← Chapters

ဝှက်ဖဲ

Vol. 8 Ch. 114

ဝှက်ဖဲ

Vol. 8 Ch. 114

အခန်း ၁၁၄ - ဝှက်ဖဲ

Translator – Than Toe Aung

ဆူဇီမိုသည် ‌ဆေးလုံးများးကို ထပ်မဖော်စပ်ရတော့သည့် အကြောင်းမှာ အဲ့လိုလုပ်ဖို့ လိုလည်း မလိုအပ်တော့လို့ ဖြစ်လေသည်။

ထို့အတူပင် လက်နက်သွန်းလုပ်ခြင်းတွင်လည်း အချိန်ထပ်ပေးဖို့ မလိုတော့ပေ။ ယခုအခါ သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်များကို အေးဆေးသာယာစွာ သွန်းလုပ်နိုင်နေပြီ ဖြစ်လေသည်။

နှစ်ကုန်ပြိုင်ပွဲကျင်းပဖို့က နှစ်လသာ လိုတော့၏။

ယခုအခါ ဆူဇီမို၏ ကျင့်ကြံမှုက ချီစုဖွဲ့မှုအဆင့်၇သို့ ရောက်ရှိလာပေပြီ။

သူဖော်စပ်ထားခဲ့သော ပကတိဆေးလုံးများနှင့် ဆိုပါက နှစ်ကုန်ပြိုင်ပွဲအရောက်တွင် ချီစုဖွဲ့မှုအဆင့်၉ သို့ ရောက်နိုင်ဖို့က ပြဿနာတစ်ခု မဟုတ်တော့ပေ။ သို့သော်လည်း မည်သို့ပင်ကြိုးစားပါစေ၊ ပကတိချီစုဖွဲ့မှုအဆင့်သို့ကား ရောက်ဖို့ မဖြစ်နိုင်သေးပေ။(ပကတိချီစုဖွဲ့မှုနှင့် ချီစုဖွဲ့မှုအဆင့်၁၀သည် အတူတူပင် ဖြစ်၏။ အဆင့်၁၀က ချီစုဖွဲ့မှု၏ နောက်ဆုံးအဆင့်ဖြစ်၍ ပကတိပြီးပြည့်စုံသောအဆင့်ဟု ဆိုလိုခြင်းဖြစ်၏။)

ပကတိချီစုဖွဲ့မှုအဆင့်တွင် ဒန်ထျန်က ကျယ်ပြန့်သော ချီပင်လယ်အဖြစ် ပွင့်ဟသွားမည်ဖြစ်ပြီး အဆင့်၉ တုန်းကထက် များစွာပို၍ သန်မာအားကြီးလာပေမည်။

ထို့အဆင့်သို့ ရောက်ဖို့ဆိုလျှင် ‌ဆေးလုံး၊ စိတ်ဝိညာဉ်ကျောက်တုံး၊ နှင့် အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်လေသည်။ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်နှင့်သူများလည်း ထိုအတွက် ခြွင်းချက်မရပေ။

ဤအချိန်များအတွင်း ကြိုးကြာ‌လေးသည် ဆူဇီမို၏ ဆေးလုံးများမှ အတန်အသင့်ကို စားသုံးလိုက်ရ၏။ သူသည် မီးခိုးတစ်လူလူဝင်္ကပါထဲမှာ ရှိနေသေးသော်လည်း ဆူဇီမိုနှင့် သူ့အကြား ဆက်ဆံရေးကတော့ အတော်လေး တိုးတက်လာ၏။

ထိုသို့ဆိုသော်လည်း ဆူဇီမိုသည် ကြိုးကြာလေးကို လွှတ်မပေးရဲသေးပါချေ။

ဤနေ့တွင် ဖက်တီးလေးသည် ဆူဇီမို၏ လိုဏ်ဂူတိုက်ခန်းသို့ ‌ရောက်ချလာ၏။

ဆူဇီမို၏ ကျင့်ကြံခြင်းက တိုးတက်လာသည်ကို သူတွေ့လိုက်ရသောအခါ ကျေနပ်သွား၏။ နောက်ဆုံးသော ဆူဇီမိုက သူ့ကိုယ်သူ တည့်မတ်နိုင်သွားပြီဟု သူတွေးလိုက်၏။

ထိုအချိန်တွင် ဖက်တီးလေး၏ ကျင့်ကြံမှုက ချီစုဖွဲ့မှုအဆင့်၈ အထွတ်အထိပ်မှာ ဖြစ်၏။

နှစ်ကုန်သို့ရောက်လျှင် သူသည် သေချာပေါက် ချီစုဖွဲ့မှုအဆင့်၉သို့ ရောက်ရှိပေလိမ့်မည်။

သူ၏ အဆင့်တက်မှုလမ်းကြောင်းက မြန်သည်ဟု ထင်ရသော်လည်း ဖုန်ဟောက်ယွီ၊ လမ့်ရိုတို့နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အောက်ကျနေသေး၏။

ယုတ္တိကျကျပြောရလျှင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်၏ ကျင့်ကြံမှုအမြန်နှုန်းက ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်များအောက် နိမ့်ကျစရာ အကြောင်းမရှိပေ။

ဖက်တီးလေး၏ ခန္ဓာကိုယ်က အနည်းငယ် ထူးခြားနေတာကို ဆူဇီမို သတိထားမိ၏။

၎င်းက သူနှင့် မနှိုင်းယှဉ်သာလျှင်တောင် အခြားသော ချီစုဖွဲ့စစ်သည်တော်အများစုထက်တော့ သေချာပေါက် အများကြီး ပိုသန်မာလိမ့်ပေမည်။

ဖြစ်နိုင်တာကတော့ ဖက်တီးလေးသည်လည်း သူ၏ စုဖွဲ့ထားသော စိတ်ဝိညာဉ်ချီများ၏ တစ်စိတ်တစ်ပိုင်းကို ခန္ဓာမီးဆေးခြင်းတွင် အသုံးပြုထားပုံရလေသည်။ ထို့ကြောင့်ပင် သူသည် ဖုန်ဟောက်ယွီနှင့် လမ့်ရိုတို့အောက် နောက်ကျကျန်ခဲ့ခြင်း ဖြစ်ပုံရ၏။

ဖက်တီးလေးရောက်လာရခြင်း၏ အကြောင်းမှာ သူသည် ဆူဇီမိုနှင့် လက်ရည်စမ်း၍ ကျင့်ကြံသူများ၏ ဓါးအသုံးပြု တိုက်ခိုက်ခြင်း နည်းလမ်းများကို ဆူဇီမိုအား သင်ပေးဖို့ ဖြစ်လေသည်။

ရွှမ်ယီပြောခဲ့သလိုပင် ချီစုဖွဲ့စစ်သည်တော်များအကြား တိုက်ခိုက်ခြင်းများသည် အများအားဖြင့် ရိုးရှင်းလှပြီး အထွေအထူးပြောစမှတ်ပြုစရာ သိပ်မရှိလှပေ။ တစ်ကယ် လိုအပ်တာက လက်တွေ့အသုံးချလေ့ကျင့်ခြင်းသာ ဖြစ်လေသည်။

ထိုလအတွင်း ဖက်တီးလေးက ဆူဇီမို၏ လိုဏ်ဂူတိုက်ခန်းမှာသာ နေခဲ့၏။

သူတို့နှစ်ယောက် နေ့စဉ် လက်ရည်စမ်းတိုက်ခိုက်ကြရင်း ဆူဇီမို၏ ဓါးထိန်းချုပ်နိုင်မှုက ပို၍ ပို၍ ကျွမ်းကျင်ပိုင်နိုင်လာ၏။

အစတုန်းကတော့ ဆူဇိမိုသည် အောက်စည်းကနေ လုံးလုံး အရေးနိမ့်နေခဲ့၏။ ဖက်တီးလေးသည် သူ့ဓါးကို ထုတ်ပြီး တိုက်ခိုက်လိုက်သည့် သုံးကွက်အတွင်းမှာပင် ဆူဇီမိုကို ဖိနှိမ်ထားနိုင်လေပြီ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် တစ်ဖြည်းဖြည်းနှင့် ဖက်တီးလေးကို လက်ရည်တူ ယှဉ်ပြိုင်လာနိုင်ခဲ့၏။

ထို့နောက်မှာတော့ စိတ်ဝိညာဉ်ကျားကပါ ဖက်တီးလေးနှင့် ပေါင်း၍ ဆူဇီမိုကို တိုက်ခိုက်ရသည့်အထိ ဖြစ်လာခဲ့၏။

အစတုန်းကတော့ ဖက်တီးလေးနှင့် စိတ်ဝိညာဉ်ကျား၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဆူဇီမိုသည် အနောက်သို့ ဆက်တိုက်ဆုတ်နေရ၏။ သို့သော်လည်း သူ၏ ဓါးကျွမ်းကျင်မှုက တိုးတက်လာသည်နှင့်အမျှ သူသည် မြေပြင်တွင် နောက်သို့ လုံးလုံးမဆုတ်ဘဲ ရပ်တည်နိုင်လာ၏။

ဤအချိန်များအတွင်း ဖက်တီးလေးကို စဉ်းစားရကြပ်စေသော ကိစ္စတစ်ခုရှိ၏။ ဆူဇီမိုသည် ချီစုဖွဲ့မှုအဆင့်၇သာ ဖြစ်‌သော်လည်း အဆင့်၈ ဖြစ်သော သူ့ကို နည်းနည်းလေးမျှ အောက်မကျဘဲ ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်လေသည်။

အဲ့ဒါက အဖြေတစ်ခုသာရှိ၏။ ဆူဇီမို၏ စိတ်ဝိညာဉ်ချီသည် ဖက်တီးလေး၏ စိတ်ဝိညာဉ်ချီထက် အပြတ်အသတ် အဆင့်ပိုမြင့်နေခြင်း ဖြစ်ရပေမည်။

သို့သော်လည်း အဲ့ဒါက သိပ်တော့ အဓိပ္ပါယ် မရှိလှပေ။

သူတို့နှစ်ယောက်လုံးသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များသာ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားက စိတ်ဝိညာဉ်ချီသည် ဤမျှလောက်ထိ အဆင့်ကွာဟနေစရာ အကြောင့်မရှိပေ။

ဖက်တီးလေးသည် ဤကိစ္စနှင့် ပတ်သတ်၍ ဆူဇီမိုကို မေးခဲ့ဖူး၏။ သို့သော် ဆူဇီမိုက သူလည်းပဲ နားမလည်ကြောင်း ခေါင်းသာခါပြခဲ့၏။

တစ်ကယ်တော့ ဆူဇီမိုမှာ သူတွေးမိထားတာ ရှိ‌၏။

သူ့ကိုယ်ထဲက စိတ်ဝိညာဉ်ချီများသည် အရည်အသွေး ပိုကောင်းနေရခြင်းမှာ ၎င်းတို့ကို စုဖွဲ့ယူသည့်အခါ သူ့ညာလက်မှတစ်ဆင့် စီးဝင်လာသောကြောင့် ဖြစ်ရပေမည်။ စိတ်ဝိညာဉ်ချီများက သူ့ညာဘက်ကနေ ဖြတ်သန်းဝင်လာပြီးနောက် ပို၍ သန့်စင်လာပုံရ၏။

သူ့ညာထက်ထဲမှာ တျဲယွဲ့ သူ့အတွက် ချန်ပေးထားခဲ့သည်ဆိုတော့ တစ်စုံတစ်ရာများ ရှိနေမလားဟု ဆူဇီမိုတစ်ယောက် ဝိုးတဝါး ခန့်မှန်းမိနေ၏။

အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို တန်း၍ သူထုတ်ဖော်နိုင်သည်မှာလည်း ထိုကြောင့်ပင် ဖြစ်ရလေမည်။

သို့သော်လည်း ထိုကိစ္စက လေးနက်ဆန်းကြယ်လှပြီး သူသည် တခြားလူများကို အလွယ်တကူနှင့် ထုတ်ဖော်ပြောပြမှာ မဟုတ်ပေ။

ဤနေ့တွင် ဖက်တီးလေးက ပြန်တော့မည်ဟု စီစဉ်ထား၏။

သူသည် စိတ်ဝိညာဉ်တောင်ထွတ်မှာ သင်ယူခဲ့ရသမျှ အားလုံးကို ဆူဇီမိုအား သင်ပေးပြီးသွားပေပြီ။ ဒီမှာဆက်နေလျှင်လည်း အဓိပ္ပါယ်မရှိလှတော့ပေ။

သူမထွက်ခွာမီ.. ဖက်တီးလေးက ရုတ်တရတ် လျှို့ဝှက်ဆန်းကြယ်စွာ ထုတ်ဖော်ကြေငြာလိုက်၏။

“နောင်ကြီး .. ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျုပ်တို့က .. လက်ရည်တူသလောက် ယှဉ်ပြိုင်ခဲ့ကြတယ်မလား.. ဒါပေမယ့် တစ်ကယ်တမ်း ပြောရရင်တော့ ကျုပ်မှာ ဝှက်ဖဲတစ်ခု ရှိသေးတယ်ဗျ”

“အို့”     ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ဘဝင်ခိုက်သော ပုံစံက ဖက်တီးလေး၏ မျက်လုံးထဲတွင် ဖြတ်သန်းလာပြီး ရယ်သံနှော၍ ပြောလိုက်၏။

“‌နောင်ကြီး.. တစ်ကယ်တော့ ကျုပ်က ခန္ဓာမီးဆေးနည်းစနစ်တစ်ခုကို လေ့ကျင့်နေတာဗျ.. အဲ့ဒါအတွက် ကျုပ်မှာ စိတ်ဝိညာဉ်ချီ အတော်အတန် သုံးခဲ့ရတယ်.. အဲ့လိုမှမဟုတ်ရင် ကျုပ်က နှစ်ကုန်ဆို ပကတိချီစုဖွဲ့အဆင့်ကို ရောက်နေမှာ”

တစ်ကယ်ပဲ ဆူဇီမို တွေးခဲ့တာက မှန်၏။

ဆူဇီမို၏ အမူအယာက သိသာစွာ ‌‌ပြောင်းလဲမှုမရှိသည်ကို သူတွေ့လိုက်ရသောအခါ ဆူဇီမိုသည် ခန္ဓာမီးဆေးခြင်း၏ အကျိုးကျေးဇူးကို သေချာနားလည်သဘောမပေါက်သောကြောင့် ဖြစ်ရမည်ဟု သူတွေးလိုက်၏။ ထို့ကြောင့်ပင် သူသည် ရှေ့သို့ စိတ်လှုပ်ရှားစွာ တက်လာပြီး ပြောလိုက်၏။

“နောင်ကြီး ခင်ဗျားက အရင်က ခန္ဓာမီးဆေးလေ့ကျင့်ထားတဲ့သူတွေနဲ့ မတိုက်ခိုက်ဖူးဘူးမလား.. ကျုပ်သာ ကျုပ်ရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ရင် ခင်ဗျားက သေချာပေါက် ရှုံးနိမ့်မှာပဲ”

“ဟုတ်ပါ့မလား ကိုယ့်လူရယ်”

ဆူဇီမိုက နောက်ပြောင်မေးခွန်းထုတ်လိုက်၏။

ထိုစကားကို ကြားရသောအခါ ဖက်တီးလေးသည် သူ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး မာဆတ်ဆတ်ပြောလိုက်၏။

“ကဲ နောင်ကြီးက မယုံဘူးဆိုမှတော့လဲ ကျုပ်တို့ နောက်တစ်ခေါက်လောက် လက်ရည်စမ်းကြည့်ကြတာပေါ့.. ကျုပ်ရဲ့ နည်းစနစ်က ဘာလဲဆိုတာ သိသွားအောင် ပြပေးရတာပေါ့”

“စမ်းကြည့်ရသေးတာပေ့ါ”  ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်လိုက်၏။

ဖက်တီးလေးက ဓါးပျံတစ်ချောင်းကို ဆင့်ခေါ်လိုက်၏။ ၎င်းက စိတ်ဝိညာဉ်လက်နက်တုတစ်ခု ဖြစ်၏။

တောင်ထွတ်ငါးခုမှ အစမ်းတပည့်များတွင် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခု ကိုင်ဆောင်နိုင်သူက သိပ်မရှိလှပေ။ ဖက်တီးလေးသည် ဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ တစ်နှစ်ပင် မပြည့်သေးသောကြောင့် သူသည်လည်း အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို မရရှိသေးပေ။

သူတို့သည် လက်ရည်းစမ်းရုံသာ ဖြစ်သောကြောင့် ဆူဇီမိုကလည်း သူသွန်းလုပ်ဖန်တီးထားသည် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များကို ထုတ်သုံးမှာ မဟုတ်ပေ။ ထို့အစား သူသည်လည်း စိတ်ဝိညာဉ်လက်နက်တုတစ်ခုကိုသာ အသုံးပြုပေလိမ့်မည်။

“သွား!”

သူတို့နှစ်ယောက်စလုံးသည် လက်ချောင်းထိပ်မှ စိတ်ဝိညာဉ်ချီများကို ထုတ်လွှတ်၍ ဓါးပျံများကို စေလွှတ်လိုက်ကြ၏။

လေကိုခွင်း၍ ဓါးပျံနှစ်ချောင်းသည် တစ်လက်နှင့်တစ်လက် ပြင်းထန်စွာ ရိုက်ခတ်လိုက်ကြ၏။

ချွင်.. ချွမ်!

သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး မီးပွားများက လွင့်ပျံထွက်လာ၏။

ဓါးပျံထိန်းချုပ်ခြင်းတွင် နှစ်ယောက်စလုံးက ဘက်ညီနေပြီး တစ်‌ယောက်၏ ခံစစ်ကို တစ်ယောက်က မထိုးဖောက်နိုင်ကြပေ။

ထိုအချိန်မှာပင် ဖက်တီးလေးသည် တစ်ချက်မာန်ဖီလိုက်ပြီး သိုလှောင်အိတ်ထဲမှ အလွန်တရာ ကြီးမားလှသည့် ပုစိန်တစ်လက်ကို ထုတ်လိုက်၏။

ပုဆိန်၏ အရွယ်အစားက လူတစ်ယောက်စာလောက် ရှိပြီး ၎င်းကို ကိုင်ဆောင်ထားပုံက ကြည့်ရသည်မှာ တစ်မူထူးခြားဆန်းပြားနေ၏။

သူတို့၏ ဓါးပျံများက လေထဲမှာ တိုက်ခိုက်နေစဉ်မှာပင် ဖက်တီးလေးက ဤသည်ကို အခွင့်ယူကာ ရှေ့သို့ မျှောထိုးတက်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခုက တောက်ပလာပြီး ရုတ်ချည်းဆိုသလို သူသည် ဆူဇီမို၏ရှေ့သို့ ချက်ခြင်းရောက်လာ၏။

ရွှစ်!

အလွန်တရာ ကြီးမားသည့်ပုစိန်ကြီးက ကောင်းကင်ထက်ကနေ ကြောက်ခမန်းလိလိ ကျဆင်းလာ၏။ ၎င်းက အနားသို့ မရောက်ခင်မှာပင် ဆူဇီမို၏ ဆံပင်များက လေအဟုန်ရိုက်ခတ်၍ နောက်သို့ လန်နေပြီဖြစ်၏။

“ဟားဟား.. နောင်ကြီးရေ ခင်ဗျားတော့ ရှုံးပြီ”

ဖက်တီးလေးက အားရပါးရ ရယ်ချလိုက်၏။ ဧရာမပုဆိန်ကြီးက ဆူဇီမို ဦးခေါင်းထက်ကို မကျရောက်ခင်မှာပင် ဖက်တီးလေးက သူ့အားကို ပြန်ရုတ်ဖို့ ကြိုးစားလိုက်၏။

ထိုအချိန်မှာပင် မျက်နှာသေနှင့် ဆူဇီမိုက ရုတ်တရတ် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းလာသော ပုဆိန်ကို ဆွဲဖမ်းလိုက်၏။

ဘုန်း!

ဧရာမပုဆိန်ကြီးသည် လူ့အသားနှင့် ထိတွေ့လိုက်‌သော်လည်း ထွက်ပေါ်လာ‌သောအသံအရ သူကပင် အရေးနိမ့်သွားသလိုပင်။

ဧရာမပုဆိန်ကြီးက အောက်သို့ ထပ်မံကျဆင်းမလာတော့ပေ။

ဆူဇီမိုက ပုဆိန်ကြီးကို မြေပေါ်သို့ ပစ်ချလိုက်ပြီး သူ့လက်သည်းများကို တိတ်တဆိတ် မသိမသာ ပြန်ဆွဲသွင်းလိုက်၏။

ဖက်တီးလေးက ဆူဇီမို၏ လက်ကို ဆွဲယူလိုက်ပြီး မှောက်လိုက်လှန်လိုက်ဖြင့် သေချာစွာ ကြည့်ရှုစစ်ဆေးနေ၏။

အဆင်ပြေတယ်ပေ့ါ။

ဘာထိခိုက်မှုမှ မရှိဘူးလား။

ဆူဇီမိုအပေါ် ဖက်တီးလေး၏ ရှုမြင်ပုံက ပြောင်းလဲသွားလေပြီ။

သူ့ခန္ဓာကိုယ်ကို သူဘယ်လိုပင် သန်မာသည်ဟု ပြောခဲ့ပါစေ၊ စိတ်ဝိညာဉ်လက်နက်ကို လက်ချည်းသက်သက်ဖြင့်တော့ ဘယ်လိုနည်းနှင့်မျှ သူမခံယူရဲပေ။ အဲ့ဒါက သက်သက် အသေခံချင်နေတာနှင့် တူလေသည်။

သို့သော်လည်း ဖက်တီးလေးသည် ထိုကဲ့သို့သော လူမျိုးကို ယခု မျက်ဝါးထင်ထင် တွေ့လိုက်ရပေပြီ။

ဖက်တီးလေးက သူ့အရှိန်ကို မရပ်တန့်ရသေးခင်မှာတင် ဆူဇီမိုက ၎င်းကို လက်ဖြင့် ဖမ်းဆွဲပြီးနေပေပြီ။ ဤခံစားချက်က မတုန်လှုပ်နိုင်သော တောင်ကြီးကို နင်းဖြိုလိုက်သည်အား တွေ့လိုက်ရသလိုပင်။

“နောင်ကြီး.. ခင်.ခင်ဗျား....!”  ဖက်တီးလေးသည် တုန်လှုပ်‌ချောက်ချားသွား၏။

ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီး သာမန်လိုပင် ပြောလိုက်၏။

“ငါလဲ ခန္ဓာမီးဆေး နည်းစနစ်တစ်ခုကို အရင်က ကျင့်ဖူးတယ်လေ... မင်း အဲ့ဒါကို ငါ့အတွက် သိုဝှက်ထားပေးလို့ရမလား”

“ရ..ရတာပေါ့ဗျာ.. သေချာပေါက် ရတာပေ့ါ” ဖက်တီးလေးသည် ကြက်အစာကောက်သလို ခေါင်းညိတ်ပြလိုက်၏။

All Chapters