← Chapters

ကြောက်လို့ ပြေးတာလား

Vol. 8 Ch. 117

ကြောက်လို့ ပြေးတာလား

Vol. 8 Ch. 117

အခန်း ၁၁၇ - ကြောက်လို့ ပြေးတာလား

Translator – Than Toe Aung

ဆူဇီမို ဖန်တီးချင်နေသည်မှာ ဧရာမ ပုဆိန်တစ်လက်ဖြစ်၏။

ဤအချိန်များအတွင်း ဖက်တီးလေးသည် သူ့ကို များစွာ အကူအညီပေးခဲ့၏။

သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က ဆူဇီမိုသည် တမင်မရည်ရွယ်သော်လည်း ဖက်တီးလေး၏ ပုဆိန်ပေါ်တွင် အပေါက်ငါးပေါက် ဖြစ်ပေါ်စေခဲ့၏။

ယခုသူပြုလုပ်မည့် ပုဆိန်ကြီးက ဖက်တီးလေးအတွက် ရည်ရွယ်လေသည်။

နောက်တစ်နာရီကြာပြီးနောက် အခြား‌သောကျင့်ကြံသူများက လက်နက်သဏ္ဌာန်ကို ပုံဖော်နေကြပေပြီ။ ဆူဇီမိုက‌တော့ ယခုမှ သတ္တုအရည်ကျိုလို့ ပြီးကာစသာ ရှိသေးလေသည်။ သူသည် တင်ပျဉ်ခွေခြေချိတ်ထိုင်လိုက်ပြီး ပန်းပဲမီးဖိုမှ အပူချိန်ကျလာမည့်အချိန်ကို စိတ်ဝိညာဉ်ချီများ ပြန်လည်ဖြည့်တင်းရင်း စောင့်ဆိုင်းနေလိုက်၏။

ဤအဆင့်တွင် တပည့်အချို့က ကျရှုံး၍ ပြိုင်ပွဲမှ ထွက်ကြရပေပြီ။

အပူချိန်ကို ကောင်းစွာ မထိန်းချုပ်နိုင်သော တပည့်များမှာ ပုံဖော်ခြင်းတွင် ကျရှုံးသွားကြပြီး သူတို့၏ ယခင်အားထုတ်ခဲ့မှုများက မြောင်းထဲရောက်ကုန်ပေပြီ။

၁၅မိနစ်ကြာပြီးနောက် .. ရုတ်တရတ်ဆိုသလို.. ဆူဇီမိုသည် မတ်တပ်ထရပ်လိုက်ပြီး စိတ်ဝိညာဉ်ချီဖြင့် လက်တစ်စုံကို ဖန်တီးကာ ပန်းပဲမီးဖိုအတွင်း ဝင်ရောက်စေ၍ လက်နက်သဏ္ဌာန်ပုံဖော်ခြင်းကို စတင်လိုက်၏။

သူ၏ ဘေးဘက်မှာတော့ ချွင်ချွင်ချွမ်ချွမ် အသံများက ထွက်ပေါ်နေ၏။

ဖုန်ဟောက်ယွီက မီးဆေးခြင်းကို စတင်လုပ်ဆောင်နေပေပြီ။

သူ၏ လေဒြပ်စင်တူက ကျဆင်းလာတိုင်း.. ဓါးပျံမှ အညစ်အကြေးများက ဖယ်ခွာသွားပြီး ပိုမိုသိပ်သည်းလာ၏။

ကြက်သွေးနီရောင်ရဲနေသော ဓါးပျံ‌ပေါ်သို့ လေတူကျလာတိုင်း မီးပွားများက လွင့်ပျံထွက်လာပြီး ပန်းပဲမီးဖို၏ အောက်ခြေသို့ ကျဆင်းသွား၏။ တစ်ကယ်တော့ ထိုမီးပွားများမှာ ဓါးပျံမှ ဖယ်ခွာလာသော အညစ်အကြေးများ ဖြစ်လေသည်။

ဆူဇီမိုကတော့ ပုံ‌ဖော်လို့ ပြီးသွားချေပြီ။

“ဘာလဲဟ.. ဧရာမ ပုဆိန်ကြီးလား”

“ပြီးတော့ အဲ့တူပုံစံက ကြောင်တောင်တောင်ကြီး.. အဲ့ဒါကို သုံးဖို့ဆိုလျှင် ဝိညာဉ်ချီက အတော်ကိုသုံးရမှာ.. ဘယ်သူက အဲ့လိုလက်နက်ကို ကိုင်မှာလဲ”

“အမှန်ပဲ.. အဲ့ပုဆိန်က စိတ်ဝိညာဉ်လက်နက်တွေမှာ ရှိသင့်တဲ့ ပေ့ါပါးဖျတ်လတ်မှုဆိုတဲ့ အားသာချက် မရှိ‌တော့ဘူး.. ပြောရမယ်ဆိုရင် အဲ့ဒါက မော်တယ်လူမိုက်လူရမ်းကားတွေ သုံးတဲ့ လက်နက်ပုံစံပဲ”

ခန်းမအပြင်ဘက်တွင် များစွာသောတပည့်များသည် ဆူဇီမို၏တူနှင့် ပတ်သတ်၍ အမျိုးမျိုး ထင်ကြေးပေးနေကြ၏။

ဖက်တီးလေးတစ်ယောက်ကတော့ ရင်တစ်ချက်ခုန်သွား၏။ သူ့မျက်လုံးကို ပုတ်ခတ်လိုက်ရင်း ဖြစ်နိုင်ချေတစ်ခုက သူ့စိတ်ထဲ ဝင်ရောက်လာ၏။

ဆူဇီမို၏ အမူအယာက အမြဲတမ်း တစ်သမတ်တည်းသာဖြစ်၏။ ပုံဖော်ခြင်း ပြီးစီးသွားပြီးနောက် သူသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို တစ်ဖန်ပြန်ထုတ်‌ဖော်လိုက်ပြီး ဧရာမပုဆိန်ကြီးကို အပူပေးလိုက်၏။

သိပ်မကြာလိုက်ပေ.. ဧရာမပုဆိန်ကြီးသည် အပူရှိန်တက်လာပြီး နီရဲကြည့်လင်လာ၏။

ဆူဇီမိုက မီးဆေးခြင်းကို စတင်မလို့ရှိ‌စဉ်မှာပင် ဖုန်ဟောက်ယွီက ထိုအဆင့်ကို လက်စသတ်ပြီးစီးသွားပေပြီ။

ထိုအခိုက်အတန့်၌ ဖုန်ဟောက်ယွီသည် ဝေခွဲမရ ဒွိဟဖြစ်နေ၏။

နောက်တစ်ဆင့်မှာ တစ်ကယ့်တစ်ကယ် အတိမ်းအစောင်းမခံသော စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့် ဖြစ်၏။

လက်ရှိအနေအထားအရ ဖုန်ဟောက်ယွီက သာလွန်နေသည်မှာ ထင်ရှာ၏။ လက်နက်ပုံသဏ္ဌာန်အရဖြစ်စေ၊ ကြာချိန်အမြန်နှုန်းအရဖြစ်စေ.. သူသည် ဆူဇီမိုထက် အပြတ်အသတ် သာလွန်ထား၏။

သို့သော်လည်း ဤအဆင့်မှာ သူစွန့်စားလိုက်လို့ စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားပြီး ဓါးပျံက ပေါက်ကွဲသွားခဲ့လျှင် သူသည် ပြိုင်ပွဲမှ အလိုလျောက် ဖယ်ထုတ်ခံရပေတော့မည်။

စိတ်ဝိညာဉ်စုဆောင်းခြင်းကို လုပ်‌ဆောင်ဖို့ဆိုလျှင် ပကတိ ရဲဝံ့မှုကို လိုအပ်လေသည်။

ပြီးခဲ့သည့်လများအတွင်း ဖုန်ဟောက်ယွီသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို တစ်ကြိမ်အောင်မြင်ခဲ့ဖူး၏။ သို့သော်လည်း ယခုကဲ့သို့ အတိမ်းအစောင်း မခံနိုင်သည့် အနေအထားမျိုးတွင် အလောင်းအစားထပ်လုပ်ဖို့ သူ့မှာ သတ္တိမရှိပေ။

အတန်ကြာ ဒွိဟဖြစ်နေပြီးနောက် ဖုန်ဟောက်ယွီသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို ပြုလုပ်ဖို့ လက်လျှော့လိုက်ပြီး ဓါးပျံကို ရေအေးထဲသို့ ထိုးနှစ်လိုက်လေ၏။

ရှဲကနဲ မြည်သံနှင့်အတူ မီးခိုးလုံးများ ထွက်ပေါ်လာပြီးနောက် ဓါးပျံတစ်လက်က ဖြစ်တည်လာပေပြီ။

နတ်ပန်းပဲပြိုင်ပွဲတွင် ဖုန်ဟောက်ယွီသည် လက်နက်သွန်းလုပ်ခြင်းကို ပထမဆုံး ပြီးစီးသည့်သူ ဖြစ်လာ၏။ သူသည် ဓါးပျံကို အရှေ့စားပွဲခုံပေါ်တွင် သွားတင်လိုက်ပြီး သူ့နေရာသို့ ပြန်လာကာ ဆူဇီမိုကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“စီနီယာအစ်ကိုဖုန် နိုင်ပြီကွ”

“ဒါ့ပေ့ါ.. ဆူဇီမိုသာ အနိုင်ရချင်ရင် စိတ်ဝိညာဉ်စုဆောင်းခြင်းကို အောင်မြင်အောင်လုပ်မှပဲ ရလိမ့်မယ်”

“စိတ်ဝိညာဉ်စုဆောင်းခြင်း အောင်မြင်ဖို့လား.. ခိခိ.. ဖြစ်နိုင်တာကို ပြောစမ်းပါကွာ.. သူက ဂိုဏ်းကို ရောက်တာဖြင့် တစ်နှစ်တောင်မပြည့်သေးဘူး.. သူ့ကို မပြောနဲ့ဦး.. အဆင့်မြင့်နတ်ပန်းပဲဆရာတွေတောင် ဒီလိုမျိုးပြိုင်ပွဲဖိအားအောက်မှာဆို စိတ်ဝိညာဉ်ကို အောင်မြင်အောင် စုဆောင်းဖို့ လွယ်မှာမဟုတ်ဘူး”

အပြင်ဘက်ရှိ စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

မီးဆေးခြင်းကို ဒုတိယ ပြီးမြောက်သွားသူက ရွှယ်ယိဖြစ်၏။

အဆင့်၂ စိတ်ဝိညာဉ်မီး‌တောက်ကြောင့် ရွှယ်ယိ၏ မီးဆေးခြင်း အမြန်နှုန်းက အခြားသူများထက် သာလွန်၏။

နောက်တစ်ဆင့်ကား စိတ်ဝိညာဉ်စုဆောင်းခြင်း ဖြစ်၏။

ဖုန်ဟောက်ယွီကဲ့သို့ မဟုတ်ဘဲ.. ရွှယ်ယိက ဒွိဟဖြစ်မနေခဲ့ပေ။ သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို လုပ်ဆောင်ဖို့ တန်းပြီး ရွေးချယ်ခဲ့၏။

ဖိုသီဖတ်သီအဖိုးအိုက ထိုအခြင်းအရာကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

‌ပြောရလျှင် ဖုန်ဟောက်ယွီသည် လက်နက်သွန်းလုပ်ခြင်း၌ အတော်လေး ပါရမီပါပြီး ရွှယ်ယိထက်ပင် သာလွန်၏။ သို့သော်လည်း သူ့မှာ ရဲဝံ့မှုက ပျောက်ဆုံးနေ၏။

ဖုန်ဟောက်ယွီသာ စိတ်ဝိညာဉ်စုဆောင်းဖို့ ‌ရွေးချယ်ခဲ့လျှင် ဖိုသီဖတ်သီအဖိုးအိုက သူ့ကို ပို၍ ချီးကျူးမိပေမည်။

များစွာသောတပည့်များသည် လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်၍ သိပ်ပြီးနားမလည်ကြလျှင်တောင် စိတ်ဝိညာဉ်စုဆောင်းခြင်းက အလွန်တရာ ခက်ခဲသည်ဆိုတာကိုတော့ သိထားကြ၏။

ထို့ကြောင့် ရွှယ်ယိ၏ လုပ်ဆောင်ချက်က လူအတော်များများကို ဆွဲ‌ဆောင်မိသွား၏။

တည်ကြည်သော အမူအယာနှင့် ရွှယ်ယိသည် ပန်းပဲမီးဖိုအတွင်း လွင့်‌မျောနေသော စိတ်ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်ပြီး ဓါးပျံထဲသို့ စီးဆင်းစေလိုက်၏။

ခရက်!

အက်ကွဲသွားသော အသံတစ်ခုက မီးဖိုထဲမှ ထွက်ပေါ်လာပြီး ခန်းမထဲတွင် ချောက်ချားဖွယ်ရာ ဟိန်းထွက်လာ၏။

၎င်းက ကျိုးပျက်သွားချေပြီ။

မှားယွင်းသွားပြီဆိုတာ ရွှယ်ယိနားလည်လိုက်၏။

ကြည့်ရှုနေကြသော တပည့်များသည် ခေါင်းခါလိုက်ကြ၏။

ထိုအရာသည် မီးဖိုထဲရှိ ဓါးပျံ‌အက်ကွဲလာသော အသံ ဖြစ်၏။

မှန်ပေသည်။

နောက်တစ်ခဏမှာပင် နောက်ထပ်ကျိုးပျက်သွားသော အသံက ထပ်မံထွက်ပေါ်လာ၏။

‌ထို့နောက် တစ်ဆက်တည်းဆိုသလိုပင် ရွှယ်ယိ၏ မီးဖိုအတွင်းမှ ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာခဲ့၏။ ဓါးပျံကို လုံးလုံး ပေါက်ကွဲသွားချေပြီ။ ကျိုးပဲ့သွားသော အစအနများက မီးဖို၏ အတွင်းဘက်နံရံကို ထိမှန်ကုန်ပြီး ချွင်ချွင်ချွမ်ချွမ် အသံများက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားချေပြီ။

ရွှယ်ယိသည် ခါးသက်သက် တစ်ချက်ရယ်လိုက်ပြီး သူ့ပန်းပဲမီးဖိုကို ပြန်သိမ်းလိုက်၏။ သူသည် တောင်ထွတ်သခင်ငါးယောက်ကို ဦးညွတ်လိုက်ပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားလေ၏။

ဓါးပျံပေါက်ကွဲသွားခြင်းက သူသည် ပြိုင်ပွဲမှ ဖယ်ရှားခံလိုက်ရပြီဟု ဆိုလိုလေသည်။

ထို့နောက် အခြား‌သော တပည့်များသည်လည်း သူတို့၏ လက်နက်များ သွန်းလုပ်ခြင်းကို ပြီးစီးကုန်ကြ၏။ ရွှယ်ယိမှလွဲ၍ စိတ်ဝိညာဉ်စုဆောင်းခြင်းကို ဆက်လက်လုပ်ဆောင်ရဲသူ ရှိမလာခဲ့ပေ။

ထိုအချိန်မှာပင် ဆူဇီမိုသည် သူ၏ မီးဆေးခြင်းကို ပြုလုပ်လို့ ပြီးစီးသွားပြီး သက်ပြင်းချလိုက်၏။

ရွှစ်.. ရွှစ်..ရွှစ်!

လူတိုင်း၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်လာ၏။

နတ်ပန်းပဲတောင်ထွတ်မှ တပည့်များသည် မျှော်လင့်တကြီးနှင့် သူ့ကို ကြည့်လိုက်ကြ၏။

ဆူဇီမိုသည်သာ နတ်ပန်းပဲတောင်ထွတ်၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လေသည်။

သူသာ ကျရှုံးသွားလျှင် နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ဆိုသော ဂုဏ်ပုဒ်ကို အခြားတောင်ထွတ်မှ တပည့်တစ်ယောက်က ခိုးယူသွားပေတော့မည်။

သူတို့အားလုံးသည် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသော်လည်း ထိုအရာက နတ်ပန်းပဲတောင်ထွတ်အတွက် အရှက်ရစရာ ဖြစ်၏။

ဆူဇီမိုသည် ခဏမျှ ရပ်နားလိုက်ပြီးနောက် ရုတ်တရတ်ဆိုသလို... လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေမည့် အပြုအပူတစ်ခုကို ပြုလုပ်လိုက်၏။ သူသည် သူ၏ ပန်းပဲမီးဖိုကို ဖယ်ထုတ်ကာသိမ်းဆည်းလိုက်၏။

“သူ.. ဘာ..ဘာ လုပ်ချင်နေတာလဲ”

“သူက စိတ်ဝိညာဉ်စု‌ဆောင်းခြင်းကို မလုပ်တော့ဘူးလား”

“ငါလဲ မပြောတတ်တော့ဘူး”

အကယ်၍ ဆူဇီမိုသာ စိတ်ဝိညာဉ်စုဆောင်းခြင်းကို မလုပ်တော့ဘူးဆိုလျှင် .. သူလုပ်ရမည်မှာ သူ၏ ပုဆိန်ကြီးကို ပန်းပဲမီးဖိုအတွင်းမှ ထုတ်ယူပြီး ရေအေးထဲကို ထည့်လိုက်ရုံသာ ဖြစ်လေသည်။

ပန်းပဲမီးဖိုကြီးကို ဖယ်ထုတ်၍ သိမ်းလိုက်စရာ အကြောင်းမရှိပေ။

သူတို့အားလုံး အတွေးများနှင့် အလုပ်ရှုပ်နေစဉ်မှာပင် ဆူဇီမိုသည် ဘေးပတ်ပတ်လည်ရှိ စိတ်ဝိညာဉ်ချီများကို စုယူလိုက်ပြီး ပုဆိန်ကြီးထဲသို့ စီးဝင်စေဖို့ လုပ်လိုက်၏။

စိတ်ဝိညာဉ်စုဆောင်းခြင်း!

သူက စိတ်ဝိညာဉ်စုဆောင်းဖို့ လုပ်နေတာပဲ!

သို့သော်လည်း ထိုအရာက သူတို့အတွက်တော့ အတော်လေးကို ရူးရူးမိုက်မိုက်မြင်ကွင်းဖြစ်၏။

သမိုင်းတစ်လျှောက်တွင် စိတ်ဝိညာဉ်စုဆောင်းခြင်း လုပ်ဆောင်နေစဉ် သူတို့၏ ပန်းပဲမီးဖိုအား ဖယ်ထုတ်လိုက်သည်ဆိုသော နတ်ပန်းပဲဆရာမျိုး ရှိခဲ့သည်ဟု သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။

ထိုအရာသည် လုံးဝအဓိပ္ပါယ်မဲ့နေပြီး နတ်ပန်းပဲဆရာကိုယ်တိုင်အတွက် လွန်စွာ အန္တရာယ်များလေသည်။

စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားပြီး စိတ်ဝိညာဉ်လက်နက်က ‌ပေါက်ကွဲသွားလျှင် ပထမဆုံး အန္တရာယ်ကို ခံစားရမည့်သူမှာ နတ်ပန်းပဲဆရာကိုယ်တိုင်ပင် ဖြစ်လေသည်။

“အမ့်”

ဖိုသီဖတ်သီအဖိုးအိုက ရင်ထိတ်သွားကာ အလိုအလျောက် မတ်တပ်ထရပ်လိုက်ပြီး ဆူဇီမိုကို ထိုသို့မလုပ်ဖို့ တားဆီးလိုက်ချင်၏။

သို့‌သော်လည်း ဆူဇီမိုက စတင်နှင့်နေပေပြီ။

အခုနေမှ တားဆီးလိုက်လျှင် သူသည် ဆူဇီမိုကို စိတ်အာရုံပျက်ယွင်းအောင် လုပ်လိုက်သလိုဖြစ်ပြီး စိတ်ဝိညာဉ်စုဆောင်းခြင်းက ချက်ခြင်း ကျရှုံးသွားနိုင်၏။

ဖိုသီဖတ်သီအဖိုးအိုက မျက်မှောင်ကြုတ်၍ အတန်ကြာသည့်အထိ ချီတုံချတုံ ဖြစ်နေပြီးမှ ပြန်ထိုင်လိုက်၏။ သူသည် လွန်မင်းစွာ စိတ်တင်းကျပ်နေပြီး လိုအပ်ပါက ဆူဇီမိုကို ချက်ခြင်းဝင်ကယ်ဖို့ အဆင်သင့်ပြင်ထားလိုက်၏။

စောစောက ဆူဇီမိုဘေးမှာ ရပ်နေသော ဖုန်ဟောက်ယွီသည် တုန်လှုပ်ချောက်ချားသွားပြီး လွတ်ရာကျွတ်ရာသို့ ကမန်းကတန်း ထပြေးလေတော့၏။

ထိုအချိန်မှာပင် စိတ်ဝိညာဉ်စုဆောင်းနေသော ဆူဇီမိုသည် သူ့ကို လှည့်ကြည့်၍ ပြုံးပြလိုက်၏။

“ဘာလို့ ထပြေးတာလဲဟ.. ဘာလဲ မင်းကြောက်တတ်လို့လား”

ထိုစကားက ခန်းမအပြင်ဘက်မှ လူများကို အုတ်သော်အောင်းနင်း ဖြစ်သွားစေ၏။

စိတ်ဝိညာဉ်စုဆောင်းနေစဉ်တွင် ထိုလူသည် အမှားသေးသေးလေး ဖြစ်မလာအောင်ပင် အပြည့်အဝ အာရုံစိုက်ထားရ၏။ မည်သူမျှ ဆူဇီမိုကဲ့သို့ လုပ်ရဲကြလိမ့်မည် မဟုတ်ပေ။ သူသည် ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ရုံသာမက အခြားသူများကိုပင် စကားလှည့်ပြောနေသေး၏။

သူက အသက်ရှင်ရတာကို ငြီးငွေ့နေတာလား..ဘာလား။

ဆူဇီမို၏ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းက သူ၏ အာရုံခံသတိစိတ်ပေါ်တွင် မှီခိုထားသည်ဆိုတာကို မည်သူကမျှ မသိနိုင်ကြပေ။

သူသည် စိတ်အာရုံပျက်ယွင်းသွားပြီး အမှားလုပ်မိခဲ့သည်ဆိုလျှင်တောင် ကျရှုံးမှုသို့ ဦးမတည်ခင်မှာပင် သူ့အာရုံခံသတိစိတ်က သူ့ကို သတိပေးပေလိမ့်မည်။ ထိုအခါ ဆူဇီမိုသည် လုပ်လက်စကို ရပ်တန့်၍ နောက်တစ်ဖန် အစကနေ ပြန်စပေလိမ့်မည်။

“တစ်ကယ့် စောက်ရူးနားကန်းဟ”

ဖုန်ဟောက်ယွီသည် အေးစက်စွာ ကျိန်ဆဲလိုက်ပြီး နောက်သို့ ခြေသုံးလေးလှမ်း ထပ်ဆုတ်လိုက်၏။

စောစောက ဆူဇီမို၏ ဘေးနားတွင် တပည့်များစွာ ရှိကြ၏။ သူတို့သည် လက်နက်သွန်းလုပ်ခြင်းကို ပြီးစီးသွားပြီဖြစ်ပြီး သူတို့လက်နက်များကို ‌ရှေ့သို့ တင်မသွင်းရသေးပေ။ ယခုအခါ သူတို့သည် ထိုအရာကို မလုပ်နိုင်သေးဘဲ.. အရင်ဆုံး ဆူဇီမိုနှင့် ဝေးရာသို့ ထွက်ပြေးလိုက်ကြ၏။

အချို့သော တပည့်များသည် သူတို့၏ လက်နက်များကို မီးဆေးနေကြ၏။ ယခုအဖြစ်အပျက်များကို တွေ့မြင်လိုက်သောအခါ သူတို့သည် လက်နက်သွန်းလုပ်ခြင်းကို ဂရုမစိုက်အားတော့ဘဲ လွတ်ရာသို့ ခုန်ပေါက်ပြေးလွှားထွက်သွားကြကုန်၏။

လက်နက်သွန်းခန်းမတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်ကုန်ကြပေပြီ။

နောက်တစ်ခဏအတွင်း ဆူဇီမိုအနားတွင် တောင်ထွတ်သခင်ငါးယောက်မှလွဲ၍ အခြားမည်သူမျှ မရှိကြတော့ပေ။

All Chapters