← Chapters

သတင်းစာ ရှင်းလင်းပွဲ

Vol. 23 Ch. 335

သတင်းစာ ရှင်းလင်းပွဲ

Vol. 23 Ch. 335

နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ရှောင်ချင်၊ ရှောင်ဟွေတို့နှင့်အတူ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးနောက် ဟမ်တန်း စတူဒီယိုသို့ တန်းသွားလေသည်။

ဝိုင်အလှကုန်ပစ္စည်းဆိုင် နာမည်ကျော်သွားပြီးကတည်းက ကျန်းယွင်ရှီသည် အလုပ်ထဲ နစ်လာ၏။ သူမသည် မနက်စောစောတွင် မီယာကိုနှင့်အတူ ထွက်သွားပြီး ညဘက် နောက်ကျမှ ပြန်လာတတ်သည်။ သို့သော် ရဲ့လင်းချန်၏ မရမက ပြောဆိုမှုကြောင့် သူမသည် အလှကုန်ပစ္စည်းဆိုင်၏ ဆိုင်ဖွင့်ချိန်ကို မနက် ရှစ်ခွဲမှ ည ခုနစ်နာရီခွဲသို့ ပြောင်းလဲလိုက်သည်။ သို့မဟုတ်ပါက ကျန်းယွင်ရှီ မနက်စောစော ဆိုင်ထသွားနေရပေလိမ့်မည်။

တစ်ခြားနည်းလမ်းလည်း မရှိပေ။ သူသာ ဆိုင်ဖွင့်ချိန်ကို မသတ်မှတ်ပါက ကျန်းယွင်ရှီ အနားရမည် မဟုတ်သလို ညဘက်တွင် မိတ်ကပ်အတွက် ဝယ်သူများစွာ လာနေဦးပေမည်။

တစ်ဖက်တွင်မူ ဟမ်တန်း စတူဒီယိုသည် ရှောင်ဖေးဖေးက ရိုက်ကူးရေးဝန်ထမ်းများကို စုစည်းခိုင်းထားသည့် နေရာ ဖြစ်လေသည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ဇာတ်ညွှန်းနှင့် အဓိကဇာတ်လိုက်များ ပြင်ဆင်ထားပြီးလေပြီ။ ဆက်လုပ်စရာ ဟူ၍ ရုပ်ရှင် ရိုက်ကူးရန်သာ ရှိသည်။ ထို့ကြောင့် ရဲ့လင်းချန်သည် ရိုက်ကူးရေးဝန်ထမ်းများကို ဆော်ဩ စည်းရုံးရန် ရှိနေရပေမည်။

ဟမ်တန်း စတူဒီယိုသို့ ရောက်သောအခါ ရှောင်ဖေးဖေးနှင့် လီထိုက်တို့ နှစ်ဦးစလုံး ရှိနေကြပြီး ဇာတ်ညွှန်းအား လူတိုင်း အကျွမ်းတဝင် ရှိအောင် လေ့ကျင့်နေကြသည်။ ရဲ့လင်းချန်ကို မြင်သောအခါ နှစ်ယောက်လုံးက အနားသို့ လျှောက်လာပြီး နှုတ်ဆက်ကြလေသည်။

“သခင်လေးရဲ့၊ မင်း ရောက်လာပြီကိုး”

လီထိုက်က ပြုံး၍ နှုတ်ဆက်သည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး အဆင်မပြေတာ ရှိလား”

“လုံးဝ မရှိဘူး၊ ဒါရိုက်တာ လုပ်ခဲ့သမျှ နှစ်တွေထဲမှာ ဒီဟာက ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ဇာတ်ညွှန်းပဲ၊ ကျုပ်တို့ အင်တာနက်မှာ ခေတ်စားနေတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ဒီရုပ်သံဇာတ်လမ်းတွဲသာ မအောင်မြင်လို့ ကတော့ ကျုပ် တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်ဗျာ”

လီထိုက်က အားပါးတရ ရယ်နေပြီး စိတ်အခြေအနေ ရွှင်လန်းနေပုံ ရသည်။

တစ်ချိန်တည်းမှာပင် သူ ရဲ့လင်းချန်ကို ပိုပို၍ လေးစားလာမိသည်။ ရဲ့လင်းချန်သည် သူဌေးဖြစ်ရုံသာမက အလွန် ထူးချွန်သည်။ သူ၏ ဇာတ်ညွှန်းတိုင်းက အံ့ဩစရာကောင်းလောက်အောင် အရေးအသား ကောင်းသည်။

*ငါ့ကို သူ အကောင်းမြင်မှ ဖြစ်မယ်*

ရဲ့လင်းချန် ခေါင်းအသာမော့လိုက်သောအခါ ဟူရီဖေး၊ လင်းဝမ်ယွီနှင့် အခြားသူများက သူ့ကို ကြည့်နေသည်ကို သတိပြုမိသွားသည်။ သို့သော် သူတို့က အတော်လေး ချုပ်တည်းထားနေပုံရပြီး အနေရခက်သော အပြုံးနှင့် ရဲ့လင်းချန်အား လက်ပြနေသည်။

သူတို့၏ ပထမဆုံး တွေ့ဆုံမှုတွင် သူတို့သူဌေးအား ထမင်းလိုက်ကျွေးအောင် သူတို့ လုပ်ခဲ့မိသည်။ ထိုကိစ္စကို သူတို့ ပြန်တွေးမိတိုင်း မျက်နှာများ နီရဲလာမိသည်။ သူတို့က တကယ်ကို အရှက်မရှိ မျက်နှာပြောင်လွန်းခဲ့သည်။

ရဲ့လင်းချန် ရယ်လိုက်မိသည်။

“စိတ်အေးအေးထားပါ၊ အဲ့လောက် တင်းထားစရာ မလိုပါဘူး”

ထိုစဉ် လီကျင့်နှင့် မိုဟာမက် အလီတို့ အနားသို့ ပြိုင်တူ ရောက်လာပြီး သူ့အား လေးစားစွာ နှုတ်ဆက်ကြသည်။

“ဆရာ”

ရဲ့လင်းချန် သူတို့ကို စစ်ဆေးကြည့်သောအခါ သူတို့ သိသိသာသာ တိုးတက်လာသည်ကို သတိပြုလိုက်မိပြီး အသာ ခေါင်းညိတ်ပြလိုက်သည်။

“ဆရာ၊ ဆရာ ကျွန်တော်တို့ကို သင်ပေးတဲ့ ကွန်ဖူးက တကယ် အံ့ဩဖို့ကောင်းတယ်၊ ကျွန်တော့် ခန္ဓာကိုယ်က တော်တော်လေး တိုးတက်လာတာ”

လီကျင့်က စိတ်လှုပ်ရှားစွာ ပြောပြသည်။

“ဆရာ၊ ကျုပ်ရဲ့ခွန်အားလည်း အများကြီး ပိုသန်မာလာတယ်”

မိုဟာမက်အလီသည်လည်း ဝင်ပြောလာပြီး ဆက်ပြောပြသည်။

“ကျုပ်တို့ကို ဘယ်တော့ အက်ရှင်ရုပ်ရှင်ထဲမှာ ပါခိုင်းမှာလဲ၊ ကျုပ် အရင်ကထက် ပိုအထင်ကြီးအောင် လုပ်နိုင်ပြီလို့ ထင်တယ်”

အလီနှင့် လီကျင့်တို့သည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတွင်း၌ အသေးစား ဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ရမည့် ဧည့်သည် သရုပ်ဆောင်များ ဖြစ်လေသည်။ သူတို့သည် အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။

“စိတ်ချပါ၊ အခွင့်အရေးတွေ ရှိလာဦးမှာ”

ရဲ့လင်းချန်က သူတို့ကို အာမခံလိုက်သည်။ သူသည် လီကျင့်နှင့် အလီတို့အား အက်ရှင်ရုပ်ရှင်များ၌ ဆက်သရုပ်ဆောင်ရန် တွေးထားပြီးသားပင်။

“လင်းချန် ဒါက ငါတို့ လူရွေးပွဲ လုပ်မယ့်နေရာ၊ အချို့ဇာတ်ကောင် အသေးစားတွေ ရွေးဖို့ လိုနေသေးတယ်၊ ကြည့်ကြည့်ဦး”

ရှောင်ဖေးဖေးက သူမ စီစဉ်ထားသော စာရွက်စာတမ်းများ သူ့ကို ပေးလိုက်သည်။

“အစ်မဖေးဖေး၊ အစ်မ သင့်တော်တယ်သလိုသာ လုပ်လိုက်ပါ၊ ကျွန်တော် အစ်မ ဆုံးဖြတ်ချက်ကို ယုံတယ်”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်စွာ အကြည့်လွှဲလေသည်။

“ကျစ်၊ မျက်နှာချိုသွေးပြီး ပြောမနေနဲ့၊ နင် သူတို့ကို စစ်ကြည့်ဖို့ ပျင်းလွန်းနေတာ မဟုတ်လား”

ထို့နောက် ရဲ့လင်းချန်သည် ရိုက်ကွင်း၌ နေ၍ ရိုက်ကူးရေးမှ အချို့သော အဓိက အချက်များကို အကြံပေး လေသည်။ သူက လူတိုင်းကို ရက်ရက်ရောရော နေ့လယ်စာ ဝယ်ကျွေးပြီးနောက် အိမ်ပြန်လာလိုက်သည်။

“အား … သခင်လေးရဲ့က သိပ်မိုက်တာပဲ၊ သူက ငါတို့ကို အဓိက ဇာတ်လိုက်နေရာတွေမှာ တကယ်ကြီး သရုပ်ဆောင်ခွင့်ပေးတယ်၊ သူက ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား၊ ငါ ဘာလုပ်ရမလဲ”

မိန်ကျားက ပြောပြီး ရဲ့လင်းချန်၏ ကျောပြင်ကို လှမ်းကြည့်နေသည်။

“ဟဲဟဲ နင့်တဏှာစိတ်ကို ထိန်းဦး၊ နင့်ဦးနှောက်ထဲမှာ ဆွဲဆောင်ခံရရင် ဘယ်လို အနေအထား သုံးချင်လဲဆိုတာကို တွေးနေလောက်ပြီ”

လုရှောင်ပုက ခနဲ့သံပေး၍ မိန်ကျားအား အထင်သေးသလို ကြည့်လေသည်။

“ဒါပေမဲ့ သခင်လေးရဲ့က တကယ် ချောတယ်၊ ငယ်ရွယ်ပြီးတော့ ချမ်းသာတယ်၊ အဲ့ဒါအပြင် ထူးချွန်သေးတယ်၊ သူက တကယ့် လက်တွေ့ဘဝက မင်းသားလေးပဲ”

လင်းဝမ်ယွီကလည်း ဝင်ပြောသည်။

“ပြီးတော့ သူက သိုင်းပညာကိုလည်း တတ်တဲ့ပုံပဲ၊ အစ်မရီဖေး၊ နင့်ရဲ့ လက်တွဲဖော်က နင့်ကို စိတ်ရောကိုယ်ပါ ဆွဲဆောင်နိုင်တဲ့သူ ဖြစ်ရမယ်လို့ ပြောခဲ့တာကို ကျွန်မ မှတ်မိသေးတယ်၊ သခင်လေးရဲ့က အဲ့ပုံစံထဲ အံကိုက် ဖြစ်မယ့်ပုံပဲ”

…

ပိတ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

ကျောင်းပြန်တက်သည်နှင့် ရဲ့လင်းချန် ထင်ထားသကဲ့သို့ ဖြစ်နေလေသည်။ ယောက်ျားလေးများ ဆွေးနွေးနေသည့် ခေါင်းစဉ်မှာ ဝိုင်နတ်ဘုရားနှင့် ဂျပန်နိုင်ငံတို့ကြားမှာ ပြိုင်ပွဲ ဖြစ်သည်။

ဝိုင်နတ်ဘုရားသည် တစ်ကိုယ်တည်း အခြေအနေကို ပြောင်းလဲခဲ့ပြီး ဟီးရိုးငါးကောင်အား တစ်ပြိုင်တည်း ကျွမ်းကျင်စွာ ထိန်းချုပ်ခဲ့သည်။ ထိုမြင်ကွင်းအား ခမ်းနားသည်ဟု ပြောရပေမည်။ ထိုသို့ ကစားနိုင်သော အဆင့်က ပြိုင်ဘက်ကင်းပင်။

ပရော်ဖက်ရှင်နယ် ကစားသမားများပင် မယှဉ်နိုင်ချေ။ ထိုပြိုင်ပွဲ ကျေးဇူးကြောင့် တရုတ်နိုင်ငံ၏ DOTA သည် ဆက်၍ အထင်သေးမခံရတော့ပေ။ ထိုအစား နိုင်ငံခြား ပရော်ဖက်ရှင်နယ် ကစားသမားများသည် ဝိုင်နတ်ဘုရားအား လေးစားသမှု ပြုလာကြသည်။

ယင်းသည် တရုတ်လူမျိုး ဂိမ်းအသိုင်းအဝိုင်း၌ ဂုဏ်ယူနေရသည့် အရာတစ်ခုပင်။ ဂိမ်းကစားသူများ၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကာ တအံ့တဩ ပြောဆိုနေကြသည်။

လေ့လာပြီးနောက် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က လေးသောင်းနီးပါး ထပ်တိုးလာကာ ၁၂၀,၀၀၀ ကျော် ဖြစ်သွားလေသည်။ ယင်းက သူ့အတွက် နောက်စွမ်းရည်တစ်ခုကို အဆင့်မြှင့်ရန် လုံလောက်ပေသည်။

သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် ရဲ့လင်းချန်သည် အလျင်မလိုသေးသောကြောင့် ရေပန်းစားမှုအမှဝ်အား စုထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ ထိုအမှတ်ကို ဘေးဖယ်ထားပြီး နောက်တစ်ခါ အဆင့်မြှင့်ချင်စိတ် ဝင်လာမည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

လူတိုင်း စကားပြောပြီး အလုပ်များနေချိန်တွင် ပါမောက္ခက အခန်းထဲ ဝင်လာပြီး စာစသင်လေသည်။

သို့သော် ပါမောက္ခက အရင်အတိုင်း အတန်းကို မစချေ။ သူက Powerpoint တင်ဆက်မှုဖြင့် စလိုက်သည်။ သူက ကျောင်းသားများကို ကြည့်၍ လေးနက်သော အသံဖြင့် ပြောလာသည်။

“အသိပညာဆိုတာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ဒါက ငါတို့နိုင်ငံရဲ့ အခြေခံပဲ၊ ငါတို့ နည်းပညာခေတ်မှာ နေထိုင်ကြပြီးတော့ နိုင်ငံရဲ့ အင်အားကို ငါတို့ နည်းပညာအဆင့်နဲ့ သတ်မှတ် ကြတယ်၊ အခုတလော နာမည်ကြီးနေတဲ့ သတင်းတစ်ခု ရှိတယ်၊ မင်းတို့ သိပါ့မလားတော့ ငါ သေချာ မပြောတတ်ဘူး”

ကျောင်းသားများအားလုံးက အတွေးများဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ ထိုစဉ် ကျောင်းသား တစ်ယောက်က ထရပ်၍ မေးသည်။

“ဆရာ၊ အလိုအလျောက် မောင်းနှင်ရေးယာဉ်အကြောင်း ပြောတာလား”

ပါမောက္ခက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်”

ထို့နောက် သူက တင်ဆက်မှုကို စတင်လိုက်ပြီး သူတို့အား နောက်ဆုံးပေါ် သတင်းအား ပြလေသည်။

“ငါတို့က စာပေဌာန ဖြစ်ပြီး နည်းပညာနဲ့ မဆိုင်ပင်မယ့် ငါတို့ နိုင်ငံ တိုးတက်တာကို မြင်ရတဲ့အခါကျရင် ဂုဏ်ယူ သင့်တယ်၊ အခု တရုတ်ပြည်က အလိုအလျောင် မောင်းနှင်ရေးယာဉ်အတွက် နည်းပညာကို ဆုပ်ကိုင်ထားတယ်၊ ဒါက ငါတို့နိုင်ငံ ပိုအင်အားကောင်းလာပြီဆိုတာကို ပြနေတာပဲ”

ရဲ့လင်းချန်က တင်ဆက်မှုအပေါ် အာရုံစိုက်လိုက်သည်။ သတင်း တင်ဆက်မှု တည်နေရာက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဌာနချုပ် ဖြစ်နေသည်ကို သူ သတိပြုလိုက်မိသည်။ ပုံထဲတွင် အိုးရန်ချင်း၏ ပုံရိပ်ကိုပင် သူ မြင်နေရသည်။ သတင်းအကြောင်းအရာက အလိုအလျောက် မောင်းနှင်ရေးယာဉ်အတွက် နည်းပညာကို ချီးမွမ်းထားခြင်း ဖြစ်ကာ ဤနည်းပညာအား မကြာခင် အများပြည်သူအား ချပြတော့မည်ဟု ဆိုထားကာ ပထမဆုံး မောင်းသူမဲ့ယာဉ်အား လဝက်အတွင်း ထုတ်လုပ်မည်ဟု ကြေညာထားသည်။

“ဝိုး … တကယ်ကို မောင်းသူမဲ့ယာဉ်ပဲ၊ မိုက်တယ်”

“ပိုက်ဆံရှာရမယ်၊ ငါ ပိုက်ဆံအများကြီး ရှာမှဖြစ်မယ်၊ ဒါမှ ငါ နောက်ဆို ကိုယ်တိုင် ကားမောင်းစရာ မလိုတော့မှာ၊ ရေးဟေး”

“မောင်းသူမဲ့ ကားတစ်စီး ဝယ်ပြီး မြို့ပတ်မောင်းရမယ်၊ နေ့တိုင်း ကားပတ်မောင်းရင်း ပျော်ရမယ်”

“မိုက်တယ်၊ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက တကယ် အံ့ဩဖို့ကောင်းတာပဲ၊ ငါတို့နိုင်ငံက ကောင်းလိုက်တာ”

…

လျင်မြန်စွာပင် ကျောင်းသားများက အချင်းချင်း ပြောဆိုလာကြပြီး တစ်ယောက်ချင်းစီက စိတ်လှုပ်ရှားကာ အံ့ဩစိတ်တို့နှင့် ပြည့်နေကြသည်။

ပါမောက္ခသည် ကျောင်းသားများ၏ တုံ့ပြန်မှုကို ကျေနပ်နေပြီး ကြေညာလိုက်သည်။

“အသိပညာက ခွန်အားပဲ၊ အဲ့ဒါကြောင့် မင်းတို့ ကောင်းကောင်း သင်ယူမယ်လို့ ငါ မျှော်လင့်တယ်၊ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြပါ”

တစ်ဖက်တွင်မူ ရဲ့လင်းချန်သည် မျက်မှောင်ကြုတ်နေ၏။ ရှုနန်အား အိုးရန်ချင်းကို စာရွက်ပေးလိုက်ရန် သူ ပြောခဲ့သည်။ အကျိုးအကြောင်းကျကျ ပြောရမည်ဆိုလျင် အိုးရန်ချင်းသာ ဖတ်မိပါက မောင်းသူမဲ့ယာဉ်၏ နည်းပညာ အမှားများကို သတိပြုမိမည် ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ အလျင်အမြန် စီစဉ်ရမည့်အစား တိုးတက်ရန် ပိုအချိန်ယူမည် ဖြစ်သည်။

*မဟုတ်မှလွဲရော အဲ့အိုးရန်ချင်းက ငါ ထားခဲ့တဲ့ စာကို မဖတ်တာလား*

ထို့နောက် သူ ခေါင်းခါယမ်းလိုက်မိသည်။

*ထားလိုက်ပါတော့လေ၊ ငါ သူ့ကို အခွင့်အရေး ပေးခဲ့သားပဲ၊ သူ မယူမှတော့ အဲ့အတွက် ငါ့အဆိုးဆိုစရာ မလိုတော့ဘူးပေါ့*

ပါမောက္ခသည် စာသင်ခြင်းမစတင်ခင် ကျောင်းသားများအား စိတ်အားတက်ကြွစေမည့် စကားများ ပြောလေသည်။ ၎င်းက အလုပ်ဖြစ်ပြီး ကျောင်းသားများ၏ သင်ယူလိုစိတ်အား တိုးတက်လာစေသည်။ မနက်ခင်း အတန်းက အေးချမ်းစွာ ပြီးဆုံးသွားသည်။

နောက်ပိုင်းရက်များသည်လည်း အလွန် အေးချမ်းလှသည်။ မနက်ပိုင်း အတန်းတက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ထုတ်လွှင့်ကာ ဝတ္ထုရေး၍ ရံဖန်ရံခါ၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းစဉ်အား သွားကြည့်တတ်သည်။ အကျိုးရှိ၍ အေးချမ်းသော ရက်သတ္တပတ်ပင်တည်း။

All Chapters