသံလုံဝင်္ကပါက တားဆီးထားသောကြောင့် အသံက အပြင်သို့ ဖောက်မထွက်နိုင်ဘဲ အထဲမှာသာ ပဲ့တင်ပြန်ထပ်နေ၏။

လိုဏ်ဂူတိုက်ခန်းထဲမှာရှိသော စိတ်ဝိညာဉ်ကျားသည် လှမ်းကြည့်လိုက်၏။ ကြိုးကြာလေးသည် ပါးစပ်ကိုဖြဲကာ သံကုန်ခြစ်အော်နေသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိသည်ကို သူတွေ့လိုက်ရ၏။ ဤသည်ကို ကြည့်၍ သူသည် စိတ်လှုပ်ရှား ပျော်ရွှင်လာပြီး ထခုန်လိုက်၏။

အဲ့ငှက်စုတ် ခံစားရတာကို ကြည့်ရှုရဖို့ အချိန်အခါ ကျရောက်လို့ လာလေပြီ။

“နောက်ဆုံးတော့ ငါတို့ လက်စားပြန်‌ချေနိုင်ပြီ‌ပေါ့ကွာ” စိတ်ဝိညာဉ်ကျားသည် မျိုသိပ်ထားခဲ့ရသော မချင့်မရဲမကျေနပ်ချက်များကို ဖွင့်ထုတ်ဖို့ ခေါင်းကိုမော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

စိတ်ဝိညာဉ်ကျား၏ လှောင်ပြောင်ရန်စနေပုံကို ကြည့်ကာ ကြိုးကြာလေးသည် ပိုလို့ပင် ဒေါသထွက်လာ၏။ သူသည် မလှုပ်မယှက် အတန်ကြာ ငြိမ်သက်နေပြီးနောက် ရုတ်တရတ်ဆိုသလို တောင်ပံများကို ရိုက်ခတ်လိုက်၏။ လေပွေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူသည် လိုဏ်ဂူတိုက်ခန်းရှိရာဘက်သို့ ထက်ရှသော ခြေသည်းများကို လှစ်ဟပြ၍ တစ်ဟုန်ထိုး ပြေးဝင်ထိုးသုတ်လိုက်၏။

စိတ်ဝိညာဉ်ကျားသည် ရင်ထိတ်သွား၏။ သူသည် ရှောင်မလို့ လုပ်လိုက်စဉ်မှာပင် နားလည်လိုက်၏။ ကြိုးကြာလေးသည် ရှေ့သို့ တက်မလာနိုင်ဘဲ ဝဲလည်ဝဲလည်သာ ဖြစ်နေ၏။ သူသည် ခေါင်းပြတ်သွားသော ပိုးကောင်တစ်ကောင်လို ဦးတည်ရာမရှိ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လျှောက်သွားနေ၏။

ထိုမြင်ကွင်းက စိတ်ဝိညာဉ်ကျားကို ပို၍ ရွှင်မြူးလာစေပြီး သူသည် အားရပါးရ ရယ်မောနေတော့၏။

ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

လိုဏ်ဂူတိုက်ခန်း၏ အပေါက်ဝဘက်၌ အရူးအမူး အော်ဟစ်ပြေးလွှားနေသည့် ကြိုးကြာလေးကို မရှိသလို သဘောထားလိုက်ကာ ဆူဇီမိုသည် သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ချီစုဖွဲ့မှုကို အဆင်မြှင့်တင်ဖို့ လုပ်လိုက်၏။

သူ့ကျင့်ကြံမှုအဆင့်က သုံးလလောက် တန့်နေခဲ့ရပြီး ယခုအခါ သူသည် တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရပေတော့မည်။

သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးတစ်ဖုံကို ဖော်စပ်နိုင်ခဲ့‌သော်လည်း ၎င်းတို့ကို စားသုံးဖို့ ဆန္ဒမရှိပေ။

နတ်ဆေးတောင်ထွတ်သခင်ပြောတာကို သူနား‌ထောင်ခဲ့ရ၏။ ပကတိအဆင့်ဆေးလုံးကလွဲလျှင် ကျန်အဆင့်ဆေးလုံးများအားလုံးတွင် အညစ်အကြေး အနည်းနှင့်အများဆိုသလို ပါရှိ၏။ လုံးလုံး ပကတိ မသန့်စင်သော ဆေးလုံးများကို စားသုံးခြင်းက လူတစ်ယောက်၏ ကျင့်ကြံမှုကို ထိခိုက်မှုရှိ၊ မရှိဆိုသည်မှာ မည်သူမျှ တိတိကျကျ မပြောနိုင်သောအရာ ဖြစ်၏။

ထိုအခါ ဆူဇီမိုသည် ရွေးချယ်တစ်ခု ပြုလုပ်လိုက်၏။

အဆိုပါဆေးလုံးက ပကတိအဆင့် မဟုတ်သမျှ သူသည် ၎င်းကို မစားသုံးဟူ၍ပင်။

ထိုအချိန်၌ ဆူဇီမို ကောင်းကောင်း နားမလည်ခဲ့သေးသည်မှာ... ထိုရွေးချယ်မှုက သူ၏ ကျင့်ကြံမှု အခြေခံအုတ်မြစ်ကို လုံးဝခိုင်မာလာစေပြီး အနာဂတ်တွင် သူ့ကို ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာစေဖို့ အထောက်အကူများစွာ ပြုလိမ့်မည်ဆိုတာကိုပင်။

All Chapters