ရင်ဆိုင်ယှဉ်ပြိုင်ပွဲ စတင်ပြီ
Vol. 8 Ch. 115
အခန်း ၁၁၅ - ရင်ဆိုင်ယှဉ်ပြိုင်ပွဲ စတင်ပြီ
Translator – Than Toe Aung
ဆူဇီမို၏ တိုက်ခန်းမှ ထွက်လာခဲ့သောအခါ ဖက်တီးလေးသည် သံသယဖြင့် ပြည့်နေ၏။ စောစောဖြစ်ပျက်ခဲ့သော အရာကို သူသေချာ ပုံဖော်စဉ်းစား၍ မရနိုင်အောင်ဖြစ်နေ၏။
ကျင့်ကြံရေးလောကတွင် ခန္ဓာမီးဆေးနည်းစနစ်များ များစွာ ရှိပါ၏။ သို့သော်လည်း စိတ်ဝိညာဉ်လက်နက်ကို လက်ချည်းသက်သက် ဖမ်းယူနိုင်လောက်သည့် ကျင့်ကြံသူကိုတော့ သူတစ်ခါမျှ မကြားမိသေးပေ။
နောက်ပြီး သူ့လက်က ဒဏ်ရာ သေးသေးလေးတောင် မရရှိခဲ့ပေ။
အားကောင်းသော ကိုယ်ထည်ကြောင့် နာမည်ကြီးလှသည့် စိတ်ဝိညာဉ်တောကောင်များပင်လျှင် ထိုသို့ လုပ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။
ဖက်တီးလေးသည် ရုတ်တရတ်ဆိုသလို သူတို့ ဂိုဏ်းကို စတင်ဝင်ရောက်ခဲ့သည့် အချိန်အား အမှတ်ရသွား၏။
ဆူဇီမိုသည် သူ့ကို သယ်ပိုးထားပြီး စိတ်ဝိညာဉ်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ကာ ချောက်ကမ်းပါးကို ဖက်တက်ခဲ့၏။ ထိုအရာသည် ခန္ဓာမီးဆေးကြံ့ခိုင်ခြင်းကို လေ့ကျင့်ထားရုံမျှနှင့် လုပ်နိုင်သောအရာ မဟုတ်ပေ။
ဖက်တီးလေးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပုဆိန်က ဆူဇီမို၏ လက်ဝါးနှင့် ထိတွေ့မိချိန်ကို ပြန်လည်စဉ်းစား ပုံဖော်ကြည့်လိုက်၏။ ထိုစဉ်က ဘုန်းကနဲ မြည်သံကြီးအပြင် နောက်ထပ်ထူးဆန်းသော အသံများလည်း ထွက်ပေါ်ခဲ့၏။
ထိုအသံက သူ့လက်နက်ကို မာကျောချွန်ထက်သည့် တစ်စုံတစ်ရာနှင့် ကုတ်ခြစ်လိုက်သလို အသံမျိုးဖြစ်၏။
အဖြစ်အပျက်က ရုတ်တရတ်ဆန်လွန်းခဲ့သောကြောင့် ထိုစဉ်က ဖက်တီးလေးသည် သိပ်ပြီး စဉ်းစားချိန် မရခဲ့ပေ။ သို့သော်လည်း ယခုအခါ သူသည် ပြန်လည် တွေးရင်းတွေးရင်းနှင့် ပို၍ ထူးဆန်းလာသလို ထင်မိ၏။
သူသည် အလိုအလျောက် သူ့ပုဆိန်ကို ထုတ်လိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်မိ၏။ ချက်ခြင်းဆိုသလို သူ့သူငယ်အိမ်က တင်းကျပ်သွားပြီး ကြက်သီးမွှေးညင်းများ ထလာ၏။ သူသည် ငူငူကြီး ရပ်နေမိ၏။
သူ့ပုဆိန်၏ မျက်နှာပြင်ပေါ်တွင် တွေ့လိုက်ရသည်ကား.... အပေါက်ကလေးငါးပေါက်!
ဖက်တီးလေးသည် အသက်ပြင်းပြင်း တစ်ချက်ရှိူကာ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး သူ့လက်ကို ပုဆိန်ပေါ်သို့ တင်ကြည့်လိုက်၏။
စောစောက တွေ့ရသည့် အပေါက်ကလေးငါးပေါက်က သူ့လက်ချောင်းငါးချောင်းနှင့် ကွက်တိကျနေ၏။
အမလေးလေး!
ဖက်တီးလေးသည် တံတွေးများကို မျိုချလိုက်ရ၏။
သူသည် ပုဆိန်ကို အလောတကြီး ပြန်သိမ်းလိုက်ကာ သူခံစားချက်များကို ထိန်းချုပ်၊ တည်ငြိမ်အောင် လုပ်ပြီးနောက် ထွက်ခွာသွားလေတော့၏။
. . .
လိုဏ်ဂူတိုက်ခန်းတွင်...
ဆူဇီမိုသည် သူလက်ဖဝါးကို ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
သူသည် စောစောက ဖက်တီးလေး၏ ပုဆိန်ကို ဒီတိုင်းရိုးရိုးသာ ဖမ်းယူဖို့ လုပ်လိုက်ခြင်းဖြစ်၏။ သူ၏ သွေးစွမ်းအားက ရုန်းကြွလာပြီး ချွန်ထက်သည့် လက်သည်းများကို ထွက်ပေါ်လာစေခဲ့မည်ဟု သူ,မမျှော်လင့်ခဲ့မိပေ။
ထိုအရာကို ဖက်တီးလေး မြင်တွေ့သွားလျှင် သိပ်အကြောင်းမရှိသေးပေ။ သို့သော် ဂိုဏ်းမှ စီနီယာများသာ မြင်တွေ့သွားခဲ့လျှင် သူတို့သည် သံသယဝင်ကြပြီး သူ၏ သားရဲသွေးဆက်ကိုတောင် ဖော်ထုတ်နိုင်ကောင်းကြပေမည်။
“ဒီကိစ္စက မပေါ့တော့ဘူးပဲ” ဆူဇီမိုသည် စိုးရိမ်ပူပန်စွာနှင့် ခေါင်းခါလိုက်၏။
နှစ်ကုန် ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ကျင်းပဖို့က တစ်လသာ လိုတော့လေသည်။
ဆူဇီမို၏ ကျင့်ကြံမှုက အခုမှ ချီစုဖွဲ့မှုအဆင့်၈ကို ဝင်ကာစသာ ရှိသေးလေသည်။
သူသည် သိုလှောင်အိတ်ထဲမှ နတ်ပန်းပဲမီးဖိုကို ထုတ်ယူလိုက်၏။
မည်သို့ပင်ဆိုစေ သူသည် တြိဂံဓါးဝင်္ကပါကို ဤလအတွင်း ကျွမ်းကျင်တတ်မြောက်အောင် လေကျင့်ရပေမည်။ ဆဋ္ဌဂံဝင်္ကပါကိုပါ တတ်မြောက်နိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်လေမည်။ ထိုအခါမှသာ သူသည် ဖုန်ဟောက်ယွီကို အနိုင်တိုက်နိုင်ဖို့ အခွင့်တိုးလာပေမည်။
ဓါးဝင်္ကပါကို ကျင့်ကြံဖို့ရာ ဦးစွာ လိုအပ်သည်မှာ ဓါးပျံတစ်စုံစာ ဖြစ်လေသည်။
ဆူဇီမိုတွင် အဆင့်နိမ့်ဓါးပျံတစ်လက်က ရှိနှင့်နေပြီးဖြစ်ပြီး နောက်ထပ်ငါးလက်လိုသေးလေသည်။
သူ့အတွက်တော့ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်ဖို့က ပြဿနာတစ်ခု မဟုတ်တော့ပေ။ြု
တစ်ရက်ကြာပြီးနောက် ဆူဇီမိုသည် အဆင့်နိမ့်စိတ်ဝိညာဉ်ဓါးပျံငါးလက်ကို ပြုလုပ်နိုင်ခဲ့ပြီး ဓါးပျံတစ်စုံစာကို ရရှိသွားပေပြီ။
သူသည် တြိဂံဓါးဝင်္ကပါမှ အချက်အလက်များကို ပြန်လည် စဉ်းစားပုံဖော်လိုက်ပြီး စတင်လေ့ကျင့်လိုက်၏။
ဝင်္ကပါကို ပြီးပြည့်စုံစွာ ခင်းကျင်းနိုင်ဖို့ဆိုလျှင် ဓါးပျံများကို ကောင်းကောင်း ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ လိုလေသည်။
ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် ဖက်တီးလေး၏ ကျေးဇူးနှင့် ဓါးပျံများအား ကိုင်တွယ်ထိန်းချုပ်ခြင်းတွင် အခြေခံကောင်းကောင်း ရသွား၏။ ယခု သူလုပ်စရာရှိသည်မှာ တစ်ခုထက်ပိုသော ဓါးပျံများအား မည်သို့ ထိန်းချုပ်ရမည်ကို လေ့လာသင်ယူဖို့ပင် ဖြစ်လေသည်။
. . .
နောက်ဆုံးလတွင် တောင်ထွတ်ငါးခု၏ လေထု၏ အနည်းငယ် တင်းကျပ်ကျပ် ဖြစ်နေ၏။
တပည့်အများစုသည် သူတို့၏ တိုက်ခန်းများထဲတွင် ဂူအောင်း၍ လေ့ကျင့်နေကြပြီး ရင်ဆိုင်ယှဉ်ပြိုင်တွင် သူတို့၏ အစွမ်းများကို ကောင်းကောင်းထုတ်ဖော်ပြသနိုင်ဖို့ ပြင်ဆင်နေကြ၏။
အစီအရင်တောင်ထွတ်တွင် လျှို့ဝှက်သော စိန်ခေါ်သူကြောင့် ဖြစ်ပေါ်လာခဲ့သော အုတ်သော်အောင်းနင်းက တစ်ဖြည်းဖြည်းနှင့် အနည်ထိုင်လာခဲ့လေပြီ။
သည့်အရင်က လျှို့ဝှက်သော စိန်ခေါ်သူအကြောင်း ဆွေးနွေးထင်ကြေးပေးကြခြင်းက တောင်ထွတ်ငါးခုမှ တပည့်များကြားတွင် ရေပန်းအစားဆုံးကိစ္စတစ်ခု ဖြစ်နေခဲ့၏။
သို့သော်လည်း နှစ်ကုန်ဖို့ နီးလာသည်နှင့်အမျှ ထိုဆွေးနွေးပြောကြားသံများက တစ်ဖြည်းဖြည်း အသံတိတ်သွားကြ၏။
. . .
ဤနေ့တွင် ဆန်းကြယ်နန်းတော်မှ ခေါင်းလောင်းသံငါးခုက ထွက်ပေါ်လာ၏။
တောင်ထွတ်ငါးခု၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲက တရားဝင် စတင်လေပြီ။
များစွာသော တပည့်များသည် သူတို့၏ လိုဏ်ဂူတိုက်ခန်းများထဲမှ ထွက်လာကြကာ နတ်ပန်းပဲတောင်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် အားအင်အပြည့်နှင့် ဦးတည်သွားကြလေ၏။
တောင်ထွတ်ငါးခု ရင်ဆိုင်ယှဉ်ပြိုင်ပွဲက ကျင်းပချိန် ငါးရက်ယူရ၏။
နတ်ပန်းပဲတောင်ထွတ်နှင့် နတ်ဆေးတောင်ထွတ်က အင်အားအနည်းဆုံးဖြစ်သောကြောင့် ယခင်နှစ်များအရဆိုလျှင် သူတို့၏ ပြိုင်ပွဲကို ပထမနေ့နှင့် ဒုတိယနေ့တွင် ဆက်တိုက်ကျင်းပရပေမည်။
သို့သော်လည်း ဒီနှစ်ကတော့ နည်းနည်းလေး ထူးခြား၏။
ဆူဇီမိုနှင့် ဖုန်ဟောက်ယွီတို့၏ စိန်ခေါ်မှုကို တောင်ထွတ်ငါးခုမှ လူတိုင်းသိထားကြ၏။
တိုက်ဆိုင်စွာပင် သူတို့နှစ်ယောက်လုံးက နတ်ပန်းပဲတောင်ထွတ်နှင့် နတ်ဆေးတောင်ထွတ်တို့တွင် ဝင်ပြိုင်ဖို့ စီစဉ်ထားကြ၏။ လက်နက်သွန်းလုပ်မှုဖြစ်စေ၊ ဆေးလုံးဖော်စပ်ခြင်းဖြစ်စေ.. လူတစ်ယောက်၏ စိတ်ဝိညာဉ်ချီ၊ စွမ်းအင်နှင့် စိတ်အာရုံစိုက်မှုတို့ကို များစွာ သုံးစွဲရ၏။
သူတို့နှစ်ယောက်စလုံး ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် အကောင်းဆုံး အနေအထားဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ထိုပြိုင်ပွဲနှစ်ခုကို ကြားထဲမှာ ရက်ခြားကျင်းပဖို့ တောင်ထွတ်သခင်ငါးယောက်က သဘောတူ ဆုံးဖြတ်ခဲ့ကြ၏။
ပထမနေ့.. နတ်ပန်းပဲတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ..
ဒုတိယနေ့ .. အဆောင်လက်ဖွဲ့တောင်ထွတ်...
တတိယနေ့.. နတ်ဆေးတောင်ထွတ်..
စတုတ္ထနေ့ .. အစီအရင်တောင်ထွတ်..
ပဉ္စမနေ့.. စိတ်ဝိညာဉ်တောင်ထွတ်..
စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲက အားလုံး ရင်တမမနှင့် စောင့်မျှော်ကြည့်ရှုကြမည့်ပွဲဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း အမြဲတမ်း နောက်ဆုံးနေမှသာ ကျင်းပခဲ့ကြလေသည်။
နတ်ဆေးတောင်ထွတ်နှင့် စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲနေ့အကြား အစီအရင်တောင်ထွတ်၏ ပြိုင်ပွဲကို ကြားခံထားရခြင်းမှာ စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲနေ့မတိုင်မီ ဖုန်ဟောက်ယွီကို အနားယူနိုင်ဖို့ ဖြစ်လေသည်။
နတ်ပန်းပဲတောင်ထွတ်၏ ပြိုင်ပွဲကို လက်နက်သွန်းလုပ်ခြင်းခန်းမအတွင်းမှာ ကျင်းပပေမည်။
ပထမနေ့တွင် တောင်ထွတ်ငါးခု၏ တပည့်များအားလုံးနီးပါးသည် လက်နက်သွန်းလုပ်ခြင်းခန်းမ၏ အပြင်ဘက်တွင် စုရုံးနေကြပြီး ထို့အထဲတွင် အတွင်းစည်းတပည့်များပါ ပါဝင်ကြ၏။
နတ်ပန်းပဲတောင်ထွတ်က ဤမျှလောက်ထိ လူမစည်ခဲ့ဖူးပေ။
အကြောင်းရင်းမှာ နတ်ပန်းပဲတောင်ထွတ်၏ပြိုင်ပွဲသည် ဆူဇီမိုနှင့် ဖုန်ဟောက်ယွီတို့ စိန်ခေါ်မှု၏ ပထမအချီ ဖြစ်သောကြောင့် ဖြစ်လေသည်။
အားလုံးက ထိုစိန်ခေါ်မှုကို စိတ်ဝင်စား၍သာ ရောက်လာကြခြင်း ဖြစ်၏။
သည့်အရင်မတိုင်မီကပင် တောင်ထွတ်ငါးခုမှ တပည့်အချို့သည် ရလဒ်ကို အလောင်းအစားများပင် ပြုလုပ်ထားကြပြီဖြစ်သည်။
တောင်ထွတ်သခင်ငါးယောက်က လက်နက်သွန်းလုပ်ခန်းမ၏ အရှေ့ညာဘက်တွင် ထိုင်နေကြ၏။
ခန်းမထဲတွင် ပါဝင်ယှဉ်ပြိုင်မည့်တပည့် တစ်ရာကျော်က မတ်တပ်ရပ်နေကြ၏။
ပွဲကြည့်မည့်သူများကတော့ ခန်းမ၏ အပြင်ဘက်တွင်သာ နေရပြီး လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်အား အနှောင့်အယှက်ပြုမိမည်ကို ကာကွယ်သည့်အနေဖြင့် အထဲသို့ ဝင်ခွင့်ပေးမထားပေ။ သို့သော်လည်း အပြင်မှနေ၍ အထဲသို့ ကောင်းစွာ မြင်နိုင်ကြ၏။
“လမ်းဖယ်ဟေ့.. လမ်းဖယ်ဟေ့!”
ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ယောက်က ရောက်ရှိလ၏။
လူအုပ်ကြီးသည် ဘေးနှစ်ဖက်သို့ ရှဲသွားကြပြီး လမ်းကြောင်းတစ်ခုက ဖြစ်ပေါ်လာ၏။
ခရမ်းရောင်ဝတ်စုံနှင့် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်သည် လက်နှစ်ဖက်နောက်ပစ်၍ လျှောက်လှမ်းလာ၏။ မောက်မာသော ဟန်အမူအယာနှင့် ခန်းမထဲသို့ ဝင်လာသည့်သူမှာ ဖုန်ဟောက်ယွီပင် ဖြစ်လေသည်။
“မိုက်တယ်ကွာ.. သူက ပကတိချီစုဖွဲ့မှုအဆင့်ကိုတောင် ရောက်နေပြီ”
“ဟမ့်.. အဲ့ဒါက ဘာဟုတ်သေးလို့လဲ.. ငါမင်းကိုပြောပါတယ်.. စီနီယာအစ်ကို ဖုန်ဟောက်ယွီက ပြီးခဲ့တဲ့ တစ်လကျော်ထဲက ပကတိအဆင့်ကို ရောက်နေပါပြီလို့.. အခုဆို သူက အခြေတည်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
“ဆူဇီမိုရဲ့ ကျင့်ကြံမှုကရော ဘယ်အဆင့်ရောက်နေပြီလဲ.. ငါသိချင်လိုက်တာ.. သူ့အဆင့်က အရမ်းနိမ့်နေရင် သူတို့နှစ်ယောက် တိုက်ခိုက်မယ့်ပွဲက သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်တော့ဘူး”
ထိုအချိန်မှာပင် လူအုပ်ကြီးထဲက တစ်ယောက်က အော်ပြောလိုက်၏။
“ဆူဇီမို လာနေပြီ!”
လူတိုင်း မော့ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းမှ ဆူဇီမိုသည် ဓါးပျံစီးနင်း၍ ရောက်လာ၏။ သူသည် အစိမ်းရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး မည်သည့် ဖိအားမျှ မရှိသလို တည်ငြိမ်လွန်းလှ၏။
“ဟဟ”
တပည့်တစ်ယောက်က မအောင့်နိုင်တော့ဘဲ လှောင်ပြောင်ပြောဆိုလိုက်၏။
“ပြောကြပါဦး.. ငါများ အမြင်မှားလေရော့သလား.. သူက အခုမှ ချီစုဖွဲ့မှု အဆင့်၈ပဲ ရှိသေးသတဲ့လား”
“ဟီးဟီး.. မင်းပြောတာ မှန်နေတာပဲ.. သူတို့နှစ်ယောက်ကြားက ကွာဟချက်က နှစ်ဆင့်တောင်.. ဘယ်သူနိုင်မလဲဆိုတာက တိုက်ကြည့်နေစရာတောင် မလိုတော့ဘူး” နောက်ထပ်တပည့်တစ်ယောက်က ခေါင်းခါ၍ ရယ်မောလိုက်၏။ သူ့မျက်လုံးထဲတွင် အထင်အမြင်သေးမှုက ရှင်းလင်းစွာ မြင်နေရ၏။
“ငါသာ ဆူဇီမိုဆိုရင်.. ရှုံးနိမ့်ကြောင့် ဝန်ခံလိုက်မိမှာပဲ.. အဲ့ဒါမှ လူကြားသူကြားထဲ ဆိုးဆိုးရွားရွား အရိုက်ခံရပြီး အရှက်မကွဲတော့ဘူးပေ့ါ”