လွန်ခဲ့သော နှစ်တစ်ထောင်က ကြောက်စရာစွမ်းအားကြီးခဲ့သော သက်ရှိ
Vol. 8 Ch. 120
အခန်း ၁၂၀ - လွန်ခဲ့သော နှစ်တစ်ထောင်က ကြောက်စရာစွမ်းအားကြီးခဲ့သော သက်ရှိ
Translator – Than Toe Aung
“မူလအင်းကွက်တဲ့လား” ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ အတွေးနက်သွား၏။
အဖိုးအိုက ဆက်ပြောလိုက်၏။
“အခု ဆန်းကြယ်ရွှေပိုးချပ်ဝတ်ပေါ်က ကျိုးပဲ့နေတဲ့ အပိုင်းအစတွေက အဲ့က မူလအင်းကွက်ပဲ.. နတ်ပန်းပဲဆရာတစ်ယောက်က ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် မူလလက်နက်ကို မဖန်တီးနိုင်ဘူး”
ဆူဇီမိုသည် အံ့သြတုန်လှုပ်သွားပြီး မေးလိုက်မိ၏။
“ဆရာ.. ဆရာပြောချင်တာက ဒီဆန်းကြယ်ရွှေပိုးချပ်ဝတ်က မူလစိတ်ဝိညာဉ်လက်နက်လား”
“ဖြစ်ခဲ့ဖူးတာပါ”
အဖိုးအိုက တစ်စုံတစ်ရာကို တမ်းတလွမ်းဆွတ်သွားသလို ဖြစ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ပြောင်းပြောပြလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကပေ့ါ.. ဆန်းကြယ်ရွှေပိုးချပ်ဝတ်က အသန်မာဆုံး ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ် ကျင့်ကြံရေးလောကမှာ ကျော်ကြားခဲ့ဖူးတယ်.. ဒါပေမယ့်လဲ နောက်ဆုံးမှာတော့ အဲ့ဒါက အားကြီးတဲ့ အဖျက်စွမ်းအားတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးတော့.. စိတ်ဝိညာဉ်အင်းကွက်ငါးခုက ပျက်ဆီးပျောက်ကွယ်သွားခဲ့တယ်.. မူလအင်းကွက်တစ်ခုသာပဲ အပိုင်းပိုင်းကျိုးပဲ့ပြီးကျန်ခဲ့တာပေါ့”
“မူလစိတ်ဝိညာဉ်လက်နက်တွေက အလွန်တရာ သန်မာအားကောင်းတယ်ဆိုပြီးတော့ ဘာလို့ ဖျက်ဆီးခံရတာလဲ” ဆူဇီမိုက အနေနိုင်ဘဲ ဝင်မေးလိုက်၏။
“သူတို့ကို ဖျက်ဆီးနိုင်တဲ့အရာတွေ အများကြီး ရှိတာပေါ့”
အဖိုးအိုက ရယ်လိုက်၏။
“ဘာပဲပြောပြော မူလလက်နက်ဆိုတာလဲ စိတ်ဝိညာဉ်လက်နက်အဆင့်မှာပဲ ရှိသေးတာကိုး.. စိတ်ဝိညာဉ်လက်နက်တွေရဲ့ အထက်မှာ မူပိုင်လက်နက်ဆိုတာ ရှိသေးတယ်.. ရွှေအူတိုင်အဆင့်တွေအတွက်တော့ စိတ်ဝိညာဉ်လက်နက်တွေက အကောင်းဆုံးလက်နက်ပဲ.. ဒါပေမယ့်လဲ မင်းအနေနဲ့ ဝိညာဉ်နိုးထအဆင့်ကို ရောက်ရင်တော့ .. မင်းရဲ့ မူပိုင်လက်နက်တစ်ခုကို ဖန်တီးရလိမ့်မယ်.. အဲ့အခါကျရင် စိတ်ဝိညာဉ်လက်နက်တွေက မင်းအတွက် အသုံးမဝင်တော့ဘူး”
အားကောင်းတဲ့ မူပိုင်လက်နက်တွေက မူလစိတ်ဝိညာဉ်လက်နက်တွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်.. သူတို့က လုံးဝ မတူညီတဲ့ အဆင့်မှာပဲ”
ဆူဇီမိုသည် အကြမ်းဖျင်းတော့ သဘောပေါက်သွား၏။
ဥပမာ မော်တယ်လောကရှိ လက်နက်များမှာ မည်မျှ ထက်ရှမာကျောသည် ဖြစ်ပါစေ.. ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်လက်နက်များနှင့် တွေ့လျှင်တော့ အလွယ်တကူ ဖျက်ဆီးခံရသည်ပဲ မဟုတ်ပါလား။
“အဲ့ဒါဆို ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ဘာလို့ နတ်ပန်းပဲတောင်ထွတ်ရဲ့ လက်နက်တိုက်ထဲမှာ လာထားရတာလဲ”
ဆူဇီမို ခံစားမိသည်မှာ ၎င်းက ပျက်ဆီးယိုယွင်းနေသည်ဆိုလျှင်တောင် အခြားသောလက်နက်များထက်တော့ သာလွန်ရမည် မဟုတ်ပါလား။
အဖိုးအိုက ခေါင်းခါလိုက်၏။
“ဆန်းကြယ်ရွှေပိုးချပ်ဝတ်ရဲ့ မူလအင်းကွက်က ပျက်ဆီးနေပြီဆိုတော့ အဲ့ဒါက စိတ်ဝိညာဉ်လက်နက်တုတွေနဲ့ သိပ်မကွာတော့ဘူး.. သူက ထက်ရှတဲ့လက်နက်တွေကို ကာကွယ်ပေးနိုင်သေးတယ် ဆိုပေမယ့်လဲ.. သူ့မှာ စိတ်ဝိညာဉ်အင်းကွက်မရှိတော့တဲ့အတွက် စိတ်ဝိညာဉ်နည်းစနစ်နဲ့ တိုက်ခိုက်မှုတွေကိုတော့ မကာကွယ်ပေးနိုင်တော့ဘူး”
ဆိုလိုသည်မှာ ကျင့်ကြံသူတစ်ယောက်၏ ဓါးတစ်ချောင်းက ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို မဖောက်နိုင်သော်လည်း ဓါးပျံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားကတော့ ချပ်ဝတ်ကို ဖြတ်ကျော်၍ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်နိုင်လေ၏။
တစ်ဖက်လူက အခြေတည်အဆင့်ဖြစ်ပြီး စိတ်ဝိညာဉ်နည်းစနစ်များနှင့် တိုက်ခိုက်လျှင် ဆန်းကြယ်ရွှေပိုးချပ်ဝတ်က မည်သို့မျှ သုံးစား၍ ရလိမ့်မည် မဟုတ်ပေ။
အဖိုးအိုက ဆက်ပြောလိုက်၏။
“နောက်ပြီး ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ပျက်စီးနေပြီဆိုပေမယ့် သူ့ရဲ့ အလေးချိန်ကတော့ ကျန်နေသေးတယ်.. အဲ့ဒါက ၅တန်လောက်တောင်လေးတာကို.. ဘယ်လိုကျင့်ကြံသူက တောင့်ခံနိုင်မှာတုန်း.. အဲ့ဒါကြောင့်လဲ နှစ်တစ်ထောင်ကျော်တာတောင် သူ့ကို ဘယ်သူမှ မထိကြတာပဲ.. အဲ့ဒါက လက်နက်ပြုန်းတစ်ခုလို ဖြစ်နေပါပြီ”
“၅တန်.. အင်း.. အရင်တုန်းက.. ရွှေအူတိုင်အဆင့်တွေထဲမှာတောင် အဲ့ဒါကို ဝတ်နိုင်တဲ့သူက သိပ်မရှိဘူးရယ်”
အဖိုးအိုသည် တစ်စုံတစ်ရာကို စဉ်းစားမိလိုက်ပြီး သူ့အမူအယာက လွမ်းဆွတ်ကြေကွဲဟန်ပေါက်နေ၏။
ဆန်းကြယ်ရွှေပိုးထည်က ဘယ်လောက်လေးသည်ဆိုတာ တစ်ကယ်တော့ ဆူဇီမို သိပါ၏။ သူသာ သွေးစွမ်းအားကို မထုတ်ဖော်ခဲ့လျှင် ထိုချပ်ဝတ်ပါးပါးလေးကို မ,ယူနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရတ် သူသည် တစ်စုံတစ်ရာကို တွေးလိုက်မိပြီး ကောက်မေးလိုက်၏။
“ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ဒီနေရာမှာ ရှိနေတာဆိုတော့.. အဲ့ဒါကို အရင်က ကျတော်တို့ဂိုဏ်းက တစ်ယောက်ယောက်က ဝတ်ဆင်ခဲ့တာပေါ့”
အဖိုးအိုက တိတ်တိတ်သာနေ၏။
“အဲ့လူက ဘယ်သူလဲ.. သူက အခု ဂိုဏ်းမှာ ရှိနေသေးလား” ဆူဇီမိုက သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။
အဖိုးအို၏ မျက်လုံးက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၏။ အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ခေါင်းခါလိုက်၏။
“သူက ဂိုဏ်းမှာ မရှိတော့တာ ကြာပါပြီ.. ငါတောင် သူ့ကို မမြင်ဖူးလိုက်ဘူး.. ငါသူနဲ့ပတ်သတ်နဲ့ ကောလာဟလတွေကိုပဲ ကြားဖူးခဲ့ရတာ.. ပြောကြတာတော့ သူက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့ဂိုဏ်းရဲ့ စွမ်းအားကြီးတဲ့သက်ရှိတစ်ယောက်ပဲတဲ့.. ထျန်ဟွမ်ပြည်မကြီးရဲ့ မြောက်ပိုင်းတစ်ခွင်မှာဆိုရင် အခြေတည်အဆင့်နဲ့ ရွှေအူတိုင်အဆင့်တွေအကုန်လုံးထဲမှာ သူက ပြိုင်ဘက်ကင်းတဲ့.. သူ့ကို စိန်ခေါ်ရဲတဲ့သူ ဘယ်သူမှ မရှိတော့ဘူးလို့ ပြောကြတာပဲ”
ဆူဇီမိုသည် တုန်လှုပ်သွား၏။
ကျင့်ကြံခြင်းအဆင့် အတန်းအစားတစ်ခုလုံး၌ ပြိုင်ဘက်ကင်းသွားသည်ဆိုတာမှာ တစ်ကယ့် ကြောက်စရာ ပါရမီရှင် ဖြစ်၏။
“နောက်ပိုင်းဘာဖြစ်သွားလဲ” ဆူဇီမိုက သိချင်စိတ် ပြင်းပျလာ၏။
“ငါလဲ သေချာ မသိပါဘူး.. ပြောကြတာတော့ အဲ့ဒီနောက်ပိုင်း သူက ပျောက်ကွယ်သွားတယ်တဲ့”
“သူ သေသွားတာလား”
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်၏။
“မဟုတ်သေးပါဘူး.. ဒီလိုသန်မာတဲ့လူတစ်ယောက်က လွယ်လွယ်သေမှာ မဟုတ်ဘူး.. ဒါပေမယ့် ဂိုဏ်းမှာ သူဆက်မရှိတော့တဲ့အကြောင်းကို ဆရာက ပြောပြချင်ပုံမရဘူး.. သူဘာလုပ်ခဲ့တာပါလိမ့်.. ပြင်းထန်တဲ့ ဂိုဏ်းစည်းကမ်းတစ်ခုခုကို ဖောက်ဖျက်ခဲ့တာများလား”
ခဏမျှ တိတ်ဆိတ်နေပြီးနောက် အဖိုးအိုက ဆက်ပြေလိုက်၏။
“ငါတို့ဂိုဏ်းက အဟန့်အတားရှစ်ခု ဝင်္ကပါကို စတင်ခင်းကျင်းခဲ့ချိန်ကစပြီး အဲ့ဒါကို လုံးဝဥသုံ ကျော်ဖြတ်နိုင်ခဲ့သူဆိုလို့ နှစ်ယောက်ပဲရှိသေးတယ်.. တစ်ယောက်ကတော့ မင်းပေါ့.. နောက်တစ်ယောက်ကတော့ သူပဲ”
ဆူဇီမို၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွား၏။
အဖိုးအိုက စိတ်ရှုပ်ထွေးသွားသလို လက်ကာပြလိုက်၏။
“အဲ့ဒီ ဆန်းကြယ်ရွှေပိုးထည်ကို သွားပြန်ထားလိုက်သွား.. အခြားတစ်ခုခု ပြန်ရွေးယူလာခဲ့.. အဲ့ဒါက မင်းအတွက် အသုံးမဝင်ဘူး”
လက်ရှိဆူဇီမို၏ အနေအထားအရ ဆန်းကြယ်ရွှေပိုးချပ်ဝတ်က သူ့အတွက် သင့်လျော်မှု မရှိပေ။
သို့သော်လည်း ဘာကြောင့်မှန်းရယ်မသိ.. ၎င်းက နောက်ပိုင်းကျလျှင် သူ့အတွက် အသုံးဝင်လာလိမ့်မည်ဟူသော ခံစားချက်မျိုး ဆူဇီမိုရနေ၏။
တစ်ခဏကြာတုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက အလေးအနက်ထား ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်ဆရာ.. ဒါပေမယ့်.. ကျတော် ရွှေပိုးချပ်ဝတ်ကိုပဲယူဖို့ ဆုံးဖြတ်ထားပါတယ်”
အဖိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။
“အဲ့ဒါကတော့ မင်းသဘောပေ့ါလေ.. ဒါပေမယ့် ဖုန်ဟောက်ယွီနဲ့ တိုက်ခိုက်တဲ့အခါ သေချာဂရုစိုက်ကွာ.. မင်းမနိုင်တော့ဘူးထင်ရင် ရှုံးနိမ့်ကြောင့် ဝန်ခံလိုက်.. ရူးရူးမိုက်မိုက် လျှောက်မလုပ်နဲ့”
ဆူဇီမိုသည် အဖိုးအို၏ စိုးရိမ်ပူပန်မှုကို နားလည်လိုက်၏။ ထို့နောက် သူက ပြုံး၍ မေးလိုက်၏။
“ဒါနဲ့ ဆရာ.. ကျတော့်မှာ လက်နက်သွန်းလုပ်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာ နဲနဲရှိသေးတယ်”
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းလိုက်ပြီး မေးလိုက်၏။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆရာရယ်.. ကျတော်က အရင်ကတည်းက အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တွေကို ပြုလုပ်နိုင်နေပါပြီ.. ဒါပေမယ့် ဘာကြောင့်လဲမသိ.. ဘယ်လိုပဲ ကျတော်ကြိုးစားကြိုးစား.. ဒုတိယမြောက်စိတ်ဝိညာဉ်အင်းကွက်ကို မဖန်တီးနိုင်ဘူး ဖြစ်နေလို့ပါ.. အဲ့ဒါမှာ ဆရာ့မှာ အကြံဉာဏ်လေးများ ရှိမလားလို့”
“ဟားဟား”
အဖိုးအိုက အားပါးတရ ရယ်မောလိုက်၏။
“ကောင်လေး မင်းက ကောင်းကောင်းသိုဝှက်ထားတာပဲ.. ဒါဆို မင်းက အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဒီ့အရင်ထဲက ဖန်တီးနိုင်နေပြီပေါ့လေ.. ကောင်းတယ်ကွာ”
ဆူဇီမိုသည် သည့်အရင်က စိတ်ဝိညာဉ်လက်နက်တစ်ခုကိုသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်မည်ဟု အဖိုးအိုက လွယ်လွယ်တွေးလိုက်၏။
ရယ်မောပြီးနောက် သူက ပြောလိုက်၏။
“လက်နက်သွန်းလုပ်ခြင်းမှာ စိတ်ဝိညာဉ်စုဆောင်းခြင်းက အခက်ခဲဆုံးအပိုင်းပဲ.. ဒါပေမယ့်လဲ တစ်ကယ်တမ်း မရှိမဖြစ် အရေးပါတာက မီးဆေးခြင်းအဆင့်ပဲ.. အဲ့ဒီအဆင့်မှာ နည်းစနစ်ပိုင်းက အရမ်းစကားပြောတယ်။ ကျင့်ကြံရေးလောကမှာ လက်နက်သွန်းလုပ်ခြင်းကို အထူးပြုတဲ့ဂိုဏ်းတွေရှိတယ်.. အဲ့လိုဂိုဏ်းတွေမှာဆိုရင် သူတို့ရဲ့ မူပိုင်တစ်မူထူးခြားတဲ့ မီးဆေးခြင်းနည်းစနစ်တွေ ရှိကြတယ်။”
“စိတ်ဝိညာဉ်ပါဝင်ပစ္စည်းတွေမှာက အညစ်အကြေးတွေက အများကြီး ရှိတယ်လေ.. စိတ်ဝိညာဉ်မီးတောက်တစ်ခုထဲက အဲ့ဒါတွေကို ကုန်စင်အောင် မထုတ်ပေးနိုင်ဘူး။ အဲ့ဒီမှာ ကြွင်းကျန်နေတဲ့ အညစ်အကြေးတွေက အဆင့်မြင့်တဲ့ မီးဆေးခြင်းနည်းစနစ်နဲ့ပဲ ထုတ်လို့ရတယ်။”
“မင်းရဲ့ မီးဆေးတဲ့ကျွမ်းကျင်မှုက ချို့တဲ့နေမယ်ဆိုရင်.. အဲ့ဒီမှာ အညစ်အကြေးတွေ အများကြီး ကျန်နေလိမ့်မယ်။ အဲ့ဒီအခါမှာဆိုရင် ဒုတိယမြောက်အင်းကွက်ရဲ့ သိပ်သည်းမှုနဲ့ တွန်းကန်အားကို.. မင်းပုံဖော်ထားတဲ့ စိတ်ဝိညာဉ်လက်နက်က တောင့်ခံနိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး။ ဒါဆိုရင်တော့ မင်းရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားပြီးတော့ စိတ်ဝိညာဉ်လက်နက်ကလဲ ပေါက်ကွဲသွားလိမ့်မယ်”
ဆူဇီမိုသည် ရုတ်တရတ် ဉာဏ်အလင်းပွင့်သွား၏။
သူသည် ဒုတိယမြောက်အင်းကွက်ကို မစုယူနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ .. သူ၏ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းနှင့် စိတ်ဝိညာဉ်ပါဝင်ပစ္စည်းများ၏ အရည်အသွေးကြောင့် မဟုတ်ဘဲ.. သူ၏ မီးဆေးခြင်းနည်းစနစ်က လုံလောက်အောင် အဆင့်မမြင့်လို့သာ ဖြစ်လေသည်။
အဖိုးအိုက ပြောလိုက်၏။
“အခုလောလောဆယ်တော့ ငါတို့ဂိုဏ်းမှာ.. တစ်ကယ် အဆင့်မြင့်တဲ့ မီးဆေးခြင်းနည်းစနစ် မရှိသေးဘူး.. ဒါပေမယ့် မပူပါနဲ့.. အဲ့ဒါကို ငါ့တာဝန်ထားလိုက်ပါ”
“ဟုတ်ကဲ့”
အဖိုးအို၏ သူ့အပေါ် ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို ဆူဇီမို ရှင်းလင်းစွာ သိရှိလိုက်ရ၏။ ထိုအရာမျိုးက အတုအယောင် မဖြစ်နိုင်ပေ။
အလေးအနက် ဦးညွတ်လိုက်ပြီးနောက် ဆူဇီမိုသည် ဓါးပျံစီးနင်း၍ ထွက်ခွာသွားလိုက်၏။
အဖိုးအိုက မျက်မှောင်ကြုတ်၍ ဆူဇီမို၏ ကျောပြင်ကို ကြည့်နေ၏။
တစ်ကယ်တော့ ဆူဇီမိုသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို စတင်လေ့ကျင့်နိုင်ခဲ့ကတည်းက အဖိုးအိုသည် အဆင့်မြင့်သော မီးဆေးခြင်းနည်းစနစ်များကို အပြင်သို့ ထွက်ရှာနေခဲ့၏။ ထို့မှသာ ထိုကောင်လေး၏ လက်နက်သွန်းလုပ်ခြင်းကို အဆင့်မြှင့်တင်နိုင်အောင် သူကူညီပေးနိုင်လိမ့်ပေမည်။
သို့သော်လည်း မီးဆေးခြင်းနည်းစနစ် အများစုသည် ဂိုဏ်းတိုင်း၏ လျှို့ဝှက်ပညာရပ် ဖြစ်ကြပြီး အပြင်သူများ ရရှိနိုင်ဖို့က အလွန်တရာ ခက်ခဲလှ၏။
“အား.. ပုလဲလေးက ဖုန်တွေနဲ့ အုပ်နေရတာ.. သနားစရာပဲ” အဖိုးအိုက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ တောင်ထွတ်ငါးခု၏ ပြိုင်ပွဲပြီးဆုံးသွားပြီးနောက် ဆူဇီမိုအတွက် သင့်လျော်မည့် မီးဆေးခြင်းနည်းစနစ်တစ်ခုကို သူမည်ကဲ့သို့ ရှာဖွေသင့်သည်ကို စဉ်းစားချင့်ချိန်နေလေ၏။
ရုတ်တရတ်ဆိုသလို..
အဖိုးအိုသည် သူတစ်ချိန်လုံး လျစ်လျူရှုထားခဲ့မိသော အချက်တစ်ခုကို စဉ်းစားမိလိုက်ပြီး သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ၅တန်လောက်လေး၏။ ချီစုဖွဲ့မှုအဆင့်၈သာ ဖြစ်သော ဆူဇီမိုက ထိုအရာကို သိုလှောင်အိတ်ထဲသို့ မည်သို့မည်ပုံ ထည့်ယူသွားပါလိမ့်။
အဖိုးအိုသည် ထိုအရာကို စေ့စေ့တွေးကြည့်လေ.. ကိစ္စက အတော်ကို လွဲမှားနေသည်ဟု ထင်မိလာလေဖြစ်၏။ အတန်ကြာ ရှေ့တိုးနောက်ဆုတ် ချီတုံချတုံ ဖြစ်နေပြီးနောက် သူသည် ထိုကိစ္စကို ဆူဇီမိုအား သွားမေးဖို့ကို လက်လျှော့လိုက်၏။
“အင်း ကြည့်ရတာတော့ ငါ့တပည့်လေးက တော်တော် အသိရခက်တာပဲ”