ဘယ်လောက်တောင် လွဲမှားလိုက်သလဲ
Vol. 8 Ch. 113
အခန်း ၁၁၃ - ဘယ်လောက်တောင် လွဲမှားလိုက်သလဲ
Translator – Than Toe Aung
သုံးရက်ကြာပြီးနောက် ဆူဇီမိုသည် ပကတိအဆင့်ရှိသော စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးတစ်ဖုံကို ဖော်စပ်နိုင်ခဲ့၏။
ထိုပကတိအဆင့်ဆေးလုံးများကို သူသည် ကျောက်စိမ်းပုလင်းလေးထဲသို့ သေချာဂရုတစိုက် ထည့်လိုက်ပြီး သိုလှောင်အိတ်ထဲတွင် သိမ်းထားလိုက်၏။
ကြိုးကြာလေးသည် သုံးရက်လုံးလုံး မီးခိုးတစ်လူလူဝင်္ကပါထဲတွင် ပိတ်မိနေကာ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။ သူသည် သုံးနေ့သုံးညလုံးလုံး အော်ဟစ်ခဲ့သည့်အတွက် အသံများပင် အက်ကွဲ၍ ဝင်နေချေပြီ။ ယခုအခါ သူသည် အားမတန်မာန်လျှော့ရသည့် ပုံစံဖြင့် မြေပေါ်တွင် ဝပ်နေပြီး ဆူဇီမိုကို သနားစဖွယ် ကြည့်နေ၏။
ဆူဇီမိုသည် မီးခိုးတစ်လူလူဝင်္ကပါရှေ့သို့ ရောက်လာပြီး ကြိုးကြာလေးကို ပြုံး၍ ကြည့်လိုက်၏။
“ဟေ့ငှက်မိုက်လေး.. နင် အခုတော့ ငါဘာကောင်လဲဆိုတာ သိပြီမလား”
ကြိုးကြာလေးက အထင်ကြီးလေးစားဟန်ပြ၍ ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ပြလိုက်၏။
အဲ့လောက်နှင့် ဆူဇီမိုကို သနားစိတ်ဝင်လာအောင် မလုပ်နိုင်ပါချေ။
ဤငှက်ရူးလေးက ဂိုဏ်းထဲတွင် မြင့်မားသော ဂုဏ်အဆင့်အတန်းရှိပြီး ဘယ်သူကမျှ သူ့ကို ထိခိုက်နစ်နာအောင် မလုပ်ရဲခဲ့ချေ။ ထို့ကြောင့် သူသည် ယခု ခံစားခဲ့ရသည်ကို အလွယ်တကူ ကျေအေးပေးလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသာ ယခုနေ သူ့ကို လွှတ်ပေးလိုက်ပါက သူပြန်လာသည်အခါ ထိန်းမနိုင်သိမ်းမရအောင် ဖြစ်လာပေလိမ့်မည်။
“ဒီမှာ သုံးလလောက်တော့ သည်းခံပြီး နေလိုက်ပါဦးကွာ.. နှစ်ကုန်ပြိုင်ပွဲပြီးတာနဲ့ ငါမင်းကို ပြန်လွှတ်ပေးပါ့မယ်” ဆူဇီမိုက ပုံမှန်စကားပြောသလိုပင် ကတိပေးလိုက်၏။
“ကော်း.. ကော်း”
ချက်ခြင်းဆိုသလိုပင် ကြိုးကြာလေး၏ ဟန်အမူအယာက ပြောင်းလဲသွားပြီး ဆူဇီမိုကို ခြိမ်းခြောက်သလို အော်ဟစ်လိုက်၏။
အေးစက်စက် နှာတစ်ချက်ရှုံ့လိုက်ပြီး ဆူဇီမိုသည် ဘာမှ မမြင်ခဲ့သလို ဟန်ဆောင်ကာ နတ်ဆေးတောင်ထွတ်ဘက်သို့ ဓါးပျံစီး၍ ထွက်သွားလိုက်၏။
စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးများ ဖော်စပ်တတ်ရုံနှင့် သူသည် နတ်ဆေးတောင်ထွတ်၏ နံပါတ်တစ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
လက်နက်သွန်းလုပ်ခြင်းတွင် အခက်ခဲဆုံးအပိုင်းက စိတ်ဝိညာဉ်စုဆောင်းခြင်း ဖြစ်၏။
ဆေးလုံးဖော်စပ်ခြင်းတွင်မူ အခက်ခဲဆုံးအပိုင်းမှာ အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးပင်အမျိုးအစားများကို ခွဲခြားသိမြင်နိုင်၍ ရှုထောင့်အမျိုးမျိုးကနေ အတွင်းကျကျ သိမြင်နားလည်ဖို့ ဖြစ်လေသည်။
အခြေခံနတ်ဆေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုလျှင် သူသည် အဆင့်၁ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သော ဆေးပင်များအားလုံးကို ခွဲခြားသိမြင်တတ်ရမည်ဖြစ်ပြီး သူတို့၏ ခံနိုင်ရည်ရှိသော အပူချိန်အတိုင်းအတာနှင့် ဆေးဖော်စပ်နည်းများကို သိရှိနေရမည်ဖြစ်လေသည်။
နတ်ဆေးဆရာတစ်ယောက်ဟုဆိုပြီး ဆေးဖော်စပ်နည်းများကို အလွတ်ရသော်လည်း ပါဝင်ရမည့် ဆေးပင်များကို မခွဲခြားတတ်ပါက သူသည် မည်သို့ ဆေးဖော်စပ်နိုင်ပါမည်နည်း။
တစ်ကယ့်နတ်ဆေးဆရာကြီးများကတော့ သူတို့၏ စိတ်ကူးစိတ်သန်းနှင့် တီထွင်ကြံဆမှုပေါ် အခြေခံ၍ ဆေးလုံးများကို ဖော်စပ်နည်းအညွှန်းအတိုင်းမဟုတ်ဘဲ ကိုယ်ပိုင်အချိုးအဆနှင့် ဆေးလုံးအသစ်များကို ဖော်စပ်နိုင်ကြ၏။
သို့သော် ဆူဇီမိုကတော့ ထိုအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုသေးလေသည်။
ဆူဇီမို ယခု နတ်ဆေးတောင်ထွတ်သို့ ထွက်လာရသည့် ရည်ရွယ်ချက်မှာ သူသည် အဆင့်၁ ဆေးလုံးဖော်ရာတွင်သုံးသည့် စိတ်ဝိညာဉ်ဆေးပင်များအား ပြုစုထားသည့်ကျမ်းကို လဲလှယ်ရယူပြီး အလွတ်ကျက်မှတ်ဖို့ ဖြစ်လေသည်။ ထို့နောက် သူသည် ဆက်လက်လေ့ကျင့်ဖော်စပ်ဖို့အတွက် ဆေးဖော်စပ်နည်းအညွှန်းအချို့နှင့် စိတ်ဝိညာဉ်ဆေးပင်အချို့ကိုပါ လဲလှယ်ယူသွားမည် ဖြစ်လေသည်။
သိပ်မကြာခင်မှာပင် ဆူဇီမိုသည် သူနေထိုင်ရာတိုက်ခန်းသို့ ပြန်ရောက်လာ၏။
နောက်လာမည့်ရက်များအတွင်း သူသည် ကျင့်ကြံခြင်းအား အဆင့်မြှင့်တင်ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းတို့အတွက် သူ့အချိန်များကို ပေးရပေမည်။
ထောင်ချောက်ဝင်္ကပါထဲတွင် ပိတ်မိနေသော ကြိုးကြာလေးသည် ဘာမှလဲ မစားရသောကြောင့် ပိန်ချုံးသွားပြီး ပို၍ပင် သနားစဖွယ်ကောင်းလာ၏။
ထိုမြင်ကွင်းကို စိတ်ဝိညာဉ်ကျားက ဆက်လက်မကြည့်ရက်တော့ပေ။ ထို့ကြောင့် သူသည် အပြင်ဘက်ကနေ အမဲလိုက်ပြီး ပြန်လာသောအခါ ကြိုးကြာလေးအတွက် စားစရာအချို့ ချန်ယူပေးတတ်လာ၏။ ယခုအခါ သူတို့သည် ရံဖန်ရံခါ စကားစမြည်ပင် ပြောနေကြပြီဖြစ်၏။
ဤအချိန်ကာလအတွင်း စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေး၏ ဆက်ဆံရေးက အတော်အတန် တိုးတက်လာ၏။
ဆူဇီမိုအပေါ် ကြည့်သော ကြိုးကြာလေး၏ အကြည့်များကတော့ မကျေမချမ်းဖြစ်နေတုန်းပင်။
ဆူဇီမိုကလည်း သူ့ကို အရေးမစိုက်အားပေ။
ဤနေ့တွင် ဆူဇီမိုသည် နောက်ထပ် ဆေးတစ်ဖုံကို ဖော်စပ်နိုင်ခဲ့ပြီး ထိပ်တန်းအဆင့် ဆေးလုံးက လေးလုံးပါပြီး ကျန်ဆေးလုံးများကတော့ သာလွန်အဆင့်များ ဖြစ်ကုန်၏။
ဆူဇီမိုသည် ထိုဆေးလုံးများကို သိမ်းမည်ပြုစဉ်မှာပင် အကြံတစ်ခု ပေါ်လာ၏။
သူသည် ပကတိအဆင့်မဟုတ်သည့်အတွက် ဤဆေးလုံးများကို စားသုံးမှာ မဟုတ်သော်လည်း ထို့အထဲတွင် စိတ်ဝိညာဉ်ဆေးပင်များ၏ အဆီအနှစ်များက ပေါကြွယ်ဝစွာ ပါဝင်၏။ ဤဆေးလုံးများက စိတ်ဝိညာဉ်ကျား၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်မလား သူသိချင်မိ၏။
ထိုအတွေးနှင့် ဆူဇီမိုသည် မွှေးပျံ့နေသော ဆေးလုံးများကို ယူပြီး စိတ်ဝိညာဉ်ကျားရှိရာသို့ လျှောက်လာခဲ့၏။
စိတ်ဝိညာဉ်ကျားက ဤဆေးလုံးများကို စားလိုရဲ့လားဆိုတာ သူမေးမလို့ ဟန်ပြင်လိုက်စဉ်မှာပင် ၎င်းက အာသာငမ်းငမ်းနှင့် အမြီးကိုနှံ့လိုက်၏။ ၎င်း၏ ပါးစပ်က ဟပြဲလာပြီး သွားရည်များက ထွက်ကျတော့မည်ကဲ့သို့ ရှိနေ၏။
သူသည် ၎င်းကို မေးနေစရာပင် မလိုတော့ပေ။
“မင်းကိုမင်းလဲ ပြန်ကြည့်ဦး ဘယ်လောက်သရုပ်ပျက်လိုက်လဲဆိုတာ”
ဆူဇီမိုသည် ဟာသနှော၍ ဆူပူလိုက်ပြီး ဆေးလုံးများကို လေထဲသို့ မြှောက်တင်လိုက်၏။
စိတ်ဝိညာဉ်ကျားသည် ပါးစပ်ကြီးကို ဖြဲ၍ လေထဲက ဆေးလုံးများကို လိုက်ဖမ်းလိုက်ပြီး ကျေနပ်အားရစွာ ဝါးစားနေလေတော့၏။
ဝင်္ကပါထဲတွင် ပိတ်မိနေသော ကြိုးကြာလေးသည် ထိုမြင်ကွင်းကို မြင်သောအခါ လုံးဝ မှင်တက်ကြောင်အသွား၏။
“အဲ့လိုလဲ လုပ်လို့ ရတယ်ပေ့ါ”
သူမသည် လုံးဝ အံ့အားသင့်၍ ကြက်သေ,သေနေ၏။
သူမသည်လည်း အရင်က ဆေးလုံးများကို စားခဲ့ဖူးပါ၏။ သို့သော်လည်း သူမ၏အမေက လျှို့ဝှက်အစောင့်အရှောက်သားရဲ ဖြစ်နေတာပင်လျှင် သူမကို ပေးကျွေးသောဆေးလုံးများမှာ အလယ်အလတ်အဆင့်ဆေးလုံးက အကောင်ဆုံးဖြစ်၏။
ဆူဇီမိုကဲ့သို့ သာလွန်အဆင့်ဆေးလုံများအား ခွေးကို ပေးကျွေးသောသူမျိုးကို ကြိုးကြာလေးသည် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ကြိုးကြာလေးအတွက်တော့ စောစောက အမြီးတနှံ့နှံ့ဖြင့် လျှောက်သွားသော စိတ်ဝိညာဉ်ကျား၏ ပုံစံက ခွေးတစ်ကောင်နှင့် မခြားပေ။
ကြိုးကြာလေးသည် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထို့အထဲတွင် ထိပ်တန်းအဆင့်ဆေးလုံးများပင်လျှင် ပါနေသေး၏။
ဘယ်လောက်တောင် ရက်ရောလိုက်သလဲ
ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲ!
ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ!
ဘယ်လောက်တောင် လွဲမှားလိုက်သလဲ!
“ဒါပေမယ့် အဲ့ဒါကို ငါကြိုက်တယ်!”
ကြိုးကြာလေးသည် မြေပေါ်မှ စိတ်လှုပ်ရှားစွာ ကျုံးထလိုက်ပြီး စိတ်ဝိညာဉ်ကျားကို မျက်စပစ်ပြပြီး အမူအယာပြလိုက်၏။
ကျင့်ကြံရေးလောကတွင် စိတ်ဝိညာဉ်တောကောင်များကို လက်သပ်မွေးထားကြသော ကျင့်ကြံသူများစွာ ရှိ၏။ သူတို့ထဲမှ အနည်းအကျဉ်းလောက်သာ သူတို့၏ စိတ်ဝိညာဉ်တောကောင်များကို ဆေးလုံးများ ကျွေးနိုင်ကြ၏။ ထိုသို့ဆိုလျှင်တောင် သာလွန်အဆင့် သို့မဟုတ် ထိပ်တန်းအဆင့်ဆေးလုံးများကိုတော့ မည်သူမျှ မကျွေးနိုင်ကြပေ။
ထိုကဲ့သို့သော ဆေးလုံးများကို ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင်တောင် စားသုံးနိုင်ဖို့ အနိုင်နိုင်ကြိုးစားကြရ၏။ သူတို့၏ စိတ်ဝိညာဉ်တောကောင်များကို ကျွေးနိုင်ဖို့ဆိုတာ ဝေလာဝေးပင်။
ကြိုးကြာလေးသည် ဒီရက်များအတွင်း သူသည် စိတ်ဝိညာဉ်ကျားနှင့် ဆက်ဆံရေးကောင်းမွန်နေခဲ့သောကြောင့် ငနဲက သူ့ကို ဆေးလုံးအချို့များ မျှဝေမလားဆိုသော စိတ်ကူးနှင့် မျှော်လင့်စောင့်စားနေမိ၏။
စိတ်ဝိညာဉ်ကျားသည် ကြိုးကြာလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အတန်ကြာသည့်အထိ ချီတုံချတုံဖြစ်နေ၏။ နောက်ဆုံးမှာတော့ သူသည် မြေပေါ်မှ အရည်အသွေးအနိမ့်ဆုံး ဆေးလုံးတစ်လုံးကို ကောက်ယူလိုက်ပြီး မီးခိုးတစ်လူလူဝင်္ကပါအတွင်းသို့ လှမ်း၍ ပစ်ထည့်ပေးလိုက်၏။
ကြိုးကြာလေးသည် စိတ်တိုဒေါသထွက်သွား၏။ သို့သော် ယခုအချိန်မှာ သူလုပ်နိုင်တာ ဘာမှ မရှိပေ။
စိတ်ဝိညာဉ်ကျားက သူ့တင်ပါးကို လှုပ်ခါ၍ ပြန်လျှောက်သွားလိုက်ပြီးနောက် ကျန်ရှိနေသော ဆေးလုံးများကို ကာကွယ်သည့်အနေနှင့် ရှေ့မြေပြင်မှာ စက်ဝန်းသဏ္ဌာန် စည်းတစ်ခု ကုတ်ခြစ်ရေးဆွဲလိုက်၏။
သူ့ပုံစံက ထိုစည်းကို ကျောက်၍ သူ့ဆေးလုံးများကို လာထိပါက အသေအကြေ တိုက်ခိုက်မည်ကဲ့သို့ပင်။
ဆူဇီမိုက ပြုံး၍ ခေါင်းခါလိုက်၏။ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းအချို့ကို ထပ်ထုတ်လိုက်ပြီး အထဲမှ ဆေးလုံးများအားလုံးကို စိတ်ဝိညာဉ်ကျား၏ အရှေ့တွင် သွန်ချပေးလိုက်၏။
ဆေးလုံးအများစုမှာ သာလွန်အဆင့်များ ဖြစ်ပြီး တစ်ချို့ကတော့ ထိပ်တန်းအဆင့်နှင့် အဆင့်အနိမ့်ဆုံးကတော့ အလယ်အလတ်အဆင့် ဖြစ်၏။
သူက ပြောလိုက်၏။
“အဲ့ဒါအကုန်လုံး မင်းအတွက်ပဲ.. မင်းရဲ့ ခွန်အားကို မြန်မြန်မြှင့်တင်တော့”
ရုတ်တရတ် စိတ်ဝိညာဉ်ကျားသည် မျက်လုံးများပင် ပြာဝေသွား၏။
“ဟားဟား နောက်ဆုံးတော့ ငါ့အတွက် ကောင်းတာတွေ ရောက်လာပြီပေါ့.. အရမ်းမိုက်တယ်” စိတ်ဝိညာဉ်ကျားသည် ဆေးလုံးပုံထဲသို့ ခေါင်းနှစ်လိုက်ပြီးနောက် သူသည် ဆေးရနံ့ဖြင့် သတိလစ်မတတ်ပင် ဖြစ်သွား၏။
ကြိုးကြာလေးသည် ကြည့်ရင်းကြည့်ရင်းနှင့် ပိုပို၍ မချင့်မရဲ ဖြစ်လာ၏။ သူသည် ထပ်ကာထပ်ကာ အော်ဟစ်ပြောဆိုလိုက်သော်လည်း သူ့အသံကို မည်သူမျှ မကြားကြပေ။
“ဒီလောက်ဆေးလုံးတွေ အများကြီးကို နင်တစ်ယောက်တည်း ဘယ်လိုလုပ် စားနိုင်မှာလဲ.. ငါ့ကိုလဲ မျှပေးဦးလေ!”
ထိုခဏ၌ စိတ်ဝိညာဉ်ကျားသည် သတိပြန်ဝင်လာကာ နောက်ထပ်ဆေးလုံးတစ်ဆုပ်ကို ပါးစပ်ထဲထည့် ဝါးလိုက်ပြီးနောက် မြေပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်၏။ သိပ်မကြာခင် သူထံမှ ဟောက်သံများ ထွက်ပေါ်လာ၏။
စိတ်ဝိညာဉ်တောကောင်များသည် ပင်ကိုအသိစိတ်အရ မည်သို့ ကျင့်ကြံလေ့ကျင့်ရမည်ကို သိကြ၏။ သို့သော်လည်း အချို့ သွေးမျိုးဇာတ်မြင့်သော စိတ်ဝိညာဉ်တောင်ကောင်များသည် သူတို့ဘိုးဘေးများထံမှ အမွေအနှစ်မှတ်ဉာဏ်တစ်ချို့ကို ပိုင်ဆိုင်လာကြပြီး သူတို့၏ ကျင့်ကြံမှုနည်းစနစ်များက များစွာ ပို၍ အဆင့်မြင့်လေသည်။
စိတ်ဝိညာဉ်ကျားသည် သာမန်မျိုးဇာတ်တစ်ခုသာဖြစ်ပြီး သူ့၏ ကျင့်ကြံမှုနည်းစနစ်များက ခြင်ဆီသန့်စင်ခြင်းအပိုင်းတစ်ခုတည်းကိုပင် မယှဉ်နိုင်ပေ။
စိတ်ဝိညာဉ်ကျားသာ ခြင်ဆီသန့်စင်ခြင်းအပိုင်းကို လေ့ကျင့်နိုင်ပါက သန်မာအားကောင်းသော သတ္တဝါတစ်ကောင် ဖြစ်လာနိုင်ကြောင်း ဆူဇီမို တွေးမိ၏။
သို့သော်လည်း တျဲယွဲ့က ထိုကျင့်ကြံမှုနည်းစနစ်များကို မည်သူ့ကိုမျှ ထပ်မသင်ပေးဖို့ သတိပေးခဲ့၏။ ထို့ကြောင့် ဆူဇီမိုသည် သူ့အတွေးကို လက်လွှတ်ရုံသာ တတ်နိုင်လေသည်။
သူ့ကို ဘယ်သူကမှ ဂရုမစိုက် အလေးမထားကြတာကို တွေ့လိုက်ရပြီး ကြိုးကြာလေးသည် ဝမ်းနည်းပက်လက်ဖြစ်ကာ အလွန်စိတ်ထိခိုက်သွား၏။ တခြားမတတ်နိုင်ဘဲ သူသည် စိတ်ဝိညာဉ်ကျား စောစောက ပစ်ပေးခဲ့သော ဆေးတစ်လုံးကို ကောက်ယူစားကာ ကျင့်ကြံဖို့ စတင်လိုက်၏။
နောက်လေးငါးရက်အတွင်း စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးသည် ဆေးလုံးများကို ကုန်စင်အောင် စားသုံးပစ်လိုက်ကြ၏။
ကြိုးကြာလေး၏ ကျင့်ကြံမှုအဆင့်က အနည်းငယ် တိုးတက်လာသော်လည်း သိပ်ပြီး သိသာမထင်ရှားပေ။ အစကတည်းက သူသည် စိတ်ဝိညာဉ်သားရဲ ဖြစ်နေပြီးသည့်အပြင် ဆေးလုံးများကိုလည်း ကျားလောက် အများကြီး စားသုံးရခြင်း မရှိပေ။
သို့သော်လည်း စိတ်ဝိညာဉ်ကျား၏ အော်ရာကတော့ သိသိသာသာ ထိုးတက်လာပြီး ဒေါမာန်အဟုန် ပြင်းထန်ကြမ်းကြုတ်လာ၏။ သူ့အကြည့်များက စူးရှ၍ ကြောက်စရာကောင်းလာပြီး အမွှေးများက ရွှေရောင်ဖြစ်လာ၏။ သူ၏ အမွှေးများသည် တစ်လက်လက်တောက်ပနေပြီး အပ်ချောင်းလေးများကဲ့သို့ စင်းနေ၏။
ဤအတိုင်းသာ ဆက်သွားလျှင် သူသည် အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာဖို့ သိပ်လိုတော့မည် မဟုတ်ပေ။
ဆေးလုံးများကို ကုန်စင်အောင် စားသုံးလိုက်ကြပြီးနောက် စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေး နှစ်ကောင်လုံးသည် ဆူဇီမိုကို မျှော်လင့်တကြီးနှင့် စောင်းငဲ့ကြည့်လိုက်ကြ၏။ သူ့ကို ဆေးလုံးများ ထပ်မံဖော်စပ်ဖို့ မျှော်လင့်နေခြင်း ဖြစ်၏။
ယခုအခါ ဆူဇီမို လဲလှယ်ယူခဲ့သော စိတ်ဝိညာဉ်ဆေးပင်များက ကုန်သွားပေပြီ။
သူ့မှာ တာဝန်ကျေပွန်အမှတ်များလည်း ထပ်မရှိတော့ပေ။ နတ်ဆေးတောင်ထွတ်မှ စိတ်ဝိညာဉ်ဆေးပင်များကို ထပ်မံယူလိုလျှင် သူသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ဖို့သာ ကျန်တော့သည်။
သို့သော်လည်း သူ့ကျင့်ကြံမှုကို အဆင့်မြှင့်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုအပ်၏။
စိတ်ဝိညာဉ်တောကောင်နှစ်ကောင်၏ မျှော်တလင့်လင့် အကြည့်များနှင့် တွေ့ဆုံပြီးနောက် ဆူဇီမိုသည် ပုခုံးတွန့်ပြလိုက်ပြီး ခေါင်းခါလိုက်၏။
“ငါ့မှာ စိတ်ဝိညာဉ်ဆေးပင်တွေ ပြတ်သွားပြီ.. ငါနောက်ထပ် ဆေးဖော်စပ်နိုင်ဦးမှာ မဟုတ်သေးဘူး”
ထိုစကားသံက မိုးကြိုးပစ်ချလိုက်သလိုပင်!
ကြားရသောစကားက ကျားနှင့်ကြိုးကြာတို့အတွက် ကြီးမားသော ထိုးနှက်ချက်ပင် ဖြစ်လေသည်။
သူတို့နှစ်ယောက်သည် အာသာငမ်းငမ်းတက်၍ အရသာကို စွဲမက်နေပြီး ကျေနပ်ရောင့်ရဲသည့်အထိပင် မပျော်ရသေးပေ။ သို့သော်လည်း ထိုအရာက ရပ်တန့်သွားပြီတဲ့...လား....