← Chapters

ငါ လက်မခံဘူး

Vol. 23 Ch. 340

ငါ လက်မခံဘူး

Vol. 23 Ch. 340

“ပထမအပိုင်းတော့ ပြီးသွားပြီ၊ အခု ဒုတိယအပိုင်းက တုတ်ချောင်းနှိုက်တာပါ”

ကျန်းယုံက ပြုံး၍ ပြောသည်။ သူ့မျက်လုံးတွင် ဉာဏ်များဟန် ပေါ်နေသဖြင့် လူတိုင်း မကောင်းသော ခံစားချက်မျိုး ရနေ၏။

တစ်ယောက်ယောက် စကားစလာသည်ကို မစောင့်တော့ဘဲ လူတိုင်း၏ ရှေ့သို့ မဲနှိုက်ရန် ခပ်ရှည်ရှည် တုတ်ချောင်း ခြောက်ချောင်း ရောက်လာသည်။

လူတိုင်း တစ်ချောင်းစီနှိုက်၍ ကြည့်လိုက်ကြသည်။

“ဒါရိုက်တာ ဒီမှာ တဲတစ်လုံးလို့ ရေးထားတယ်”

တလီက ပြောလိုက်သည်။

“ငါလည်း တဲတစ်လုံး ရတယ်”

အစ်ကိုယန်က စဉ်းစားနေပြီးမှ ပြောလိုက်သည်။

“ကျုပ်တို့ထဲက တစ်ယောက်က တဲမရတာမျိုးလား၊ ဒါက အရမ်း ရက်စက်လွန်းတယ်”

ထင်ထားသည့်အတိုင်းပင် အာနယ်လ်က ထအော်လာပြီး လူတိုင်းကို သူမ ဆွဲခဲ့သည့် တုတ်ချောင်းအား ပြလိုက်သည်။ ၎င်းက ဗလာ ဖြစ်နေ၏။

“ကျွန်မလည်း ဘာမှမရှိဘူး”

ချန်ရှောင်ယန်သည်လည်း ဗလာမဲ ပေါက်သွားသည်။

စုစုပေါင်း လူခြောက်ယောက် ရှိသော်လည်း တဲက လေးခုသာ ရှိသည်။

“အာ … ငါ တဲတစ်လုံးမှာ တလေနဲ့ ကပ်အိပ်လို့ရတယ်၊ ငါ ဒီတဲကို ပေးပါ့မယ်”

အစ်ကိုယန်က ပြောသည်။ သူက မိန်းကလေးများကို ဂရုအစိုက်ဆုံး ဖြစ်ချင်နေသည်။

“ခင်လို့ သတိပေးရဦးမယ်၊ တဲက အရမ်းသေးတာ၊ အထဲမှာ လူနှစ်ယောက် ဆန့်မှာ မဟုတ်ဘူး”

ဒါရိုက်တာကျန်းက ဒဏ်ရာကို ဆားနှင့် ပက်သကဲ့သို့ ထပ်ပြောလာသည်။

တကယ်တမ်းတွင် ဤအဆင့်၏ ရည်ရွယ်ချက်မှာ လူတိုင်း၏ စည်းလုံးမှုကို စမ်းသပ်ရန် ဖြစ်ပြီး ကြည့်ရှုသူများအား ဧည့်သည်များက အချင်းချင်း နှိမ့်ချ၍ ကူညီကြသည်ကို မြင်တွေ့စေရန် ဖြစ်သည်။ လာမည့် အစီအစဉ်များတွင်လည်း တဲတစ်တဲ ရရှိခြင်းအား ဆုအဖြစ် အသုံးပြုမည် ဖြစ်ပေသည်။

ဒါရိုက်တာကျန်း၏ စကားက တလေကို အနည်းငယ် တုံ့ဆိုင်းသွားစေသည်။ နောက်ဆုံးတွင် သူက ဤသို့ ပြောလာသည်။

“ဒီလိုဆိုရင်တော့ ငါ့တဲကို ပေးတယ်၊ ငါတို့က ယောက်ျားလေးတွေပဲ၊ ငါတို့က သန်မာပြီး ကြံ့ခိုင်တယ်၊ ငါတို့က စောင်တစ်ထည်သာ ရှိရင် ဘယ်နေရာမှာမဆို အိပ်နိုင်တယ်”

မိန်းကလေးတစ်ယောက်ကို ဦးစားပေးသည်က ယောက်ျားလေးတစ်ယောက်အတွက် ကောင်းမွန်သော အကျင့်တစ်ခုပင်။ ထို့အပြင် မိန်းမလှလေးက သုံးယောက်တောင် ရှိနေသည် မဟုတ်ပါလော။

သို့သော် မကြာခင်မှာပင် လူတိုင်း၏ အာရုံက ရဲ့လင်းချန်ထံသို့ အလိုလို ရောက်လာကြသည်။ အကြောင်းမှာ သူသည် သူ့တဲကို ပေးလိုသည့် အရိပ်အယောင် မပြသော တစ်ဦးတည်းသောသူ ဖြစ်နေသောကြောင့်ပင်တည်း။

“ဟေ့ မစ္စတာဝိုင်၊ ကျွန်မတို့ မိန်းကလေး နှစ်ယောက်မှာ တဲမရှိဘူး၊ ရှင် နည်းနည်းလေညး မစဉ်းစားတော့ဘူးလား”

အာနယ်လ် မနေနိုင်ဘဲ သူ့အား သတိပေးလိုက်သည်။

ဤသည်မှာ တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခု၏ အကျိုးသက်ရောက်မှုကြောင့်ပင်။ အကယ်၍ ရဲ့လင်းချန်က သူ၏ စိတ်ရင်း ဖြူစင်မှုကို မပြပါက မုန်းတီးသူများ၏ တိုက်ခိုက်ခြင်း ခံရလောက်ပြီး သူ့ကို ပြစ်တင် ဝေဖန် လောက်သည်။

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ စိတ်ရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရဲ့လင်းချန်က သူမကို လောကဝတ်စကား ပြောရန် ဟန်ဆောင်ရုံမျှသာ လိုအပ်ပေသည်။ ယင်းက သူမစိတ်ထဲ၌ တစ်ခဏမျှ ကြည်နူးစိတ်တို့နှင့် ပြည့်နှက်သွားစေလောက်သည်။

သို့သော် ရဲ့လင်းချန်က တစ်ဒင်္ဂမျှ ငြိမ်နေပြီးနောက် ခေါင်းခါလေသည်။ သူက အရေးမစိုက်စွာ ပြောလိုက်သည်။

“ငါ လက်မခံဘူး”

*ဘာ*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားကြသည်။

*သူ့ဟာသက နည်းနည်းလေး လွန်သွားပြီ*

တလေနှင့် အစ်ကိုယန်တို့သည် ရဲ့လင်းချန်အား အသည်းအသန် မျက်ရိပ်ပြနေကြသည်။ ကျန်းယုံ၏ အမူအရာ သည်လည်း ခါးသက်နေ၏။ တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခု ဖြစ်သဖြင့် ဤအပိုင်းကို ဖြတ်ထုတ်ရန် မဖြစ်နိုင်ပါ။ လူတော်တော်များများက မြင်ပြီးသွားလောက်လေပြီ။

[သူက လုံးဝကို လူရိုးကြီးပဲ၊ ဒီလူက လုံးဝကို မာကျောတဲ့ လူရိုးပဲ]

[မဖြစ်ဘူး၊ ဝိုင်က ဒီလောက် ထူးချွန်တာ၊ သူ့စိတ်နေသဘောထားက အဲ့လောက် မနိမ့်ကျနိုင်ပါဘူး၊ သူ ကောင်းတာလေး တစ်ခုခု ဟန်လုပ်ပြောရင် ပိုမကောင်းဘူးလား]

[ချန်ရှောင်ယန်ရဲ့ အမူအရာကို သတိထားမိလား၊ ချက်ချင်း မှိုင်းကျသွားတာ၊ အသည်းကွဲပါပြီ]

[ဒီလူနဲ့ ဘယ်သူက ဘယ်လိုလုပ် ပျော်တော့မှာလဲ၊ ချန်ရှောင်ယန်က သူ့ကို အရူးအမူး စွဲလမ်းနေတာ နှမြောဖို့ ကောင်းတယ်]

…

ပရိသတ်များက ခေါင်းတယမ်းယမ်းနှင့် သက်ပြင်းချသည်။ လူတစ်ယောက်ချင်းစီတိုင်းက ရဲ့လင်းချန်ကို ပြစ်တင် ကြိမ်းမောင်းနေကြသည်။

သို့သော် ရဲ့လင်းချန်က အံ့ဩနေသော လူအုပ်ကြီးကို လျစ်လျူရှု၍ ထိုင်ချလိုက်သည်။ သူက ခရီးဆောင်အိတ်ထဲ လှန်လှော မွှေနှောက် ရှာဖွေနေ၏။

အားလုံး၏ စူးစမ်းသော အကြည့်အောက်မှာပင် ရဲ့လင်းချန် ပထမဆုံး ထုတ်လိုက်သည့်အရာက တောခုတ်ဓား ဖြစ်သည်။ သူက တောခုတ်ဓားကို မြေကြီးပေါ် ချလိုက်ပြီးနောက် ပစ္စည်းပစ္စယ အသေးစားလေးများကို တစ်ခုပြီး တစ်ခု ထုတ်၍ မြေကြီးပေါ် ချလေသည်။

ထို့နောက် သူက တောခုတ်ဓားကိုကိုင်၍ လူမရှိသော ကျွန်း၏ တောနက်ထဲသို့ လျှောက်သွားသည်။

*ဒါက …*

လူတိုင်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကြသည်။ သူတို့သည် ဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ စဉ်းစားမိပြီး ချက်ချင်း သူ့အနောက်မှ လိုက်သွားလေသည်။

ကင်မရာသမားကလည်း လိုက်လာပြီး မှန်ဘီလူးဖြင့် ရဲ့လင်းချန်ကို ဆက်တိုက် ချိန်ထားသည်။

ရဲ့လင်းချန်က လူမရှိသောကျွန်း၌ တစ်ခဏမျှ လျှောက်ကြည့်နေသည်ကို သူတို့ မြင်နေရသည်။ သူသည် ဝါးတော

တစ်ခုရှေ့၌ ရပ်လိုက်ပြီး ဝါးကောင်းတစ်ချို့ကို လိုက်ရှာကာ တောခုတ်ဓားကို မြှောက်၍ ဝါးကို ခုတ်လိုက်သည်။

“ဒုတ် ဒုတ် ဒုတ်”

ခုတ်ချက်တိုင်းက မာန်ပါပြီး လူအများက သူ့အား နားဝေတိမ်တောင်ဖြင့် ကြည့်နေပုံရသည်။ ဘယ်သူမှ ရှေ့တိုးပြီး သူ့ကို မတားချေ။

“မစ္စတာဝိုင်က သိပ်ချောတာပဲ”

အာနယ်လ်က အားလုံးကို တစ်ခဏမျှ ကြည့်နေပြီးနောက် ရေရွတ်လာသည်။

“တအား … ယောက်ျား ပီသတာပဲ”

ချန်ရှောင်ယန်မှာမူ အမြင်များ ဝေဝါးလာပြီး ငေးငိုင်နေလေသည်။

ရဲ့လင်းချန်က လက်ကိုမြှောက်၍ စည်းချက်ကျကျ ခုတ်နေသည်။ သူက အဝတ်အစားများ ဝတ်ထားသော်လည်း သူ လက်မြှောက်လိုက်သည့်အခါတိုင်း ခန္ဓာကိုယ်ကြွက်သားများ မသိမသာ ပေါ်လာပြီး သူ၏ ကြီးမားသော ခွန်အားကို ပြသနေ၏။

ဝါးခုတ်ခြင်းသည် အလွန် ခေတ်နောက်ကျသော အလုပ် ဖြစ်သော်လည်း ရဲ့လင်းချန် လုပ်သောအခါ မျက်စိ ပသာဒ ဖြစ်သည်ဟု ခံစားရလေသည်။ လှုပ်ရှားမှုတိုင်းက အလွန် သဘာဝကျလှပြီး အနုပညာရပ် ပြည့်ဝနေသော စွမ်းဆောင်မှု တစ်ခုနှင့် တူလှသည်။

မကြာခင်မှာပင် ဝါးတိုင် ဆယ်ခုကို ရဲ့လင်းချန် ခုတ်၍ပြီးသွားပြီး မြေကြီးပေါ် တရွတ်တိုက် ဆွဲလာသည်။

“ဟေး ခင်ဗျားအားလုံး ဒီမှာ ဘာလုပ်ဖို့ စုဝေးနေတာလဲ”

ရဲ့လင်းချန်က အနားရောက်လာပြီး လူတိုင်း၏ မျက်စိရှေ့၌ လက်ယမ်းပြသည်။ အားလုံး သတိပြန်ဝင်လာပြီး ရဲ့လင်းချန်အား ထူးဆန်းနေသော အကြည့်များဖြင့် ကြည့်ကြလေသည်။

“မစ္စတာဝိုင် ရှင် ဘာလုပ်နေတာလဲ၊ ရှင် အိမ်တစ်လုံး ဆောက်ဖို့များ စဉ်းစားနေတာလား”

အာနယ်လ်က တအံ့တဩ မေးသည်။

“ဟုတ်တယ်”

ရဲ့လင်းချန် ခေါင်းညိတ်ပြပြီးနောက် ပြုံးလိုက်သည်။

“မင်းနဲ့ ရှောင်ယန်မှာ တဲမရှိဘူးလေ၊ အဲ့တော့ ငါ အိမ်တစ်လုံး မဆောက်ရင် မင်းတို့နှစ်ယောက် ဘယ်မှာ သွားနေမှာလဲ”

အာနယ်လ်က လျှာလေး ထုတ်လေသည်။

“ရှင် ဘာလို့ စောစောက မပြောတာလဲ၊ ကျွန်မ ပြောသားပဲ မစ္စတာဝိုင်က လူကြီးလူကောင်း တစ်ယောက်ပါလို့”

“ဝိုင်၊ ကျွန်မတို့ တစ်ခုခု စဉ်းစားပါ့မယ်၊ ရှင့်ကိုယ်ရှင် အပင်ပန်းခံဖို့ မလိုပါဘူး”

ချန်ရှောင်ယန်က စိုးရိမ်ပူပန်စွာ ပြောသည်။

ဝါးခုတ်ခြင်း အလုပ်က အားမစိုက်ရဟု ထင်ရသော်လည်း တကယ်တမ်းတွင် ခွန်အား အတော် သုံးရသည်။ ထို့အပြင် အိမ်တစ်လုံး ဆောက်ခြင်းကလည်း လွယ်သော အလုပ် မဟုတ်ပေ။

“ရပါတယ်၊ ဘာမှ လုပ်စရာ သိပ်မရှိပါဘူး၊ ပြီးတော့ အများကြီး အားမစိုက်ရဘူး”

ရဲ့လင်းချန်က အခိုင်အမာ ပြောသည်။

[လခွမ်း လတ်စသက်တော့ ငါတို့တွေက ဝိုင်ကို အထင်လွဲပြီး အပြစ်တင်မိတာပဲ၊ ဟူးးး သူက ငါ့ကို လန့်အောင် လုပ်ခဲ့တာပဲ၊ ငါ့စံပြပုဂ္ဂိုလ်က အဲ့လိုမဟုတ်ဘူးဆိုတာကို ငါ သိနေတယ်]

[မိုက်လိုက်တာ၊ သူက တကယ်ကြီး အိမ်တစ်လုံး ဆောက်ချင်နေတာပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ]

[အားးး ဝိုင်က မယုံနိုင်စရာ ကောင်းလိုက်တာ၊ သူက ဝါးကို ဟင်းသီးဟင်းရွက် လှီးသလိုမျိုး ခုတ်နေတာ၊ သူက တကယ့် ယောက်ျားသားပဲ]

[ဝိုင်ရဲ့ လှုပ်ရှားမှုတိုင်းက ကြည့်လို့ကောင်းလွန်းတယ်လို့ ငါ ထင်တယ်၊ ရိုးရှင်းပြီး နှိမ့်ချတတ်ပင်မယ့် ယုံကြည်ချက် ရှိတယ်၊ ချောလိုက်တာ]

…

“နေရာရွေးတာကို သေချာ ဂရုစိုက်ပြီး လုပ်ရမယ်၊ ကမ်းခြေက မြေကြီးက ပြန့်ပြူးတယ်လို့ ထင်ရပင်မယ့် တဲတွေအတွက် နေရာကောင်း မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ ဒီရေတက်တဲ့ ပြဿနာကို အချိန်မရွေး ကြုံရနိုင်လို့ပဲ၊ ငါတို့ အတွင်းပိုင်းမှာ နေရာချသင့်တယ်၊ တစ်ချိန်တည်းမှာပဲ ငါတို့ မြေအနေအထားကို သေချာ ဂရုစိုက်ရမယ်၊ မြင့်တဲ့နေရာကို ရွေးတာက ပိုအဆင်ပြေတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒါမှ မြွေနဲ့ အခြား ပိုးမွှား သတ္တဝါတွေကို ရှောင်နိုင်မှာ”

ရဲ့လင်းချန်က လမ်းလျှောက်လျက် လူတိုင်းကို ရှင်းပြနေကာ အားလုံးက အဆက်မပြတ် ခေါင်းညိတ်၍ လေးစား နေကြသည်။

“ဒီမှာပဲ”

ရဲ့လင်းချန် ဝါးများကို နေရာချလိုက်သည်။

“ဒီနေရာက မြင်ကွင်းက ကျယ်တယ်၊ ကြည့်လိုက်ရင် ပင်လယ်ကို လှမ်းမြင်ရတယ်၊ အပင်မြင့်တွေလည်း အများကြီး ရှိတော့ ပင်လယ်က လေကို တားဆီးနိုင်တယ်၊ သိပ်ကောင်းတယ်”

သူ ပြောပြီးသွားသည်နှင့် တောခုတ်ဓားကို ထုတ်၍ ဝါးကို ပြန်ပြုပြင်လေသည်။

ဤအခြေအနေမျိုး၌ အမှားအယွင်း ရှိ၍ မဖြစ်ပါ။ ထို့ကြောင့် ရဲ့လင်းချန်က အားလုံး၏ အကူအညီကို ငြင်းပယ်လိုက်သည်။ သူ နှောင့်နှေးမနေဘဲ လုပ်ငန်းကို စတင် လုပ်ဆောင်လေသည်။

သူသည် ဝါးအား ပုံစံနှင့် အရွယ်အစား အမျိုးမျိုးသို့ ခုတ်ပိုင်းလိုက်ပြီး ဆက်ရလွယ်စေရန် ထိပ်ပိုင်းအဆက် များအတွက် မတူသော အဖွင့် အရွယ်အစားများ ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်က ဘေးပတ်ဝန်းကျင်မှ သစ်ပင်များအား လှေကားသဖွယ် အသုံးပြု၍ အစောပိုင်းက တမင် ချန်ထားသော ထိပ်ပိုင်းအဆက်များနှင့်အတူ ဝါးကို ပူးတွဲချိတ်ဆက်လိုက်သည်။

မကြာခင်မှာပင် ရိုးရှင်း၍ လက်တွေ့ကြသော အိမ်တစ်လုံး၏ အပြင်ပုံစံ ပေါ်လာသည်။ ဝါး၏ ကောင်းကျိုးများကို ယခုအခါတွင်မှ သေချာ မြင်လိုက်ရသည်။ ၎င်းက သစ်မာသားထက် ပိုအဆင်ပြေပြီး အလွန် ရှုပ်ထွေးသော ကိရိယာများ မလိုဘဲ ခုတ်ပိုင်းနိုင်သည်။ အရွယ်အစားများကို သင့်တော်စွာ စီမံနိုင်သရွေ့ ၎င်းတို့က အလွန် ခိုင်ခံနေမှာပင်။

…

All Chapters