← Chapters

ငါ့မှာ အကြံတစ်ခု ရှိတယ်

Vol. 22 Ch. 321

ငါ့မှာ အကြံတစ်ခု ရှိတယ်

Vol. 22 Ch. 321

ဗဟုသုတ၏ အရေးပါပုံက မေးခွန်းထုတ်နေစရာပင် မလိုပါ။ အသိပညာ ဗဟုသုတကို တန်ဖိုးထား၍ ကာကွယ်ရမည်က အခြေခံ စည်းမျဉ်းတစ်ခုပင်။

ပါရမီရှင်တစ်ဦး ဖြစ်လာသော ရဲ့လင်းချန်သည် အသိပညာ ဗဟုသုတအား ဤသို့ မထီမဲ့မြင်ပြုခွင့် မပေးနိုင်ပါ။

လူစုက အချင်းချင်း ကြည့်နေကြပြီးနောက် ရဲ့လင်းချန်အား‌ တွေဝေစွာ ကြည့်လာကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် သံသယများ ပေါ်လာပြီး ရဲ့လင်းချန်က အချိန် အတိုင်းအတာ တစ်ခုအထိ စကားတစ်ခွန်းမှ မပြောချေ။

အိမ်စောင့်က ရဲ့လင်းချန်ကို အသေအချာ ကြည့်လာသည်။

“ဘော့စ်၊ ခင်ဗျား …”

“ငါ့မှာ အကြံတစ်ခု ရှိတယ်”

ရဲ့လင်းချန်က ရုတ်တရက် ပြောချလိုက်သည်။

“ဘော့စ် ဘာအကြံလဲ”

“ဘော့စ် ကျွန်တော်တို့ အားလုံး နားထောင်နေပါတယ်”

“ကျွန်တော်တို့အားလုံး အချီကြီး ရတော့မှာလား၊ ငါတို့ ဒီလိုမျိုး ထွက်သွားလို့ မရနိုင်ဘူးဆိုတာ ငါ သိနေတယ်”

အောက်ဘက်မှ လူအုပ်ကြီးသည် အချင်းချင်း ပြောဆိုနေကြပြီး ရဲ့လင်းချန်အား ကြည့်လာသည်။

“ငါတို့ အညံ့ခံကြမယ်”

“….”

တိတ်ဆိတ်သွားလေသည်။

ဤနေရာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

လူတိုင်း အံ့ဩမှင်တက်သွားကြသည်။ သူတို့ အံ့ဩနေသော မျက်နှာထားများဖြင့် အချိန်တစ်ခုအထိ ကြက်သေ သေနေကြလေသည်။

အချိန်အတော်ကြာပြီးနောက် …

“သွားပြီ သွားပြီ၊ ငါ့နားတော့ တစ်ခုခု ဖြစ်နေပြီ၊ ဘော့စ် ခုနက ဘာပြောလိုက်တာလဲ”

“ဘော့စ်က … အညံ့ခံမယ်လို့ ပြောလိုက်တာ ထင်တယ်”

“ယီးပဲကွာ၊ အဲ့ဒါ ဘာသဘောလဲ”

“မဖြစ်နိုင်ဘူး၊ ငါ့ဘော့စ်က အဲ့လို မဖြစ်နိုင်ပါဘူး”

လူတိုင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ရဲ့လင်းချန်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လေသည်။

“ဘော့စ်၊ ကျုပ်ကို နောက်နေတာလား”

အဘိုးအိုသည်လည်း မျက်နှာ မည်းမှောင်သွားပြီး ရဲ့လင်းချန်အား မယုံသင်္ကာဖြင့် ကြည့်နေသည်။

“ငါ အတည်ပြောတာ၊ ဒါ နောက်နေတာ မဟုတ်ဘူး”

ရဲ့လင်းချန်၏ပုံစံက လေးနက်တည်ကြည်နေပုံ ပေါ်သည်။

“ဒါက ငါ သေချာ ဂရုတစိုက် စဉ်းစားပြီးမှ ချခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ”

သူက လက်ကို အသာဝှေ့ယမ်းလိုက်သဖြင့် အခြေအနေက အနည်းငယ် တည်ငြိမ်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ရဲ့လင်းချန်က ဤနေရာ၌ ရှိနေသော လူများထဲမှ တစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သက်တောင့်သက်သာ ရှိသော လေသံဖြင့် မေးလိုက်သည်။

“မင်းမှာ အိပ်မက် ရှိလား”

ထိုလူသည် မေးခွန်းကြောင့် အူကြောင်ကြောင် ဖြစ်သွားလေသည်။ သူ တစ်ခဏမျှ မှင်တက်နေပြီးမှ ခေါင်းညိတ်ပြသည်။

“ရှိတယ်”

“မင်းအိပ်မက်က ဘာလဲ”

ရဲ့လင်းချန် ဆက်မေးလိုက်သည်။

“ကျွန်တော့်အိပ်မက်က …”

ထိုလူက စိတ်အိုက်ကာ ချီတုံချတုံ ဖြစ်နေ၏။

“လုပ်စမ်းပါ ရှက်မနေနဲ့၊ ဒီမှာ ငါတို့အားလုံးက ညီအစ်ကိုတွေပဲ၊ မင်းအိပ်မက်တွေကို ကျယ်ကျယ် ပြောလိုက်စမ်းပါ”

ရဲ့လင်းချန်က အားပေးဟန်ဖြင့် ခပ်ကျယ်ကျယ် ပြောလိုက်သည်။

“ကမ္ဘာမြေရဲ့ ဂိတ်တံခါးမှာ သိုင်းဘုရင် ဖြစ်ချင်တယ်”

ထိုလူက ခေါင်းကိုမော်၍ အော်ပြောလိုက်ပြီးနောက် ရှက်ရွံ့နေလေသည်။

“ကောင်းပြီ၊ သိပ်ကောင်းတယ်၊ မင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အိပ်မက် ရှိတာပဲ”

ရဲ့လင်းချန်က လက်ခုပ်တီး၍ သူ့ကို အားပေးသည်။ ထို့နောက် သူ့မျက်နှာက တည်သွားပြီး နောင်တရဟန်ဖြင့် ခေါင်းယမ်းလေသည်။

“အိပ်မက်ကောင်းတစ်ခုပဲ၊ ဒါပေမဲ့ မင်းတစ်ဘဝလုံး ဘယ်တော့မှ မရနိုင်မှာကတော့ စိတ်မကောင်းစရာပဲ”

“ဘာလို့လဲ”

ထိုလူ၏ မျက်နှာတွင် ဝမ်းနည်းခြင်းနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ ပေါ်လွင်လာပြီး စကားမပြောနိုင်လုနီးပါး ဖြစ်သွားလေသည်။

“မင်း ဘာလုပ်နေရလဲဆိုတာကို ကြည့်လေ”

ရဲ့လင်းချန်က တည်ကြည်ဖြောင့်မတ်ဟန် အပြည့်ဖြင့် ပြောလိုက်သည်။

“ပတ်ဝန်းကျင်မှာ လိုက်ခိုးရတယ်၊ ခေါင်းကိုငုံ့ပြီး အမြီးကိုပဲ ပြနေရတယ်၊ ဒါတွေက သိုင်းပညာရှင်တွေ လုပ်တဲ့ အရာလား၊ ဒီအရာတွေက မင်းကို မရနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ပဲ ဖြစ်နေအောင် လုပ်မှာ၊ မင်း လမ်းမှန်ပေါ်ကို ‌ရောက်နိုင်မှ မင်းရဲ့ ဘဝအထွတ်အထိပ်ကို ရောက်နိုင်မှာ၊ မင်း နားလည်လား”

“ဒါ၊ ဒါ …”

ထိုလူ၏ မျက်နှာက ငေးကြောင်ကြောင် ဖြစ်သွားပြီး မျက်လုံးများက ဗလာကျင်းကာ ဘာမှမရှိတော့သလို ဖြစ်သွားလေသည်။

ရဲ့လင်းချန်က တစ်ဖက်ကို စောင်းကြည့်၍ သူ့ဘေးမှ နောက်တစ်ယောက်ကို မေးလိုက်သည်။

“မင်းမှာ အိပ်မက် ရှိလား”

“ကျွန်တော် … ကျွန်တော့်မှာလည်း တစ်ခု ရှိပါတယ်”

ထိုလူက မသိမသာ ကြောက်လန့်နေလေပြီ။

“ပြော မကြောက်နဲ့၊ မင်းအိပ်မက်တွေကို ရဲရဲဝံ့ဝံ့ ကြေညာပစ်လိုက်”

“ကျွန်တော့်အိပ်မက်က ရိုးရှင်းပါတယ်၊ ပိုက်ဆံ အများကြီး ရှာမယ်၊ ပြီးရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေကို ကောင်းမွန်တဲ့ ဘဝလေးတစ်ခု ပေးမယ်”

ထိုလူက ပြောသည်။

“သွားပြီ၊ မင်းအိပ်မက်က ဇာတ်သိမ်းသွားပြီ”

ရဲ့လင်းချန်က ဝမ်းနည်းစွာ ခေါင်းခါလေသည်။

“ဘာ … ဘာလို့လဲ၊ ကျွန်တော်တို့ ဒီတာဝန် ပြီးရင် အိမ်ပြန်လို့ ရတယ်လေ”

ထိုလူက ခပ်သွက်သွက် ပြန်ပြောသည်။

“မင်း ပြန်လို့ရမယ်လို့ ထင်လား”

ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။

“ငါတို့ ဘာလုပ်နေတာလဲ၊ ငါတို့က ရာဇဝတ်မှုတွေ ကျူးလွန်နေတာ၊ ဒါ ခွင့်မလွှတ်နိုင်စရာပဲ၊ တကယ်လို့ တစ်ယောက်ယောက်က သိသွားရင် မင်းက အမြောက်စာတစ်ခုထက် မပိုတော့ဘူး၊ မင်းကို တွေဝေမနေဘဲ ချနင်းပစ်မျာ၊ ဒါဆို မင်းဘဝက သွားပြီ၊ မင်းမိသားစုနဲ့ ကလေးတွေကို ဘယ်လိုလုပ် ကောင်းမွန်တဲ့ ဘဝမှာ နေခိုင်းနိုင်မှာလဲ၊ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ဖို့ မင်း စဉ်းစားတုန်းက မင်းမိသားစုရဲ့ ခံစားချက်ကို ထည့်တွေးဖူးလား၊ မင်းမိသားစုကို မင်း ချစ်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ မင်းအသက်ကို အချိန်မရွေး ဆုံးရှုံးနိုင်တယ်လေ၊ ဒါက အချစ်လား၊ မင်းက လုံးဝကို လူ့အမှိုက်ပဲ”

“ငါ … ငါက တကယ်ပဲ လူ့အမှိုက်လား”

ထိုလူက မျက်ရည်ကျလာပြီး နောင်တရလာသည်။

“ငါ့မိသားစုကို ငါ စိတ်ပျက်အောင် လုပ်မိပြီပဲ …”

ထို့နောက် ရဲ့လင်းချန်၏ မျက်လုံးများက အရောင်လက်သွားပြီး တတိယမြောက်လူကို ကြည့်လိုက်သည်။

“မင်းမှာ အိပ်မက် ရှိလား”

ထိုလူက အံကြိတ်၍ ခိုင်မာစွာ ပြောလိုက်သည်။

“ကျုပ်မှာ အိပ်မက် မရှိဘူး၊ ကျုပ် အမိန့်ကိုပဲ နာခံတယ်၊ တာဝန်ကို ပြီးအောင် လုပ်တယ်”

“ဘာ … မင်းမှာ အိပ်မက် မရှိဘူးလား”

ရဲ့လင်းချန်၏ လေသံက မယုံနိုင်လောက်အောင် အထင်မြင်သေးပုံ ပေါက်နေသည်။

“အိပ်မက်မရှိတဲ့လူနဲ့ ဆားသိပ်ထားတဲ့ ငါးနဲ့ ဘာများ ကွာခြားနေသေးလဲ၊ မင်း အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်ကိုတောင် မင်း မသိဘူး၊ မင်း အသက်ရှင်နေတဲ့အချိန်မှာ လေကို အလဟဿ ဖြုန်းတီးနေတာပဲ၊ ငါသာ မင်းနေရာမှာ ဆိုရင် ဒီကမ္ဘာမှာ ဆက်တောင် အသက်မရှင်ရဲတော့ဘူး၊ မင်း … ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်”

ထိုလူသည် အစက ဇဝေဇဝါ ဖြစ်နေသေးပြီးနောက် ရှက်သွားလေသည်။ သူ့ဘေးနားမှ လူတိုင်း၏ အထင်သေးသော အကြည့်များကို သတိထားမိပြီးနောက် အော်လိုက်သည်။

“ကျုပ် ဒီလောကမှာ ဆက်နေဖို့ ဘာသိက္ခာမှ မရှိဘူး၊ ညီအစ်ကိုတို့ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် သူက ဓားကို ဆွဲထုတ်၍ သူ့လည်ပင်းကို ပြန်လှီးလိုက်သည်။

“အမိထို့ဖို … ကောင်းတယ်”

ရဲ့လင်းချန်က ဆက်ပြောလေသည်။

“ကိုယ့်အမှားကို သိပြီး အမှားတွေကနေ ပြန်သင်ယူတာက ချီးကျူးထိုက်ပါတယ်၊ ဗုဒ္ဓ ပြောခဲ့သလိုပဲ ဒုက္ခ ပင်လယ်က အဆုံးမရှိဘူး၊ ဒါပေမဲ့ ခေါင်းကို မော်ပြီး ကြည့်လိုက်မယ်ဆိုရင် ကမ်းစပ်ကို မြင်ရလိမ့်မယ်၊ အားလုံးပဲ ကိုယ့်အသိစိတ်ကို ပြန်ခံစားကြည့်ပါ၊ ကိုယ့်ဘဝကိုယ်ပြန်ကြည့်ကြည်ပါ၊ မင်းတို့ ဘာနောင်တမှ မရှိဘူးလား၊ မင်းတို့ ဒီလို ဆက်သွားနေမယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ ကင်ဆာပဲ ဖြစ်လာမှာ၊ မင်းတို့က ငယ်ပါသေးတယ်၊ မင်းတို့ ပြောင်းလဲဖို့ အချိန်ရသေးတယ် …”

ရဲ့လင်းချန်က မီးရှူးမီးပန်း ပစ်ဖောက်သကဲ့သို့ အဆက်မပြတ် ဆက်ပြောသည်။ သူသည် ဗုဒ္ဓတရားမှ စိတ်ပညာ၊ စိတ်ပညာမှနေ၍ အနာဂတ်အကြောင်း စသဖြင့် ကူးလူး၍ ဘဝအဓိပ္ပာယ်နှင့် ပတ်သက်သမျှကို ပြောနေသည်။

“ချွမ်”

ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်က သူ့လက်နက်ကို လွှင့်ပစ် လိုက်ခြင်းပင်။ ထို့နောက်တွင်မူ …

“ချွမ်”

“ချွမ်”

တစ်ယောက်ပြီး တစ်ယောက် လက်နက်ချလိုက်သည့် အသံများကို ကြားလိုက်ရသည်။ ရာချီသည့် သန်မာ ကြံ့ခိုင်သော ယောက်ျားသားများအားလုံးက သူတို့လက်နက်များကို လွှင့်ပစ်ကာ မြေကြီးပေါ် ထိုင်ချ၍ ခေါင်းပေါ် လက်တင်ကာ ငိုကြတော့သည်။

ဝမ်းပန်းတနည်း ငိုကြွေးသံများက ကျယ်လောင်လာပြီး အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေ လေသည်။

“ငါ ဘဝသက်တမ်း တစ်ဝက်လောက် နေခဲ့ပြီးပြီ၊ ဒီလို ခွေးတစ်ကောင်လို နေရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့မိဘူး”

“ငါ့လူငယ်ဘဝ ဆုံးရှုံးသွားတာကို ငါ မြင်လိုက်ရသလိုပဲ၊ လက်ခံဖို့ ခက်ခဲလွန်းတယ်ကွာ”

“အခု ငါ့အိပ်မက်တွေကို ပြန်စဉ်းစားကြည့်တော့မှ ငါ လုပ်ခဲ့သမျှ အရာအားလုံးက ရူးမိုက်လွန်းတာကို သိလိုက် ရတယ်”

“အမြင်မှန် ရသွားပြီ၊ အမြင်မှန် ရသွားတာကွ၊ ငါတို့ဘော့စ်က တကယ့်လူပဲ၊ သူ့စကားတွေက ငါ့အိပ်မက်တွေကို နိုးထလာစေတယ်၊ အီးဟီးဟီး …”

“သိပ်ကောင်းတယ်၊ မင်းတို့အားလုံး မှားတယ်ဆိုတာကို သိမှတော့ အညံ့ခံလိုက်တော့၊ မင်းတို့ အပြစ်လျော့မှာ သေချာတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ့အောင်မြင်မှုအတွက် သူ ကျေနပ်မိသည်။ သူ၏ ဝေဖန်ပြောဆိုရေး စွမ်းရည်က လံကြုပ်မဟုတ်ချေ။

သူတို့၏ ဘော့စ်ယောင်ဆောင်ထားမှုကို အသုံးချ၍ ဝေဖန်ပြောဆိုရေးစွမ်းရည်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ပိုမို၍ ယုံကြည်လောက်အောင် လုပ်နိုင်ခဲ့ပြီး သူတို့အား ပြန်ချေပနိုင်စွမ်း မရှိ ဖြစ်စေခဲ့သည်။ ဤသို့မှ မလုပ်လျင် အကျိုးရလဒ်က ပြောရ ခက်ပေလိမ့်မည်။

“ဘော့စ် ကျွန်တော်တို့အားလုံး အညံ့ခံလိုက်ရင် ဘော့စ် ဘယ်လိုလုပ်မှာလဲ”

တစ်ယောက်က စိုးရိမ်တကြီး မေးလာသည်။

“ဟုတ်တယ်၊ ဘော့စ်က အဓိကလူလေ၊ ဘော့စ် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ”

“ငါလား”

ရဲ့လင်းချန်က ခါးကိုမတ်မတ်ထား၍ ထိုင်နေလိုက်သည်။ သူ့မျက်နှာ အမူအရာက တရားမျှတမှုကို နှစ်ခါမတွေးဘဲ လိုက်နာမည့်ပုံစံ ပေါက်နေကာ ခပ်တည်တည် ပြောလိုက်လေသည်။

“မင်းတို့ ငါ့ကို စိုးရိမ်စရာ မလိုဘူး၊ ငါ့ကိုယ်ငါ စတေးလိုက်တာက မင်းတို့ရည်မှန်းချက်တွေကို ပြီးပြည့်စုံအောင် ကူညီလိုက်တာပဲ၊ ငါက … အကြာကြီး နေခဲ့ပြီးပြီ”

“ဘော့စ်….”

လူအုပ်ကြီးက ပို၍ ခါးသီးစွာ ငိုကြွေးလာပြီး တစ်ယောက်ချင်းစီတိုင်းက ထိတ်လန့်နေကြသည်။ သူတို့က ရဲ့လင်းချန်ကို မျက်ရည်ဝေ့နေသော မျက်လုံးများဖြင့် ကြည့်နေကာ ဝမ်းသာ ကြည်နူးနေကြလေသည်။

“ဘော့စ် ခင်ဗျားက ပြန်လည်မွေးဖွားလာတဲ့ ကျုပ်မိဘလိုပဲ၊ ဘော့စ်က ကျုပ်တို့ကို ဘဝအသစ်တစ်ခု ပေးလိုက် သလိုပါပဲ၊ ဘော့စ်ရဲ့ ကြင်နာမှုကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

“ဘော့စ် တစ်ခါ ဖြစ်ခဲ့ရင် အမြဲ ဘော့စ် ဖြစ်နေမှာပါ၊ ကျွန်တော်ရဲ့ လေးစားမှုကို လက်ခံပေးပါ”

…

All Chapters