ပရိသတ်များအဖြစ်မှ မုန်းတီးသူများ ဖြစ်သွားသည့် စာဖတ်သူများ
Vol. 22 Ch. 323
ရဲ့လင်းချန် မွန်းတည့်ချိန်အထိ အိပ်နေခဲ့သည်။ သူ နိုးလာသောအခါ ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်ကာ ရှုနန်နှင့် ချိန်းထားသော နေရာသို့ သွားရန် အသင့်ပြင်လိုက်သည်။
ယခုရက်ပိုင်းအတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် အပိုင်းသစ် တင်ခြင်းသည်လည်း မသိမသာ ကျဆင်းသွားခဲ့သည်။ စာအုပ် ဝေဖန်ရေးကဏ္ဍတွင် စောဒတက်သော စာများနှင့် ပြည့်နေခဲ့သည်။ သို့သော် ရဲ့လင်းချန် အပိုင်းသစ်များ တင်လိုက်သောအခါ စာအုပ် ဝေဖန်ရေးကဏ္ဍ၌ မှတ်ချက်များ ပို၍ ပလူပျံလာသည်။
ရှောင်ချန်သည် ရောင်းအားအကောင်းဆုံး ဖြစ်သမျှ မည်သည့် စာအုပ်အမျိုးအစားမဆိုကို အကုန် ဖတ်သည့် စာကြမ်းပိုးတစ်ယောက် ဖြစ်သည်။ သူသည် အကြိုက်ဆုံး လက်ရာများကို ရွေးချယ်ပြီးနောက် စိတ်အား ထက်သန်စွာ လိုက်ဖတ်တတ်သည်။ နတ်ဘုရားများကို သုတ်သင်ခြင်းကို တင်ပြီးသည့်နောက်တွင် သူသည် ထိုလက်ရာကို အလွန် သဘောကျမိခဲ့သည်။ သူသည် မည်သည့်အပိုင်းကိုမျှ မလွတ်စေရဘဲ ထိုစာအုပ်ကို ဖတ်ခြင်းက သူ့အလေ့အထထဲမှ တစ်ခုပင် ဖြစ်လာလေသည်။ သူ ဖတ်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာရသည်။
[ငါကဝိုင်က ငါတို့ကို အချိန်ဆွဲထားတာ စိတ်မကောင်းစရာပဲ၊ အပိုင်းသစ်တွေကလည်း အမြဲ ပြတ်တောင်း ပြတ်တောင်းဖြစ်လာတယ်၊ တစ်နေ့တည်းနဲ့ စာလုံးရေ ထောင်သောင်းချီပြီး ဖတ်ရတဲ့ နေ့တွေကို ငါ လွမ်းလိုက်တာ]
ရှောင်ချန် ညည်းညူလိုက်သည်။
“အပိုင်းသစ်များ နည်းလာတာမပြောနဲ့ တင်တဲ့အချိန်ကလည်း မငြိမ်တော့ဘူး၊ ဟူး …”
သူ ညည်းညူပြီးနောက် လုပ်နေကြအတိုင်း website ကို ဖွင့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ ရင်ခုန်သွားပြီး မျက်နှာတွင် ပျော်ရွှင်ဟန် ပေါ်လာသ်ည။
*နတ်ဘုရားများကို သုတ်သင်ခြင်း တင်ပြီပဲ*
*အံ့ဩစရာပါလား*
သူ တုံ့ဆိုင်းမနေဘဲ နတ်ဘုရားများကို သုတ်သင်ခြင်းကို နှိပ်၍ ဇာတ်လမ်းကို အသည်းအသန် စဖတ်လေသည်။
ထိုအပိုင်းသည် နတ်ဘုရားများကို သုတ်သင်ခြင်းအတွက်လည်း အရေးပါသော အထွတ်အထိပ်နေရာ တစ်ခု ဖြစ်သည်။ မိစ္ဆာဂိုဏ်းနှင့် ဖြောင့်မတ်သောဂိုဏ်းတို့ ချင်းယွင်တောင်ထိပ်၌ စုစည်း၍ တစ်ဖက်နှင့် တစ်ဖတ် မပြီးဆုံးနိုင်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ မရေတွက်နိုင်သော အထင်လွဲမှုများ အပြီးတွင် ကျန်းရှောင်ဖန်နှင့် မိစ္ဆာဂိုဏ်းတို့က တစ်နည်းနည်းဖြင့် ဆက်စပ်နေသည်ဟု လူတိုင်း ခံစားမိလာကြသည်။
မိစ္ဆာများ ပြန်ဆုတ်ခွာတော့မည့်အချိန်၌ ချင်းယွင် အရှင်သခင်က ကျန်းရှောင်ဖန်၏ အနာဂတ် အလားအလာကို ကြောက်ရွံ့သဖြင့် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားများကို သုတ်သင်ခြင်း ဓားအစီအရင်ကို အသုံးပြုလိုက်သည်။ ကျန်းရှောင်ဖန် မလွဲမသွေ အသတ်ခံရလောက်သည်။
နတ်ဘုရားများကို သုတ်သင်ခြင်း ဓားအစီအရင် စတင်လာသည်နှင့် ဓားချီများ ပျံ့လွင့်လာကာ လေတိုးသံ ထွက်ပေါ်လာပြီး ကြီးမားသော ဓားတစ်လက်ပုံစံ ပေါ်လာသည်။ အတောမသတ်နိုင်သော ဓားချီစွမ်းအင်က ကျန်းရှောင်ဖန်ကို လွှမ်းခြုံသွားသည်။
စိတ်ရှုပ်ထွေးနေသော အကြည့်များစွာက ကျန်းရှောင်ဖန်ထံ ကျရောက်လာလေသည်။ သူတို့သည် အတူတကွ ကြီးပြင်းလာသော ညီအစ်ကိုများအဖြစ်မှ လူယုံများ ထို့နောက် နောက်လိုက်များအဖြစ် လိုက်ပါခဲ့ကြသည်။ သို့သော် ၎င်းအခြင်းအရာအားလုံးက ကျန်းရှောင်ဖန်၏ သေရမည့် ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိပုံရသည်။
[မဖြစ်ရဘူး၊ ကျန်းရှောင်ဖန်က ဇာတ်လိုက်လေ၊ သူ သေလို့မရဘူး]
ရှောင်ချန်သည် ထိုအပိုင်းများကို ဖတ်သည့်အခါတိုင်း အလွန် အလေးအနက် ထားသည်။ သူသည် တစ်လုံးချင်း ဖတ်ပြီး ဇာတ်ကြောင်းက သူ့စိတ်ကို ကြည်နူးစေသည်။ အပိုင်းတစ်ပိုင်းတည်းသာ ဖြစ်သော်လည်း အချိန်က ဆယ်စုနှစ်တစ်ခုတမျှ နှေးကွေးသွားသည်ဟု ထင်မှတ်ရသည်။ သူ စိတ်အားထက်သန်စွာဖြင့် ဆက်ဖတ်နေသည်။
[တိတ်ဆိတ်ခြင်းက တစ်လောကလုံးကို တစ်ခဏအတွင်း လွှမ်းမိုးလာသည်။ လွှမ်းမိုးနိုင်ပြီး ကမ္ဘာတုန် လောက်သည့် နတ်ဘုရားများကို သုတ်သင်ခြင်း ဓားအစီအရင်၏ အရှိန်အဝါတောင်မှ ရပ်စဲလာသည်။ …]
နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သည့် နူးညံ့ပြီး ဖြူစင်သော လက်လေးက သူ့ဘေး၌ ပေါ်လာသည်။ တိတ်ဆိတ်နေသော်လည်း ခေါင်းလောင်းသံကဲ့သို့ ကြည်လင်းပြတ်သားသော အသံတစ်သံ ပေါ်လာပြီး သူ ဘေးသို့ တွန်းပို့ခံလိုက်ရသည်။
နှစ်ထောင်ချီ အိပ်စက်နေပုံရသည့် အသံတစ်သံ ဖြစ်သော်လည်း လက်ရှိတွင် ညင်သာစွာ ထွက်ပေါ်လာပြီး ချစ်ရသူအတွက် ချိုသာစွာ ပြောဆိုလာလေသည်။
“ငရဲဘုံကိုးဘုံက ဝိညာဉ်များ၊ နတ်ဘုရားများ အားလုံးနှင့် မိစ္ဆာများကို ကျွန်မရဲ့ အသွေးအသားနဲ့ ခန္ဓာကိုယ်ကို ယဇ်ပူဇော်ပါတယ် …”
သူမသည် ပြင်းတိုင်းသော မုန်တိုင်းတွင်း၌ ရပ်နေပြီး မသိမသာ နီရဲနေသည့် မျက်ဝန်းများဖြင့် ကျန်းရှောင်ဖန်ကို ကြည့်လေသည်။ သူမ၏ ဖြူစင်၍ ကြည်လင်သော မျက်နှာလေးက ခပ်ဖျော့ဖျော့ ပြုံးနေခဲ့သည်။
လေညင်းက သူမ၏ အစိမ်းဖျော့ရောင် ဝတ်စုံကို တိုက်ခတ်သွားသဖြင့် ယင်းက တဖျတ်ဖျတ်လွင့်နေပြီး လောကတွင်းမှ ဆွတ်ပျံ့စရာ အကောင်းဆုံး မြင်ကွင်းတစ်ခုကဲ့သို့ ကခုန်နေလေသည်။
ထိုအပိုင်းကို ဖတ်ပြီးနောက် ရှောင်ချန်၏ ရင်ထဲ၌ ဝမ်းနည်းကြေကွဲသလို ခံစားလိုက်ရသည်။ အလွန် ဆိုးရွားသော ခံစားချက်တစ်ခုက သူ့ကို စတင်၍ စိုးမိုးလာသည်။
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပိုးဖလံ မီးကို တိုးသကဲ့သို့ ကြီးမားသော ဓားထံသို့ ပြေးဝင်သွားသည့် အခန်းကို ဖတ်လိုက်ရသောအခါ ရှောင်ချန်၏ မျက်လုံး၌ မျက်ရည်များ ဝေ့တက်လာသည်။
[…သုံးလောကနဲ့ ဘုံခုနစ်ဘုံမှာ ထာဝရ ငရဲကျနေရမယ်ဆိုရင်တောင်မှ အချစ်အတွက်ဆို ကျွန်မ နောင်တမရဘဲ သေရဲပါတယ် …]
မျက်ရည်များ ပါးပေါ် စီးကျလာပြီးနောက် ရှောင်ချန် ငိုကြွေးလေတော့သည်။ ဝတ္ထုတစ်ပုဒ် ဖတ်ရင်း မျက်ရည်ကျသည်က သူ့အတွက် ပထဆုံးပင်။
“ချီးပဲ ချီးပဲ”
သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ထရပ်ကာ ကျိန်ဆဲလေတော့သည်။ သူ့ရင်ထဲ၌ တင်းကြပ်နေသည်ကိုသာ ခံစားမိနေ၏။
“ပီယောင် သေသွားတာလား၊ စာရေးဆရာက ငါ့ပီယောင်လေးကို တကယ်ကြီး သတ်လိုက်တာလား”
နတ်ဘုရားများကို သုတ်သင်ခြင်းသည် လက်ရှိတွင် ရေပန်းအစားဆုံး စာအုပ်ဖြစ်ပြီး လူအများ သဘောအကျဆုံးက ဝတ္ထုတွင်းမှ ကောင်းကောင်း ဖော်ပြထားသည့် ဇာတ်လိုက် မင်းသမီးပင်။
အံ့ဩစရာ ကောင်းသည်က နာမည်အကြီးဆုံး အမျိုးသမီးသည် မိစ္ဆာဂိုဏ်းမှာ ပီယောင် ဖြစ်နေသည်။ သို့သော် ဇာတ်လမ်းက သူမသေဆုံးမှုအကြောင်း ရေးသားထားသည်။
ငိုသည့်သူက ရှောင်ချန် တစ်ယောက်တည်း မဟုတ်ချေ။ ထိုအပိုင်း တင်လိုက်သောအခါ လူပေါင်းများစွာက ဖတ်ရှုကြပြီး ထပ်တူ ငိုကြွေးသူများက များလှသည်။
[ချီးပဲ၊ ဒါ လိမ်နေတာ ဟုတ်တယ်မလား၊ စာရေးဆရာ အခုချက်ချင်း ထွက်လာခဲ့စမ်း၊ ငါတို့ သနားတာကို လိုချင်လို့ မင်း လိမ်နေတာမလား၊ ဟုတ်တယ်မလား]
[စာရေးဆရာ မင်း ပီယောင် သေတာကို ရေးမယ်ဆိုရင် ငါ ဒီစာအုပ်ကို စွန့်ပစ်ပြီး မုန်းတီးသူတစ်ယောက်ပဲ လုပ်လိုက်တော့မယ်၊ ငါ လေကျယ်နေတာ မဟုတ်ဘူးနော်]
[ယီးပဲ ပီယောင် ပြန်ရှင်လာမှာ မဟုတ်လား၊ စာရေးဆရာ မင်းမှာ နှလုံးသားရော ရှိသေးရဲ့လား၊ မင်းက တိရစ္ဆာန်ပဲ]
[အား … အား … အား … စာရေးဆရာ ထွက်လာပြီး အသေခံစမ်း၊ မင်း ဘာလို့ ပီယောင် သေတာကို ရေးတာလဲ၊ ငါ စဖတ်တုန်းက ပျော်နေခဲ့တာ၊ အခုတော့ မင်းက ငါ့ကို ဒီလို လုပ်ပြတယ်ပေါ့လေ]
[တစ်နေ့လုံး မဟုတ်ဘူး တစ်လလုံး ငါ စိတ်အခြေအနေ ကောင်းတော့မှာ မဟုတ်ဘူး၊ စာရေးဆရာ မင်း ပီယောင်ကို ပြန်ရှင်အောင် မလုပ်ပေးရင် ငါ မင်းဆီကနေ အဆုံးအထိ ရှင်းပြချက် တောင်းနေမှာကွ]
တစ်ခဏအတွင်းမှာပင် စာအုပ် ဝေဖန်ရေး ကဏ္ဍ၌ မှတ်ချက်များနှင့် ပြည့်နှက်လာ၏။ လူတိုင်းနီးပါး ရဲ့လင်းချန်ကို စိန်ခေါ်ကာ ပီယောင်ကို ပြန်ရှင်လာအောင် လုပ်ပေးရန် ဖိအားပေးလာသည်။
ထိုရလဒ်ကြောင့် ပီယောင်ဟူသည့် နာမည်က ရေပန်းစားနေသော ရှာဖွေမှုများစာရင်း၌ ပေါ်လာလေသည်။
ရဲ့လင်းချန်က ထုံးစံအတိုင်း ထိုအရာအားလုံးကို ဥပေက္ခာ ပြုထားသည်။ ထို့နောက် သူ ရှုနန်နှင့် ချိန်းထားသည့် နေရာသို့ ရောက်သွားသည်။
ရှီကျုံး စားသောက်ဆိုင်သည် မြို့တော်တွင်း၌ နာမည်ကျော် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။ ဈေးက အလွန် မြင့်မားခြင်း မရှိသလို အပြင်အဆင်က အလွန် ကောင်းသည်။ ၎င်းသည် စုံတွဲများအတွက် အဆင်ပြေလေသည်။ စားသောက်ဆိုင်တစ်ဆိုင်လုံးအား နွေးထွေးသော အရောင်မျိုး သုတ်လိမ်းထားပြီး ဟင်းလျာကို စားပွဲထိုးက လာချပေးခြင်း မဟုတ်ဘဲ မိမိစားပွဲပေါ်သို့ လျှောတံမှ လျှောကျလာခြင်း ဖြစ်သည်။ ၎င်းက အလွန့်ကို တစ်မူထူးခြားလှသည်။
“ဆရာ ဒီမှာ”
သူ စားသောက်ဆိုင်ထဲ ဝင်လိုက်သည်နှင့် ရှုနန်က သူ့ကို လှမ်းခေါ်သည်။ ရဲ့လင်းချန် ပြုံး၍ သူမထံ လျှောက်သွား လိုက်သည်။
သို့သော် ဘေးမှလူတစ်ယောက်ကို တွေ့ပြီး သူ အံ့ဩသွားရသည်။
“ဆရာမရှုလား”
“ရဲ့လင်းချန်၊ နင်က ရှုနန်ရဲ့ ဆရာလား”
ရှုဝမ်ချင်သည်လည်း ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေသည်။ သူမ မသိမသာ ပါးစပ်လေး ဟနေပြီး စိတ်ရှုပ်ထွေးနေ၏။
“အစ်မ နင် သူ့ကို သိလို့လား”
ရှုနန်သည်လည်း အံ့ဩနေ၏။
ရဲ့လင်းချန် အောင့်သက်သက် ပြုံးလိုက်မိသည်။ ရှုဝမ်ချင်က ရှုနန်၏ အစ်မ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ ရှုနန်နှင့် အခြားသူများ ကမ္ဘာမြေရဲ့ ဂိတ်တံခါး၏ တည်နေရာကို အဘယ်ကြောင့် အသည်းအသန် ရှာနေရသလဲ ဆိုသည်ကို သူ သဘောပေါက်သွားသည်။ ရှုနန်၏ အစ်မက ပြန်ပေးဆွဲခံခဲ့ရသဖြင့် သူမ ယင်းတာဝန်ကို အလေးအနက် ထားသည်က သဘာဝပင်။
“သူက ငါ နင့်ကို ပြောတဲ့ သင်္ချာပါရမီရှင်လေ”
ရှုဝမ်ချင်က ပြောလိုက်ပြီး လျင်မြန်စွာ တည်ငြိမ်သွားလေသည်။
“ဟင်”
ရှုနန် ပင့်သက်ရှိုက်မိသွားပြီး ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်နေသည်။
“ဆရာ ရှင်က သင်္ချာလည်း တော်တာလား၊ အံ့ဩဖို့ ကောင်းလိုက်တာ”
“နည်းနည်းလေး လေ့လာထားလို့ပါ၊ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး”
ရဲ့လင်းချန် နှိမ့်ချ၍ ပြောလိုက်သည်။
“ဆရာရဲ့ လေလုံးထွားတတ်တာကလည်း ထူးချွန်လွန်းတယ်လို့ ကျွန်မ သတိထားမိတယ်၊ မိုက်တယ်”
ရှုနန်က တအံ့တဩ ထပ်ပြောလေသည်။
“မင်း မင်းအစ်မဆီကနေ ပိုနူးညံ့ပြီး ပိုစကားနည်းတဲ့ မိန်းကလေးဖြစ်ဖို့ သင်သင့်တယ်လို့ ငါ ထင်တယ်”
ရဲ့လင်းချန် စိတ်ပျက်လက်ပျက်ဖြင့် အကြည့်လွှဲလိုက်သည်။
ရှုနန် နှုတ်ခမ်းစူသွားသည်။
“ဆရာ ရှင် ကျွန်မအစ်မကို စိတ်ဝင်စားနေတာလား၊ စိတ်မကောင်းစရာက ရှင် ခြေတစ်လှမ်း နောက်ကျသွားပြီ၊ ကျွန်မအစ်မမှာ ချစ်ရမယ့်သူ ရှိနေပြီလေ”
*ဟမ်*
ရဲ့လင်းချန်က ရှုဝမ်ချင်ကို တအံ့တဩ ကြည့်လိုက်သည်။ သူမကဲ့သို့ သင်္ချာတွင် စိတ်နှစ်ထားပြီး ဆိတ်ဆိတ်နေတတ်သည့် မိန်းကလေးတွင် ချစ်ရမည့်သူ ရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ရှုနန် မဟုတ်တာတွေ မပြောနဲ့”
ရှုဝမ်ချင်က ရှက်သွားပြီး ချက်ချင်း ပြန်ပြောသည်။
“ကျစ် လုပ်စမ်းပါ အစ်မရယ်၊ နင် နေ့တိုင်း စူပါမန်းဝိုင် လက်ကောက် ဝတ်ထားတာကို အရူးတောင် သိတယ်၊ နင် စူပါမန်းဝိုင်ရဲ့ ဗွီဒီယိုတွေကို ခဏခဏ ပြန်ပြန်ကြည့်နေတာလေ၊ ဒါ အချစ်မှ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ”
ရှုနန်က ခပ်ကျယ်ကျယ် ပြောပြီးမှ ခဏရပ်လိုက်သည်။ ထို့နောက် သူမ ဆက်ပြောလေသည်။
“ငါ့ကို လာမေးရင်တော့ စူပါမန်းဝိုင်က ငါ့ဆရာလောက် မတော်ဘူးလို့ ငါ ပြောမှာ …”