← Chapters

ငါ့ကို လာသင်နေရအောင် သူက ဘာမို့လို့လဲ

Vol. 22 Ch. 326

ငါ့ကို လာသင်နေရအောင် သူက ဘာမို့လို့လဲ

Vol. 22 Ch. 326

ရဲ့လင်းချန် တိတ်ဆိတ်နေသည်။ သူ တံခါးနား ရောက်သောအခါ ရုတ်တရက် ပြောလိုက်သည်။

“ရှုနန် ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက် ယူလာခဲ့ပေးပါ”

“ဟင်”

ရှုနန် စိတ်ရှုပ်ထွေးသွားသော်လည်း သူမ ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို အလျင်အမြန် သွားယူ လေသည်။

စာရွက်ပေါ်တွင် ရဲ့လင်းချန်က သူ အစောပိုင်းက မြင်ခဲ့သည့် ပြဿနာများအားလုံးကို ချရေးလိုက်သည်။ သူက အချို့အစိတ်အပိုင်းများတွင် ပိုအသေးစိတ်ကျအောင် ပုံဆွဲပေးလိုက်သေးသည်။

“ဆရာ ရှင် ဘာရေးနေတာလဲ”

ရှုနန်က ရဲ့လင်းချန်ကို စိတ်ဝင်တစား ကြည့်နေသည်။

ရှုဝမ်ချင်သည်လည်း မျက်မှောင်ကြုတ်နေ၏။ သူမသည် ရဲ့လင်းချန် ရေးနေသော အကြောင်းအရာက အစောပိုင်းက မြင်ခဲ့သော စာများနှင့် တူနေကြောင်း ခံစားမိသည်။

“ပြီးပြီ”

ရဲ့လင်းချန်က စာရေးသည်ကို ရပ်လိုက်ပြီး ပြုံး၍ ရှင်းပြလိုက်သည်။

“ဒါ ခုနက မောင်းသူမဲ့ယာဉ်က ချို့ယွင်းချက်တွေ၊ လှည့်တဲ့စနစ်နဲ့ ခလုတ်ဖွင့်တဲ့စနစ်မှာ ပြဿနာ ဖြစ်နေတာ၊ ပြီးတော့ အရှိန် တင်တာနဲ့ လျှော့တာမှာလည်း အကန့်အသတ် မရှိဘူး ဖြစ်နေတယ်၊ အဲ့ဒါကလည်း ပြဿနာ ဖြစ်စေတယ်”

ထို့နောက် သူက ရှုနန်ကို ပေးလိုက်သည်။ အချိန်က အတော်လေး လင့်နေသဖြင့် သူ အိမ်ပြန်ရန် ပြင်လိုက်သည်။

“ဆရာ ကျွန်မ ပြန်လိုက်ပို့ပေးပါရစေ”

ရှုနန် ကမ်းလှမ်းလိုက်သည်။

“မလိုဘူး”

ရဲ့လင်းချန်က လက်ကာပြ၍ ထွက်လာသည်။

သူ ထွက်သွားပြီးနောက် အိုးရန်ချင်းက အလျင်စလို ခြေလှမ်းများဖြင့် ရောက်လာပြီး သူ့မျက်နှာက ယခင်အတိုင်း ကြည့်ရဆိုးနေ၏။

“နင်တို့တွေ ဒီနား လာဦး”

သူမက လုံခြုံရေးကို လှမ်းခေါ်သည်။ ထို့နောက် မောက်မာသော အသံဖြင့် ရှုနန်နှင့် ရှုဝမ်ချင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“အခုကစပြီး သူတို့နှစ်ယောက် ခေါ်လာတဲ့ ဘယ်သူ့ကိုမမဆို စစ်ဆေးဖို့ လိုတယ်၊ အဲ့လူတွေက ငါတို့ ကုမ္ပဏီ ဝန်ထမ်း မဟုတ်ရင် ဝင်ခွင့်မပြုနဲ့၊ နားလည်လား”

“ဆရာမကြီး မြဲ့ကြွယ်၊ ဒါ ဘာသဘောလဲ”

ရှုနန်က ပြန်ခွန်းတုံ့ပြန်၍ အိုးရန်ချင်းအား မာမာထန်ထန် စိုက်ကြည့်လေသည်။

“ငါ ဒါကို နင်တို့ ကောင်းဖို့ လုပ်နေတာ၊ အခုကစပြီး အဲ့လို အရေးမပါတဲ့လူတွေနဲ့ ဝေးဝေးနေ”

အိုးရန်ချင်းက သူမတို့ကို အေးစက်စက် ကြည့်သည်။

“နင်တို့ အဲ့လို အရှက်မရှိ ပြုမူနေရင် ဒီကုမ္ပဏီ တဖြည်းဖြည်းနဲ့ အရှုံးပေါ်လိမ့်မယ်”

“နင့်အပြုအမူကြောင့် ရှုံးမှာ၊ ငါ့ဆရာက ခုနက ငါ့အတွက် ဒါတွေ ရေးပေးခဲ့တယ်၊ ငါတို့ မောင်းသူမဲ့ယာဉ်မှာ ပြစ်ချက်တွေ အများကြီး ရှိနေတယ်”

ရှုနန်က ပြောပြီး အိုးရန်ချင်ရှေ့၌ စာရွက်ကို ဝှေ့ယမ်းပြသည်။

သို့သော် အိုးရန်ချင်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူမက စာရွက်ကို လှမ်းဆွဲပြီး ဖတ်ပင် မဖတ်ဘဲ တစ်စစီ ဆွဲဖြဲကာ သူမတို့ကို ခပ်မာမာ ဆုံးမသည်။

“ဒီလျှို့ဝှက်ချက်တွေကို သူများမြင်အောင် ဘယ်လိုလုပ် ပြနိုင်ရတာလဲ၊ နင်က အခြေအနေ ပြင်းထန်တာကို မသိဘူးပဲ၊ အဲ့လူက ဒီသတင်းကို အပြင်ကို ဖောက်ချလိုက်ရင် သူ ပြန်ပေးဆပ်ရမယ်”

“အိုးရန်ချင်း နင် ဘာလုပ်တာလဲ၊ ဒါ ငါ့ဆရာ ထောက်ပြထားတဲ့ အမှားတွေဟဲ့”

ရှုနန်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး အော်ဟစ်လေသည်။

“ငါက အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ အမေရိကားမှာ ပညာသင်ခဲ့တာ၊ သုတေသနက ပစ္စည်းထုတ်လုပ်ရေး၊ အသိဉာဏ်ရှိ စနစ်တွေ၊ အဆင့်မြင့်ကားတွေနဲ့ အခြား ပတ်သတ်တဲ့ နယ်ပယ်တွေကို ဦးစားပေးထားတာ၊ ငါ့အဖွဲ့ကို ထူးချွန်တဲ့သူတွေထဲက အထူးချွန်ဆုံးတွေကို ရွေးပြီး ဖွဲ့ထားတာ၊ ငါတို့အမှားကို သူ ထောက်ပြရအောင် သူက ဘာမို့လို့လဲ၊ သူ့နေရာ သူ သိသင့်တယ်”

အိုးရန်ချင်းက လှောင်ရယ်၍ ဖြဲလိုက်သော စာရွက်အပိုင်းအစများကို အတွင်းရေးမှူးအား ပေးလိုက်သည်။

“မီးရှို့လိုက်၊ တစ်ခုမှ မကျန်စေနဲ့”

“ဝမ်းကွဲအစ်မ၊ နင် လွန်နေပြီ၊ ရဲ့လင်းချန်က သူ ဘာလုပ်နေလဲ သူ သိတယ်၊ တကယ်လို့ ပြဿနာ တစ်ခုခု ဖြစ်လာရင် ဘယ်သူက ဒါကို တာဝန်ယူမှာလဲ”

ရှုဝမ်ချင် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

“ပြီးတော့ ရဲ့လင်းချန်က ပြည်တွင်း သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ပထမရထားတာ”

“ဟင်းဟင်း အဲ့ပြိုင်ပွဲတွေက ကလေး ကစားစရာလေးတွေပါ၊ ငါ ကြည့်ဖို့တောင် မလိုဘူး၊ ဒါလေးက သင်္ချာလေးပဲကို၊ ဘာမှ ဂုဏ်ယူစရာ မရှိဘူး၊ ရှုဝမ်ချင် နင်က တက္ကသိုလ်မှာ ပါရမီရှင် ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကုမ္ပဏီကို စီမံဖို့ နင် အများကြီး လိုနေသေးတယ်၊ နင့်ရဲ့ နည်းပညာစွမ်းရည်က အပါးမဝသေးတဲ့ လူသစ်လေးလိုပဲ၊ နင်က အများကြီး‌ နောက်မှာကျန်နေပြီ၊ နင် ဘာသိလို့လဲ”

အိုးရန်ချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ယုံကြည်မှုလွန်ကဲစွာဖြင့် ဆက်ပြောသည်။

“တစ်ခုခု ဖြစ်လာခဲ့ရင် ငါ အပြည့်အဝ တာဝန်ယူတယ်”

ထိုသို့ပြောပြီးသည်နှင့် သူမက အလျင်စလို ထွက်သွားသဖြင့် သူမ လမ်းလျှောက်တိုင်း ဒေါက်ဖိနပ်သံ အဆက်မပြတ် ထွက်ပေါ်နေလေသည်။

“သေလိုက်ပါလား”

ရှုနန်က စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်နေ၏။

“အစ်မ၊ ဆရာမကြီး မြဲ့ကြွယ်က ဆိုးရွားလွန်းတယ်၊ ကျွန်မ အဖေ့ကို ပြောပြီး သူ့ကို အလုပ်ဖြုတ်ပစ်ချင်တယ်”

“ကဲကဲ စိတ်မဆိုးနဲ့တော့၊ အဲ့ဒါ သူပုံစံပဲလေ၊ ဖြောင့်မတ်ပြီး ရိုးသားတယ်၊ ပြီးတော့ ငါ့မှာ တကယ်ကို ကုမ္ပဏီကို စီမံနိုင်တဲ့ အရည်အချင်း မရှိဘူးလေ”

ရှုဝမ်ချင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူမ၏ အောင်မြင်မှုများက လူအများစု၏ အမြင်တွင် ထူးချွန်သည်ဟု ထင်ရသော်လည်း သူမက ဟွာချင် တက္ကသိုလ်မှ သင်္ချာဆရာမ တစ်ယောက်သာ ဖြစ်သည်။ သူမ ဝမ်းကွဲအစ်မ၏ အဆင့်နှင့် မိုင်ပေါင်း ထောင်ချီစွာ ကွာဟနေသဖြင့် သူမတွင် ဂုဏ်ယူစရာ မရှိပေ။

အစက သူမသည် သူမဖခင်ကို ကူညီ၍ ကုမ္ပဏီအား စီမံခန့်ခွဲရန် သိပ္ပံနှင့် အင်ဂျင်နီယာ ပညာကို လေ့လာချင် ခဲ့ပါသည်။ သို့သော် ယင်းက အလွန် ခက်ခဲသည်ကို သူမ သတိပြုမိခဲ့သည်။ ပါရမီရှင်အချို့သာ လုပ်ဆောင်နိုင် ပေလိမ့်မည်။

ရှုနန် အံကြိတ်နေပြီးမှ မတတ်သာစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ ထိုပြဿနာကို သူမအဖေကို သွားပြော၍ ရမည် မဟုတ်ပါ။ သူမဝမ်းကွဲက သဘောထား သေးသိမ်သော်လည်း ပါရမီရှင်တစ်ယောက် ဖြစ်နေသည်။ ထိုသို့သော ပညာရှင်ကို အလုပ်ဖြုတ်ခိုင်းခြင်းက ကုမ္ပဏီအတွက် ရယ်စရာ ဖြစ်လာမှာပင်။

ရဲ့လင်းချန်သည် သူ ထွက်သွားပြီးမှ ဖြစ်သွားသော ကိစ္စကို မသိပေ။ ထိုအချိန်တွင် သူက တောင်ကျစမ်းရေ အိမ်ရာသို့ ပြန်ရောက်နေလေပြီ။ နတ်ဘုရားများကို သုတ်သင်ခြင်း၏ မှတ်ချက်များက ပလူပျံကာ ပြစ်တင်ဝေဖန်မှုများ ပြည့်နေ၏။

ရဲ့လင်းချန် မချိတင်ကဲ ရယ်လိုက်မိသည်။ ဇာတ်လမ်းက ထိုသို့ဖြစ်ရန် လိုအပ်သည်။ စာဖတ်သူများသည် အစကတည်းက ပီယောင်ကို သဘောကျနေပုံ ရသည်။ သို့သော် ပီယောင်၏ သေဆုံးမှုက ဇာတ်ကောင်ကို ပြည့်စုံသွားစေပြီး သူတို့၏ စိတ်ထဲ၌ ကြီးမားသော သက်ရောက်မှု ရှိစေမှာ ဖြစ်သည်။

“တင်တင်”

QQ app က တောင်ကခနဲ ပေါ်လာသည်။ ထင်ထားသည့်အတိုင်းပင် ဒိန်ချဉ်က သူ့ကို ရှာနေလေသည်။

[ငါကဝိုင်ရေ မင်း ဒီတစ်ခါတော့ တကယ်ကြီး လုပ်ချလိုက်တာပဲ၊ မင်းက ဇာတ်ကောင်တစ်ခုကို သေခိုင်းလိုက်လို့ ဒီလိုဖြစ်အောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ]

ရဲ့လင်းချန်က ပျော်၍ငိုနေသော အီမိုဂျီဖြင့် ပြန်ပြောလိုက်သည်။

[စာဖတ်သူတွေက ဒီလောက် စွဲလမ်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး]

[ဒီနေ့ လူတစ်ယောက်က တရုတ်စာပေ website ကို လာပြီး ငါတို့ကို မင်းနဲ့ ဆက်သွယ်ဖို့ ပြောနေတယ္၊ ကြည့်ရတာ သူက မင်းနဲ့ အချေအတင် ပြောချင်တဲ့ပုံပဲ]

ဒိန်ချဉ်က ပြန်ပြောသည်။

[ငါ့ကို လက်စားချေချင်တဲ့ မုန်းတီးသူများလား]

ရဲ့လင်းချန်က အောင့်သက်သက်ဖြင့် ရယ်၍ ပြန်ပြောလိုက်သည်။

[မုန်းတဲ့သူတဲ့လား၊ သူတို့က မင်းကို လိုက်ဖမ်းဖို့ အဖွဲ့တောင် ဖွဲ့ဖို့ ဆုံးဖြတ်ပြီးပြီ၊ မင်း ပီယောင်ကို ပြန်ရှင်အောင် မလုပ်ရင် သူတို့ ဒီလို ဆက်လုပ်နေမှာ]

ဒိန်ချဉ်က ပြန်ပြောသည်။ သူ တစ်ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

[ဒါပေမဲ့ ဒီကိစ္စကို တရုတ်စာပေ website က ဖိထားပြီးပါပြီ၊ မင်း စိတ်အေးလက်အေးနဲ့ မင်းဝတ္ထုပဲ ရေးပါ၊ အပြင်လောကက မင်းအပေါ် သက်ရောက်သွားအောင် အဖြစ်မခံနဲ့၊ ငါတို့ စာရေးဆရာတွေကို ငါတို့ ကာကွယ်မယ်]

[အင်း ကျေးဇူးတင်ပါတယ်]

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

ရဲ့လင်းချန်က မှတ်ချက်ကဏ္ဍမှ စာဖတ်သူများကို ရှင်းပြခြင်း မပြုသလို အာမခံခြင်းလည်း မပြုပေ။ သူက သူ့ကိုယ်ပိုင် နည်းလမ်းအတိုင်း ဆက်သွားနေလိုက်သည်။

ထိုအခိုက်တွင် ဟူယွီ ဌာနချုပ်အတွင်း၌ …

ဝမ်ယွမ်နှင့် ကျိုးမင်တို့က အစည်းအဝေးခန်းအတွင်း၌ ထိုင်နေကြသည်။ သူတို့အပြင် ဟူယွီ ထုတ်လွှင့်ရေး၏ ရာထူးကြီးသူများနှင့် ရင်းနှီးမြှုပ်နှံသူများလည်း ရှိနေသည်။ သူတို့၏ အမူအရာက လေးနက်နေကာ မျက်လုံးများက ဝင်းလက်နေ၏။ သူတို့က တစ်စုံတစ်ရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

“ဟူယွီရဲ့ အဆင့်အတန်းက တစ်နေ့ထက် တစ်နေ့ ကျဆင်းလာတယ်၊ ကျဆုံးဖို့ နီးလာနေပြီ၊ ငါတို့ ဆုံးဖြတ်ချက် ချဖို့ အချိန်တန်ပြီ”

ဝမ်ယွမ်က သက်ပြင်းချ၍ ပြောလိုက်သည်။

ထုတ်လွှင့်ရေး ပလက်ဖောင်းက အခြေအနေကောင်းသည်ဟု ထင်ရသော်လည်း လေပူဖောင်းကဲ့သို့ ပျောက်ကွယ် လုနီးပါး ဖြစ်နေ၏။ လေပူဖောင်း ပေါက်သွားပါက ရလဒ်က ဆိုးရွားပေလိမ့်မည်။ ယင်းက ထုတ်လွှင့်ရေး ပလက်ဖောင်းများ ကျဆုံးသွားရသည့် အကြောင်းရင်း ဖြစ်ပေသည်။

ပန်ဒါ ထုတ်လွှင့်ရေး မြင့်တက်လာခြင်းနှင့် ဝိုင်နတ်ဘုရားနှင့်အတူ အခြား တင်ဆက်သူများ စွန့်ခွာသွားခြင်းက ဟူယွီ ထုတ်လွှင့်ရေး၏ ကျဆုံးမည့်ဘက်ကို အလေးသာစေခဲ့သည်။ နောက်ဆုံးတွင် သူတို့ အဆုံးသတ်နားသို့ ရောက်လာခဲ့ရသည်။

“စီအီးအိုဝမ်၊ ဒီလို လုပ်ချင်တာ သေချာလား”

ကျိုးမင်းက ပင့်သက်ရှိုက်လိုက်သည်။ သူမအသံတွင် စိုးရိမ်မှုတို့ ပြည့်နေ၏။

“ကျွန်မတို့ ဒီလို လုပ်ရင် တကယ် ပြန်လမ်းမရှိတော့ဘူးနော်”

“ငါတို့မှာ အခြား ဘာအခွင့်အရေး ရှိလို့လဲ၊ အခုလိုသာ ဆက်သွားနေရင် တဖြည်းဖြည်းနဲ့ ကုန်မှာပဲ၊ ဒီလို လုပ်လိုက်ရင် အနည်းဆုံးတော့ ပန်ဒါ ထုတ်လွှင့်ရေးကို ငါတို့နဲ့အတူ ဆွဲချသွားနိုင်တယ်၊ နောက်ဆုံးအကြိမ် ရုန်းကန်တာက ဘာမှမလုပ်တာထက်တော့ ပိုကောင်းတယ်”

ဝမ်ယွမ်၏ မျက်လုံးတွင် အမုန်းတရားတို့နှင့် ပြည့်နေ၏။

သူ၏ ဝိုင်အပေါ် မုန်းတီးမှုက နက်ရှိုင်းသည်။ သို့သော် ဝိုင်က အစကတည်းက ဟူယွီ ထုတ်လွှင့်ရေးက ကယ်ခဲ့သည့် အချက်ကို လုံးဝ မစဉ်းစားခဲ့ပေ။ သူ၏ ကြင်နာမှုကို ရန်လိုမှုဖြင့် တုံ့ပြန််ခြင်းကြောင့် သူတို့အား လက်ရှိ အခြေအနေသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်လေသည်။

…

All Chapters