မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး
Vol. 22 Ch. 322
တစ်ချိန်တည်းမှာပင် ဂိုထောင်၏ အပြင်ဘက်၌။
ရှုနန်နှင့် တပ်ကြပ်ကောင်းတို့ အဖွဲ့သည် ဂိုထောင်အား မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ သူတို့ အားလုံး၏ မျက်နှာတွင် စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေ၏။
“တပ်ကြပ်ကောင်း၊ တော်တော် ကြာနေပြီ၊ အထဲမှာ ဘာတွေ ဖြစ်နေလဲ မသိဘူး၊ တစ်ခုခုများ ဖြစ်နေတာလား”
တစ်ယောက်က စိုးရိမ်တကြီး မေးလေသည်။
“ဂိုထောင်ထဲက လာတဲ့ ငိုသံတွေကို ကြားရလား၊ ဘာလို့ လူတွေ အများကြီး စုငိုနေတယ်လို့ ငါ ခံစားမိ နေတာပါလိမ့်”
တစ်ယောက်က သိချင်နေလေသည်။
“အပြင်မှာ ကင်းလှည့်နေတဲ့ လူတွေအားလုံး အထဲ ဝင်သွားပြီ၊ တစ်ခုခုများ ဖြစ်နေတာလား”
ထို့နောက် လီဟူက ဆက်ပြောလိုက်သည်။
“အထဲဝင်သွားရအောင်”
တပ်ကြပ်ကောင်းက ခေါင်းကို အသာယမ်းသည်။
“ငါတို့ ဒီကိစ္စမှာ မဆင်မခြင် မလုပ်သင့်ဘူး၊ ဆရာရဲ့က ငါတို့ကို ဘာမှ သတင်းမပို့သေးဘူးဆိုတော့ အလျင်စလို လုပ်တာက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတာပဲ ရှိမယ်”
“ဟုတ်တယ်”
ရှုနန်ကလည်း ခေါင်းညိတ်သည်။ သူမသည်လည်း ဂိုထောင်ကို စိုးရိမ်ပူပန်မှုတို့နှင့် ကြည့်နေပြီး ပြောလေသည်။
“ကျွန်မဆရာရဲ့ ခွန်အားအရဆို တစ်ခုခု မှားသွားရင်တောင် တစ်ခုခု ဖြစ်သွားဖို့ မဖြစ်နိုင်ပါဘူး၊ စောင့်လိုက်ပါဦး”
“ဟိုမှာ တစ်ယောက်ယောက် ထွက်လာပြီ”
ထိုစဉ် လီဟူက ပြောလာသည်။ လူတိုင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဂိုထောင်တံခါးအား စူးစိုက်ကြည့် ကြသည်။
သို့သော် လူတစ်ယောက်ပြီး တစ်ယောက် ခေါင်းများ ငိုက်စိုက်ကျ၍ ထွက်လာနေသည်ကို သူတို့ မြင်လိုက် ရလေသည်။ သူတို့သည် သူတို့အကြောင်း စဉ်းစားနေပုံရပြီး မသိလျင် အမြင်မှန် ရသွားသည့်ပုံပင်။ တော်တော်များများက ပခုံးတလှုပ်လှုပ်ဖြင့် ကြိုကြားကြိုးကြား ရှိုက်သံထွက်အောင် ငိုနေကြသည်။
“ဒါက … သူတို့ ငိုနေကြတာလား”
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြလေသည်။
ထို့နောက် ရဲ့လင်းချန် ခပ်သွက်သွက် လျှောက်လာပြီး ရုပ်ဖျက်ထားသည်ကို ပြန်ပြောင်းလိုက်သည်ကို တွေ့လိုက်ရသည်။ သူက ပြုံး၍ ပြောလိုက်သည်။
“ပြီးသွားပြီ၊ သူတို့ကို ကားပေါ် ပို့ပြီး ချုပ်ထားလိုက်ပါ”
“ရဲ့ … ဆရာရဲ့၊ ဘာတွေဖြစ်ကုန်တာလဲ”
တပ်ကြပ်ကောင်း တံတွေးမျိုချ၍ မေးလိုက်သည်။
“သူတို့ အညံ့ခံလိုက်တာလေ”
ရဲ့လင်းချန်က ဘာမှမဟုတ်သကဲ့သို့ အေးအေးလူလူ ပြောလိုက်သည်။
“အညံ့ခံတာလား”
တပ်ကြပ်ကောင်းနှင့် အခြားသူများ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ သူတို့ နားကြားမှားသည်ဟုပင် ထင်မိသွားသည်။
“ဆ…ဆ…ဆ…ဆ…ဆရာ၊ ဒီလူတွေအားလုံးက အတူတူ အညံ့ခံတာလား၊ တကယ်လား”
ရှုနန် အံ့ဩနေပြီး စကားပြောနေချိန်တွင် အထစ်အထစ်ပင် ဖြစ်သွားရသည်။
“ဟုတ်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ဆရာတစ်ယောက်က အခြားသူတွေကို သူတော်ကောင်းတရားနဲ့ပဲ ဖျောင်းဖျတယ်၊ လူကြီးလူကောင်း တစ်ယောက်က လက်သီးထက် စကားလုံးတွေကိုပဲ အသုံးပြုတယ်ဆိုတဲ့ စကားလိုပေါ့၊ အကြမ်းဖက်တာက ပြဿနာတစ်ခုရဲ့ အဖြေ မဟုတ်ဘူး၊ စိတ်ရင်းနဲ့ ဆက်သွယ်ပြောဆိုမှ တစ်ဖက်လူက လုံးဝ နားလည်လက်ခံလာမှာ၊ လူတွေကို ကောင်းတဲ့ဘက် ညွှန်ပြတာက လူတစ်ယောက်ကို သတ်တာထက် ပိုအရေးကြီးတယ်၊ မင်း … ဒါတွေအားလုံးကို နားလည်ပြီလား”
*ကျွန်မက ဘာကို နားလည်ရမှာလဲ*
ရှုနန် ပါးစပ်လိုက်သော်လည်း သူ့မေးခွန်းကို ပြန်မဖြေနိုင် ဖြစ်နေသည်။ ဝတ္ထုများတွင်တောင်မှ ထိုသို့ ရေးမထားတတ်ပါ။
သို့သော် ရဲ့လင်းချန်က လက်မြှောက်၍ ထိုလူစုအား လက်ပြကာ အော်ပြောလိုက်သည်။
“ဟေ့ ငါတို့က ရဲတွေပဲ၊ လာကြ”
ချက်ချင်းဆိုသလိုပင် ရာချီသော အကြည့်များက သူ့ထံ အာရုံရောက်လာပြီးနောက် တွေးတောမနေဘဲ သူရှိရာ အရပ်သို့ အားလုံး ပြေးလာကြသည်။
“လခွမ်း”
*ငါတို့တော့ သွားပြီ၊ ငါတို့ လျှို့ဝှက်ပြီး လာတာက ပေါ်သွားပြီ*
ဤသို့ ရုတ်တရက် အပြောင်းအလဲက တပ်ကြပ်ကောင်းနှင့် အခြားသူများကို ထခုန်မိသွားစေသည်။ သူတို့ သေမတတ် ကြောက်လန့်သွားပြီး ခြေလက်များ အေးစက်လာ၏။
“ဆရာရဲ့၊ ဒါ ဘာသဘောလဲ၊ ကျုပ်တို့ကို ဆန့်ကျင်ချင်တယ်ဆိုရင် ခင်ဗျားဘာသာ လုပ်ရင်တောင် လုံလောက် နေပါပြီ၊ ဘာလို့ ကျုပ်တို့ကို ဒီလို ကစားချင်ရတာလဲ”
လီဟူ မနေနိုင်ဘဲ မေးလိုက်သည်။
သူ့ထံ ပြေးလာနေသော လူအုပ်ကြီးကို ကြည့်ပြီး သူ့မျက်လုံးတွင် ကြံရာမရဟန်တို့ ပြည့်နှက်လာသည်။
“အားလုံး အသင့်ပြင်၊ ငါက လက်လျှော့မယ့်အစား အသေခံမှာပဲ”
တပ်ကြပ်ကောင်းက ဆိုးရွားသော လေသံဖြင့် ပြောလိုက်သည်။
သို့သော် ထိုလူစုက တပ်ကြပ်ကောင်းနှင့် အခြားသူများထံ ပြေးလာချိန်တွင် မျက်ရည်များ ဝဲနေပြီး တန်း၍ ဒူးထောက် ကြသည်။ သူတို့က မျက်ရည်များကို သုတ်ပြီး စိတ်ရင်းအတိုင်း ပြောလာကြသည်။
“ရဲသားကြီးတို့၊ ကျွန်တော်က လူဆိုးတစ်ယောက်ပါ၊ ကျွန်တော် အညံ့ခံပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဖမ်းပါ”
တပ်ကြပ်ကောင်းနှင့် သူ့အဖွဲ့သားများ မျက်လုံးပြူးသွားပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ သူတို့ ပါးစပ်များ ခြောက်သွေ့လာပြီး လည်ချောင်းထဲ၌ သလိပ်များ ကပ်နေသလို ခံစားရပြီး စကားမပြောနိုင် ဖြစ်နေလေသည်။
*ဒါကြီးက … မိုက်လွန်းပါတယ်ကွာ*
သို့သော် တပ်ကြပ်ကောင်းက အတွေ့အကြုံရင့်သော ရဲသားတစ်ဦး ဖြစ်သဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ သူက ချောင်းအသာဟန့်၍ တည်ငြိမ်အောင် ကြိုးစားလေသည်။
“သိပ်ကောင်းတယ်၊ မင်းတို့ အမှားတွေကနေ ဘယ်လို သင်ယူရမလဲ သိတယ်ဆိုရင် ပြစ်ဒဏ်တွေကလည်း ပေါ့မှာပဲ”
“ရဲသားကြီး၊ အနောက်ဘက်မျာ ကျုပ်တို့ ကားတစ်စီး ရှိပါတယ်၊ ခင်ဗျား အဲ့ဒါကို သုံးပြီး ကျုပ်တို့ကို ခေါ်သွားလို့ ရပါတယ်”
“အားလုံး တန်းစီကြပါ၊ ကားပေါ် တက်တာနဲ့ သတိရှိကြပါ၊ အခု ငါတို့အားလုံး ရဲသားကြီးတွေဆီမှာ အဖမ်းခံ လိုက်ရပြီလို့ ကြေငြာတယ်”
“အိုး … အိုး … အိုး … ငါတို့ အဖမ်းခံရပြီ၊ ဒါ ငါ့ဘဝကို အသစ်ပြန်စနိုင်မယ့် နေရာပဲ”
…
“တပ်ကြပ်ကောင်း၊ ဒီလူတွေ … ခေါင်းနည်းနည်း ချောင်နေသလိုပဲ”
လီဟူက သူ့ခေါင်းကို လက်ညှိုးထိုး၍ အူကြောင်ကြောင် အမူအရာဖြင့် ကြည့်လာသည်။
“သွားကြမယ်၊ သူတို့ကို ပို့ရမယ်လေ”
တပ်ကြပ်ကောင်း သက်ပြင်းချလိုက်မိသည်။ ဘာဖြစ်သွားသလဲ သူ မသိသော်လည်း သူတို့ ဖမ်းဆီးနိုင်ခဲ့သည် မဟုတ်ပါလော။
ဂိုထောင်ထဲမှ ပစ္စည်းများကို ကြည့်လိုက်သောအခါ တပ်ကြပ်ကောင်းနှင့် အခြားသူများ ချက်ချင်း မျက်နှာ တည်သွားကြသည်။ ဤနေရာမှ သတင်းအချက်အလက်ဖြစ်စေ၊ ဗဟုသုတဖြစ်စေ၊ သိပ္ပံနည်းပညာ ဖြစ်စေ အားလုံးက အလွန် အရေးကြီးသည်။ သူတို့၏ မျက်စိအောက်၌ အားလုံးနီးပါး အခိုးခံလိုက်ရသည်ဟူသည့် အတွေးက သူတို့ စိတ်နှလုံးအား အေးခဲသွားစေသည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေက ဒီဟာတွေနဲ့ ဘာလုပ်ချင်နေတာလဲ၊ လူသွေးနဲ့ တိရစ္ဆာန်သွေးတွေလည်း ပါတယ်၊ သူတို့ ပြောလို့မထွက်တဲ့ လူမဆန်တဲ့ အရာတစ်ခုခုကိုများ လေ့လာနေတာလား”
တစ်ယောက်ယောက်က မနေနိုင်ဘဲ ခန့်မှန်းကြည့်သည်။
“အရင်ဆုံး အားလုံးကို ပြန်သယ်လာခဲ့”
လူတစ်စုက ရဲစခန်းသို့ မောင်းလာကြလေသည်။
“ဆရာ ရှင်က သိပ်သန်မာတာပဲ၊ ဒီလောက် လူအများကြီးကို အညံ့ခံအောင် လုပ်နိုင်တယ်၊ ရှင် ဘယ်လို လုပ်ခဲ့တာလဲ”
လမ်းတစ်လျှောက်တွင် ရှုနန်က မနားတမ်း ပြောလာပြီး အံ့အားသင့်နေလေသည်။
တပ်ကြပ်ကောင်းနှင့် အခြားသူများကလည်း ရဲ့လင်းချန်အား အလန့်တကြား ကြည့်နေကြသည်။ သူတို့သာ ကိုယ်တိုင် မမြင်တွေ့ခဲ့လျင် ယင်းက ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ဟု တွေးမိလောက်သည်။
“မင်း ငါ့ကို ဒါ မေးနေတာ ဆယ့်သုံးခါ ရှိပြီ၊ ငါလည်း မင်းကို ဆယ့်သုံးခါမြောက် ပြန်ဖြေမယ်၊ ဆရာတစ်ယောက် အနေနဲ့ ငါက သူတို့ကို သူတော်ကောင်းတရားနဲ့ပဲ ဖျောင်းဖျတယ်၊ ပြီးတော့ သူတို့ကို လွှမ်းမိုးနိုင်တဲ့ စကားမျိုး သုံးခဲ့တာ”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
“ဆရာရဲ့ မင်းက အံ့ဩဖို့ ကောင်းတယ်”
လီဟူ ပြုံးလိုက်သည်။
“လူတစ်ဘောက်က သူ ဘုန်းကြီး ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်၊ ဘုန်းကြီးတစ်ပါး ဖြစ်လာအောင် ဘယ်လို လုပ်ရမလဲလို့လဲ မေးတယ်”
သူတို့သည် နေ့အလင်းရောင် ရသည်အထိ အလုပ်လုပ်ခဲ့ရပြီးမှသာ ထိုလူများကို အချုပ်ထဲ ထည့်နိုင်ခဲ့သည်။ ထို့အပြင် တစ်ဖက်လူများကလည်း အလွန် ပူးပေါင်းဆောင်ရွက်ပေးသည်။ ချက်ချင်းဆိုသလိုပင် ထောင်တစ်ခုလုံး ပြည့်သွားလေသည်။
တပ်ကြပ်ကောင်းက လူအများကြီးကို ဖမ်း၍ ပြန်လာသည်ကို မြင်သောအခါ ရဲစခန်းတစ်ခုလုံး ထိတ်လန့် ခဲ့ပေသည်။ နောက်ဆုံးတွင် ထူးခြားသော အခြေအနေများကြောင့် စစ်သည်တော်ဌာနကို သတင်းပို့ခဲ့လေသည်။ သို့သော် ဤသည်ကို ရဲ့လင်းချန် စဉ်းစားမနေပေ။
“ဆရာ ကျွန်မ ပြန်လိုက်ပို့ပေးပါ့မယ်”
ရှုနန်က ပြောသည်။
“ကောင်းပြီလေ”
“ဆရာ ဒီတစ်ခေါက်အတွက် ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်ပါတယ်၊ ရှင်က ကျွန်မကို ကယ်ခဲ့ရုံတင် မကဘူး အောင်မြင်မှု ရအောင်ပါ လုပ်ပေးခဲ့တယ်၊ ကျွန်မ ရှင့်ကို နေ့လယ်စာ ဖိတ်ကျွေးချင်ပါတယ်”
ရှုနန်က ပြောလိုက်သည်။
“ငါက မင်းရဲ့ဆရာလေ၊ ဘာလို့ အဲ့လောက် လောကဝတ် ထားနေတာလဲ”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ထားရမှာပေါ့၊ တပည့်ပ ဆရာကို ဖိတ်တယ်ဆိုတာ မှန်တယ်၊ ရှင် ငြင်းလို့မရဘူး၊ မဟုတ်ရင် … ကျွန်မ ငိုမှာ”
ရှုနန်က ရဲ့လင်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။
“ရတယ်၊ မင်းသဘောပဲ”
ရဲ့လင်းချန် အောင့်သက်သက်ဖြင့် ခေငါ်းညိတ်လိုက်ရသည်။ ပိတ်ရက်ဖြစ်သဖြင့် သူ့အတွက် ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိပေ။
တစ်ချိန်တည်းမှာပင် အကျဉ်းထောင်အတွင်း၌ …
ဘော့စ်ဖြစ်သူ သတိရလာပြီး တွေဝေသွားသည်။ သူ့ဘေး၌ ရင်းနှီးနေသော လူများကို မြင်လိုက်ရသောအခါ ချက်ချင်း ခေါင်းယမ်းလိုက်မိပြီး အလန့်တကြား မေးလိုက်သည်။
“ဘာတွေဖြစ်ကုန်တာလဲ၊ ဘယ်လိုလုပ် ငါတို့အားလုံး ထောင်ထဲ ရောက်နေတာလဲ”
“ဘော့စ် နိုးလာပြီပဲ”
လူတစ်ချို့က ချက်ချင်း အပြုံးနှင့် အနားလာပြီး ဂုဏ်ယူနေသော မျက်နှာထားများ ရှိနေကြသည်။
“ဘော့စ် မေ့သွားပြီလား၊ ကျွန်တော်တို့ အညံ့ခံလိုက်တာလေ၊ ကျွန်တော့်ဘဝထဲ လုပ်ဖူးသမျှထဲမှာ ဒါ ဂုဏ်အရှိဆုံး အရာပဲ”
“အညံ့ခံတယ် ဟုတ်လား၊ မင်းကို အညံ့ခံဖို့ ဘယ်သူ ပြောတာလဲ”
ဘော့စ်ဖြစ်သူ လန့်သွားသည်။
“ဘော့စ်လေ၊ ဘော့စ်ရဲ့ သင်ကြားမှုတွေက ကျွန်တော်တို့ကို နောင်တရစေခဲ့တာ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ အားလုံး အညံ့ခံလိုက်တာ၊ ဘော့စ် ကျွန်တော်တို့ ဘော့စ်ရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
လူတိုင်း လေးနက်စွာ ပြောလာသည်။
“ငါကလား”
ဘော့စ်၏မျက်နှာက ချက်ချင်း မည်းမှောင်လာသည်။ သူ့ခေါင်းတစ်ခုလုံး ချာချာလည်လာပြီး အသံက အက်ကွဲ လာ၏။
“မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး၊ ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်၊ ငါ အခုထိ သတိမေ့နေပြီးတော့ သတိမရ သေးတာနေမှာ”
ထိုသို့ပြောပြီးနောက် သူ့ခေါင်းက တစ်ဖက်သို့ စောင်းသွားပြီး သတိလစ်သွားလေသည်။