ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်း ဌာနချုပ်
Vol. 22 Ch. 324
“ရှုနန် နင် တိတ်တိတ်နေလို့ မရဘူးလား”
ရှုဝမ်ချင် စိုးရိမ်တကြီး ပြောလိုက်သည်။ သူမ ထိန်းချုပ်မှု ကင်းမဲ့ပြီး အနေခက်သည့်ပုံစံကို ရဲ့လင်းချန် ပထမဆုံး အကြိမ် မြင်ဖူးခြင်းပင်။
“ပြီးရော၊ ငါ တိတ်တိတ်နေပေးမယ်၊ ဒါပေမဲ့ မနေ့ညက ငါ့ဆရာရဲ့ အစွမ်းကို အစ်မ မမြင်လိုက်လို့နော်၊ သူက လက်သီးတစ်ချက်တည်းနဲ့ အပင်တွေ အများကြီးကို လဲကျအောင် လုပ်ခဲ့တာ”
ရှုနန်သည် မနေ့က အဖြစ်အပျက်ကို တွေးမိတိုင်း စိတ်လှုပ်ရှားလာသည်။
“တကယ်ပြောတာ၊ သူက တအားကို ပြိုင်ဘက်ကင်းတာ”
“ဟွန်း … ငါ ပြန်ပေးဆွဲခံရတဲ့နေ့က နင် မရှိလို့ပါ၊ ကျည်ဆံကတောင် စူပါမန်းဝိုင်ကို ထိခိုက်အောင် လုပ်နိုင်တာ မဟုတ်ဘူး”
ရှုဝမ်ချင်က မစဉ်းစားဘဲ ပြောချလိုက်သည်။
“ဟဲဟဲ အစ်မ နင် စူပါမန်းဝိုင်ဘက်ကို အဲ့လောက် မြန်မြန် ယိုင်သွားပြီလား”
ရှုနန်က ရှုဝမ်ချင်ကို မချိုမချည် ကြည့်ပြီးမှ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါတို့ စူပါမန်းဝိုင်ရဲ့ နောက်ခံကို လေ့လာနေပါတယ်၊ သတင်းတစ်ခုခု ရမယ်ဆိုရင် ငါ နင့်ကို အရင်ဆုံး ပြောပြမှာပါ၊ သူက တအားချောတဲ့ ယောက်ျားလေး တစ်ယောက် ဖြစ်ရင် ဖြစ်နေနိုင်မှာပဲလေ”
ထိုအခိုက်တွင် ရှုဝမ်ချင် ငြိမ်ကျသွားသည်။ သို့သော် သူမမျက်လုံးတွင် စိတ်ခံစားချက်များစွာ ပေါ်လွင်နေ၏။
ရဲ့လင်းချန်သည် တစ်ဖက်မှနေ၍ ညီအစ်မနှစ်ယောက်၏ စကားကို နားထောင်နေခဲ့သည်။ သူတို့ ပြောနေသည့်လူက တစ်ယောက်တည်း ဖြစ်နေသည်ကို သူတို့ သိသွားလျင် ဖြစ်လာမည့်အရာကို ဘုရားသာ သိပေလိမ့်မည်။
“ဪ … ဆရာမရှု၊ ဘာလို့ တစ်ယောက်ယောက်က ဆရာမရှုကို ပြန်ပေးဆွဲတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
ထိုစဉ် ဟင်းပွဲများက လျှောတံမှနေ၍ လျင်မြန်စွာ ရောက်ရှိလာသည်။ မြင်ကွင်းက မျက်စိပသာဒ ဖြစ်စရာ ကောင်းလှပြီး လူတိုင်းက စားသောက်ရင်း စကားပြောနေကြသည်။
ရှုနန်နှင့် ရှုဝမ်ချင်တို့က ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု စီအီးအို၏ သမီးများ ဖြစ်နေလေသည်။ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုသည် နာမည်ကျော် ပြည်တွင်း အော်တိုမိုဘိုင်း လုပ်ငန်းကြီး ဖြစ်ပြီး ဈေးကွက်တန်ဖိုးက ဘီလီယံ ရာချီလေသည်။ သူတို့က ဩဇာညောင်းပြီး နိုင်ငံတကာတွင်လည်း စိုးမိုးနိုင်သည်။ ပြီးခဲ့သော နှစ်နှစ်အတွင်း ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုသည် ၎င်း၏ သိပ္ပံနှင့် နည်းပညာတို့၌ ပိုမို ထိုးဖောက်လာနိုင်ပြီး ပို၍ ကျော်ကြားလာခဲ့သည်။ သူတို့သည် မောင်းသူမဲ့ နည်းပညာ၏ ပြဿနာများကို ကျော်လွှားနိုင်ပြီး များမကြာမီအချိန်၌ မောင်းသူမဲ့ကားများ ထုတ်လုတ်နိုင်ပေတော့မည်။
ထိုသတင်းက သတင်းထူးကြီးပင်။ ၎င်းက နယ်ပယ်တစ်ခုလုံး၌ မုန်တိုင်းထန်စေခဲ့ပြီး ယခုအတောအတွင်း ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက ပို၍ အာရုံစိုက် ခံလာရကာ မုန်တိုင်း၏ စပ်ကူးမပ်ကူးနေရာ ဖြစ်လာ၏။
ယခုခေတ်သည် သိပ္ပံနှင့် နည်းပညာခေတ် ဖြစ်သည်။ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုက ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးနိုင်စွမ်း ရှိပေမည်။ ပထမဆုံး သေးငယ်သည့် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခြင်းက အနာဂတ်တွင် ခန့်မှန်းမရနိုင်သော အောင်မြင်မှု အရှိန်အဝါကို ရနိုင်စေလောက်သည်။
လူအများ၏ အားကျခြင်း ခံရသည့်အပြင် သူတို့၏ ပြိုင်ဘက်များထံမှလည်း အန္တရာယ်များ ကြုံတွေ့ရသည်။ ထိုသို့သော နည်းပညာအား လူတော်တော်များများက သူတို့အပိုင်အဖြစ် ပြောချင်ကြသည်။ ထို့ကြောင့်လည်း ရှုဝမ်ချင် ပြန်ပေးဆွဲခံရခြင်း ဖြစ်လေသည်။
“အဲ့ဒီလူတွေက တကယ် ရူးနေတာပဲ”
ရှုနန်သည် မနေ့က သူတို့စခန်း၌ တွေ့ခဲ့သော ပစ္စည်းများကို ပြန်စဉ်းစားမိပြီးနောက် စိတ်ထဲ အေးခနဲ ဖြစ်သွားလေသည်။ ယင်းသည် အလွန် ကြောက်လန့်စရာ ကောင်းလှပြီး ထိုလူတွေက ထိုမျှ ဆိုးယုတ်သော အရာများကို ဘယ်လိုလုပ် လုပ်နိုင်နေသလဲ သူမ မတွေးတတ်တော့ပါ။
“သူတို့အားလုံးက လူစိတ်မရှိတဲ့ သိုင်းပညာရှင်တွေ၊ သူတို့ရဲ့ ခွန်အားကိုပါ ပေါင်းလိုက်ရင် သူတို့အားလုံးက အရမ်း အန္တရာယ်များတယ်၊ ဒီလိုကိစ္စမျိုးနဲ့ မပတ်သတ်တာ အကောင်းဆုံးပဲ၊ စစ်သည်တော်ဌာနကိုပဲ လွှဲလိုက်”
ရဲ့လင်းချန်က ရှုနန်ကို အကြံပေးလိုက်သည်။ ရှုနန်က ရင်တုန်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်က ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ မင်းသမီးလေးတွေ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မထားမိဘူး၊ တရားမျှတတယ်၊ ချမ်းသာပြီးတော့ ချောတယ်၊ ဒဏ္ဍာရီတွေထဲကလိုပဲ၊ လေးစားပါတယ်၊ လေးစားပါတယ်”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်လေသည်။
“ဟီးဟီး၊ ဆရာ အခုမှ သိရလို့လည်း နောက်မကျသေးပါဘူး၊ ကျွန်မအစ်မမှာ ချစ်ရမယ့်သူ ရှိနိုင်ပင်မယ့် ကျွန်မကို ပိုးမယ်ဆိုရင် အခွင့်အရေး ရှိပါသေးတယ်”
ရှုနန်က သူ့ကို ဆွဲဆောင်လေသည်။
ရဲ့လင်းချန်က ရှုနန်၏ ခေါင်းကို အသာခေါက်လိုက်သည်။
“မင်းအစ်မရဲ့ တစ်ဝက်လောက်ပဲ ငြိမ်မယ်ဆိုရင် ငါ စဉ်းစားမိလောက်မှာ”
စားသောက်ပြီးနောက် ရဲ့လင်းချန်က ရှုနန်၏ အကြံပေးစကားကို သဘောတူပြီး သူတို့နှင့်အတူ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု ဌာနချုပ်သို့ လိုက်သွားသည်။
မိန်းမလှလေးနှစ်ယောက်က ရှေ့မှ ဦးဆောင်သွားသောခါ လမ်းခရီး၌ ဘာအနှောင့်အယှက်မှ မရှိချေ။
ထိုသို့သော ကုမ္ပဏီ၏ ဌာနချုပ်အား ရှင်းပြစရာပင် မလိုအပ်ပါ။ ၎င်းသည် အပြင်အဆင်ပိုင်း၌ ပြိုင်စံရှားပြီး ခမ်းနားလှသည်။ လမ်းတစ်လျှောက်တွင် တဒေါက်ဒေါက် အသံများကို ကြားနေရသည်။ ၎င်းအသံမှာ ဒေါက်ဖိနပ်များ ကြမ်းပြင်နှင့် ထိမိသည့်အသံဖြစ်ကာ မြန်ဆန်သော စည်းချက်သံအဖြစ် ထွက်ပေါ်နေခြင်းပင်။
ယူနီဖောင်း ဝတ်ဆင်ထားသော ရုံးဝန်ထမ်းတစ်ဖွဲ့က လက်ထဲတွင် ဖိုင်တွဲများကိုင်၍ ဟိုဟိုဒီဒီ သွားလာနေ၏။ သူတို့အားလုံးက အရည်အချင်းရှိသူများ ဖြစ်ပုံရသည်။
ကုမ္ပဏီတစ်ခုလုံး၏ ဌာနခွဲများ ထားရှိပုံက ရှင်းလင်းပြတ်သားသည်။ အထပ်တစ်ထပ်တိုင်းတွင် ဌာနတစ်ခု ရှိပြီး လူတစ်ယောက်ချင်းစီတိုင်းကို သူတို့၏ တာဝန်များ ခွဲဝေပေးထားသည်။ ယင်းက အလွန် စည်းစနစ် ကျလှသည်။
ရှုနန်သည် ချီတုံချတုံ ဖြစ်နေပြီးမှ အထပ်နှစ်ဆယ် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို သတိပေးလေသည်။
“ဆရာ ဒီအထပ်မှာ ဆရာမကြီး မြဲ့ကြွယ် ရှိတယ်၊ ရှင် စကားပြောတဲ့အခါကျရင် သတိထားမှ ဖြစ်မယ်၊ သူ့ကို မသိချင်ယောင်ဆောင်ထားရင် ပိုတောင်ကောင်းသေးတယ်”
(စကားချပ်။ ။နတ်ဓားနှင့် နဂါးနိုင်ဓားဆိုတဲ့ ဇာတ်လမ်းတွဲထဲက ဆရာမကြီး မြဲ့ကြွယ်ဇာတ်ကောင်နဲ့ နှိုင်းပြီး ပြောခြင်း ဖြစ်ပါတယ်၊ အဲ့ဒီဇာတ်ကောင်က တစ်ယူသန်ပြီး အစွန်းရောက်တဲ့ အမြင်တွေ ရှိတဲ့သူပါ၊ အဲ့ဒါကြောင့် လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ မကောင်းမှုတွေ အများကြီး လုပ်ခဲ့မိတဲ့လူမျိုးပါ)
“ရှုနန် နင့်ဝမ်းကွဲအစ်မကို အဲ့လို မပြောနဲ့လေ”
ရှုဝမ်ချင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“ဟွန့်၊ သူ့လို ဆရာမကြီး မြဲ့ကြွယ်ကိုလည်း ကျွန်မ ဝမ်းကွဲ မဖြစ်စေချင်ပါဘူးနော်”
ရှုနန်က ပြန်ပြောသည်။
“တင်းတောင်”
ဓာတ်လှေကား ရပ်သွားပြီး သုံးယောက်သား ဓာတ်လှေကားထဲမှ ထွက်လာခဲ့ကြသည်။
“မင်္ဂလာပါ မမလေးတို့”
ထိုအထပ်မှ လူများက ရှုနန်နှင့် ရှုဝမ်ချင်ကို သိပြီးသား ဖြစ်သည်။ သူတို့သည် မိန်းကလေး နှစ်ယောက် ဝင်လာသည်ကို မြင်သည်နှင့် မတ်မတ်ရပ်ပြီးမှ ကိုယ်ကိုကိုင်း၍ နှုတ်ဆက်လေသည်။
အထဲသို့ ဝင်သွားသည်နှင့် ထိုအထပ်၌ စာတွေ့ သုတေသနနှင့် ဒီဖိုင်းများကို ရဲ့လင်းချန် တွေ့ရှိလိုက်ရသည်။ ပစ္စည်းများက နေရာတိုင်း၌ ရှိနေပြီး တစ်ချို့ ရုံးခန်းများတွင် စာအုပ်များဖြင့် ပြည့်နေသည်။
ရဲ့လင်းချန် စိတ်ဝင်စားသော အမူအရာမျိုး ဖြစ်သွားသည်။ သူ ရုံးခန်းတစ်ခုထဲ ဝင်သွားပြီး စဖတ်လေသည်။
“အသိဉာဏ်ရှိသော အကူစနစ်အား ကိုယ်တိုင် လေ့လာခြင်း၊ သိပ္ပံနှင့် နည်းပညာစွမ်းရည် တစ်မှတ်”
“အသိဉာဏ်ရှိသော အကူစနစ်အား ကိုယ်တိုင် လေ့လာခြင်း၊ သိပ္ပံနှင့် နည်းပညာစွမ်းရည် တစ်မှတ်”
…
“စက်ပစ္စည်း ပြောင်းလဲရေးအား ကိုယ်တိုင် လေ့လာခြင်း၊ သိပ္ပံနှင့် နည်းပညာ စွမ်းရည် တစ်မှတ်”
“စက်ပစ္စည်း ပြောင်းလဲရေးအား ကိုယ်တိုင် လေ့လာခြင်း၊ သိပ္ပံနှင့် နည်းပညာ စွမ်းရည် တစ်မှတ်”
…
အစက ၅၅ ရာခိုင်နှုန်းသာ ရှိသော သူ၏ သိပ္ပံနှင့် နည်းပညာ စွမ်းရည်သည် မထင်မှတ်ဘဲ ထိုစာအုပ်များ၏ အကူအညီကြောင့် ၇၀ ရာခိုင်နှုန်းသို့ တိုးမြင့်သွားခဲ့သည်။
“ဆရာ ရှင် ဒါတွေကို နားလည်လား၊ ရှင် နားလည်တာလား”
ရှုနန်က ရဲ့လင်းချန်၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ မေးလိုက်လေသည်။
“ဒီစာအုပ်တွေကို ဆရာမကြီး မြဲ့ကြွယ်က နိုင်ငံခြားမှာ စာသင်ပြီးတော့ ပြန်သယ်လာတဲ့ စာအုပ်တွေ၊ အများစုက အင်္ဂလိပ်လိုတွေ၊ ရှင့်အင်္ဂလိပ်စာ စွမ်းရည်က အဆင့်ရှစ် မဟုတ်ရင် နားလည်ဖို့ ခက်တယ်”
ရှုဝမ်ချင်ကလည်း ရဲ့လင်းချန်ကို ဇဝေဇဝါဖြင့် ကြည့်နေသည်။ ထိုစာအုပ်များသည် နိုင်ငံခြား၌ ရောင်းချခြင်း မရှိပေ။ ၎င်းတို့အား ရရှိရန် အတိုင်းအတာတစ်ခုထိ ထူးချွန်ရန် လိုအပ်ပေသည်။ ထိုအင်္ဂလိပ်စာအုပ် အထူကြီးများကို ဖတ်ကြည့်ပြီးနောက် သူမပင် ခေါင်းကိုက်ခဲ့ရသည်။
*ဒီမှာ သုံးတဲ့ ပရော်ဖက်ရှင်နယ် နည်းပညာတွေက ခမ်းနားလွန်းတယ်၊ ပြီးတော့ အားလုံးက အင်္ဂလိပ်လို တွေချည်းပဲ၊ အဲ့ဒါက ပိုတောင် ကြောက်ဖို့ ကောင်းသေးတယ်*
*ဒီအတိုင်း သိချင်လို့ပါ”
ရဲ့လင်းချန် ပြုံးပြီး စာအုပ်ကို ပြန်ချလိုက်သည်။
“ဒီနားမှာ ဆရာမကြီး မြဲ့ကြွယ် မရှိလို့ တော်သေးတယ်၊ သူ့ကို ငါ ဘယ်မှာမှ မတွေ့မိဘူး”
ရှုနန်က တစ်ကိုယ်တည်း ပျော်နေပြီးနောက် ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“ဆရာ၊ ကျွန်မအစ်မက ရှင်က သင်္ချာမှာ တအားတော်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ တကယ့် ငကြောင်က ဆရာမကြီး မြဲ့ကြွယ်ပဲ၊ သူက ဒါတွေအားလုံးကို နိုင်ငံခြားမှာ စာသင်ပြီးတော့ ပြန်သယ်လာတာလေ၊ ပြည်ပ ကုမ္ပဏီတစ်ခုက သူ့ကို ငှားဖို့ တစ်နှစ်ကို ဒေါ်လာတစ်သန်း ပေးပါ့မယ်လို့ကို ကမ်းလှမ်းခဲ့တာ”
ထိုသို့သောအချိန်၌ ဝတ်စုံပြည့် ဝတ်ထားသည့် အမျိုးသားတစ်ယောက်က လက်ထဲတွင် စာရွက်စာတမ်း အပြည့်ဖြင့် ရောက်လာသည်။
“မမလေးရှု၊ ဒီပစ္စည်းတွေကို စီအီးအို အိုးရန်ဆီ ပေးပေးလို့ ရနိုင်မလား၊ ကျွန်တော် ဆက်လုပ်စရာလေး တစ်ခု ရှိလို့ပါ”
“ရတယ်”
ရှုနန်က ခေါင်းညိတ်ပြလိုက်သည်။
“အစ်မ ဒါ ဘာလဲ လာကြည့်ပါလား”
ရှုနန်က သိချင်စိတ်ဖြင့် ပြောလိုက်ပြီးနောက် ဘာမှထပ်မပြောဘဲ စာရွက်စာတမ်းကို ဖွင့်လိုက်သည်။
စာရွက်စာတမ်းသည် သိပ်မထူဘဲ အကြမ်းဖျင်း စာမျက်နှာ ဆယ်မျက်နှာမျှ ရှိသည်။ ၎င်းသည် ကားတစ်စီး အတွက် နမူနာ ဖြစ်ပြီး ရှင်းပြထားသော စာကြောင်းများ များစွာ ပါရှိပြီး အချို့ အစိတ်အပိုင်းများကို အနီးကပ် ဆွဲထားသည့် ပုံများလည်း ရှိသည်။
ရဲ့လင်းချန် အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် စိတ်ထဲ၌ စိတ်ကူးတစ်ခု ရသွားသည်။ ၎င်းက မောင်းသူမဲ့ နည်းပညာနှင့် ပတ်သက်သည့် စာတွေ့အစီအစဉ်များ ဖြစ်ပုံရပြီး အောင်မြင်အောင်လုပ်နိုင်မည့် နည်းလမ်းများ ပင်တည်း။
“ပျင်းဖို့ကောင်းလိုက်တာ”
ရှုနန်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ပျင်းရိကာ တစ်ဖက်လှည့်သွားသည်။ ရှုဝမ်ချင်သည်လည်း စိတ် ရှုပ်ထွေး သွားသည်။ သင်္ချာ၌ သူမ ထူးချွန်သော်လည်း ဤသည်က သူမအရည်အချင်းနှင့် အလှမ်းကွာနေ၏။ လက်ထဲမှ ပစ္စည်းများသည် သင်္ချာနှင့် အလွန် ကွာဝေးလှပေသည်။
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“ရှုနန်၊ ငါ ဒါကို တစ်ချက်လောက် ကြည့်ချင်တယ်”
…