← Chapters

နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်

Vol. 8 Ch. 118

နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်

Vol. 8 Ch. 118

အခန်း ၁၁၈ - နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်

Translator – Than Toe Aung

နတ်ပန်းပဲ‌တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ကျင်းပချိန်တွင် ခန်းမထဲ၌ ဝရုန်းသုန်းကား ထိန်းမရအောင်ဆိုသည်မှာ ဘယ်တုန်းကမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။

ဒါက ဆန်းကြယ်တောင်ထွတ်သမိုင်းတွင် ဆူဇီမိုလိုလူမျိုး ပေါ်မလာခဲ့ဖူးသေးတာကြောင့်လည်း ဖြစ်နိုင်ပေသည်။

အားလုံး၏ အမြင်မှာတော့ သူသည် ကိုယ့်အသက်ကိုယ်တောင် မနှမြောသော ငမိုက်သား ဖြစ်၏။

“ဟမ့် ငါ့အထင်တော့ သူရှုံးတော့မယ်ဆိုတာသိပြီး ရည်ရွယ်ချက်ရှိရှိ ပေါက်ကရတွေ လျှောက်လုပ်နေတာ ဖြစ်ရမယ်”

“ငါ့အမြင်အရပြောရရင်တော့ ဆူဇီမိုက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ.. စောစောက သူ့ရဲ့အပြုအမူကို ကြည့်လေ.. သူက စီနီယာအစ်ကိုဖုန်ကိုပါ ဆွဲခေါ်ချင်နေတာ.. ဓါးပျံ‌ပေါက်ကွဲသွားပြီး သူတို့နှစ်ယောက်လုံးသာ ဒဏ်ရာရသွားခဲ့ရင် သူတို့စိန်ခေါ်ပွဲကို တိုက်စရာမလို‌တော့ဘူးလေ”

အပြင်ဘက်မှ တပည့်များက ဝေဖန်လေကန်ကြကုန်၏။

“ဆူဇီမို.. မင်း စိတ်ဝိညာဉ်စုဆောင်းခြင်းကို လုပ်မှာလား၊ မလုပ်ဘူးလား.. ဘာလို့ အထူးတဆန်းတွေ လျှောက်လုပ်နေရတာလဲ” စိတ်ဝိညာဉ်တောင်ထွတ်သခင်ဝမ်ရွှမ်းက မျက်ခုံးတွန့်၍ မာဆတ်ဆတ် မေးလိုက်၏။

ဆူဇီမိုက ရယ်မောလိုက်၏။

“ကျတော်က အခု စိတ်ဝိညာဉ်စုဆောင်းနေတာလေ.. အရှင်းကြီးမြင်နေရတာပဲကို”

မှန်လေသည်.. ဆူဇီမိုသည် ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်သောကြောင့် သူစိတ်ဝိညာဉ်စုဆောင်းနေတာကို အားလုံး အတိုင်းသား မြင်နေရ၏။

“မင်း စိတ်ဝိညာဉ်စုဆောင်းမှာဆိုလဲ ဘာလို့ ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ရတာလဲ” ဝမ်ရွှမ်းက တစ်ဖန် ထပ်မေးလိုက်၏။

“ဘာလို့လဲ မရဘူးလား”

ဆူဇီမို၏ ပြန်လှန်မေးခွန်းက ဝမ်ရွှမ်းကို ပြောစရာစကားမဲ့သွားစေ၏။

တစ်ကယ်လည်း စိတ်ဝိညာဉ်စုဆောင်းခြင်းကို ပန်းပဲမီးဖိုအတွင်းမှာသာ လုပ်ဆောင်ရမည်ဟူသော စည်းမျဉ်းမျိုး မရှိပေ။ ဆူဇီမို၏ အပြုအမူက ထူးဆန်းနေပြီး သူတို့ နားမလည်နိုင်ကြရုံသာ ဖြစ်လေသည်။

ထိုအချိန်မှာပင် ဆူဇီမိုက စိတ်ဝိညာဉ်စုဆောင်းနေရင်းနှင့် ဖုန်ဟောက်ယွီကို လှည့်ကြည့်လိုက်ပြီး ရယ်မော၍ မေးလိုက်၏

“ဖုန်ဟောက်ယွီ.. မင်းကိုယ်မင်း နိုင်ပြီလို့ တွက်ထားတာလား”

“ဟမ့်”

ဖုန်ဟောက်ယွီက ‌အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

“မင်းကရော စိတ်ဝိညာဉ်စုဆောင်းခြင်းကို ‌အောင်မြင်အောင် လုပ်နိုင်မှာမို့လား”

“ကောင်းပြီလေ.. မင်းကို အမြင်ကျယ်သွားအောင် ပြပေးရတာပေ့ါ”

တစ်ကယ်တော့.. စကားပြောဆိုနေရင်းနှင့်ပင် ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို အကြိမ်များစွာ လုပ်ဆောင်ပြီးပြီ ဖြစ်လေသည်။ သို့သော်လည်း သူသည် အန္တရာယ်ကို အာရုံခံမိသည်နှင့် ရပ်တန့်ခဲ့သည်ချည်းသာဖြစ်၏။

ဤတစ်ကြိမ်တွင်တော့ မည်သည့် သတိပေးချက်မျှ ထွက်ပေါ်မလာဘဲ ပုဆိန်ပေါ်တွင် ခပ်ရေး‌ရေး စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ပေါ်လာပြီဖြစ်၏။

ဆူဇီမိုသည် ရွှင်ပျသွား၏။

ဒါပဲလေ!

“ဇီ...!”

ပုဆိန်သည် အနည်းငယ် တုန်ခါသွားပြီးနောက် တစ်ဖျတ်ဖျတ် တစ်လက်လက် အလင်းရောင်က မျက်စိကျိန်းမတတ် တောက်ပစွာ ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်အင်းကွက်တစ်ခု!

ခန်းမအပြင်ဘက်ရှိ ဟိုဟိုသည်သည် စကားပြောဆိုသံများ တစ်ဖြည်းဖြည်းနှင့် အကုန်တိတ်ကျသွား၏။

များစွာသောတပည့်များသည် ပါးစပ်အဟောင်းသားနှင့် ငူငူကြီး ရပ်ကြည့်နေမိကြ၏။ သူတို့၏ မျက်လုံးများက ကျွတ်ထွက်တော့မည်ကဲ့သို့ပင်။

သူက စိတ်ဝိညာဉ်စုဆောင်းခြင်းကို အောင်မြင်သွားတယ်တဲ့လား။

စိတ်ဝိညာဉ်စုဆောင်းခြင်းက အလွန်တရာ ခက်ပါတယ်လို့ သူတို့ မပြောခဲ့ကြဘူးလား။

ဒါဆို ဘာလို့ ဆူဇီမိုက စိတ်ဝိညာဉ်စုဆောင်းခြင်းကို အာလာပသလ္လာပ စကားပြောနေဆိုနေရင်းနဲ့ အောင်မြင်အောင် လုပ်ပြသွားနိုင်ရတာလဲ။

ခန်းမအပြင်ဘက်မှ တပည့်များကို မဆိုထားနှင့် တောင်ထွတ်သခင်ငါးယောက်ပင်လျှင် ကြောင်အနေကြပြီး ခေါင်းထဲမှာ မေးခွန်းများနှင့် ပြည့်နေကြ၏။

ကံကောင်းတာလား။

တိုက်ဆိုင်တာလား။

ဘာတွေဖြစ်နေတာလဲ။

အခြားသောတောင်ထွတ်သခင်လေးယောက်က လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်၍ အမြင်သိပ်မရှိကြပေ။ သူတို့အားလုံးသည် ဖိုသီဖတ်သီအဖိုးအိုကို မေးခွန်းထုတ်သလို ဝိုင်းကြည့်လိုက်ကြ၏။

အတန်ကြာ စဉ်းစားနေပြီးနောက် ဖိုသီဖတ်သီအဖိုးအိုလည်း မည်သည့်အဖြေမျှ မပေးနိုင်ဘဲ ခေါင်ယမ်းပြလိုက်၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို အောင်မြင်သွားသောကြောင့် သူသည် ဤရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် နံပါတ်တစ် ပထမ ရသွားပြီဆိုတာ ကြေငြာစရာပင် မလိုတော့ပေ။

ဖုန်ဟောက်ယွီ၏ မျက်နှာက ချက်ချင်းပင် ပုပ်သိုးလာ၏။

သူ၏ လက်နက်သွန်းလုပ်ချိန်က ပိုမြန်သည်ဆိုလျှင်တောင် လက်နက်ချင်းက အဆင့်ကွာခြားနေ၏။ သူ့လက်နက်က မည်သည့်အဆင့်မျှ မပါရှိပေ။

“သူ နိုင်သွားပြီကွ”

“ဟဟ.. ဒါ ငါတို့တောင်ထွတ်ကွ”

“ဂျူနီယာညီလေးဆူ အရမ်းမိုက်တယ်ကွာ”

ခဏမျှ တိတ်ဆိတ်နေပြီးနောက် လူအုပ်ကြီးထဲမှ ချီးကျူးအောင်ပွဲခံသံများက ထွက်ပေါ်လာ၏။

စောစောက ဖုန်ဟောက်ယွီဖက်ကနေ ဘက်လိုက်ပြောခဲ့ကြသော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် ခေါင်းငိုက်စိုက်ကျကုန်၏။

ထိုအချိန်မှာတောင် သူတို့သည် ဆူဇီမိုက စိတ်ဝိညာဉ်စု‌ဆောင်းခြင်းအား မည်သို့လုပ်ဆောင်သွားသည်နှင့် ပတ်သတ်၍ ကြံရာမရ စိတ်ရှုပ်ထွေးနေကြတုန်းဖြစ်၏။

သူလုပ်သွားသည့်ပုံစံက အလွန်တရာ သက်တောင့်သက်သာနိုင်လွန်းလှ၏။

လက်နက်သွန်းလုပ်ခြင်းအား နှစ်နဲ့ချီလေ့လာသင်ယူနေကြသော အခြားသော တပည့်များက အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုတောင် မလုပ်နိုင်ကြသေးသည့်အချိန်တွင် ထိုသူက အေးအေးလူလူ စကားပြောရင်းနှင့်ပင် ထိုအရာကို လုပ်ပြသွား၏။

ဖုန်ဟောက်ယွီသည် ဣန္ဒြေပြန်ဆည်လိုက်၏။ ထို့နောက်သူသည် ‌အေးစက်စွာ လှောင်ရယ်လိုက်ပြီး လှည့်ထွက်လိုက်၏။

“ကောင်းတယ်ကောင်းတယ်.. ဒီတစ်ခါတော့ မင်းနိုင်သွားပြီပေါ့လေ.. နတ်ဆေးတောင်ထွတ်မှာ ငါတို့ပြန်တွေ့ကြတာပေ့ါ”

လူများက သူအသံကို ကြားရသည့်အချိန်တွင် သူက မရှိတော့ပြီလေ။

ရှဲကနဲမြည်သံနှင့်အတူ ဆူဇီမိုသည် ပုဆိန်ကြီးကို ရေအေးထဲသို့ နှစ်ထည့်လိုက်၏။ ချက်ခြင်းဆိုသလိုပင် အဆင့်နိမ့်စိတ်ဝိညာဉ်ပုဆိန်တစ်လက်က မွေးဖွားလာပေပြီ။ အေးစက်စက်အော်ရာနှင့်အတူ ၎င်းက ရှိန်လောက်စရာ စွမ်းအားကို အထဲတွင် သိုလှောင်ထားပုံရလေသည်။

“ဟမ့်.. အဲ့ဒါက အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်ဆို‌တော့ရော ဘာဖြစ်လဲ.. အဲ့လို ကြောင်တောင်တောင်ပုံစံနဲ့ ပုဆိန်ကို ဘယ်သူက ကိုင်မှာလဲ.. ဟာသပဲ”

စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်က ချင်ချင်တူးတူး ပစ်စလက်ခတ် ပြောလိုက်၏။

“အဲ့လိုပြောလို့တော့ မရဘူးပေ့ါ.. အဲ့လိုလက်နက်မျိုးကို ဘယ်သူ့မှ မကြိုက်ရင်နေ ငါတော့ကြိုက်တယ်”

ဖက်တီးလေးက မကျေမနပ်ဖြစ်သွားပြီး ဝင်ပြောလိုက်၏။

စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်က လှောင်ပြောင်လိုက်၏။

“မင်းကြိုက်တော့ရော ဘာလုပ်လို့ရလဲ.. အဲ့ဒါက မင်းဥစ္စာမှ မဟုတ်တာ”

ထိုအချိန်မှာပင် ဆူဇီမိုက ဖက်တီးလေးကို လက်ယက်ပြ၍ လှမ်းခေါ်လိုက်ပြီး ထုတ်ပြောလိုက်၏။

“ဖက်တီးလေး.. ဒီလက်နက်က ငါမင်းအတွက် လုပ်ပေးထားတာပဲ.. လာပြီး လက်ခံပေးပါ”

“အာ...”

စောစောက ပြောလိုက်သော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်သည် ချက်ချင်း မျက်နှာပျက်သွားပြီး လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွား၏။

ဖက်တီးလေးက စိတ်လှုပ်ရှားစွာဖြင့် ဆူဇီမိုထံသို့ ခလုတ်တိုက်မတတ် ပြေးသွားလိုက်၏။ သူ၏ တိုတစ်နေသော လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း သူသည် အားပါးတရ ရယ်ချလိုက်သော်လည်း ရှက်ရွံ့နေ၏။

“နောင်..နောင်ကြီး.. အဲ့ဒါက တစ်ကယ်ပဲ ကျုပ်အတွက်လား”

ယခုအချိန်ထိ ဖက်တီးလေးမှာ အဆင့်နိမ့်စိတ်ဝိညာဉ််လက်နက် တစ်လက်မျှ မရှိသေးပေ။

ဆူဇီမိုက ထိုအရာကို သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးလိမ့်မည်ဟု သူ,မထင်ထားခဲ့ပေ။

ထို့အပြင် ဤပုဆိန်ကြီးက နတ်ပန်းပဲဆရာတစ်ယောက်ထံမှာ စိတ်ကြိုက်ပြော၍ အပ်နှံထားသလို.. သူ့အကြိုက်ကွက်တိဖြစ်နေ၏။

ဤပုဆိန်ကြီးနှင့်ဆိုပါက သူသည် စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် အဆင့်ကောင်းကောင်း၌ ရပ်တည်နိုင်ပေလိမ့်မည်။

“ဟုတ်တယ်.. ယူလိုက်ပါ”

ဆူဇီမိုသည် ခေါင်းညိတ်ပြလိုက်ပြီး ပုဆိန်ကို ဖက်တီးလေးထံ ကမ်းပေးလိုက်၏။

ဖက်တီးလေးသည် ၎င်းကို ယူပြီးသောအခါ မိန်းမောယစ်မူးစွာဖြင့် မှတ်ချက်ပြုပြောလိုက်၏။

“ဒီညတော့ ငါဒါကြီးကို ဖက်အိပ်ရမယ်ကွ”

ထိုသို့ပြောပြီးသည်နှင့် ဖက်တီးလေးသည် ပုဆိန်ကြီးကို သူ့နှုတ်ခမ်းဖြင့် အားပါးတရ နမ်းရှုံ့နေလေတော့၏။

ထိုမြင်ကွင်းကို ကြည့်၍ တောင်ထွတ်သခင်ငါးယောက်လည်း ပြုံးလိုက်ကြ၏။

မီးခိုးရောင်ဆံပင်နှင့်လူငယ်က အသံနှိမ့်၍ ပြောလိုက်၏။

“သူက အတော်ရက်ရောတာပဲ”

“သနားစရာပဲ.. ဆူဇီမိုသာ ဒီအခွင့်အ‌ရေးကို အသုံးချပြီး သူ့အတွက် အဆင့်နိမ့်ဓါးပျံတစ်ချောင်း ပြုလုပ်ခဲ့မယ်ဆိုရင်.. ဖုန်ဟောက်ယွီနဲ့ တိုက်ခိုက်တဲ့အခါ နိုင်ဖို့ အခွင့်အရေး တိုးလာမှာပဲ” ရွှမ်ယီက မှတ်ချက်ပြုလိုက်၏။

ဝမ်ရွှမ်းက ခေါင်းခါလိုက်၏။

“သူနဲ့ ဖုန်ဟောက်ယွီကြားက ခွန်အားက ကွာဟလွန်းနေပြီ.. အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက် တစ်ခုနှစ်ခုလောက်က ဘာမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်တော့ဘူး”

ဖိုသီဖတ်သီအဖိုးအိုက လက်ကာပြလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဆူဇီမိုက နတ်ပန်းပဲတောင်ထွတ်ရဲ့ နံပါတ်တစ်ဖြစ်လာတဲ့အတွက်.. လက်နက်တိုက်ထဲက သူကြိုက်နှစ်သက်ရာ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ရွေးယူခွင့် ရှိတာပဲ”

ဖိုသီဖတ်သီအဖိုးအိုက ထရပ်ပြီး ကြေငြာလိုက်၏။

“ရလဒ်က ထင်ရှားနေပြီမို့ အားလုံးလဲ သိကြမှာပါ.. အနိုင်ရသူကတော့.. နတ်ပန်းပဲ‌တောင်ထွတ်က.. ဆူဇီမိုပါပဲ”

နတ်ပန်းပဲတောင်ထွတ်၏ တပည့်များသည် ကျယ်လောင်စွာအော်ဟစ် ခုန်ပေါက်၍ အောင်ပွဲခံလိုက်ကြ၏။

ဖိုသီဖတ်သီအဖိုးအိုက ဆက်ပြောလိုက်၏။

“ဆူဇီမို.. မင်းစောစောက ဘာကြောင့် ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ရတယ်ဆိုတာ.. ရှေ့ထွက်လာပြီး ငါတို့အားလုံးကို ရှင်းပြပေးပါလား”

“အာ.. အဲ့ဒါက...” ဆူဇီမိုသည် တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေ၏။

“ဘာမှမစိုးရိမ်ပါနဲ့.. ကျင့်ကြံရေးလောကမှာ ဘယ်သူက စီနီယာပိုကျတယ်ဆိုတာက အရေးမကြီးပါဘူး.. တော်တဲ့သူက ဆရာပါပဲ.. မင်းရဲ့အသိပညာကို မျှဝေပေးပါလား.. ငါတို့လဲ ပညာရတာပေါ့.. အဲ့ကနေ ငါတို့ သင်ယူလို့ရတာပေါ့” ဖိုသီဖတ်သီအဖိုးအိုက သူ့ကို အားပေးလှုံ့ဆော်လိုက်၏။

ဆူဇီမိုက ဖိုသီဖတ်သီအဖိုးအိုနားသို့ လျှောက်သွားလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။

“ဆရာ.. ကျတော့်ရဲ့ နည်းလမ်းက သူများတွေ လိုက်လုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး”

ဆူဇီမို၏ လုပ်ဆောင်ချက်က အာရုံခံသတိစိတ်အပေါ်မှာ အခြေခံထား‌သောကြောင့် မည်သူမျှ ထိုအရာကို လိုက်ပြီးအတုခိုးလို့ရမှာ မဟုတ်ပေ။

“ရပါတယ်.. ဒီတိုင်းလေးပဲ တစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောကြည့်လိုက်ပါ” ဖိုသီဖတ်သီအဖိုးအိုက ထပ်မံဖျောင်းဖျလိုက်၏။

ဆူဇီမိုသည် ‌ရွေးချယ်စရာ မရှိတော့ဘဲ.. ‌ရှေ့သို့ တက်လှမ်းလိုက်ရ၏။ သူသည် တောင်ထွတ်ငါးခုမှ တပည့်များကို မျက်နှာမူလိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်၏။

ခန်းမအပြင်ဘက်တွင် တပည့်များက အာရုံစိုက်၍ နားစွင့်ထားကြ၏။

“အမ်း.. ပြောရမယ်ဆိုရင်တော့ .. ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်တာက ကျုပ်ရဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်နေတာ.. အဲ့လိုဖယ်ထုတ်ပြီးမှ စိတ်ဝိညာဉ်စုဆောင်းရင် အောင်မြင်ဖို့ အခွင့်တိုးလာလိမ့်မယ်လို့ ကျုပ်စိတ်ထဲမှာ စွဲလန်းနေတာကြောင့်ပါ”  ဆူဇီမိုသည် မယုတ်မလွန်နှင့် စကားကို ထိန်းပြီးပြောလိုက်၏။

သူမသိလိုက်သည့်အချက်မှာ သူ့ပါးစပ်မှ အမှုမဲ့အမှတ်မဲ့ ထွက်သွားသောစကားက များစွာသောတပည့်များ၏ ခေါင်းထဲတွင် စွဲမြဲစွာကပ်ငြိသွားခဲ့သည်ဆိုတာကိုပင်။

နတ်ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်တာက စိတ်ဝိညာဉ်စုဆောင်းတာကို အောင်မြင်စေဖို့ အခွင့်တိုးလာစေသည်ဆိုပါလား။

များစွာသောတပည့်များ၏ တစ်ဖျတ်ဖျတ်လက်သွား‌သော မျက်လုံးများကို ကြည့်လိုက်ပြီး ဆူဇီမိုက အလောတကြီး ဆက်ရှင်းပြလိုက်၏။

“ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်တာက အင်မတန်ကို အန္တရာယ်ကြီးပါတယ်.. အားလုံးပဲ အဲ့ဒါကို လိုက်မစမ်းကြည့်ကြရင် ကောင်းပါလိမ့်မယ်”

ဆူဇီမိုသည် ထိုစကားကို စေတနာကောင်းနှင့် ပြောလိုက်သည်ဖြစ်သော်လည်း များစွာသောတပည့်များက ဆူဇီမိုသည် သူ၏ နည်းစနစ်ကို လူအများသိသွားကြမည်စိုးသောကြောင့် ထိုစကားကို ထပ်‌ပြောခြင်းဖြစ်ရမည်ဟု အထင်လွဲသွားကြ၏။

ဤအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ... ဂိုဏ်းမှ အချို့သော တပည့်များသည် လက်နက်သွန်းလုပ်ရင်းနှင့် မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့၏။ အချို့ဆို စိတ်ဝိညာဉ်စုဆောင်းရင်း ကျရှုံးသွားပြီး ပေါက်ကွဲသွားသော လက်နက်အပိုင်းအစများ စိုက်ဝင်ကာ သေလုမျောပါးပင် ဖြစ်ကုန်ကြ၏။

All Chapters