ထိတ်လန့်စရာကောင်းသော ရှာဖွေတွေ့ရှိမှု
Vol. 22 Ch. 320
“အေး”
ရဲ့လင်းချန် အသာ ပြန်ပြောလိုက်ပြီး အပြင်ပိုင်း အမူအရာကို ခြားနားမှုမရှိအောင် ပြုမူနေသည်။ သူက ဘော့စ် ဖြစ်သဖြင့် ဆရာကြီးဟန်ဆောင်ပါက အဆင်ပြေပေသည်။
“ဘော့စ် ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ၊ ခုနက …”
“ဟမ်’
ရဲ့လင်းချန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး လက်အောက်ငယ်သားအား အေးစက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
“မင်း ဘယ်တုန်းက ငါ့ကိစ္စကို စိတ်ဝင်စားသွားတာလဲ”
နှစ်ယောက်လုံး ချက်ချင်း တုန်လှုပ်သွားပြီး မျက်နှာများ ဖြူရော်ကုန်သည်။
ခဏမျှ ငြိမ်နေပြီးမှ ရဲ့လင်းချန်က ဆက်ပြောလိုက်သည်။
“ငါ ဟိုနှစ်ယောက်ကို သူတို့တာဝန်တွေ လုပ်ဖို့ လွှတ်လိုက်ပြီ၊ အခု သတိနဲ့ စောင့်ကြည့်နေ”
သူ ပြောပြီးသည်နှင့် ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေသည်။
ရဲ့လင်းချန် ခန့်မှန်းတာ မှန်သွားခဲ့သည်။ သူတို့၏ ဘော့စ်သည် အမြဲ အလွန် ကြောက်စရာ ကောင်းပြီး တော်တော်များများက သူ့ကို မော်မကြည့်ရဲကြချေ။
သူသည် နိုင်ထက်စီးနင်း လုပ်နိုင်သည့်ခွန်အား ရှိသော သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ သူ့ကို ကြောက်ကြသည်က သဘာဝပင်။
ဂိုထောင်သည် ကြီးမားပြီး အတွင်းပိုင်းအပြင်အဆင်က ပြန့်ကျဲနေ၏။ ယာယီ စခန်းတစ်ခုနှင့် တူပြီး သူတို့ ဘယ်လောက် ကြာကြာနေမလဲ ခန့်မှန်းရခက်သည်။ အထဲ၌ သေတ္တာပုံးများစွာ ရှိနေသည်။
“ဘော့စ်”
“ဘော့စ်”
ရဲ့လင်းချန် ဝင်လာသည်ကို မြင်သည်နှင့် အခြားသူများအားလုံးက တလေးတစား နှုတ်ဆက်ကြသည်။
ရဲ့လင်းချန် အေးအေးလူလူ ခေါင်းညိတ်ပြလိုက်သည်။ သူ လမ်းလျှောက်နေချိန်တွင် လူများစွာက သေတ္တာပုံးများ သယ်၍ ဟိုဟိုဒီဒီ သွားလာနေသည်။ သူတို့ ဘာလုပ်နေလဲ ရဲ့လင်းချန် အတပ် မပြောနိုင်သော်လည်း သူတို့ကို မမေးရဲသဖြင့် ဘာမှမပြောဘဲ ဆက်လျှောက်နေလိုက်သည်။
ဤဂိုထောင်အား အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ အလယ်မှခန်းမသည် အတော်လေး ဗလာကျင်းနေပြီး အလယ်တွင် စားပွဲတစ်လုံး ချထားသည်။ ၎င်းကို အစည်းအဝေးအတွက် အသုံးပြုခြင်း ဖြစ်လောက်သည်။ ဂိုထောင်၏ နောက်တစ်ခြမ်းတွင် ကိရိယာမျိုးစုံ ရှိပြီး ထူးခြားသော သေတ္တာပုံးများ ခင်းကျင်းထားသည်။ လက်အောက်ငယ်သားများက ထိုနေရာမှ သေတ္တာပုံးများကို သယ်နေခြင်း ဖြစ်လေသည်။
ဂိုထောင်၏ တတိယအပိုင်းသည် အတော်လေး ထူးခြားပြီး စာကြည့်တိုက်တစ်ခု၏ အပြင်အဆင်နှင့် တူနေသည်။ အထဲတွင် စာအုပ်စင်များလည်း ရှိပြီး စားပွဲပေါ်၌ စာရွက်စာတမ်းများစုံက နေရာအနှံ့ ပျံ့ကြဲနေ၏။
ရဲ့လင်းချန် အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ သူ ဖိုင်တစ်ခုကို ကောက်ယူကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်လုံး အရောင် လက်သွားသည်။
၎င်းသည် တက္ကသိုလ်မြို့နှင့် ပတ်ဝန်းကျင် ဧရိယာများကို အသေးစိတ် ရေးဆွဲထားသည့် မြေပုံတစ်ခု ဖြစ်လေသည်။ ၎င်းသည် ကြီးမားလွန်းပြီး ပတ်ဝန်းကျင်မှ တောင်များကိုပင် အသေးစိတ် ရေးဆွဲထားသလို ကျောင်းတစ်ခုချင်းစီ၏ စာသင်ခန်းများနှင့် ဆရာများ၏ ရုံးခန်းများကို အသေးစိတ်ကျကျ ရေးဆွဲထားလေသည်။ လျှောက်လှမ်းတစ်ခုချင်းစီ၏ အကွေ့အကောက်များကိုပင် တိတိကျကျ ဆွဲထားသည်။
ထို့အပြင် ကမ္ဘာမြေ၏ ဂိတ်တံခါးအဖွဲ့က မြေပုံပေါ်မှ နေရာအချို့ကို အနီရောင်မှင်ဖြင့် ဝိုင်းထားသည်ကို ရဲ့လင်းချန် သတိပြုမိလိုက်သည်။ ယင်းတို့မှာ ပါမောက္ခအချို့၏ နေအိမ်များ၊ အထူးဓာတ်ခွဲခန်းများနှင့် ကျောင်းသား အဆောင်များကဲ့သို့ ဖြစ်သည်။ ရှုဝမ်ချင်၏ တည်နေရာကိုလည်း မှတ်သားထားသည်။
*ရှုဝမ်ချင် အဖမ်းခံရတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ လတ်စသက်တော့ သူတို့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကိုး*
ကမ္ဘာမြေ၏ ဂိတ်တံခါးသည် တကယ်ပင် သောင်းကျန်းလွန်းလှသည်။ တက္ကသိုလ်မြို့လေးသည် သူတို့၏ ထိပ်တန်း ဦးစားပေးပင်။ ထိုဧရိယာအတွင်း၌ များစွာသော အနာဂတ် ပါရမီရှင်များ ရှိသလို နာမည်ကျော် ပါမောက္ခများနှင့် ဆရာများလည်း ရှိသည်။ ထို့အပြင် နည်းပညာအတွက် သိပ္ပံသုတေသနကလည်း ထိုနေရာတွင် ရှိနေ၏။ ကမ္ဘာမြေ၏ ဂိတ်တံခါးက ရူးချင်စရာကောင်းသော တစ်ခုခုကို ကြံစည်နေလေပြီ။
*အဲ့လိုဆိုရင် ဂိုထောင်ရဲ့ ဒုတိယခြမ်းက ပစ္စည်းအချို့က အဲ့ဒီနေရာတွေကနေ ခိုးလာတဲ့ သိပ္ပံနည်းပညာ တွေများလား*
ရဲ့လင်းချန်၏ မျက်နှာက မသိမသာ မည်းမှောင်သွားသည်။ ဤအရာများက သူ မြင်ရသလောက်သာ ရှိသေးသည်။
*ဒါကသာ အမှန်ဆိုရင် ကမ္ဘာမြေရဲ့ ဂိတ်တံခါးက အခြားနေရာတွေမှာရော စခန်းတွေ ချထားမလား မသိဘူး၊ သူတို့ တကယ်ပဲ ဘာကို စုဆောင်းနေတာလဲ၊ သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်ရတာလဲ*
ရဲ့လင်းချန် မြေပုံကို ချထားလိုက်ပြီး အခြားအစွန်းတစ်ဖက်ကို ကြည့်လိုက်သည်။ ၎င်းသည်လည်း မြေပုံတစ်ခုနှင့် တူပြီး အစောပိုင်းက တစ်ခုနှင့် ဆင်တူသလိုပင်။ ခြားနားချက်ဟူ၍ မှတ်ထားသည့် အကြောင်းအရာများက ပို၍ သတိထားချင်စရာ ဖြစ်နေခြင်းပင်။ ယင်းမှာ စစ်သည်တော်ဌာန၏ အခြေစိုက်စခန်း ဖြစ်သည်။ သို့သော်လည်း ကမ္ဘာမြေ၏ ဂိတ်တံခါးကို ခြိမ်းခြောက်နိုင်သည့် မည့်သည့်နေရာကိုမှ မှတ်မထားပေ။ လူတစ်ချို့၏ နာမည်များကိုပင် မှတ်သားထားသေးသည်။
ရဲ့လင်းချန်သည် ယခင်က စစ်သည်တော်ဌာနကို သွားခဲ့ဖူးသည်။ မထင်ရှားသည့် နေရာတစ်ခုကို သူတို့၏ စခန်းများအတွက် ရွေးချယ်တတ်သည်ဟု လင်းအောင်က သူ့ကို တစ်ခါ ပြောဖူးသည်။ ယင်းသည် မြို့ပြနှင့် ကင်းကွာသော နေရာတစ်ခု မဖြစ်လျင် လူအများ သူတို့ကို သတိမထားမိနိုင်သည့် မြို့တွင်းမှ နေရာတစ်ခု ဖြစ်တတ်သည်။ သို့သော် ကမ္ဘာမြေ၏ ဂိတ်တံခါးက သူတို့၏ တည်နေရာများစွာကို သိနေ၏။
“ရန်သူ့အကြောင်းနဲ့ ကိုယ့်အကြောင်း ကိုယ်သိတာက တိုက်ပွဲတိုင်းကို အောင်နိုင်စေတယ်” ဟူသော စကားလိုပင်။ လက်ရှိကိစ္စက အလွန်အမင်း အရေးကြီးလှသည်။
ရဲ့လင်းချန်က ပစ္စည်းများကို ပြန်ချထားလိုက်ပြီး တစ်ဖက်မှ စာအုပ်စင်သို့ သွားလိုက်သည်။ ၎င်းနေရာမှ မည်သည့်စာအုပ်မဆိုက သာမန်စာအုပ်များ မဟုတ်သလို စာအုပ်များကလည်း များများစားစား မရှိပေ။ သို့သော် အားလုံးကို တူညီသော ဖိုင်ပုံစံ တစ်ခုတည်းဖြင့် ချိပ်ပိတ်ထားသည်။
သူ ကြုံရာဖိုင်တစ်တွဲကို ယူကြည့်လိုက်ပြီးနောက် “ဆေးပညာ ဗဟုသုတ” ဟူသည့် ခေါင်းစီးကြောင့် အံ့ဩသွား ရသည်။
သူ ဖိုင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ သတင်းအချက်အလက် မျိုးစုံကို တွေ့လိုက်ရပြီး အားလုံးက တက္ကသိုလ်မျိုးစုံမှ PhD ဆေးပညာ စာရွက်များ ဖြစ်နေသည်။ ထို့အပြင် အားလုံးက အရေးကြီးသော စာရွက်များသဖြင့် များသောအားဖြင့် လျှို့ဝှက်ထားတတ်ပြီး ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းတို့အပြင် သုတေသန ပစ္စည်းများနှင့် ဆေးရုံများစွာမှ ခေါင်းစဉ်များလည်း ရှိနေသည်။
“အနောက်တိုင်း ဆေးပညာ သုတေသနစာတမ်းကို ကိုယ်တိုင် လေ့လာခြင်း၊ အနောက်တိုင်း ဆေးပညာ စွမ်းရည် တစ်မှတ်”
“အနောက်တိုင်း ဆေးပညာ သုတေသနစာတမ်းကို ကိုယ်တိုင် လေ့လာခြင်း၊ အနောက်တိုင်း ဆေးပညာ စွမ်းရည် တစ်မှတ်”
…
“TCM ဖော်မြူလာအား ကိုယ်တိုင် လေ့လာခြင်း၊ TCM စွမ်းရည် တစ်မှတ်”
“TCM ဖော်မြူလာအား ကိုယ်တိုင် လေ့လာခြင်း၊ TCM စွမ်းရည် တစ်မှတ်”
…
ရဲ့လင်းချန်ကို အထိတ်လန့်ဆုံး ဖြစ်သွားစေသည့် အချက်မှာ ရှစ်ဆယ် ရာခိုင်နှုန်း ရှိနေသည့် သူ၏ အနောက်တိုင်း ဆေးပညာ စွမ်းရည်က စာရွက်အားလုံးကို ဖတ်ပြီးနောက် တစ်ရာ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ တရုတ် တိုင်းရင်းဆေးပညာ စွမ်းရည်ကလည်း ကိုးဆယ် ရာခိုင်နှုန်းသို့ ရောက်သွားသည်။
*ဒီသတင်းအချက်အလက်က တကယ့်ကို ထိပ်တန်း လျှို့ဝှက်ချက်ပဲ*
ရဲ့လင်းချန်သည် စွမ်းရည် တိုးတက်လာစေရန် အပြင်မှဖြစ်စေ၊ လိုင်းပေါ်မှဖြစ်စေ ရှာဖွေခဲ့သည်။ သို့သော် ဤအချက်အလက်များက သူ့စွမ်းရည်ကို ဆက်လက်၍ တိုးတက်စေသောကြောင့် မည်မျှ အဖိုးတန်ကြောင်း ပြသနေ၏။
စာရွက်စာတမ်း တော်တော်များများက သုတေသန ပြုလုပ်ဆဲ အခြေအနေ၌သာ ရှိသေးသော်လည်း ရဲ့လင်းချန်အတွက် အရေးမကြီးပေ။ ဖြစ်နိုင်ချေ ရှိသည့် မည့်သည့်အရာကိုမဆို သူ့စွမ်းရည် တိုးတက်လာရန် သီအိုရီအဖြစ် အသုံးချနိုင်ပေသည်။
အနောက်တိုင်း ဆေးပညာ၌ စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ရှိသွားပြီဖြစ်သဖြင့် ရဲ့လင်းချန်သည် သေချာပေါက် ကမ္ဘာ့ထိပ်တန်းအဖြစ် ရပ်တည်နိုင်စွမ်း ရှိလာလေပြီ။
ရဲ့လင်းချန် အသက်ပြင်းပြင်း ရှူလိုက်သည်။
*ဒါတွေအားလုံးက တရုတ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေပဲ၊ ဘယ်လိုလုပ် ဒါတွေကို အခြားသူတွေရဲ့ လက်ထဲ အပါခံရမှာလဲ*
ဇီဝဗေဒဟု ခေါင်းစဉ်တပ်ထားသည့် နောက်ဖိုင်တစ်ခုကို သူ ယူကြည့်လိုက်သည်။ ၎င်းက ရဲ့လင်းချန်၏ ဇီဝဗေဒ စွမ်းရည်ကို ၅၀ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းသို့ တိုးတက်လာစေ၏။
ထို့နောက် ရူပဗေဒနှင့် ဓာတုဗေဒ နှစ်ခုလုံးသည်လည်း ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းသို့ တိုးလာကြသည်။ ထို့အပြင် သိပ္ပံပညာနှင့် နည်းပညာ ပစ္စည်းများလည်း ရှိနေသည်။ ယင်းတို့က ထိပ်တန်း အရေးပါမှုများ ဖြစ်ပြီး ရဲ့လင်းချန်၏ နည်းပညာ စွမ်းရည်ကို ၅၅ ရာခိုင်နှုန်းသို့ ရောက်ရှိစေခဲ့သည်။ စစ်ပညာဟူသည့် မှတ်တမ်းပင် ရှိနေ၏။
*ဒီကောင်တွေက လူမိုက်တွေပဲ၊ သူတို့ ခိုးလာတဲ့ အရာအားလုံးကို မြင်ရတာ ရှက်ဖို့ကောင်းလိုက်တာ*
“ဘော့စ်”
ထိုသို့သောအချိန်၌ အဘိုးအိုတစ်ယောက်က အလျင်စလို ဝင်လာပြီး ရိုသေစါာ ကြည့်လေသည်။
“အရာအားလုံး အသင့်ဖြစ်လုနီးပါး ဖြစ်နေပါပြီ။ ခင်ဗျား အချိန်မရွေး သွားလို့ရပါပြီ”
အဘိုးအိုသည် အိမ်စောင့်နှင့် ဆင်တူသည့် တာဝန်ကို ယူထားရသည်။ ရဲ့လင်းချန်ကို မြင်သောအခါ သူက နေရခက်သလို ဖြစ်နေပုံမရချေ။
*ထွက်သွားဖို့လား*
ရဲ့လင်းချန်၏ ရင်ထဲ၌ အနည်းငယ် အေးခနဲ ဖြစ်သလို ခံစားလိုက်ရသည်။ သူ့အမူအရာက တိတ်ဆိတ်နေပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဟုတ်လား၊ ငါ တစ်ချက် လိုက်ကြည့်မယ်”
အဘိုးအိုက ချက်ချင်း လမ်းပြပြီး နှစ်ယောက်သား အနောက်ဘက်သို့ လျှောက်သွားကြသည်။
အနောက်ဘက်တွင် ကြီးမားသော ကွက်လပ်တစ်ခု ရှိသည်။ အများစုက ဗန်ကားများ ဖြစ်ပြီး လက်အောက် ငယ်သားများက သေတ္တာပုံးများကို ကားပေါ်သို့ တင်နေကြသည်။
ရဲ့လင်းချန်က လူမိုက်တစ်ယောက်ကို အေးအေးလူလူ တားလိုက်ပြီး ပုံးကို ဖွင့လိုက်သည်။ အထဲ၌ ပုလင်းများ ရှိနေပြီး ပုလင်းထဲတွင် တောက်ပသော သွေးနီများ ရှိနေသည်။
ပစ္စည်းကိရိယာများမှာမူ အချို့က အသစ်စက်စက်များ ဖြစ်ပြီး အချို့က အဟောင်းများ ဖြစ်သည်။ သို့သော် ၎င်းတို့ အနေအထားက ဘာပဲဖြစ်နေပါစေ သိပ္ပံနှင့် နည်းပညာဖြင့် ဆက်စပ်နေသည်မှာ သေချာသည်။
“ဘော့စ်၊ ရှုဝမ်ချင်နဲ့ ပတ်သက်တဲ့ အစီအစဉ်က မအောင်မြင်ခဲ့ဘူး၊ အနှေးနဲ့အမြန် ပြဿနာ တက်လာတော့မှာ၊ ဒီည ထွက်သွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်”
အဘိုးအိုက အကြံပြုသည်။
ရဲ့လင်းချန်က ဘာမှမပြောဘဲ တစ်ဒင်္ဂမျှ စဉ်းစားနေလိုက်သည်။
“အားလုံးကို ခန်းမထဲ လာခိုင်းလိုက်၊ ငါ ကြေညာစရာ တစ်ခု ရှိတယ်”
မကြာခင်မှာပင် ခန်းမထဲ၌ လူများဖြင့် ပြည့်လာသည်။ ပတ်ဝန်းကျင်ကို အကြမ်းဖျင်း လေ့လာလိုက်သောအခါ လူရာချီ ရှိပြီး အားလုံးက မယုံနိုင်လောက်အောင် ခန္ဓာကိုယ် ကြံ့ခိုင်ကြသည်။ အများစုက သိုင်းပညာ လေ့ကျင့်သူများ ဖြစ်ပြီး သူတို့၏ စွမ်းရည်က အနည်းဆုံး လီဟူနှင့် ယှဉ်နိုင်ပေသည်။ ကျွမ်းကျင်သူများပင် ရှိနေ၏။
အခြေအနေက ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲပေသည်။