← Chapters

ငါ အခု ဘာလုပ်ရမလဲ၊ ဒါ အရေးကြီးတယ်

Vol. 22 Ch. 319

ငါ အခု ဘာလုပ်ရမလဲ၊ ဒါ အရေးကြီးတယ်

Vol. 22 Ch. 319

*ဒီလိုဆရာမျိုးက ဆရာတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်*

တပ်ကြပ်ကောင်းနှင့် အခြားသူများသည် ရဲ့လင်းချန်အနား၌ ပို၍ သတိထားလာကြသည်။ အစောပိုင်းက သူတို့၏ မောက်မာဟန်များ မရှိတော့ပေ။ သို့သော် သူတို့အနား၌ ဆရာသခင်တစ်ယောက် ရှိနေသဖြင့် သူတို့ နမော်နမဲ့ မလုပ်ရဲကြချေ။

လူသုံးယောက်ကို လက်ထိပ် ခတ်ပြီးနောက် သူတို့ စိတ်အေးကာ သက်ပြင်းချလိုက်ပြီး သူတို့ ယခင်က ခံစားရသည့် တင်းမာမှုများ ပြေလျော့သွားလေသည်။ သိုင်းပညာရှင်တစ်ယောက်ကြောင့် သူတို့ ခံစားရသော ဖိအားက ကြီးမားလွန်းလှသည်။

“ဆရာ၊ ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ”

ရှုနန် မေးလိုက်သည်။ အခြားသူများကလည်း ရဲ့လင်းချန်ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လာပြီး သူ့ထင်မြင်ချက်ကို ကြားချင်နေကြလေသည်။

ပုံမှန်ဆိုလျင် သိုင်းပညာရှင်တစ်ဦးနှင့် မည်သို့ ရင်ဆိုင်ရပါစေ စစ်သည်တော်ဌာနကိုသာ လွှဲပေးသင့်သည်။ သို့သော် ယခု ဖြစ်ပျက်သွားခဲ့သမျှက မြန်ဆန်လွန်းပြီး ထိုအချိန်က စစ်သည်တော်ဌာနကို သတင်းပို့ရန်လည်း နောက်ကျလွန်းသွားခဲ့သည်။

“ငါက အရပ်သားလေ၊ မင်း တပ်ကြပ်ကောင်းကို မေးသင့်တယ်”

ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။

တပ်ကြပ်ကောင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တစ်ဒင်္ဂမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဒါက သူတို့စခန်းဆိုတာ ငါတို့ အတည်ပြုနိုင်ပြီ၊ ဒါပေမဲ့ တိကျတဲ့နေရာကိုတော့ နောက်တစ်ခါ စစ်ဆေးပြီးမှပဲ အတည်ပြုနိုင်မှာ …”

သူသည် စကားပြောရင်း အလိုလို အရှိန်နှေးသွားကာ မျက်မှောင်ကြုတ်လေသည်။

အကယ်၍ သူတို့သာ ရှေ့ဆက်လျှောက်သွားလျင် ဘယ်လိုလူမျိုးနှင့် သူတို့ ကြုံမလဲ ဆိုသည်ကို ဘုရားသာ သိပေတော့မည်။ ဤနေရာ၌ သိုင်းပညာရှင်များ ထပ်ရှိနေပါက သူတို့အဖွဲ့အတွက် သေချာပေါက် ဒုက္ခရောက် ပေလိမ့်မည်။ သို့ပါသော်ငြားလည်း သူတို့ ဤနေရာမှာတင် ရပ်လိုက်ရန် ဝန်လေးနေကြသည်။

“တပ်ကြပ်ကောင်း၊ ကျုပ်တို့ စစ်သည်တော်ဌာနကို အရင် အသိပေးပြီး အပြည့်အဝ ပြင်ဆင်ပြီးမှ ပြန်လာရင်ရော”

တစ်ယောက်က အကြံပေးလာသည်။

“မဖြစ်ဘူး”

လီဟူက ခေါင်းခါလိုက်ပြီး အသံက လေးနက်လာသည်။

“ဒီလူသုံးယောက် ထွက်လာတုန်းက သူတို့ ဘာလုပ်နေသလဲဆိုတာကို ငါတို့ မသိဘူး၊ တကယ်လို့ သူတို့ သုံးယောက် မပြန်သွားရင် အခြားသူတွေ သံသယဝင်လာမှာ သေချာတယ်၊ ငါတို့ ရန်သူကို လှန့်လိုက်လို့ မဖြစ်ဘူး၊ မဟုတ်ရင် ဒါက အလကား ဖြစ်သွားလိမ့်မယ်”

လက်ရှိအခြေအနေက သူတို့ကို အကျပ်ရိုက်စေသည်။ ထွားကြိုင်းသောလူ ပေါ်လာခြင်းက လူတိုင်းကို မသေချာ မရေရာ ခံစားရစေ၏။

“ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်”

ရဲ့လင်းချန်က အရောင်တောက်နေသော မျက်လုံးများဖြင့် ပြောလာပြီး သတိလစ်နေသည့် ထွားကြိုင်းသောလူကို ကြည့်လိုက်သည်။

“ဆရာရဲ့၊ ပြောပါ”

လူတိုင်းက ရဲ့လင်းချန်ကို ကြည့်လာကြသည်။

“ကျွန်တော်တို့ လုပ်နိုင်တဲ့ ပထမဆုံးအရာက ထိုးဖောက်ပြီး အခြေအနေကို လေ့လာဖို့ပဲလို့ ထင်တယ်”

ရဲ့လင်းချန်က ပေါ်တင် ပြောလိုက်သည်။

သူ့စကားက လူတိုင်းကို မသိမသာ မျက်မှောင်ကြုတ်သွားစေသည်။ သူ့စကားက ခြားနားမှု သိပ်မရှိပေ။ သူတို့သာ ထိုနေရာကို ထိုးဖောက်နိုင်ပါ့မလား။

သူတို့ နားထောင်နေစဉ်တွင် ရဲ့လင်းချန်က ဆက်ပြောသည်။

“ကျွန်တော် ရုပ်ပြောင်းရုပ်လွှဲပညာကို သင်ဖူးတယ်၊ ကျွန်တော်တို့ အခြားသူပုံစံ ပြောင်းလို့ရတယ်၊ စမ်းကြည့်လို့ မနစ်နာပါဘူး”

“ရုပ်ပြောင်းရုပ်လွှဲလား”

တပ်ကြပ်ကောင်းနှင့် အခြားသူများ အံ့ဩကုန်သည်။ သူတို့က ရဲ့လင်းချန်အား အထူးတဆန်း ဝိုင်းကြည့်ကြသည်။

“ဆရာ၊ ရှင် ဒီကို တီဗွီဇာတ်လမ်းတွဲထဲကနေ ရောက်လာတာတော့ မဟုတ်ပါဘူးနော်”

ရှုနန်က အနည်းငယ် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ရဲ့လင်းချန်အား သဘောတကျ ကြည့်နေသည်။ သူတို့၏ အမြင်က တဖြည်းဖြည်း ပြောင်းလဲသွားလေပြီ။ ဤလောကထဲတွင် နေရာအနှံ့ အန္တရာယ်များဖြင့် ပြည့်နေ၏။

“တကယ်တော့ အဲ့ဒါ မိတ်ကပ်လေး နည်းနည်းလေး သုံးလိုက်တာပါ၊ နည်းစနစ်ကတော့ ပိုသာတာပေါ့”

ရဲ့လင်းချန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော့်ပုံစံကို ဒီထွားကြိုင်းတဲ့လူနဲ့ တူအောင် ပြောင်းပြီးတော့ အထဲကို ကိုယ့်ဘာသာ သွားလို့ရတယ်၊ အဲ့နည်းနဲ့ ကျွန်တော် သတင်းတွေ ပိုရနိုင်ပြီးတော့ ကိစ္စတွေကို ကိုင်တွယ်ရတာလည်း ပိုလွယ်သွားလိမ့်မယ်”

“အဲ့လိုလုပ်ဖို့က အန္တရာယ် မများလွန်းဘူးလား”

ရှုနန်က ရဲ့လင်းချန်ကို စိုးရိမ်စွာ ကြည့်နေသည်။

ဤသို့သော ကိစ္စကို ပြုလုပ်ခြင်းက သူလျှိုတစ်ယောက် ဖြစ်ခြင်းထက် ပို၍ ထိတ်လန့်စရာ ကောင်းပေသည်။ ရဲ့လင်းချန်က အယောင်ဆောင်ထားမည့်လူ ဖြစ်သည်။ အကယ်၍ သူ့ပုံစံအမှန်ကို အနည်းငယ်မျှ ထုတ်ပြမိပါက ချက်ချင်း ပိတ်မိပြီး အဝိုင်းခံရလောက်သည်။

“အဲ့ဒါကြောင့် ငါ သွားသင့်တာ၊ တစ်ယောက်တည်းလေ”

ရဲ့လင်းချန် အသာပြုံးပြလိုက်သည်။

“ငါ့အရည်အချင်းနဲ့ဆို ပေါ်သွားရင်တောင်မှ ထွက်ပြေးနိုင်ပါတယ်”

“ဒါက …”

တပ်ကြပ်ကောင်းနှင့် အခြားသူများအားလုံး တွေဝေကုန်သည်။ ထိုအကြံက ရဲ့လင်းချန်ကို အန္တရာယ်ထဲ တွန်းပို့သလို ဖြစ်နေသည်။ သို့သော် ထိုနည်းအပြင် အခြားနည်းလမ်း မရှိပေ။

နောက်ဆုံးတွင် တပ်ကြပ်ကောင်း၏ မျက်နှာက လေးနက်လာသည်။ သူ ထရပ်၍ ရဲ့လင်းချန်အား တရိုတသေ ဦးညွှတ် အရိုအသေ ပြုသည်။

“ဆရာရဲ့၊ ကျုပ်တို့ ခင်ဗျားကို ဒုက္ခပေးမိပြီ”

အခြားသူများကလည်း ရဲ့လင်းချန်အား ထိုနည်းတူ လိုက်၍ အရိုအသေ ပေးလေသည်။

“ဆရာရဲ့၊ ကျုပ် လီဟူ အရင်ုတန်းက မောက်မာခဲ့မိပါတယ်၊ ကျုပ် ခင်ဗျားကို ရန်စခဲ့မိတယ်၊ အဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

လီဟူက လေးနက်စွာ ပြောသည်။

“ရပါတယ်”

ရဲ့လင်းချန်က အသာတကြည် လက်ခါပြသည်။ သူ ယင်းကို တစ်ခါမှ စိတ်ထဲ မထားခဲ့ချေ။

ထိုအခိုက်တွင် သူက ရုပ်ပြောင်းရုပ်လွှဲအတွက် စပြင်ဆင်နေလေပြီ။

ပြောရမည်ဆိုလျင် ရဲ့လင်းချန် ရုပ်ပြောင်းရုပ်လွှဲ ပညာ အသုံးပြုခြင်းက ပထမဆုံးအကြိမ်ပင်။ သို့သော် ယင်းက မိတ်ကပ်နှင့် လုံးဝ ခြားနားသည်။ ယင်းက မိတ်ကပ်နှင့် ဆင်သဖြင့် အလျင်မလိုသင့်ပေ။

ရုပ်ပြောင်းရုပ်လွှဲအတွက် ပစ္စည်း များများစားစား မလိုပေ။ မိတ်ကပ်ဘူးနှင့် တူသော ဘူးလေးအချို့သာ လိုပေသည်။ ရဲ့လင်းချန်က ၎င်းကို လိုလိုမယ်မယ် သူနှင့် အမြဲတမ်း ဆောင်ထားလေ့ ရှိသည်။

သူသည် ပစ္စည်းများအားလုံးကို အရှေ့ချ၍ လက်မြှောက်ကာ ထွားကြိုင်းသောလူ၏ မျက်နှာကို တိုင်းတာ လေသည်။

ပါးနှစ်ဖက်လုံးမှ အရိုးများသည် အနည်းငယ် ခုံးနေပြီး နှာခေါင်းထိပ်က အောက်သို့ အနည်းငယ် အောက်စိုက်နေသည်။ ထိုလူ၏ မျက်လုံးအိမ်က ချိုင့်နေပြီး အသားအရေက မည်းသည်။

ရဲ့လင်းချန်သည် ထွားကြိုင်းသောလူ၏ အသွင်အပြင် တစ်ခုချင်းစီကို မှတ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ရုပ်ပြောင်းရုပ်လွှဲ နည်းစနစ်ကို အကြံထုတ်နေ၏။

မကြာခင်မှာပင် သူသည် ပစ္စည်းများကို ယူ၍ ထွားကြိုင်းသောလူ၏ မျက်နှာပေါ်သို့ စတင် လိမ်းကျံလိုက်သည်။ သူသည် အလွန် နှေး၍ ပေါ့ပါးသော နည်းလမ်းကို အသုံးပြုပြီး အလွန် ညီမျှစွာနှင့် ပြီးပြည့်စုံစွာ လိမ်းကျံ လိုက်သည်။

အခြေခံ ပြီးသည်နှင့် ရဲ့လင်းချန်က လိုအပ်သော ပစ္စည်းတစ်ချို့ကို သူ့ကိုယ်သူအတွက် စသုံးလေသည်။ ယင်းမှာ သူ့အသားအရေကို ပြောင်းလဲရန် အသုံးပြုမည့် မိတ်ကပ်ပစ္စည်းများပင်။

ဆယ်မိနစ်ကြာသော် ထွားကြိုင်းသောလူ၏ မျက်နှာပေါ်မှာ ပစ္စည်းများက ခြောက်သွေ့သွားပြီး ရဲ့လင်းချန် အသာ ဖယ်လိုက်သည်။ ၎င်းက လူ့အရေပြား မျက်နှာဖုံးနှင့် တူသည်။ ထို့နောက် သူက တွေဝေမနေဘဲ သူ့မျက်နှာပေါ် တင်လိုက်ပြီး မျက်နှာဖုံး တပ်သလို ချောမွေ့စွာ ကပ်လိုက်သည်။

ထို့အပြင် အခြား အရေးကြီးသော အဆင့်လည်း ရှိသေးသည်။ ၎င်းမှာ မျက်ခုံးခြယ်ချင်း၊ မုတ်ဆိတ်မွေးနှင့် လူ့အရေပြား မျက်နှာဖုံးပေါ်မှ အခြား အသေးစိတ် အရာများပင်။

ရဲ့လင်းချန်အတွက် သိပ်မခက်ချေ။ သူက ထွားကြိုင်းသောလူ၏ မျက်နှာကို ယှဉ်ကြည့်၍ တစ်ခုချင်းစီကို လိမ်းကျံလိုက်သည်။ သူ ပြင်ဆင်ပြီးသွားသည်နှင့် တပ်ကြပ်ကောင်းနှင့် ကျန်လူများအားလုံး အံ့ဩကာ စကား မပြောနိုင် ဖြစ်သွားကြသည်။

ရဲ့လင်းချန်က သူတို့မျက်စိအောက်မှာပင် အခြားလူတစ်ယောက် ဖြစ်သွားသည်ကို သူတို့ ကြည့်နေခဲ့သည်။ သူတို့ရှေ့တွင်သာ မပြောင်းလဲခဲ့ပါက သူတို့ ရဲ့လင်းချန်ကို ထွားကြိုင်းသောလူဟုပင် ထင်မိလောက်သည်။

သူတို့သည် သတိလစ်နေသည့် ထွားကြိုင်းသောလူကို ကြည့်လိုက်၊ ရဲ့လင်းချန်ကို ကြည့်လိုက် လုပ်နေကြသည်။ သူတို့မျက်လုံးတွင်းမှ အံ့ဩဟန်က ပိုမို၍ ကြီးထွားလာ၏။

*အံ့ဩဖို့ကောင်းလိုက်တာ၊ ခန္ဓာကိုယ် အချိုးအစား နည်းနည်းလေး မတူတာကလွဲရင် ဘာမှ ခြားနားတာ မရှိဘူး*

“ဆရာ ရှင်က နတ်ဘုရားလိုပဲ”

ရှုနန်၏ ရဲ့လင်းချန်အပေါ် လေးစားစိတ်က ကြီးထွားနေလေပြီ။ သူမမျက်လုံးများက ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။ ရဲ့လင်းချန်က သူမကို ထပ်ခါထပ်ခါ အံ့ဩစေခဲ့သည်။ ပထမဆုံးအကြိမ်က လူကုန်ကူး သူများကို အသာလေး အနိုင်ယူခဲ့စဉ်က ဖြစ်သည်။ ဒုတိယတစ်ခါက လူကုန်ကူးသူ၏ မြေအောက်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိခဲ့စဉ်က ဖြစ်ပြီး တတိယအကြိမ်က လက်ဝှေ့ချန်ပီယံနှင့် ယှဉ်ပြိုင်ခဲ့စဉ်က ဖြစ်ကာ စတုတ္ထအကြိမ်သည် သူ ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ခြင်း ဖြစ်လေသည်။

သူမစိတ်ထဲတွင် သူမဆရာက သူရဲကောင်းတစ်ဦးပင်။

“ဒီလူကို မလေးစားနဲ့၊ ဒီလူက ဒဏ္ဍာရီသာသာလေးပဲ”

ရဲ့လင်းချန်က မထူးခြားနာစွာ ပြုံးနေပြီး ထရပ်ကာ တပ်ကြပ်ကောင်းတို့နှင့်အတူ တောနက်ထဲသို့ ဝင်သွားသည်။

ခပ်လှမ်းလှမ်းမှ အဆောက်အအုံတစ်ခုကို တွေ့လိုက်ရန် သိပ်မကြာလိုက်ပေ။ ဤသည် အတော်လေး ယိုယွင်းနေပြီး ဤနေရာ၌ ဆောက်ထားမှန်း ဘယ်သူမှ မသိနိုင်ပါ။ ၎င်းက ဂိုထောင်တစ်လုံးနှင့် တူပြီး အထဲတွင် မီးများ လင်းနေ၏။

“ခင်ဗျားတို့ ရှေ့ဆက်တိုးလို့ မရတော့ဘူး၊ ဒီကနေပဲ စောင့်နေပါ”

ရဲ့လင်းချန် တီးတိုး ပြောလိုက်သည်။

“ဆရာရဲ့ သတိထားပါ၊ တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ်တို့ အစွမ်းကုန် ပြေးလာခဲ့ပါ့မယ်”

လီဟူက ပြောသည်။

“ဆရာ သတိထားမှ ဖြစ်မယ်နော်”

ရှုနန်ကလည်း စိုးရိမ်တကြီး‌ ပြောသည်။ ရဲ့လင်းချန် ခေါင်းညိတ်၍ ရှေ့တက်သွားသည်။

သူက ထွားကြိုင်းသောလူ၏ ခြေလှမ်းကို အတုခိုးထားခဲ့သည်။ သူသည် လမ်းကို ဖြည်းဖြည်းချင်း လျှောက်နေပြီး ခန္ဓာကိုယ်အား ထွားကြိုင်းသောလူနှင့် တူအောင် အနည်းငယ် ပြောင်းလဲလိုက်သည်။ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေးကို လေ့ကျင့်ပြီးကတည်းက သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံအား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲရန် သိပ်မခက်ပေ။

ရဲ့လင်းချန်၏ သရုပ်ဆောင်စွမ်းရည်က တစ်ရာရာခိုင်နှုန်း ဖြစ်နေခဲ့ပြီး ယခုအချိန်၌ အသုံးဝင်လာလေပြီ။ သူ လုံးဝ မစိုးရိမ်ဘဲ ဂိုထောင်၏ တံခါးဝကို ဖြတ်၍ အထဲသို့ ဝင်လိုက်သည်။

အပြင်၌ လူတစ်စုက ကင်းလှည့်နေပြီး နှစ်ယောက်က တံခါး၌ ရပ်နေသည်။ သူတို့က ရဲ့လင်းချန်ကို မြင်သောအခါ ချက်ချင်း ခေါင်းငုံ့၍ လေးစားစွာ ပြောလာသည်။

“ဘော့စ်”

ရဲ့လင်းချန် အသာ ခေါင်းညိတ်လိုက်ပြီးနောက် မကြာခင်မှာပင် ကြက်သေ သေသွားလေသည်။

*ဘာ*

*ဘော့စ် ဟုတ်လား*

ရဲ့လင်းချန် ရုတ်တရက် အလိမ်ပေါ်တော့မည်ဟု ခံစားလိုက်ရသည်။

*ငါ ဘာဆက်လုပ်ရမလဲ*

*အခု ငါ ဘာလုပ်ရမလဲ၊ ဒါ အရေးကြီးတယ်*

…

All Chapters