ရသစုံရှိုးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု
Vol. 23 Ch. 337
နောက်တစ်နေ့တွင် လူတိုင်းသည် ရိုက်ကူးရေး အဖွဲ့သားများ၏ အစီအစဉ်ဖြင့် ကမ်းခြေသို့ မနက်စောစော၌ ရောက်ရှိလာကြသည်။ ကမ်းစပ်တွင် သူတို့ကို စောင့်နေသည့် မော်တော်ဘုတ်တစ်စီး ရှိလေသည်။
ကင်မရာသမားများအားလုံးက သူတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ သွားလိုက်ကြသည်။ ဒါရိုက်တာ ကျန်းယုံက သူတို့အနားသို့ လျှောက်လာပြီး အားလုံးကို အတိုချုံး၍ ရှင်းပြသည်။
ဤရသစုံရှိုးသည် လူတိုင်းအား အနုပညာရှင်များ၏ တစ်နေ့တာ လှုပ်ရှားမှုများကို မြင်တွေ့စေရန် ဖြစ်ပြီး ကြည့်ရှုမှုများအောင် လူသူမဲ့ကျွန်းတွင် ရှင်သန်နေထိုင်ခိုင်းသည့်ပုံစံ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ထဲ၌ လူပေါင်းများစွာက ဖန်သားပြင်ရှေ့ထိုင်၍ စောင့်နေကြသည်။
[ဒီတစ်ခေါက် လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း အစီအစဉ်က ချန်ရှောင်ယန်ကို ဖိတ်နိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်၊ ငါ တကယ် စိတ်လှုပ်ရှားနေပြီ]
[အဲ့ဒီ အနုပညာရှင်တွေက လူမရှိတဲ့ကျွန်းမှာ ဘာလုပ်နိုင်မှာမို့လို့လဲ၊ သူတို့ ဘယ်လို ချက်ပြုတ်ရမလဲ မသိတာတော့ မဟုတ်ဘူးမလား]
[သတင်းထူးဟေ့၊ မင်းတို့ သတိမထားမိကြသေးဘူး မဟုတ်လား၊ မနေ့က သူတို့ ထုတ်ပြန်တဲ့ သတင်းအရဆို ဒီတစ်ခေါက် အဆိုတော်ဝိုင်က ချန်ရှောင်ယန်ရဲ့ အဖော်အဖြစ် ပါမယ်တဲ့]
[တကယ်ကြီးလား၊ ဝိုင်လည်း ပါမှာလား]
[လခွမ်း ဒါ တကယ့် သတင်းကြီးကွ၊ ဝိုင်က ဘယ်လိုပုံစံ ရှိလဲ၊ ငါ ဒါကို ကြည့်ကိုကြည့်မှ ဖြစ်မယ်]
…
ကျန်းယုံက ရဲ့လင်းချန်နှင့် အခြားသူများကို ကြည့်လိုက်သည်။
“အခု ငါတို့ တိုက်ရိုက် ထုတ်လွှင့်မှုကို စတော့မယ်၊ မင်းတို့ ပုံမှန်အတိုင်း နေကြပါ၊ ခေါင်းစဉ်ကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် လုပ်ဖို့ အကောင်းဆုံး ကြိုးစားပေါ့၊ စိတ်ဖိစီးတော့ မခံပါနဲ့”
ရဲ့လင်းချန်နှင့် အခြားသူများက ရိုက်ကူးရေးအတွက် အသင့်ဖြစ်ကြောင်း ခေါင်းညိတ်ပြသည်ကို မြင်သည်နှင့် ရိုက်ကူးရေး အဖွဲ့က လက်ဖြင့် အချက်ပြလေသည်။
“သုံး”
“နှစ်”
“တစ်”
“အက်ရှင်”
လက်ရှိတွင် အားလုံးက သင်္ဘောစီးနေကြသည်။ ကင်မရာက သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာကို ရိုက်ပြပြီးနောက် ရဲ့လင်းချန်၏ မျက်နှာတွင် တစ်ခဏမျှ ရပ်သွားလေသည်။
[သေစမ်း၊ သူတို့ဆီမှာ နိုင်ငံခြားသူတောင် ပါတယ်ဟ၊ သူက လှလိုက်တာ]
[ချန်ရှောင်ယန်က သိပ်လှတာပဲ၊ သူ့ဘေးက လူက တော်တော်လေး စတိုင်ကျတယ်၊ ဘာလို့ သူက မျက်နှာဖုံး တပ်ထားတာလဲ]
[မဟုတ်မှလွဲရော အဲ့ဒါ အဆိုတော်ဝိုင်လား၊ လခွမ်း သူက တော်တော်ငယ်တယ်ဟ]
[အား… အဆိုတော်ဝိုင်က သိပ်တည်ကြည်တာပဲ၊ အဲ့မျက်နှာဖုံးအောက်မှာ တအားချောတဲ့ မျက်နှာ ရှိလိမ့်မယ်လို့ ငါ လောင်းရဲတယ်]
[စကားမစပ် အဲ့မျက်နှာဖုံးက တော်တော် လန်းတယ်၊ အဲ့ဒါကို ဘယ်က ဝယ်လို့ရလဲ၊ အဲ့ဒါကို တပ်ထားရင် ခပ်မိုက်မိုက် နေလို့ရပြီ]
…
စတင်ရုံလေးမျှသာ ရှိသေးသော်လည်း ကြည့်ရှုသူများ၏ စိတ်အားထက်သန်မှုက ပွက်ပွက်ဆူနေသည်။ သူတို့၏ အာရုံအများစုက ရဲ့လင်းချန်နှင့် ချန်ရှောင်ယန်ထံ ကျရောက်နေ၏။
“ဘယ်လိုလဲ၊ ပွဲရဲ့ ကြည့်ရှုသူနှုန်းက ဘယ်လိုရှိလဲ”
ကျန်းယုံက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“အွန်လိုင်း ကြည့်ရှုသူ အရေအတွက်က ၁.၁ သန်းကို ရောက်နေပါပြီ၊ စစချင်း ကြည့်ရှုသူ အရေအတွက် တစ်သန်းကျော်တာက ဒါ ပထမဆုံးပါပဲ”
စိစစ်သူက စိတ်လှုပ်ရှားစွာ ပြောလာသည်။
“အဆိုတော်ဝိုင်နဲ့ ချန်ရှောင်ယန်က ငါတို့အတွက် ကြည့်ရှုသူနှုန်းထား အာမခံချက်တွေပဲ”
ကျန်းယုံ သက်ပြင်းချလိုက်သည်။
“ကင်မရာကို သူတို့ဆီ ပိုဦးတည်ထားလိုက်”
“နားလည်ပါပြီ”
ရိုက်ကူးရေးဝန်ထမ်းက ခေါင်းညိတ်ပြသည်။ သို့သော် သူတို့က စိုးရိမ်သော လေသံဖြင့် မေးလာသည်။
“ဒါရိုက်တာကျန်း၊ ဒါ သူတို့ ရသစုံရှိုးမှာ ပထမဆုံးအကြိမ် ပါဖူးတာလေ၊ သူတို့ ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်း မရှိဘဲ လုပ်နိုင်ပါ့မလား”
ရသစုံရှိုးသည် ရုပ်သံဇာတ်လမ်းတွဲများထက် အချိန်ပိုကုန်၍ ပင်ပန်းခက်ခဲသလို ရရာဖြင့် ဖြစ်သလို ဖန်တီးနိုင်စွမ်းလည်း လိုအပ်ပေသည်။ သူတို့သည် ကြည့်ရှုသူများကို အပျင်းပြေအောင် လုပ်ရန် လိုအပ်သဖြင့် သူတို့က ဟာသဉာဏ် ရွှင်မှ ဖြစ်ပေမည်။
“အရင်ဆုံး ကြိုးစားကြည့်ကြတာပေါ့၊ ငါတို့ရဲ့ အဓိက ပန်းတိုင်က သူတို့ရဲ့ နေ့စဉ်လှုပ်ရှားပုံတွေကို ရိုက်ကူးဖို့ပဲ၊ ပြီးတော့ အဲ့ဒါက လူသူမဲ့တဲ့ကျွန်းမှာ၊ ငါတို့မှာ ဇာတ်ညွှန်း ရှိခဲ့ရင်တောင်မှ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ခက်လိမ့်မယ်”
ကျန်းယုံ ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဖန်သားပြင်အား စိုးရိမ်တကြီး ကြည့်နေ၏။
ရိုက်ကူးရေးက စခါစသာ ရှိသေးသဖြင့် လူတိုင်း အနေကျုံ့နေကြသည်။ ထို့အပြင် သူတို့အားလုံးက အင်တာနက်ပေါ်မှ နာမည်ကျော် အဆိုတော်များ ဖြစ်ပြီး ရသစုံရှိုးပွဲ ရိုက်ကူးရေးနှင့် စိမ်းနေသည်။ သူတို့၏ ခေါင်းစဉ်များက ပျံ့နေပြီး အသက်မပါသော စကားလမ်းကြောင်းများက ရယ်စရာ မကောင်းပေ။
တဖြည်းဖြည်းနှင့် သူတို့ အသားကျလာကြသည်။
“လူမရှိတဲ့ကျွန်းမှာ တောရိုင်းတိရစ္ဆာန်တွေ ရှိလိမ့်မယ်လို့ ထင်လား”
ထိုစဉ် တလေက ရုတ်တရက် မေးလာပြီး စကားစရန် ကြိုးစားလေသည်။
“မရှိလောက်ပါဘူး ဟုတ်တယ်မလား”
ရှောင်မို စိုးရိမ်ပူပန်နေမှန်း သိသာလှသည်။
“မရှိလောက်ပါဘူး၊ တကယ်လို့ တောရိုင်းတိရစ္ဆာန်တွေ ရှိနေရင် အရမ်း အန္တရာယ်များမှာ”
ချန်ရှောင်ယန်ကပါ ပြောလာပြီး အနည်းငယ် စိုးရိမ်သလို ခံစားရကာ သူမခန္ဓာကိုယ်က ရဲ့လင်းချန်ကို အလိုလို မှီလာသည်။
“တောရိုင်း တိရစ္ဆာန်တွေ မရှိဘူး ဆိုရင်တောင်မှ မြွေတွေ၊ ပိုးကောင်တွေ၊ ကြွက်တွေနဲ့ ပုရွက်ဆိတ်တွေ ရှိလောက်တယ်”
အစ်ကိုယန်က အသံကိုနှိမ့်၍ စကားလမ်းကြောင်းကို ဝင်ဖြည့်ပေးသည်။
“အား … မြွေတွေ ရှိတာလား”
ထင်ထားသည့်အတိုင်းပင် မိန်းကလေးများသည် မြွေများကို အလိုလို ကြောက်တတ်ကြသည်။ မိန်းကလေး သုံးဦးလုံး၏ အမူအရာက ချက်ချင်း ဖြူရော်သွားသည်။ အထူးသဖြင့် ရှောင်မိုပင်။ သူမမျက်နှာက သွေးရောင် မရှိတော့ဘဲ စူးခနဲ အော်ဟစ်လေသည်။
“ရှောင်မို၊ မစိုးရိမ်ပါနဲ့၊ နင်တို့ တရုတ်လူမျိုးတွေမှာ ဆိုရိုးစကား တစ်ခု ရှိတယ်မလား၊ ပြုံးနေတတတ်တဲ့ မိန်းကလေး တစ်ယောက်က ကံဆိုးမှုတွေနဲ့ မကြုံဘူးဆိုတာလေ၊ ငါတို့ကံက အတော်လေး ကောင်းမယ်လို့ ငါ ခံစားမိတယ်”
အာနယ်လ်က သူမကို နှစ်သိမ့်ပေးရန် အစွမ်းကုန် ကြိုးစားနေသည်။
“ဪ အဲ့စကားပြီးရင် လာတဲ့စကားကို မင်း မကြားဖူးဘူးနဲ့တူတယ်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်ပြီး အားလုံး၏ အာရုံက သူ့အပေါ် ကျရောက်လာသည်။ တစ်ချိန်တည်းမှာပ်င ကြည့်ရှုသူများသည်လည်း စိတ်ဝင်စားလာကြသည်။
*အဲ့စကားက ဆက်ရှိသေးတာလား*
ကင်မရာသမားသည် အခွင့်အရေးကို အရယူ၍ ရဲ့လင်းချန်အား ကင်မရာဖြင့် ချိန်ထားလေသည်။ ထိုစဉ် ရဲ့လင်းချန်က ဆက်ပြောလာသည်။
“ကံဆိုးနေတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ရယ်နိုင်မှာလဲတဲ့”
“ခွီး”
ချက်ချင်းဆိုသလိုပင် တီဗွီရှေ့၌ ကြည့်နေသူမှများအားလုံး အားပါးတရ ရယ်မောကြလေသည်။
[လခွမ်း၊ လုံးဝ အဓိပ္ပာယ် ရှိတယ်ကွ၊ ငါ ပြန်တောင်မပြောနိုင်ဘူး]
[အံ့ဩစရာပဲ၊ အဆိုတော်ဝိုင်က လူပြက်လိုလည်း လုပ်နိုင်တယ်လို့ ငါ ထင်မထားမိဘူး]
[အရင်တုန်းက အရသာရှိတဲ့ ကြက်သားစွပ်ပြုတ်က အဆိပ်ရှိတဲ့ ကြက်သားစွပ်ပြုတ် ဖြစ်သွားပါလား၊ ငါ မရတော့ဘူး၊ ငါ အဆိပ်မိသွားပြီ]
ထို့နောက် ရဲ့လင်းချန် ဆက်ပြောသည့်စကားကို သူတို့ ကြားလိုက်ရသည်။
“ပင်လယ်က သက်ရှိသတ္တဝါတွေ အများဆုံး ရှိတဲ့နေရာပဲ၊ မြွေတွေက ဒီလိုရာသီဥတုအောက်မှာတောင် ကုန်းပေါ် တက်နိုင်တယ်၊ လူမရှိတဲ့ကျွန်းက မြွေရဲ့ ထိပ်တန်းရွေးချယ်မှု ဖြစ်မှာပဲ၊ အဲ့တော့ မြွေတွေ ပေါ်လာတာကို မြင်ရမှာက အံ့ဩစရာ မဟုတ်တော့ဘူး”
“ဂလု”
လက်ရှိတွင် မိန်းကလေး သုံးယောက်သာမက တလေနှင့် အစ်ကိုယန်ပါ ကြောက်ရွံ့နေကြသည်။ အစက သူတို့သည် စနောက်ရုံမျှသာ ဖြစ်သော်လည်း ယင်းက သူတို့ကိုပါ ဖြူဖတ်ဖြူရော် ဖြစ်လာစေသည်။
“မစ္စတာဝိုင် ရှင် နောက်နေတာ မဟုတ်လား”
ရှောင်မို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
“ဝိုင် ရှင် အတည်ပြောနေတာလား ဒါမှမဟုတ် နောက်နေတာလား”
ချန်ရှောင်ယန်သည်လည်း မျက်နှာ ပြာနှမ်းကာ ရဲ့လင်းချန်၏ လက်မောင်းကို ဖက်၍ စိုးရိမ်တကြီး မေးလေသည်။
“ငါ့ကိုမေးလည်း အပိုပဲလေ၊ မင်း ဒါရိုက်တာကို မေးသင့်တယ်”
ရဲ့လင်းချန်က ပခုံးတွန့်၍ နောက်ပြောင်ကာ ပြောလိုက်သည်။ ထိုအခါတွင်မှ အဖွဲ့သည် အနည်းငယ် စိတ်အေး သွားလေသည်။
ရိုက်ကူးရေးသည် တကယ့် တောတွင်း အသက်ရှင်သန်နေထိုင်ရေး အစီအစဉ် မဟုတ်ပါ။ အခြေခံ ဘေးကင်မှုကို ဂရုစိုက်ထားသင့်ပေသည်။
ထို့နောက်တွင် အဖွဲ့သည် မကောင်းသော စကားများကို ဆက်မပြောရဲတော့ချေ။ သူတို့က သင်္ဘောပေါ် ထိုင်၍ ဘေးပတ်လည်မှ ရှုခင်းကိုကြည့်၍ ပေါ့ပေါ့ပါးပါး ရှိသော အကြောင်းအရာများကို စတင် ပြောဆိုကြသည်။
“အာနယ်လ် မင်းရဲ့ တရုတ်စကားက တော်တော် ကျွမ်းကျင်တာပဲ၊ ဘယ်လို သင်ထားတာလဲ”
အစ်ကိုယန်က သိချင်စိတ်ဖြင့် မေးလေသည်။
“ကျွန်မက တရုတ်သီချင်းတွေ နားထောင်ရတာကို သဘောကျတယ်၊ ပြီးတော့ ကျွန်မ တရုတ် ယဉ်ကျေးမှုကို စိတ်ဝင်စားတယ်၊ တရုတ်နိုင်ငံက တအား စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံပဲ”
အာနယ်လ်က ပြန်ပြောသည်။
“ရှင်တို့ကို ပြောပြရဦးမယ်၊ အာနယ်လ်က အံ့ဩဖို့ကောင်းတယ်၊ သူ့တရုတ်စကားက ဘယ်တရုတ်လူမျိုးကိုမှ ရှုံးမှာ မဟုတ်ဘူး၊ သူက ရွှမ်းကျဲ့ကွမ်ကိုတောင်မှ ဆိုနိုင်တယ်”
ရှောင်မိုက ပြောပြသည်။
“ဝိုး … တကယ်လား၊ ရွှမ်းကျဲ့ကွမ်က တရုတ်လူမျိုးတွေတောင် ဆိုဖို့ခက်တဲ့ သီချင်းလေ”
တလေက လျင်မြန်စွာ ဝင်ပြောသည်။
“မင်း အခု ဆိုပြပါလား”
လျင်မြန်စွာပင် သီချင်းသံစဉ်ကို ဖွင့်လိုက်ပြီး အာနယ်လ်က ရွှမ်းကျဲ့ကွမ်ကို သီဆိုဖျော်ဖြေပြကာ လူတိုင်းထံမှ ချီးမွမ်းခြင်း ခံရလေသည်။
“မစ္စတာဝမ်၊ ကျွန်မသီချင်းဆိုတာ ဘယ်လိုနေလဲ”
အာနယ်လ်က ရဲ့လင်းချန်ကို ဂုဏ်ယူစွာ ကြည့်နေသည်။ ရဲ့လင်းချန်က ခေါင်းညိတ်ပြပြီး ပြုံး၍ ပြောလိုက်သည်။
“မဆိုးပါဘူး၊ ဒါပေမဲ့ ငါ့မှာ မင်း မဆိုနိုင်တဲ့ သီချင်းတစ်ပုဒ် ရှိတယ်၊ မင်း စကားလုံး တစ်ဝက်လောက်ကိုပဲ မှတ်နိုင်ရင် ငါ့အရှုံးလို့ သတ်မှတ်လိုက်”
“မဖြစ်နိုင်ဘူး”
အာနယ်လ်က ချက်ချင်း ခေါင်းခါသည်။ သူမ၏ တရုတ်စကား ကျွမ်းကျင်မှုကို သူမ ယုံကြည်ချက် ရှိသည်။
“မစ္စတာဝိုင် ပြောနေတဲ့ သီချင်းက ဘာလဲဆိုတာ ကျွန်မ သိလို့ရမလား”
ကျန်လူများကလည်း ရဲ့လင်းချန်ကို ကြည့်နေပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသည်။
*ရွှမ်းကျဲ့ကွမ်ထက် ပိုရှုပ်တယ်ဆိုတဲ့ သီချင်းက ဘာသီချင်းမို့လို့လဲ၊ အာနယ်လ်ရဲ့ အရည်အချင်းကို အားလုံး မြင်နေရတာပဲ၊ သူ စကားလုံးတွေကို မမှတ်မိနိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
တီဗွီရှေ့၌ ကြည့်ရှုနေသူများကလည်း ရဲ့လင်းချန် ပြောလာမည့်စကားကို စောင့်နေကြသည်။
…