← Chapters

လန့်စရာပဲ၊ ရဲ့လင်းချန် ယူလာတဲ့ပစ္စည်းက …

Vol. 23 Ch. 339

လန့်စရာပဲ၊ ရဲ့လင်းချန် ယူလာတဲ့ပစ္စည်းက …

Vol. 23 Ch. 339

ထိုစာလုံးများသည် အစကတည်းက ရှုပ်ထွေးသော စာလုံးများ ဖြစ်သည်။ လူအများစုသည် ၎င်းတို့ကို ရေးနိုင်စွမ်း မရှိပေ။ သို့သော် ရဲ့လင်းချန်က ၎င်းတို့ကို လှလှပပ ရေးနိုင်စွမ်း ရှိသည်။ ယင်းတစ်ခုတည်းကပင် သူတို့မျက်လုံးကို ကန်းလုမတတ် ဖြစ်သွားစေ၏။

“နင် ငါ့ကို တမင်သက်သက် စိတ်တိုအောင် လုပ်တာပဲ”

အာနယ်လ်က ရဲ့လင်းချန်ကို စူးစိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။ ပထမဆုံး သူမ မသိသော စကားလုံးများဖြင့် စိတ်ရှုပ်အောင် လုပ်ခဲ့ပြီး ယခု သူ၏ လှပသော လက်ရေးကို ထုတ်ကြွားနေပြန်သည်။ သူမ၏ လက်ရေးနှင့် ယှဉ်လိုက်လျင် ပြောဖွယ်ရာပင် မရှိချေ။

“ဟိုမှာ ကျွန်းတစ်ကျွန်း”

ထိုစဉ် အစ်ကိုယန်က စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။

ခေါင်းမော်ကြည့်လိုက်သောအခါ ကျယ်ပြောလှသော ပင်လယ်တွင်း၌ ကျွန်းတစ်ကျွန်းက သူတို့ မြင်ကွင်းထဲ ဝင်လာသည်။

ခပ်လှမ်းလှမ်းမှနေ၍ တစ်ကျွန်းလုံး စိမ်းလန်းစိုပြည်နေသည်ကို သူတို့ မြင်နေရသည်။ လူမရှိသော်လည်း ပတ်ဝန်းကျင်က ကောင်းမွန်မှန်း သိသာပေသည်။ ထို့အပြင် ခရီးထွက်ရန်အတွက် သင့်လျော်၏။ ရိုက်ကူးရေး ဝန်ထမ်းများ ကြုံရာကျွန်းတစ်ကျွန်းကို ရမ်း၍ ရွေးထားခြင်း မဟုတ်မှန်း သိနိုင်ပေသည်။ သူတို့ သေချာ စဉ်းစား တွေးတောခဲ့ပေ၏။

လူတိုင်း ကုန်းပတ်ပေါ် တက်၍ ကျွန်းကို ကြည့်ကြသည်။ နောက်ခုနစ်ရက်အထိ သူတို့ ထိုကျွန်း၌ နေရပေမည်။

“အား…”

ထိုစဉ် အားပြင်းသော ပင်လယ်လေ တစ်ချက် တိုက်ခတ်လာသဖြင့် မိန်းက‌လေး သုံးယောက်ထံမှ အော်သံများ ထွက်ပေါ်လာသည်။ ရှောင်မိုဆိုလျင် သူမစကပ်ကို အစွမ်းကုန် ကြိုးစား၍ ဖိနေ၏။

“လေပြင်းတာပဲ၊ ဒီမှာ ရပ်နေဖို့က အန္တရာယ်များတယ်၊ အထဲ အရင်ဝင်ရအောင်”

တလေက အကြံပြုသည်။

“အစ်ကိုတလေ၊ ခင်ဗျားလည်း ကြောက်နေတာလား”

အစ်ကိုယန်က ရယ်နေသည်။ ထိုစဉ် ရဲ့လင်းချန်က ဝင်ပြောလေသည်။

“သူက အခြားသူတွေ လေကြောင့် လွင့်သွားပြီး သူ တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်နေတာ၊ အဲ့လိုဆိုရင် သူ့အတွက် ရှက်စရာ ကောင်းမနေဘူးလား”

“ခွီး”

ထိုအခါ လူတိုင်း ဝါးလုံးကွဲမတတ် ရယ်မောကြလေသည်။ အာနယ်လ်က သူမဗိုက်ကို လက်ဖြင့် ဖိထားလေသည်။

“မစ္စတာဝိုင် ရှင်က တော်တော် ဆိုးတာပဲ”

ကျန်းယုံက စိတ်အေးသလို သက်ပြင်းချလိုက်သည်။ သူ့ရင်ထဲမှ စိုးရိမ်စိတ်များက အစအနပင် မကျန်အောင် လွင့်ပြယ်သွားပြီး ပြုံးလိုက်လေသည်။

ရဲ့လင်းချန်၏ ဟာသဉာဏ်က ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည်သည်။ သူတို့အဖွဲ့သည် အချင်းချင်း ကောင်းကောင်း မရင်းနှီးခဲ့ကြပြီး စကားပြောစဉ်အတွင်း ထိန်း၍ ပြောခဲ့ကြသည်။ သို့သော် ရဲ့လင်းချန်ထံမှ ဟာသ အနည်းငယ် အပြီးတွင် လူတိုင်း၏ အာရုံက အလိုလို သူ့ဆီ ရောက်လာသည်။

ယခုတစ်ခေါက် ဝိုင်က သူတို့နှင့်အတူ ပူးပေါင်းလာ၍ ကံကောင်းသွားသည်။ ရိုက်ကူးရေးသည် စတင်ခါစသာ ရှိသေးပြီး သူက သူတို့အပေါ် အံ့ဩစရာ တစ်ခုပြီးတစ်ခု ယူဆောင်လာပေးနေသည်။ ဤသို့သော လူစားမျိုးက ရသစုံရှိုးအတွက် မွေးဖွားလာသော လူစားမျိုးပင်။

နောက်ဆုံးတွင် သင်္ဘောက ကမ်းစပ်သို့ ရောက်ရှိလာ၏။

၎င်းသည် သူတို့ ခန့်မှန်းထားသော ကျွန်းနှင့် ခြားနားခြင်း မရှိပါ။ ကျောက်တန်းကမ်းခြေနှင့် ကျန်အရာအားလုံးက သဘာဝပေါက်ပင်များပင်။

လူမရှိခြင်းကြောင့် ကျွန်းတွင် လမ်းမရှိပေ။ မြက်ပင်ပေါင်းပင်များက နေရာတိုင်း၌ ပေါက်နေပြီး ဘေးပတ်လည်ကို ကြည့်ခြင်းဖြင့် သူတို့အား အထီးကျန်သလို ခံစားရစေသည်။ မိန်းကလေး သုံးယောက်က စကားနည်းသွားလေသည်။ မိန်းကလေးများသည် ဤသို့ မကျွမ်းဝင်သော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် စိုးရိမ်တုန်လှုပ်သလို ခံစားရတတ်သည်ပင်။

သို့သော် သုံးယောက်လုံးသည် အလိုလို ရဲ့လင်းချန်နား တိုးသွားကြပြီး သူတို့အား လုံခြုံမှုပေးသည်ဟု ခံစားမိ နေကြသည်။

သူတို့ကို ခေါ်လာသော သင်္ဘောက သူတို့ကို ချပေးပြီးသည်နှင့် ပြန်ထွက်သွားကာ သူတို့က တဖြည်းဖြည်း သေးငယ်သွားသည့် သင်္ဘောပုံရိပ်ကို စိုးရိမ်နေသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

ယင်းက သူတို့၏ နောက်ဆုံးသော အာမခံချက် ပျောက်သွားသည်ကို ကြည့်နေရသည်နှင့် တူနေလေသည်။ လက်ရှိတွင် သူတို့အတွက် ပြန်သွားရန် မဖြစ်နိုင်တော့ပါ။

“ကဲ အခု ငါတို့ရဲ့ လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း ရိုက်ကူးရေးအတွက် သတ်မှတ်ထားတဲ့ နေရာကို ရောက်ပြီလို့ ကြေငြာချင်ပါတယ်၊ အခု လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း ခရီးစဉ်ကို တရားဝင် စတင်လိုက်ပါပြီ၊ နောက်ဆိုရင် ဒီအနုပညာရှင် ခြောက်ယောက်က ဒီလူမရှိတဲ့ကျွန်းမှာ ခုနစ်ရက်နဲ့ ခုနစ်ညတိတိ နေထိုင်သွားမှာ ဖြစ်ပါတယ်”

ကျန်းယုံက အဖွဲ့ကို ကြည့်ပြီး ဆက်ပြောလေသည်။

“အခု လူသူမဲ့ကျွန်းကို ဝင်ရောက်တဲ့ ပထမဆုံးအဆင့်အနေနဲ့ လူတိုင်းရဲ့ ခရီးဆောင်အိတ်ကို စစ်ဆေးပါမယ်”

*ဘာ*

ရဲ့လင်းချန်နှင့် အခြားသူများအားလုံး အနည်းငယ် အံ့ဩသွားကြသည်။

*ဒါ ရိုက်ကူးရေးအဖွဲ့ရဲ့ လျှပ်တစ်ပြက် ဆုံးဖြတ်ချက်လား၊ သူတို့ ငါတို့ကို ကြိုပြီး မပြောထားပါဘူး*

သူတို့ ခရီးဆောင်အိတ်ထဲမှ ပစ္စည်းများကို စဉ်းစားမိသည်နှင့် သူတို့၏ အမူအရာများက စတင် ပြောင်းလဲ လာသည်။

ထိုတုံ့ပြန်မှုသည် ရိုက်ကူးရေးအဖွဲ့သားများ မြင်ချင်နေသည့်အရာပင်။ ဖန်သားပြင်မှ ကြည့်ရှုနေသူများ သည်လည်း သူတို့နည်းတူ မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။

[ဒါ ရိုက်ကူးရေးအဖွဲ့ရဲ့ ခပ်နောက်နောက် အတွေး ဖြစ်ရမယ်၊ ဧည့်သည်တွေက အစီအစဉ်မှာ အဲ့အပိုင်း ပါမှန်း မသိကြဘူး]

[ဟားဟားဟား အနုပညာရှင်တွေရဲ့ အိတ်ထဲမှာ ဘာတွေပါမလဲ ငါ သေချာ ကြည့်ဦးမယ်]

[ဒါရိုက်တာက မသိမသာ ပြုံးနေတယ်၊ သူ့အကြံ အောင်မြင်သွားတာကို ဖုံးဖိနေတာပဲ]

…

“ဒါရိုက်တာ၊ ရိုက်ကူးရေးရဲ့ ဒီအပိုင်းက နည်းနည်း မလိုအပ်ဘူးလားလို့ ငါ ခံစားမိနေတယ်၊ ဒါကို မေ့လိုက်လို့ ရမလား”

တလေ၏ ပါးစပ်က ထိတ်လန့်စရာ ကောင်းလောက်အောက် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။

“တလေ ပြောတာ မှန်တယ်လို့ ငါလည်း ထင်တယ်”

အစ်ကိုယန်က ချက်ချင်း သဘောတူကြောင်း ထောက်ခံလေသည်။

“ဒါရိုက်တာ မလုပ်ပါနဲ့”

အာနယ်လ်ကလည်း ဝင်ပြောသည်။

သို့သော် သူတို့ ဘယ်လို ချော့ပြောပါစေ သို့မဟုတ် ခပ်မာမာ ပြောပါစေ ရိုက်ကူးရေးအဖွဲ့က လုံးဝ မသိချင်ယောင် ဆောင်ထားသည်။ နောက်ဆုံးတွင် သူတို့ အင်တင်တင်ဖြင့် ခရီးဆောင်အိတ်များကို ဖွင့်ပြရန်သာ တတ်နိုင် လေတော့သည်။

ထို့နောက်တွင်မူ သူတို့အဖွဲ့၏ ခရီးဆောင်အိတ်များက လူတိုင်းကို အတော်လေး အံ့ဩသွားစေသည်။

တလေ၏ ခရီးဆောင်အိတ်ထဲတွင် power bank ဆယ်ခု ရှိနေပြီး လူတိုင်းကို အံ့ဩသွားစေသည်။

*သူက တကယ့်ကို power bank အရှင်သခင်ပဲ*

တလေက အသာချောင်းဟန့်၍ အခြေအနေကို အစွမ်းကုန် ရှင်းပြလေသည်။

“ငါ ဒါကို အားလုံးအတွက် ယူလာတာပါ၊ ငါတို့ဖုန်းတွေက သိပ်အရေးကြီးတယ်ဆိုတာ မင်းတို့လည်း သိတာပဲ၊ ငါတို့ ဘက်ထရီကို ထိန်းထားဖို့ လိုတယ်လေ၊ မင်းတို့ထဲက တစ်ယောက်ယောက် ဘက်ထရီ ကုန်ခါနီး ဖြစ်လာပြီဆိုရင် ငါ့ကို ပြောလိုက်”

“အစ်ကိုတလေ၊ အစ်ကို့ခံစားချက်ကို ကျွန်တော် ထိခိုက်အောင် လုပ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အစ်ကို တစ်ခုခုကို မေ့နေတဲ့ပုံပဲ”

ရဲ့လင်းချန် ပြောလိုက်သည်။

“ဘာကိုလဲ”

“ဒီမှာ ဘာတိုင်မှ မရဘူးလေ”

တလေ ဆွံ့အသွားသည်။

ရှောင်မို၏ ခရီးဆောင်အိတ်တွင်မူ မိတ်ကပ်နှင့် ချစ်စရာကောင်းသော စကပ်များဖြင့် ပြည့်နေကာ ဆယ်ကျော်သက် တစ်ယောက်၏ ခံစားချက်ကို အပြည့်အဝ ဖော်ဆောင်နေ၏။

အာနယ်လ်၏ ခရီးဆောင်အိတ်က လူတိုင်းကို မျက်လုံးပြူးသွားစေသည်။ အိတ်ထဲ၌ စားစရာတို့နှင့် ပြည့်နေ လေသည်။

၎င်းထဲတွင် စားစရာတို့အပြည့်ပင်။ စည်သွပ်ဘူးများ၊ အသင့်စား ခေါက်ဆွဲဘူးများ၊ အမဲသားဘူး၊ နွားနို့ဘူး စသဖြင့် အထုပ်အပိုးက စုံလှသည်။ မသိလျင် အသေးစား စူပါမားကပ်တစ်ခုအလား ထင်မှတ်မှားရသည်။

“မင်းက အံ့ဩဖို့ကောင်းတာပဲ၊ မင်း တစ်ယောက်ယောက်ရဲ့ စူပါမားကပ်ကို အပြောင်ဖြောင်လာတာလား”

အစ်ကိုယန်က တအံ့တဩ ပြောသည်။

“ကျွန်မတို့ ဒီမှာ ခုနစ်ရက်နေဖို့ လိုတာလေ၊ ကျွန်မတို့ စားသောက်ဖို့ လိုတာပေါ့၊ ကျွန်မကိုယ်ကျွန်မ အဆာမခံ နိုင်ဘူးလေ”

အာနယ်လ်က အချက်ကျကျ ပြန်ပြောလေ၏။

သို့သော် သူမစကားက ချက်ချင်း အဖွဲ့ကို သတိရသွားစေသည်။ အားလုံး၏ အမူအရာက စတင် ပြောင်းလဲလာပြီး ကျန်းယုံအား လှည့်ကြည့်လာကြသည်။

“ဒါရိုက်တာ ဒီမှာ စားစရာ မရှိတာတော့ မဟုတ်ဘူးမလား”

ကျန်းယုံက သူတို့ကို အလွန် ဖော်ရွေသော အပြုံးဖြင့် ပြန်ပြောလေသည်။

“ရိုက်ကူးရေးအတွင်း မင်းတို့ အရာအားလုံးအတွက် ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရမှာပါ”

“သေစမ်း၊ မဖြစ်နိုင်လိုက်တာ …”

ချက်ချင်းဆိုသလိုပင် ညည်းညူသံများ ထွက်ပေါ်လာ၏။

ထိုစဉ် ကင်မရာက ရဲ့လင်းချန်ဘက်သို့ ပြောင်းလာသည်။ ဖန်သားပြင်ရှေ့မှ လူများအပါအဝင် အားလုံးက သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။

ဝိုင်သည် ဆန်းကြယ်မှု၏ သင်္ကေ ဖြစ်နေပြီးသားပင်။

*သူက ဘာတွေ သယ်လာမှာလဲ*

“ငါ သယ်လာတဲ့ ပစ္စည်းတွေက နည်းနည်းလေးတော့ ထူးခြားတယ်”

ရဲ့လင်းချန်က နှာခေါင်းကို ပွတ်နေပြီးနောက် ကင်မရာရှေ့၌ သူ့ခရီးဆောင်အိတ်ကို ဖြည်းဖြည်းချင်း ဖွင့်ပြ လေသည်။

တိတ်ဆိတ်သွားလေသည်။ အားလုံး တိတ်ဆိတ်ကုန်သည်။

ဒါရိုက်တာ ကြက်သေ သေနေသလို ကင်မရာသမားသည်လည်း ကြက်သေ သေနေ၏။ ဖန်သားပြင်မှ ကြည့်ရှုသူများ သည်လည်း မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်နေကြလေသည်။

[သောက်ကျိုးနည်း ငါ အမြင်မှားနေတာလား၊ ဝိုင်က မီးဖိုချောင်သုံး ပစ္စည်းတွေ သယ်လာတာလား]

[အံ့ဩစရာပဲ၊ လုံးဝကို အံ့ဩစရာပဲ၊ ဒါက ဘယ်လိုလုပ် နည်းနည်း ထူးခြားတာ ဖြစ်မလဲ၊ ဒါက လုံးဝကို သောက်ကျိုးနည်း ထူးခြားတာကွ၊ တစ်ယောက်ယောက်က ဒီရိုက်ကူးရေးကို မီးဖိုချောင်းသုံး ပစ္စည်းတွေ သယ်လာတာကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ]

[ဒယ်အိုးစောက်၊ ပန်းကန်တွေ၊ ယောက်ချို၊ လင်ပန်း။ တစ်စုံစာတွေကွ၊ သူက ဟင်းခတ် အမွှေးအကြိုင်တွေကိုပါ သယ်လာသေးတယ်၊ သူ ဒီကို အချက်အပြုတ် ရိုက်ကူးဖို့ လာတာလား]

[အစတုန်းက လူတိုင်း စားစရာအတွက် စိုးရိမ်နေကြသေးတာ၊ အခု သူက မီးဖိုချောင်တစ်ခုလုံး သယ်လာတာ ဆိုတော့ အဆင်ပြေသွားပြီ]

[ချက်ကျလက်ကျ ပြောရရင် ဝိုင် သယ်လာတဲ့ ပစ္စည်းက အသုံးအဝင်ဆုံး ဖြစ်နေတာပဲ၊ ဟုတ်တယ်မလား၊ သူက မရှိမဖြစ် လိုအပ်တဲ့အရာတစ်ချို့ကိုတောင် ယူလာသေးတယ်၊ ကြည့်ရတာ ဝိုင်က ဒီတောတွင်း ရှင်သန်ရေးတွေကို ကောင်းကောင်းကြီး ကျွမ်းတယ်နဲ့တူတယ်]

…

“မစ္စတာဝိုင်၊ ရှင်က ယောက်မခါးထိုး ယောက်ျားမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး၊ ရှင်က ကောင်းကောင်း ပြင်ဆင်ထားတာပဲ၊ ဒီလိုဆိုရင် ကျွန်မတို့ ငတ်မှာမဟုတ်ဘူး”

အာနယ်လ်က ပြောလာသည်။ သူမဘဝ၌ အစားအသောက်ကို ထိပ်ဆုံး ဦးစားပေး၌ ထားထားမှန်း သိသာ လှသည်။

All Chapters