လှည့်စားခြင်းပါရဂူ
Vol. 23 Ch. 336
သောကြာနေ့သည် ရဲ့လင်းချန် ချန်ရှောင်ယန်နှင့် သဘောတူထားသည့်နေ့ ဖြစ်သည်။ လာမည့်ပိတ်ရက်တွင် သူသည် သူမနှင့်အတူ ရသစုံရှိုး၌ ပါဝင်မှာ ဖြစ်သည်။
ရဲ့လင်းချန်သည် ပါမောက္ခအန်းထံ၌ တစ်ပတ်ခွင့်တင်လိုက်ပြီး ဘာမှမေးမြန်းခြင်း မခံရဘဲ ခွင့်ပြုပေးလာသည်။ ထို့အပြင် သူက ရဲ့လင်းချန်ကို ရဲ့လင်းချန်ကို သင်္ချာဌာနသို့ ပြောင်းရန် အသည်းအသန် တောင်းဆိုပြန်သည်။
ထိုရသစုံရှိုးအား လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းဟု အမည်ပေးထားလေသည်။ ရိုက်ကူးရေး ဝန်ထမ်းများက အနုပညာရှင်တစ်ဖွဲ့ကို လူသူမရှိသော ကျွန်းတစ်ကျွန်းသို့ ခေါ်သွားပြီး တစ်ပတ်မျှ နေထိုင်ခိုင်းမည် ဖြစ်သည်။ ထိုအချိန်အတွင်း အစားအစာ၊ ရေ၊ အဝတ်အစား စသော ဘဝရှင်သန်ရေး ကိစ္စအဝဝတို့အား သူတို့ဘာသာသူတို့ လုပ်ဆောင်ရမည် ဖြစ်သည်။
ယခုတစ်ခေါက်တွင် ရဲ့လင်းချန်က ဝိုင်၏မျက်နှာဖုံးကို ထပ်တပ်သွားပါက အံဝင်ခွင်ကျ မဖြစ်လောက်ပပေ။ သူ၏ ရုပ်ပြောင်းရုပ်လွှဲ စွမ်းရည်ဖြင့် လူ့အရေပြား မျက်နှာဖုံးတစ်ခုကို သူ အသာလေး ဖန်တီးနိုင်ပါသည်။ ထိုမျက်နှာဖုံးသည် မျက်နှာ၏ အပေါ်တစ်ဝက်ကိုသာ ဖုံးထားမည် ဖြစ်ပြီး ပါးစပ်နေရာ ပေါ်နေပေမည်။
၎င်းက မျက်နှာဖုံး ဖြစ်သော်လည်း သူ၏ အသွင်အပြင်ကို လုံးဝ မထိခိုက်ပါ။ သူ့မျက်နှာတွင် ပါးလွှာသော မျက်နှာဖုံးတစ်ခု တပ်ထားသလိုသာ ဖြစ်နေပေမည်။ ၎င်းက သူ၏ မျက်နှာအစစ်ကို ဖုံးကွယ်ပေးထား နိုင်သော်လည်း တလွဲမဖြစ်စေနိုင်ပါ။
*ငါ့မျက်နှာဖုံးက အကောင်းဆုံး ဖြစ်နေတုန်းပဲ၊ အဲ့စူပါမန်းဝိုင် မျက်နှာဖုံးက ဘာမှန်းကိုမသိဘူး အရမ်း ရုပ်ဆိုးလွန်းတယ်*
တွေ့ဆုံမည့်နေရာသို့ ရောက်သောအခါ ခပ်လှမ်းလှမ်းရှိ လမ်းတစ်နေရာ၌ နေကာမျက်မှန် တပ်ထားသော မိန်းမလှလေးတစ်ယောက်ကို သူ သတိထားလိုက်မိသည်။ သူမက ဘေးဘီကို ဆက်တိုက် ကြည့်နေ၏။ သူမဘေးတွင် ပန်းရောင် sedan တစ်စီး ရပ်ထားသည်။
ရဲ့လင်းချန်ကို သတိထားမိသောအခါ မိန်းမလှလေးက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ အပြေးလှမ်းလာသည်။ သူမက ရဲ့လင်းချန်ကို တောက်ပသော မျက်ဝန်းတို့ဖြင့် ကြည့်လေသည်။
“ရှင် … ရှင်က ဝိုင်လား”
“ရှောင်ယန်၊ ငါပါ”
ရဲ့လင်းချန်က ပြုံး၍ ဟုတ်မှန်ကြောင်း ပြောလိုက်သည်။
ချန်ရှောင်ယန်၏ မျက်ဝန်းများက ပို၍ အရောင်တောက်လာပြီး ရဲ့လင်းချန်ကို တိတ်တခိုး ကြည့်လာသည်။ သူမမျက်ဝန်းမှ ပျော်ရွှင်နေသော အရိပ်အယောင်ကို မြင်နေရသည်။
“ကျွန်မနဲ့ လိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကားပေါ် တက်ရအောင်လေ၊ ကျွန်မ ရှိုးရဲ့ ရိုက်ကူးရေးကို ရှင်နဲ့အတူ သွားမလို့”
သူမတွင် ဝိုင်၏ ခပ်ဝါးဝါးပုံရိပ် မှတ်ဉာဏ်သာ ရှိသည်။ ထိုအရိပ်က သူမကို စိုးမိုးထားခဲ့သည်။ ယခု သူမက သူနှင့် လူချင်းတွေ့သောအခါ သူမ တွေးထားသည်ထက် ပိုအဆင်ပြေသည်ဟု ခံစားရပြီး သူမ တွေးထင်ထားသော သူ့ပုံစံနှင့် လုံးဝကွက်တိနီးပါး တူနေလေသည်။
ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အတော်လေး ကြည့်ကောင်းသည်။ သူ၏ဥပဓိရုပ်ကလည်း ပြောစရာမရှိချေ။ သူ့ထံမှ လုံခြုံသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူက မျက်နှာဖုံး တပ်ထားသော်လည်း ယင်းက သူ့အား ဆန်းကြယ်သော အရှိန်အဝါတစ်ခုကိုပါ ထပ်မံပေးစွမ်းနေ၏။
*သူက အတော်လေး ငယ်ဦးမယ့်ပုံပဲ ပြီးတော့ … တအားချောတာပဲ*
“မင်း ဘာလို့ ပြုံးနေတာလဲ”
ရဲ့လင်းချန်က ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်သည်။
ချန်ရှောင်ယန် သိသိသာသာ အံ့ဩသွားသည်။ သူမမျက်နှာက ရှက်စိတ်ကြောင့် နီရဲတက်လာပြီးမှ ခေါင်းငုံ့၍ တိုးတိုးလေး ဖြေသည်။
“ဘာ…ဘာမှမဖြစ်ပါဘူး”
ကားထဲမှ အခြေအနေက ချက်ချင်း အနေရခက်သော အခြေအနေသို့ ပြောင်းလဲသွားသည်။ ချန်ရှောင်ယန်၏ နှလုံးခုန်သံကိုပင် ရဲ့လင်းချန် ကြားရလုနီးပါး ဖြစ်နေ၏။ ချန်ရှောင်ယန်က မျက်လုံးထောင့်မှနေ၍ သူ့အား မကြာခဏ ခိုးခိုးကြည့်နေသည်ကို ခံစားမိနေသည်။
*ရုပ်ချောတဲ့ယောက်ျား ဖြစ်ရတာလဲ တကယ့် ပြဿနာတစ်ခုပဲ*
ရဲ့လင်းချန် စိတ်ထဲမှ ပြောနေမိသည်။ သူ ကားထဲမှ အချိန်မရွေး ခုန်ချရန် ပြင်ဆင်ထားမိသည်။ ချန်ရှောင်ယန် သတိလက်လွတ်စွာ ကားမောင်းနေသည်က သူ့အား အတော်လေး စိုးရိမ်စေသည်။
*ဒီလိုသာ အမြဲဖြစ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ*
ချန်ရှောင်ယန် တစ်ကိုယ်တည်း တွေးနေပြီး ကံကောင်းသလို ခံစားနေရသည်။
ကားက လေဆိပ်သို့ ဦးတည်မောင်းနှင်နေ၏။
ရှိုး၏ ရိုက်ကူးရေး ဝန်ထမ်းများက လေဆိပ်၌ စောင့်နေကြသည်။ ချန်ရှောင်ယန်ဘေးမှ ရဲ့လင်းချန်ကို မြင်သောအခါ သူတို့အားလုံး သတိလက်လွတ် ဖြစ်သွားကြသည်။ သူတို့သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း သူတို့အနားသို့ လျှောက်လာပြီး နှုတ်ဆက်လေသည်။
“ကျွန်တော်တို့ရဲ့ ဂီတဘုရင်မအသစ်ကို ကြိုဆိုပါတယ်ဗျာ”
ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်က စနောက်၍ ပြောလာသည်။
“ဟဲလို ငါက တလေပါ၊ ဒါက ဒီခရီးအတွက် ငါ့အဖော် အစ်ကိုယန်ပါ”
မုတ်ဆိတ်မွေးအပြည့်နှင့် လူတစ်ယောက်က ပြောလာသည်။ သူ့ဘေး၌ သာမန် ခန္ဓာကိုယ် အချိုးအစားရှိသည့် သာမန် ရုပ်ရည်နှင့်လူတစ်ယောက်က ရပ်နေသည်။
နှစ်ယောက်လုံးက ရေပန်းစားနေသော အဆိုတော်များ ဖြစ်ကာ TikTok ၌ နာမည်ကြီးလေသည်။ ကမ္ဘာတစ်ဝန်းမှ လူတော်တော်များများက သူတို့ သီချင်းဆိုသည်ကို လာကြည့်ကြသောကြောင့် ဆိုးရွားသော ယာဉ်ကြော ပိတ်ဆို့မှုများ အမြဲတစေ ဖြစ်တတ်သည်။
“အစ်ကိုတလေ၊ အစ်ကိုယန်”
ချန်ရှောင်ယန်က ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် မိတ်ဆက်ပေးလေသည်။
“ဒါက ဒီခရီးအတွက် ကျွန်မရဲ့အဖော် အဆိုတော်ဝိုင်ပါ”
*ဘာ*
ရိုက်ကူးရေးဝန်ထမ်းများအားလုံး၏ အာရုံက ချက်ချင်း ရဲ့လင်းချန်ထံ ကျရောက်လာပြီး သူတို့၏ မျက်နှာတွင် အံ့ဩမှုတို့နှင့် ပြည့်နှက်နေ၏။
ဤရှိုးပွဲ၏ ရိုက်ကူးရေးဝန်ထမ်းများအား လူသုံးယောက်ကိုသာ အသိပေးထားသည်။ အဖော် ရှာရန်က ထိုသုံးယောက် အပေါ်တွင်သာ မူတည်သည်။ ထို့အပြင် ထိုသုံးယောက်ကလည်း ကျန်နှစ်ယောက်က ဘယ်သူ တွေမှန်း မသိကြချေ။
“ချန်ရှောင်ယန် သူက တကယ်ပဲ ဝိုင်လား”
ဒါရိုက်တာသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဝင်းလက်နေသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်ကာ သူ့အနားသို့ လျှောက်သွားသည်။ သူက ရဲ့လင်းချန်၏ လက်ကို လှမ်းဆွဲ၍ တလေးတစား နှုတ်ဆက်လေသည်။
“ဝိုင် တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရှိုးပွဲကို မင်း လာတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ၊ ငါက ဒီရှိုးပွဲရဲ့ ဒါရိုက်တာ ကျန်းယုံပါ”
ချန်ရှောင်ယန်ကို အောင်မြင်စွာ ဖိတ်ကြားနိုင်ခြင်းကပင် သူတို့အတွက် အတော်လေး အံ့ဩစရာ ဖြစ်နေလေပြီ။ ဝိုင်ပါ လိုက်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။ ကျန်းယုံသည် သူ့ရိုက်ကူးရေးက နာမည်ကျော်လိမ့်မည်ဟု ခံစားမိနေ၏။ ချန်ရှောင်ယန်ဖြစ်စေ၊ ဝိုင်ဖြစ်စေ နှစ်ယောက်လုံးက သူ့ကဲ့သို့ အလယ်အလတ်အဆင့် ဒါရိုက်တာအတွက် နာမည်ကျော်များ ဖြစ်ပေသည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ရဲ့လင်းချန်က ခေါင်းညိတ်၍ တင်စီးခြင်းလည်းမရှိ နှိမ့်ချခြင်းလည်း မရှိသည့်ဟန်ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
“ရှင်က မစ္စတာဝိုင်လား”
သူ့ဘေးမှ ရွှေအိုရောင်ဆံပင်နှင့် အမျိုးသမီးက ရဲ့လင်းချန်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသည်။ သူမအသံက နိုင်ငံခြားလေသံ ပေါက်နေသည်။
“ကျွန်မနာမည်က အာနယ်လ်ပါ၊ ကျွန်မက မစ္စတာဝိုင်ရဲ့ ပရိသတ်တစ်ယောက်ပါ၊ ကျွန်မက ဒီကို ကျွန်မ သူငယ်ချင်း ရှောင်မိုနဲ့ လိုက်လာတာလေ”
အာနယ်လ်သည် အနောက်တိုင်း မိန်းမလှလေးတစ်ဦး ဖြစ်သည်။ မျက်နှာအသွင်အပြင်က လှပပြီး အရပ်ရှည်ကာ ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးပြာတို့ကို ပိုင်ဆိုင်ထားသည်။ သူမက မြင့်မြတ်သော အရှိန်အဝါ ရှိနေပြီး အခြားသူများအား ကောင်းမွန်သော ထင်မြင်ချက်တို့ ပေးစွမ်းလေသည်။ သူမသည်လည်း အဆိုတော်တစ်ဦး ဖြစ်သည်။ အမေရိကားမှ ဖြစ်သော်လည်း သူမက အင်္ဂလိပ်သီချင်းနှင့် တရုတ်သီချင်းတို့ကို ကောင်းကောင်း ဆိုနိုင်သည်။
တစ်ဖက်မှ ရှောင်မိုသည် တရုတ်လူမျိုး ဖြစ်သည်။ သူမ၏ ရုပ်ရည်က သာမန် ဖြစ်သော်လည်း ထူးချွန်သော အဆိုတော်တစ်ဦး ဖြစ်သည်။ သူမက နိုင်ငံခြား အဆိုတော်တစ်ယောက်ကို သူမအဖော်အဖြစ် ခေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
“အားလုံးပဲ မင်္ဂလာပါ”
ရဲ့လင်းချန်က လူတိုင်းကို နှုတ်ဆက်လိုက်သည်။
“ဒီအပြင်လောကမှာ ရှင်သန်အောင် လုပ်ရမယ့် ရှိုးပွဲက လုံးဝ စိတ်ဝင်စားစရာ ကောင်းမှာ သေချာတယ်၊ ကျွန်မကို ဂရုစိုက်ပေးပါဦး”
အာနယ်လ်သည် အဖွဲ့ထဲ၌ အတက်ကြွဆုံး ဖြစ်သည်။ နိုင်ငံခြားသားများတွင် အပြင်သွားရသည်ကို နှစ်ခြိုက်သည့် သဘာဝ ရှိပုံရသည်။
ရိုက်ကူးရေး အဖွဲ့သားများ၏ စီမံခန့်ခွဲမှုများအပြီးတွင် သူတို့သည် လေယာဉ်ပေါ် တပ်၍ ဟောင်ကောင်မြို့သို့ ခရီးထွက် ကြလေသည်။
လေယာဉ်ပေါ်တွင် အာနယ်လ်က ရဲ့လင်းချန် ဘေးနား၌ မရမက ထိုင်လေသည်။ ပျံသန်းနေချိန်တွင် သူမက ရဲ့လင်းချန် တပ်ထားသော မျက်နှာဖုံးကို မကြာခဏ လေ့လာနေပြီး မျက်နှာဖုံးအောက်ကို မြင်ရရန် ကြိုးစားနေ၏။
တရုတ်လူမျိုးနှင့် အမေရိကန်လူမျိုးတို့၏ ခြားနားမှုတို့ ပေါ်လွင်လာသည်။ တရုတ်လူမျိုးများသည် ရဲ့လင်းချန်ကို စပ်စုချင်လျင်တောင်မှ ချန်ရှောင်ယန်ကဲ့သို့ သူ့ကို မသိမသာ ကြည့်မည်သာ ဖြစ်သည်။ သူမက ရဲ့လင်းချန်ကို ကြည့်တိုင်း မျက်နှာတွင် ရှက်ရွံ့ဟန် ပေါ်နေတတ်သည်။ တစ်ဖက်တွင်မူ အာနယ်လ်က ရဲ့လင်းချန်ကို ပေါ်တင်သာ ကြည့်နေပြီး သူ့အကြည့်ကို ရှောင်မည့်ပုံ မပြချေ။
“မိန်းကလေး အာနယ်လ်၊ တစ်ခုခု ဖြစ်လို့လား”
နောက်ဆုံးတွင် ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်ရသည်။
“မစ္စတာဝိုင်၊ ကျွန်မ ရှင့်မျက်နှာကို တအား သိချင်လို့၊ ရှင် ကျွန်မကို တစ်ချက်လောက် ကြည့်ခွင့်ပေးနိုင်မလား”
အာနယ်လ်က ပေါ်တင် မေးလေသည်။ ရဲ့လင်းချန် ရယ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“မိန်းကလေး အာနယ်လ်၊ ကျွန်တော်တို့ မျိုးနွယ်မှာ စည်းကမ်းတစ်ခု ရှိတယ်၊ ကျွန်တော့်မျက်နှာကို ကျွန်တော့် ဇနီးကိုပဲ ပြခွင့် ရှိပါတယ်၊ ကျွန်တော့်မျက်နှာကို ပထမဆုံး မြင်ရတဲ့ မိန်းကလေးက ကျွန်တော်နဲ့ လက်ထပ်ရလိမ့်မယ်၊ ခင်ဗျား ကြည့်ချင်သေးရဲ့လား”
အာနယ်လ်က လျှာလေးထုတ်၍ ချက်ချင်း ပြန်ပြောသည်။
“တစ်ချက်ကလေး ကြည့်မိရုံနဲ့ ရှင်က သူ့ကို လက်ထပ်ချင်တာလား၊ ဘယ်လိုလုပ် ရှင်က အဲ့လောက် စိတ်အေးရတာလဲ၊ အချစ်က အလေးအနက်ထားရမှာ”
“မြတ်စွာဘုရားက ဟောကြားတော်မူဖူးတယ်၊ အတိတ်ဘဝကို အကြိမ်ရှစ်ရာ ပြန်ကြည့်ကြည့်ရင် တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံတဲ့ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်တဲ့၊ ဒီကမ္ဘာပေါ်က ဘီလီယံချီတဲ့ လူတွေထဲမှာ မင်းက ငါ့မျက်နှာကို ပထမဆုံး မြင်ရတဲ့သူဆိုရင် ဒါက ရေစက်ရှိလို့ပဲ၊ ငါ့ကို လက်ထပ်တာက မျှတတယ်လို့ မထင်ဘူးလား”
ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ဝိုး … ကြည်နူးစရာ ကောင်းလိုက်တာ …”
အာနယ်လ် စိတ်ဝင်စားသွားသည်။
သူတို့ဘေးနားမှ အခြားသူများသည် မရယ်မိအောင် မနည်း အောင့်ထားကြပြီး ရဲ့လင်းချန်က ကျိတ်၍ လက်မထောင်ပြလေသည်။
*လှည့်စားနိုင်တဲ့ အရည်အချင်းကတော့ ထိပ်တန်းပါပဲ…*