စစ်သည်တော်တစ်ယောက်၏ စွမ်းအား
Vol. 22 Ch. 316
“အားနည်းလွန်းတယ်၊ နောက်တစ်ခေါက်”
ထွားကြိုင်းသောလူက ဆက်၍ လက်ကိုမြှောက်ထားပြီး တပ်ကြပ်ကောင်းတို့ လေးယောက်အား လက်ယပ်ခေါ်လေသည်။
“အတူတူ တက်ကြမယ်”
တပ်ကြပ်ကောင်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်လာသည်။ သူတို့ လေးယောက်လုံး တစ်ပြိုင်တည်း တက်သွားကြသည်။
သူတို့သည် များစွာသော မစ်ရှင်များနှင့် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြသောကြောင့် ပြောနေစရာမလိုဘဲ တစ်ယောက်စီ၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။
တပ်ကြပ်ကောင်း၏ ခွန်အားက အသန်မာဆုံး ဖြစ်သည်။ ထို့ကြောင့် သူသည် ထွားကြိုင်းသောလူ၏ အာရုံကို ဆွဲငင်နိုင်ရန် ရှေ့မှနေ၍ အားကုန် ထိုးနှက်လိုက်သည်။ အခြားသူ သုံးယောက်က အနောက်မှ ပြေးတက်လာပြီး ကျန်နှစ်ယောက်က ထွားကြိုင်းသောလူ၏ ခြေထောက်များကို ဦးတည်တိုက်ခိုက်လေသည်။
သူတို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ထွားကြိုင်းသောလူ၏ မျက်လုံးတွင် အထင်သေးသော အရိပ်အယောင် ဖြတ်ပြေးသွားပြီး နေရာမှ မရွေ့ဘဲ ခြေထောက် အမြစ်တွယ်နေသကဲ့သို့ ရပ်နေ၏။
တပ်ကြပ်ကောင်းတို့ လေးယောက်၏ မျက်လုံးတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
*ဒီလူက သန်မာကောင်း သန်မာနိုင်ပင်မယ့် မောက်မာလွန်းတယ်၊ ဒါ ငါတို့ရဲ့ အခွင့်အရေးပဲ*
သူတို့၏ အကြည့်များက လေးနက်လာပြီး သူတို့၏ အကောင်းဆုံး တိုက်ကွက်များကို ချက်ချင်း ထုတ်ဖော် ကြသည်။
တပ်ကြပ်ကောင်းက ထွားကြိုင်းသောလူ၏ ရင်ဘတ်ကို ထိုးနှက်လိုက်ပြီး အနောက်မှလူက လေထဲသို့ လွှားခနဲ ခုန်လိုက်သည်။ ထို့နောက် တစ်ပတ်လှည့်၍ ထွားကြိုင်းသောလူ၏ နောက်ကျောကို ကန်ကျောက်သည်။ ကျန်နှစ်ယောက်က ဘေးတစ်ဖက်စီမှနေ၍ ထွားကြိုင်းသောလူ၏ ခါးကို ကန်လေသည်။
“ဝုန်း”
လေးယောက်လုံး၏ အရပ်လေးမျက်နှာမှနေ၍ ထွားကြိုင်းသောလူအား အရှေ့၊ အနောက်နှင့် ဘယ်ညာမှ ပြိုင်တူ တိုက်ခိုက်ကြသည်။
“အားနည်းတယ်၊ အားနည်းလွန်းသေးတယ်”
ထွားကြိုင်းသောလူ၏ စကားက အားလုံးကို မျက်လုံးပြူးသွားစေသည်။ သူတို့စိတ်ထဲ၌ ဒုက္ခရောက်ပြီဟု ခံစားလိုက်ရပြီး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုတွင် အနည်းဆုံး ကီလိုဂရမ် တစ်ရာနှင့် ညီမျှသော ခွန်အား ပါဝင်သည်။ သူတို့ တိုက်ခိုက်လျင် သဲအိတ်ပင် ပျက်စီးနိုင်သော်လည်း ဤလူအပေါ်၌ လုံးဝ သက်ရောက်မှု မရှိသည့်ပုံပင်။
*ဒါ လူ့ခန္ဓာကိုယ်မှ ဟုတ်သေးရဲ့လား*
ထွားကြိုင်းသောလူက သူတို့ တုံ့ပြန်သည်ကို မစောင့်ဘဲ လှုပ်ရှားလာသည်။
သူ့ခန္ဓာကိုယ်ကို အသာ ဝေ့လိုက်သည်နှင့် တပ်ကြပ်ကောင်းတို့ လေးယောက်သည် ဆောင်းဦးလေကြောင့် ကြွေကျလာသည့် သစ်ရွက်များသဖွယ် လွင့်ထွက်သွားကြသည်။
“သန်မာလွန်းတယ်၊ သူက သန်မာလွန်းတယ်”
ထွားကြိုင်းသောလူ၏ ခွန်အားက သူတို့ သိထားသမျှကို ကပြောင်းကပြန် ဖြစ်သွားစေသည်။ ဆင်တစ်ကောင်ကို မြင်သဖြင့် ခွန်အားမဲ့သွားသော ပုရွက်စိတ်တစ်ကောင်ကဲ့သို့ သူတို့ ဘာမှမတတ်နိုင်သလို ခံစားလိုက်ရသည်။
“တပ်ကြပ်ကောင်း၊ ဦးလေးဝမ်၊ ဦးလေးကျောက်၊ ဦးလေးကျိုး”
ရှုနန်၏ မျက်နှာက အလွန်အမင်း ဖြူရော်လာပြီး လူတိုင်းကို စိုးရိမ်တကြီး လှမ်းကြည့်သည်။
“အခု မင်းတို့ ငါ့ကို ဖမ်းချင်သေးလား”
ထွားကြိုင်းသောလူက ပျက်ရယ်ပြု၍ အဖွဲ့နားထံ လျှောက်လာသည်။
“မလှုပ်နဲ့”
တပ်ကြပ်ကောင်းက ထွားကြိုင်းသောလူအား ကျားတစ်ကောင်၏ မျက်လုံးများကဲ့သို့ စူးရှစွာ စိုက်ကြည့်၍ အော်ပြောသည်။
သူ့လက်ထဲတွင် အနက်ရောင် ပစ္စတိုတစ်လက်ကို ကိုင်ထားပြီး ထွားကြိုင်းသောလူအား ချိန်ရွယ်ထားလေသည်။
ပတ်ဝန်းကျင်က တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားပြီး သစ်ပင်မှ သစ်ရွက်များ ကြွေကျသံကိုသာလျင် ကြားနေရသည်။
တပ်ကြပ်ကောင်း၏ မျက်လုံးများက ထွားကြိုင်းသောလူထံတွင်သာ ကပ်ငြိနေပြီး သေနတ်အား လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားသည်။သူ နည်းနည်းလေးမှ အာရုံပျက်မခံရဲသဖြင့် သူ့ထံသို့ လက်ထိပ်ကို ပစ်ပေးလိုက်သည်။
“မင်းလက်နဲ့ခြေထောက်ကို ကိုယ့်ဘာသာ ခတ်လိုက်”
ထွားကြိုင်းသောလူက ယခုအထိ မလှုပ်သေးပေ။
“ငါ ပြောတဲ့အတိုင်းလုပ်၊ ငါ မင်းကို သုံးစက္ကန့်ပဲ အချိန်ပေးမယ်”
တပ်ကြပ်ကောင်း၏အသံက မယုံနိုင်လောက်အောင် မာကြောနေသည်။
*ဒီလူက တကယ်ကို အရမ်း အန္တရာယ် များလွန်းတယ်*
သို့သော် ထွားကြိုင်းသောလူက သွားပေါ်သည်အထိ ပြုံးလာသဖြင့် အန္တရာယ်များပုံ ပေါ်လာလေသည်။
“မင်း ငါ့ကို ခြောက်စရာ မလိုပါဘူး၊ အဲ့သေနတ်ထဲမှာ ရာဘာကျည်ပဲ ရှိတာ၊ စမ်းကြည့်လိုက်”
ထိုသို့ပြောပြီးသည်နှင့် အဖွဲ့ထံသို့ ဆက်၍ လျှောက်သွားသည်။
တပ်ကြပ်ကောင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်မှောင်ကြုတ်နေသည်။
“ဒိုင်း”
အစိမ်းရောင် မီးခိုးငွေ့နှင့်အတူ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းက တိတ်ဆိတ်နေသော ညအချိန်အခါအား ဖျက်စီးသွားလေသည်။
အစိမ်းရောင် မီးခိုးငွေ့ ပြယ်လွင့်သွားသော်လည်း လူတိုင်း စိတ်လေးနေပြီး မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်နေသည်။
သေနတ်က ရာဘာကျည်ကို အသုံးပြုသော်လည်း သာမန်ကျည်ဆံတမျှ အားကောင်းသည်။ ဖောက်ထွင်းနိုင်စွမ်း မရှိသော်ငြားလည်း အလွန် ထိတ်လန့်လာအောင် ပြုလုပ်နိုင်ပါသေးသည်။ ကံကောင်းသူများဆိုလျင် တစ်ကိုယ်လုံး အားမရှိတော့သလိုမျှသာ ခံစားရလောက်ပီဲး ကံဆိုးလျင် သတိပင်လစ်သွားလောက်သည်။ ဆက်တိုက်ပစ်ပါက အသက် အန္တရာယ်ပင် ခြိမ်းခြောက်နိုင်သည်။
သို့သော် ပစ်ချက်က ထွားကြိုင်းသောလူကို ထိမှန်သော်လည်း သက်ရောက်မှု မရှိချေ။
တပ်ကြပ်ကောင်းသည် ရင်တုန်သွားသော်လည်း ဆက်တိုက် ပစ်၍ ရှေ့တိုးလာသည်။
“ဒိုင်း ဒိုင်း ဒိုင်း”
“ဒီလိုကျည်ဆံမျိုးက ငါ့အတွက် ဘာမှမဖြစ်ဘူး”
ထွားကြိုင်းသောလူက အေးစက်စွာ ပြုံးနေပြီး သေနတ်ကို ကြည့်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ ပစ်ချက် တစ်ချက်စီတိုင်းတွင် သူ့ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်လာသော်လည်း သူ့ခြေလှမ်းက တန့်မသွားချေ။
အားလုံး၏ မျက်လုံးထဲတွင် ထိုခြေလှမ်းများက သေမင်းတမန်၏ ခြေလှမ်းများနှင့် တူနေသည်။ ယင်းက သူတို့၏ နက်ရှိုင်းသော စိတ်တစ်နေရာအထိ အေးစက်သွားစေသည်။
*သူက သန်မာလွန်းတယ်၊ စစ်သည်တော်ဌာနက သိုင်းပညာရှင်တွေထဲမှာတောင်မှ ဒီအဆင့် ရောက်တဲ့သူ နည်းနည်းပဲ ရှိတာ*
*ဒါက တကယ့် သိုင်းပညာရှင်ရဲ့ စွမ်းအားများလား*
“ဒီကို မလာနဲ့”
ရှုနန်၏ အသံက ကူကယ်ရာမဲ့၍ သွေးပျက်ဟန် ပေါက်နေသည်။ ထွားကြိုင်းသောလူ၏ ခွန်အားက သူမ ထင်ထားသည်ထက် သာနေပြီး သာမန်လူများ ထင်ထားသည်ထက် အကွာကြီး ကွာနေလေသည်။ သန်မာ လွန်းသဖြင့် လူတိုင်းကို ကြံရာမရ ဖြစ်စေသည်။
ထွားကြိုင်းသောလူက တဖြည်းဖြည်း အနားသို့ နီးလာသည်ကို မြင်ပြီး တပ်ကြပ်ကောင်းနှင့် အခြားသူများ မြေကြီးပေါ်သို့ ကူကယ်ရာမဲ့စွာ လဲကျသွားသည်။ ရှုနန်က ပြေးတက်၍ အသေခံရန် အသင့်ဖြစ်နေ၏။
သို့သော် ထိုအချိန်တွင် လီဟူက သူမကို လှမ်းဆွဲသည်။
“ရှုနန် ပြေးတော့”
လီဟူ၏ အသံက လေးနက်နေပြီး မျက်လုံးများက နီနေသည်။
“ဦးလေးလီ ရှင် …”
ရှုနန် မသိမသာ တောင့်ခနဲ ဖြစ်သွားသည်။
“ပြေးတော့၊ မင်းဆရာကို ခေါ်ပြီး အတူတူ ပြေးတော့”
လီဟူ၏အသံက အလွန် စိုးရိမ်ပုံပေါ်နေပြီး ရှုနန်အား စိုက်ကြည့်လေသည်။
“ရှုနန် မင်းဦးလေးလီ ပြောတာကို နားထောင်၊ မြန်မြန်ပြေးတော့”
တပ်ကြပ်ကောင်းနှင့် အခြားသူများကလည်း ပြိုင်တူ ပြောလာသည်။ သူတို့ ပြောရင်း ထရပ်ရန် ကြိုးစား နေကြသည်။
သူတို့ ဖမ်းမိလျင် သေခြင်းတရားသာ ရှိမည်။ သို့သော် အမျိုးသမီးတစ်ဦး ဖြစ်သော ရှုနန်သာဆိုလျင် အဖမ်းခံလိုက်ရပါက ရင်ဆိုင်ရမည့် ဒုက္ခများက မတွေးဝံ့စရာပင်။
‘ပြေး ဟုတ်လား၊ ပြေးဖို့ မစဉ်းစားနဲ့”
ထွားကြိုင်သောလူက ကြွက်တစ်ကောင်နှင့် ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ နောက်ပြောင်လေသည်။
“ပြေး”
တပ်ကြပ်ကောင်းက နေရာမှာ ရပ်မြဲရပ်နေသေးသည့် ရှုနန်အား အော်ပြောလိုက်သည်။
“ဒါ အမိန့်ပဲ၊ အမိန့်ကို နာခံစမ်း၊ နောက်လှည့်ကြည့်မနေနဲ့၊ ပြေး”
“ငနာလေး မင်း မသေချင်ရင် ရှုနန်နဲ့ အတူတူ မြန်မြန် ပြေးတော့”
လီဟူက သူ့ဘေး၌ ရပ်နေသည့် ရဲ့လင်းချန်ကို ကြည့်လိုက်ပြီး အလျင်စလို ပြောသည်။
“မင်း ကြောက်လို့ ငိုင်သွားတာလား၊ မင်း ဘာလုပ်နေသေးတာလဲ”
ထိုသို့ပြောပြီးသည်နှင့် သူနှင့် တပ်ကြပ်ကောင်းတို့ လေးယောက်သည် ဒယိမ်းဒယိုင်ဖြင့် ထရပ်ပြီး ရဲ့လင်းချန်နှင့် ရှုနန်တို့ ထွက်ပြေးနိုင်ရန် အချိန်ကို တတ်နိုင်သမျှ ဆွဲထားရန် ကြိုးစားကြသည်။
သို့သော် ထိုအခိုက်တွင် လီဟူ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ကျလာပြီး ရဲ့လင်းချန်က ပြောလေသည်။
“ခင်ဗျား မတ်တပ်မရပ်နိုင်မှတော့ အတင်း မလုပ်နဲ့”
“မင်း …”
လီဟူသည် ရဲ့လင်းချန်ကိုကြည့်ပြီး တွေဝေသွားလေသည်။
ထို့နောက် ရဲ့လင်းချန်က ထွားကြိုင်းသော လူထံသို့ လျှောက်သွားနေသည်ကို သူ တွေ့လိုက်ရသည်။
ထိုအပြုအမူက လူတိုင်း၏ အာရုံကို ဖမ်းစားသွားပြီး အားလုံး အံ့အားသင့်သွားကြသည်။
ရဲ့လင်းချန်၏ ခွန်အားကို သိသူက ရှုနန် တစ်ဦးတည်းသာ ရှိသည်။ သို့သော် သူမသည်လည်း နှုတ်ခမ်းကိုက်ကာ စိုးရိမ်နေ၏။
“ဆရာ ရှင် သူ့ကို နိုင်နိုင်လား”
ထွားကြိုင်းသောလူ၏ ခွန်အားက သာလွန်းနေသည်။ ၎င်းသည် ပြိုင်ဘက်ကင်းလွန်းသော ခွန်အားဖြစ်ကာ လူအများအား တုန်လှုပ်စေသည်။ သူမ၌ လုံးဝ ယုံကြည်ချက် မရှိပေ။
လီဟူမှာမူ ရှုနန်၏ စကားကို ကြားပြီး မချိပြုံးသာ ပြုံးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ အနည်းငယ် စိုးရိမ်ပူပန်သလို ခံစားလိုက်ရသည်။
*အခုချိန်က အရေးမပါတာတွေ ပြောနေရမယ့် အချိန်လား*
*သူ့ကို အဲ့မေးခွန်း မေးစရာတောင် လိုလို့လား၊ သူ့ရဲ့ ဆရာဆိုတဲ့လူပေါ်မှာ မျှော်လင့်ချက် ထားထားရတယ်လို့၊ မိန်းမတွေက တစ်ခါတလေ တအား ရူးမိုက်ပြီး တုံးလိုက်တာ*
“စိတ်ချပါ၊ သူ ငါ့ကို အန္တရာယ် မပေးနိုင်သေးပါဘူး”
ရဲ့လင်းချန် အေးအေးလူလူ ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
*ယီးပဲ*
လီဟူ သွေးအန်လုနီးပါး ဖြစ်သွားသည်။
*ဒီကောင်က ဟန်ဆောင်နိုင်တဲ့အထိ စိတ်အေးနေတာပဲ၊ သူ့တစ်ဘဝလုံး အဲ့လို ဟန်ဆောင်နေခဲ့တာလား*
*သေလိုက်ပါတော့*
လီဟူနှင့် အခြားသူများသည် သူ့အား မြန်မြန် ထွက်ပြေးရန် ပြောခဲ့သော်လည်း သူတို့၏ အကြံဉာဏ်က မသိကျိုးကျွန် အပြုခံလိုက်ရသည်။