သူဘာကို သွန်းလုပ်နေတာလဲ
Vol. 8 Ch. 116
အခန်း ၁၁၆ - သူဘာကို သွန်းလုပ်နေတာလဲ
Translator – Than Toe Aung
လူအုပ်ကြီးထဲမှ လှောင်ရယ်သံများ ထွက်လာနေသော်လည်း ဆူဇီမိုက မသိသလို မကြားသလိုပင်။ သူသည် လက်နက်သွန်းခန်းမထဲသို့ တန်းလျှောက်သွားလိုက်၏။
သူသည် အချိန်သုံးလကို အစီအရင်တောင်ထွတ်တွင် ကုန်ဆုံးခဲ့ပြီး နောက်ဆုံးလကိုလည်း ဓါးဝင်္ကပါများအား လေ့လာသင်ယူခြင်း၌သာ အားစိုက်ထုတ်ခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်းက အစက မျှော်လင့်ထားသလို ချီစုဖွဲ့မှုအဆင့်၉သို့ မရောက်ရှိခဲ့ပေ။
သို့သော်လည်း သူသည် ဖုန်ဟောက်ယွီနှင့် နောက်ဆုံးတိုက်ပွဲမတိုင်ခင် ရက်အနည်းငယ် အချိန်ရသေး၏။
ဆူဇီမိုသည် ထိုရက်အနည်းငယ်အတွင်း အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့လျှင် သူသည် အဆင့်၉ သို့ ရောက်နိုင်ချေ ရှိသေး၏။
“နောင်ကြီး.. ကံကောင်းပါစေဗျာ”
ဖက်တီးလေး၏ အသံက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာပြီး သူသည် ဆူဇီမိုကို လက်မထောင်ပြလိုက်၏။
ဆူဇီမိုသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လက်နက်သွန်းခန်းမထဲသို့ ဝင်သွားလိုက်၏။
ခန်းမထဲရောက်သောအခါ ရွှယ်ယိနှင့် အခြားသူများက ဆူဇီမိုကို ခေါင်းညိတ်နှုတ်ဆက်လိုက်ကြ၏။
“ညီလေးဆူ အဲ့ဒီ ပေါက်တတ်ကရ မှတ်ချက်တွေကို စိတ်ထဲထားမနေနဲ့.. စိတ်ကို တည်ငြိမ်အောင်ထားပြီး အကောင်းဆုံးယှဉ်ပြိုင်.. သေချာပေါက် အနိုင်ရလိမ့်မယ်” သူ့ဘေးမှ ဆူဇီမို ဖြတ်သွားသောအခါ ရွှယ်ယိက တိုးတိုးလေး လှမ်းပြောလိုက်၏။
“အမ်း.. အစ်ကိုရွှယ်လဲ အနိုင်ရအောင် လုပ်ပါ”
ဆူဇီမိုက အပြုံးနှင့် ခွန်းတုံ့ပြန်လိုက်၏။
“စိတ်ချလိုက်.. ငါလဲ အခု အဆင့်၂ မီးတောက်ကို ထုတ်ဖော်နိုင်သွားပြီ.. ငါ အဲ့ဖုန်ဟောက်ယွီကို ရှုံးမှာ မဟုတ်တော့ဘူး” ရွှယ်ယိ၏ မျက်လုံးများက ယုံကြည်မှုအပြည့်နှင့် ဖြစ်၏။
လူတစ်ယောက်အတွက် ချီစုဖွဲ့အဆင့်မှာပင် အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကို ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ဖို့က မလွယ်ကူချေ။
သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် ခန်းမ၏ အနောက်နားမှာသာ မနေတော့ချေ။ သူသည် ရှေ့ဆုံးသို့ လျှောက်သွားလိုက်ပြီး ဖုန်ဟောက်ယွီနှင့် ပုခုံးချင်းယှဉ်ရပ်လိုက်၏။
တင်းကြပ်လာသော အော်ရာက ခန်းမတစ်ခွင် ပျံ့နှံ့သွား၏။
“ဂျူနီယာညီလေးဆူ.. ငါတို့မတွေ့ရတာ နှစ်ဝက်လောက်တောင် ရှိသွားပြီနော်.. မင်းရဲ့ ကျင့်ကြံမှုကသာ သိသိသာသာ တိုးတက်မလာတာရယ်.. မင်းက အတော်လေးတော့ ရဲတင်းလာတာပဲ” ဖုန်ဟောက်ယွီက ဆူဇီမိုကို တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်၏။
“ရဲတင်းတာက အကျင့်ဖြစ်နေတာလေ” ဆူဇီမိုက ပြန်ပင်လှည့်မကြည့်ဘဲ ထူးမခြားနားလေသံနှင့် ပြောလိုက်၏။
ဖုန်ဟောက်ယွီက ဆက်ပြောလိုက်၏။
“မင်း အခုနေသာ ရှုံးပါပြီ ဝန်ခံပြီး အသနားခံမယ်ဆိုရင် စိတ်ဝိညာဉ်တောင်ထွတ်က ပြိုင်ပွဲပြီးတဲ့အခါ ငါမင်းကို အရှက်သိပ်မရဘဲ ရှုံးနိမ့်အောင် လုပ်ပေးလို့ ရပါတယ်”
“ဟုတ်မှလဲလုပ်ပါ ငါ့ကောင်ရယ်”
ဆူဇီမိုက တည်ငြိမ်စွာ ပြုံးလိုက်၏။
တစ်ကယ်တော့ ဖုန်ဟောက်ယွီသည် ဆူဇီမိုနှင့် စကားနိုင်လုဖို့သက်သက် မဟုတ်ဘဲ သူ၏ အဓိက ရည်ရွယ်ချက်မှာ ဆူဇီမို၏ စိတ်ကို တည်ငြိမ်မှု ပျက်ပြားသွားစေဖို့ ဖြစ်လေသည်။
လက်နက်သွန်းလုပ်ခြင်းဖြစ်စေ၊ ဆေးလုံးဖော်စပ်ခြင်းဖြစ်စေ.. အနည်းငယ် အာရုံပျက်ယွင်းသွားခြင်းက ကျရှုံးမှုကို ဦးတည်သွားနိုင်လေသည်။
ကံမကောင်းစွာဖြင့် သူ၏ အားထုတ်မှုက မလုပ်မဖြစ်ခဲ့ပေ။ သူ၏ ထိုးနှက်ချက်နှစ်ခုသည် ဆူဇီမိုကို ဝါဂွမ်းလေးဖြင့် ပွတ်သပ်နေသလိုပင်။
“ဒါနဲ့ ငါမင်းကို ပြောဖို့မေ့နေတာတစ်ခု ရှိသေးတယ်ကွ”
ဖုန်ဟောက်ယွီ၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး သူ့လက်ဖဝါးကို ဖြန့်လိုက်၏။ ရွှိတ်ကနဲ မြည်သံနှင့်အတူ မီးတောက်တစ်ခုက ပေါ်လာ၏။
အနီရောင်ရင့်ရင့်.. အဆင့်၂ မီးတောက်!
နောက်တစ်ခဏမှာပင် ဖုန်ဟောက်ယွီက သူရဲ့ ကျန်လက်တစ်ဖက်ကို လှုပ်ခါလိုက်၏။ စိတ်ဝိညာဉ်လေဒြပ်စင်က ထွက်ပေါ်လာပြီး အဆင့်၂ မီးတောက်ထဲသို့ တိုးဝင်သွား၏။
ရွှစ်!
မီးတောက်က အရွယ်အစားကြီး၊ အရောင်က သိပ်သည်းလာပြီး နောက်တစ်ခဏမှာပင် ကြက်သွေးရောင်သို့ ပြောင်းလဲသွား၏။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်!
ဖုန်ဟောက်ယွီ၏ အသံက ပြန်လည် ထွက်ပေါ်လာ၏။
“ငါလဲ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်နိုင်နေပြီလေ.. ငါ့ရဲ့ရှေ့မှာ မင်းရဲ့ တစ်ခုတည်းသော အားသာချက်က ဘာမှ မဟုတ်တော့ဘူး”
ဖုန်ဟောက်ယွီက ဆူဇီမိုကို ပို၍ပို၍ ဖိအားပေးဖို့ ကြိုးစားနေသည်မှာ ထင်ရှားနေ၏။
ဖုန်ဟောက်ယွီ၏ လက်ဖဝါးထက်က အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို မြင်ကြရသောအခါ လူအုပ်ကြီးထဲမှ အံ့အားတစ်သင့် ရေရွတ်သံများက ထွက်ပေါ်လာ၏။
“အစကတော့ ငါထင်တာက ပထမဆုံး ဒီပြိုင်ပွဲက အကြိတ်အနယ် ရှိမယ်ပေါ့.. အခု ကြည့်ရသလောက်တော့ ဆူဇီမိုက နိုင်ဖို့ အခွင့်မရှိတော့ဘူးပဲ”
“အမှန်ပဲ.. မီးတောက်အဆင့်ချင်းသာတူရင် ဆူဇီမိုက နည်းစနစ်ပိုင်းမှာ စီနီယာအစ်ကိုဖုန်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ”
ရွှယ်ယိ၏ မျက်နှာက မှုန်ကုတ်လာ၏။
သူသည် အဆင့်၂ မီးတောက် ရလာဖို့အတွက် ရှိသမျှ အားအင် အကုန်စိုက်ထုတ်ခဲ့ရ၏။ သူသည် အစကတော့ ဖုန်ဟောက်ယွီနှင့် ယှဉ်ပြိုင်နိုင်ပြီဟု အထင်ရောက်ခဲ့၏။ အခုတော့ သူက နောက်ကျကျန်နေခဲ့တုန်းပင်။
ပြိုင်ပွဲဝင်နေကြသော အခြားသော တပည့်များသည်လည်း ထိတ်ထိတ်ပျာပျာနှင့် ဖိအားဝင်ကုန်ကြ၏။
ခန်းမထဲ၌ ဆူဇီမိုကသာလျှင် အမြဲတမ်း တည်ငြိမ်နိုင်သူ ဖြစ်၏။ သူသည် ၎င်းကို တစ်ချက်သာ ဖျတ်ကနဲကြည့်လိုက်ပြီး ပြန်လှည့်သွား၏။
ထိုအရာကို မြင်ကြသောအခါ တောင်ထွတ်သခင်ငါးယောက်သည် စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူးလိုက်မိကြ၏။
တစ်ခြားအရာများကို မကြည့်လျှင်တောင် ဆူဇီမို၏ တည်ငြိမ်မှုတစ်ခုတည်းကပင် လူအုပ်ကြီး၏ အထက်၌ ရပ်တည်ဖို့ လုံလောက်၏။
ဖိုသီဖတ်သီအဖိုးအိုက မတ်တပ်ရပ်၍ လက်ဟန်ပြလိုက်သောအခါ လူအုပ်ကြီးက တစ်ဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
“ကဲကဲ ပါဝင်ယှဉ်ပြိုင်ကြမယ့်သူအားလုံး ရှေ့ကိုလာပြီး စိတ်ဝိညာဉ်ကုန်ကြမ်းပစ္စည်း လာရွေးကြပါ.. ဘယ်လိုလက်နက်ကို ဖန်တီးသွန်းလုပ်မယ်ဆိုတာကိုကတော့ မင်းတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတယ်.. သွန်းလုပ်လို့ ပြီးသွားရင် ရှေ့မှာ လာပြန်တင်သွင်းခဲ့ပါ.. အားလုံးပြီးတာနဲ့ နောက်ဆုံးရလဒ် ဘယ်သူအနိုင်လဲဆိုတာ ထုတ်ပြန်ကြေငြာပေးမယ်”
ဖိုသီဖတ်သီအဖိုးအို ပြောလို့ပြီးသွားတာနှင့် ခန်းမထဲရှိ တပည့်များသည် သူတို့အလိုရှိရာ စိတ်ဝိညာဉ်ပါဝင်ပစ္စည်းများကို ရွေးယူဖို့အတွက် ရှေ့သို့ ထွက်လာကြ၏။
အရှေ့တွင် စိတ်ဝိညာဉ်ကုန်ကြမ်းသတ္တု ဆယ်မျိုးကျော်ကျော်ကို စုပုံခင်းကျင်းပေးထား၏။ ထိုအထဲတွင် သန့်စင်သောရွှေရိုင်းကတော့ ပမာဏ အများဆုံး ဖြစ်၏။ ၎င်းသည် လက်နက်သွန်းလုပ်ရာတွင် အဓိက မရှိမဖြစ် ပါဝင်ပစ္စည်းဖြစ်၏။
လက်နက်သွန်းလုပ်ရာတွင် ပထမအဆင့်မှာ ပါဝင်ကုန်ကြမ်းသတ္တု ရွေးချယ်ခြင်း ဖြစ်၏။
လူတစ်ယောက်သည် ဓါးပျံတစ်လက်ကို ဖန်တီးချင်သည်ဆိုလျှင် သန့်စင်သောရွှေရိုင်းအပြင် နောက်ထပ် စိတ်ဝိညာဉ်ကုန်ကြမ်း နှစ်မျိုးသုံးမျိုးလောက်ကို ပမာဏ အနည်းငယ်သာ ထပ်လိုအပ်လေသည်။
ထိုသို့မဟုတ်ဘဲ အခြားကုန်ကြမ်းများကို များစွာပိုထည့်လိုက်မိလျှင် အညစ်အကြေးများစွာ ထွက်ပေါ်လာကာ ဖယ်ထုတ်ရခက်သွားပြီး လက်နက်သွန်းလုပ်ချိန်ကလည်း ကြာမြင့်လာနိုင်၏။
နတ်ပန်းပဲတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတိုင်းတွင် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို မည်သည့်တပည့်မျှ မဖန်တီးနိုင်သေးပေ။
အများစု သွန်းလုပ်နိုင်ကြသည်မှာ စိတ်ဝိညာဉ်လက်နက်တုများသာ ဖြစ်၏။ ထို့ကြောင့်ပင် သူတို့လက်နက်များ၏ အရည်အသွေးနှင့် ကြာမြင့်ချိန်တို့ကို ထည့်တွက်၍ အနိုင်ရသူကို ဆုံးဖြတ်ပေးရ၏။
သိပ်မကြာမီ တပည့်အများစုသည် ပါဝင်ပစ္စည်း ရွေးချယ်လို့ ပြီးစီးသွားကြပေပြီ။
ဆူဇီမိုတစ်ယောက်သာလျှင် တစ်စုံတစ်ရာကို စဉ်းစားနေပုံရပြီး ကုန်ကြမ်းပစ္စည်းများနားတွင် ကျန်နေခဲ့၏။
ယခုအခါ သူ့မှာ ဓါးပျံခြောက်လက်က ရှိနှင့်နေပြီဖြစ်ပြီး နောက်ထပ်တစ်လက်ထပ်ဖန်တီးလည်း အပိုလိုသာ ဖြစ်နေတော့မည်။
များစွာစဉ်းစားပြီးနောက် သူသည် မတူညီသော စိတ်ဝိညာဉ်ပါဝင်ပစ္စည်း အတန်အသင့်ကို ရွေးယူပြီး ပြန်လာခဲ့၏။
ထိုလှုပ်ရှားမှုက ဝေဖန်လေကန်မည့် တပည့်များစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
ပါဝင်ပစ္စည်းအရေအတွက်က များလေလေ.. ဖန်တီးမည့်လက်နက်၏ အလေးချိန်ကလည်း ပို၍ စီးလာမည်ဖြစ်၏။ ၎င်းသည် ဓါးပျံတစ်လက်သာ ဖြစ်လျှင် ဓါးပျံတစ်လက်မှာ ရှိရမည့် ပေါ့ပါးဖျတ်လတ်မှုဟူသည့် အားသာချက်ကို ဆုံးရှုံးရပေမည်။ ထိုအခါ ၎င်းသည် အသုံးပြုလို့ အဆင်ပြေနိုင်တော့မည် မဟုတ်ပေ။
“အဲ့ ဆူဇီမိုက ရူးနေတာလား ဘာလားဟ.. သူက ဧရာမတူကြီးတစ်လက် သွန်းလုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်လောက်ပါဘူးနော်.. ဟားဟား”
“ကြည့်ရတာတော့ အဲ့လိုမျိုး ဖြစ်မယ်ထင်တယ်..ဟဟ”
“ဟေ့ကောင်တွေ မရယ်ကြနဲ့ မရယ်ကြနဲ့ဦးဟ.. ဘယ်ပြောရမလဲ သူက ဧရာမဓါးပျံကြီးတစ်လက် ဖန်တီးပြလိုက်လို့ မင်းတို့ပါ လန့်ပြီး သေကုန်ကြဦးမယ်”
ခန်းမအပြင်ဘက်တွင် အသံဗလံများက ဆူညံစွာ ထွက်ပေါ်လာ၏။
ဆူဇီမို လုပ်ဆောင်နေတာကို ကြည့်၍ ဖိုသီဖတ်သီအဖိုးအိုပင်လျှင် မျက်ခုံးတွန့်သွား၏။
တပည့်များအားလုံးသည် သူတို့နေရာသို့ သူတို့ပြန်ရောက်သွားကြပြီး သူတို့၏ ပန်းပဲမီးဖိုများကို ဆွဲထုတ်လိုက်ကြ၏။ အားလုံးက အဆင်သင့် ဖြစ်နေကြပေပြီ။
ဖိုသီဖတ်သီအဖိုးအိုက လက်ဝေ့ပြလိုက်ပြီး အော်ပြောလိုက်၏။
“နတ်ပန်းပဲတောင်ထွတ်ရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲကို စလိုက်ကြစို့ဟေ့”
သူပြောပြီးသည့် ခဏ၊ ခန်းမတစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်သွား၏။
များစွာသောတပည့်များ၏ လက်ဖဝါးထက်တွင် မီးတောက်များက ကခုန်နေကြပြီး ခန်းမတစ်ခုလုံး အနီရောင်သန်းသွား၏။ အပြင်ဘက်ရှိ လူအုပ်ကြီးက ငြိမ်သက်သွားကြပေပြီ။
သူတို့အထဲတွင် ဖုန်ဟောက်ယွီနှင့် ဆူဇီမိုတို့၏ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်နှစ်ခုက လွန်စွာ ထင်ရှားပေါ်လွင်နေ၏။
သူတို့နှစ်ယောက်ပြီးလျှင် ရွှယ်ယိ၏ အဆင့်၂ စိတ်ဝိညာဉ်မီးတောက်က အထင်ပေါ်ဆုံး ဖြစ်၏။
လက်နက်သွန်းလုပ်ခြင်း၏ ဒုတိယအဆင့် မီးဖိုကို အပူနွေးခြင်း။
ဖုန်ဟောက်ယွီနှင့် ဆူဇီမိုတို့သည် မီးဖိုအပူနွေးခြင်းကို တစ်ချိန်တည်းမှာပင် အခြားသူများထက် အရင်ပြီးဆီးသွားပြီး သူတို့၏ စိတ်ဝိညာည်ပါဝင်ပစ္စည်းများကို ပစ်ထည့်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံး၏ လှုပ်ရှားမှုက ရေပြင်ကဲ့သို့ ချောမွေ့နေပြီး ထိုအပေါ်တွင် များစွာအားစိုက်ထုတ်ထားခဲ့ကြပုံ ရလေသည်။
တောင်ထွတ်သခင်ငါးယောက်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ကြက်သွေးရောင်မီးတောက်များက သူတို့နှစ်ယောက်၏ ပန်းပဲမီးဖိုအောက်တွင် လောင်ကျွမ်းနေကြပြီး အပူချိန်က မြင့်တက်လာ၏။ သိပ်မကြာခင် စိတ်ဝိညာဉ်ပါဝင်ပစ္စည်းများက အရည်ပျော်တော့မည့်ပုံ ပြလာ၏။
ဆူဇီမို ထည့်ထားသော ပါဝင်ပစ္စည်းများက အမျိုးအစားစုံလင်များပြားသောကြောင့် သူ၏ အရည်ကျိုနှုန်းကလည်း သိသိသာသာ နှေးကွေးသွား၏။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်နှင့်ပင် ဆူဇီမိုသည် ဤအဆင့်တွင် များစွာသောတပည့်များအောက် နောက်ကျကျန်ခဲ့ပေပြီ။
တစ်နာရီကြာပြီးနောက် ဖုန်ဟောက်ယွီ၏ ပန်းပဲမီးဖိုအတွင်းရှိ သတ္တုအရည်များသည် ဆက်လက်အရည်ပျော်သိပ်သည်းခြင်း မရှိတော့ပေ။ သူသည် အရည်ဖျော်ခြင်း လုပ်ငန်းစဉ်ကို ပြီးဆုံးသွားပေပြီ။
ဆူဇီမို၏ ပန်းပဲမီးဖိုအတွင်းမှာတော့ သတ္တုကုန်ကြမ်းများက စတင်အရည်ပျော်နေတုန်းပင် ရှိသေး၏။ ကြက်သွေးရောင်မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် အညစ်အကြေးများက ဆက်တိုက်ထွက်လာနေ၏။
ထိုအချိန်မှာပင် ဖုန်ဟောက်ယွီက အလွန် အလေးသာနေပြီး ဆူဇီမို၏ အရှေ့များစွာ ကြောသွားပေပြီ။
သို့သော်လည်း ဆူဇီမိုက အလောတန် ရှိမနေချေ။ အေးဆေးသက်သာစွာပင် သူသည် ပန်းပဲမီးဖိုအတွင်းရှိ ပါဝင်ပစ္စည်းများကို ကြည့်လိုက်ပြီး သူ့မီးတောက်၏ အပူချိန်ကို မြှင့်တင်လိုက်ကာ အညစ်အကြေးများကို တတ်နိုင်သမျှ များများ ဖယ်ထုတ်နေလိုက်၏။
ဖုန်ဟောက်ယွီက ပုံဖော်ခြင်းကို ပြီးဆီးသွားပြီး မီးဆေးခြင်းကိုပင် စတင်လုပ်ဆောင်နေလေပြီ။ ဆူဇီမိုကတော့ အရည်ကျိုနေတုန်းသာ ရှိသေး၏။ သူသည် နှစ်ဆင့်တောင် နောက်ကျကျန်ခဲ့ပေပြီ။
ဆူဇီမို၏ ပန်းပဲမီးဖိုအတွင်းရှိ စိတ်ဝိညာဉ်သတ္တုရည်များသည် သိသာထင်ရှားစွာ ပေါများနေ၏။ ၎င်းသည် ဓါးပျံနှစ်လက်သုံးလက် ပြုလုပ်ဖို့ပင် လုံလောက်လေသည်။
သူက ဘယ်လိုလက်နက်မျိုးကို သွန်းလုပ်ချင်နေတာပါလိမ့်။
လူတိုင်း၏ စိတ်ထဲတွင် ထိုမေးခွန်းက ဝင်ရောက်လာ၏။