← Chapters

သေရေးရှင်ရေးကို ကျော်လွှားနိုင်သည့် ခွန်အား

Vol. 5 Ch. 62

သေရေးရှင်ရေးကို ကျော်လွှားနိုင်သည့် ခွန်အား

Vol. 5 Ch. 62

ရေနွေးကြမ်းပန်းကန်ကို ချလိုက်သည့်အခိုက် စခန်းခေါင်းဆောင်၏နေအိမ်အပြင်ဘက် လမ်းမကြီးပေါ်တွင် သွေးများ အိုင်ထွန်းနေပြီး အလောင်းများစွာ ရှိနေသည်။

ရွှီချင်းသည် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်အလား သူ ဖြတ်သန်းသွားသည့်နေရာတိုင်း လတ်ဆတ်သောသွေးများ ပန်းထွက်သွားပြီး မြေပြင်တွင် သွေးစီးကြောင်းများဖြင့် ဖုံးလွှမ်းသွားပေရာ ချောက်ချားတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ရပ် ဖြစ်နေတော့သည်။ သူ သွားသည့်နေရာတိုင်း လူများ အသက်နှုတ်ယူခံနေရသည်။

စခန်းခေါင်းဆောင်၏နေအိမ်ထဲမှ အစောင့်အရှောက်များက လေးဘက်လေးတန်မှနေ၍ အလျှိုအလျှို ပြေးလာကြသည်။ ဝတ်ရုံနက်လူစိမ်း ဒါဇင်ကျော်လည်း ပါလာသည်။ သူတို့က မြင်းလှည်းတန်းမှလူများဖြစ်ကြသည်။

အုပ်စုနှစ်စု၏ ပစ်မှတ်သည် ရွှီချင်း ဖြစ်ပေသည်။

သူ နီးကပ်လာသည်နှင့် လေပြင်းတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာပေရာ သူ၏မျက်နှာရှေ့တွင် ဆံပင်များ တဖျပ်ဖျပ်လွင့်နေသည်။ သူက ဓားရှည်ကို ကျောတွင် လွယ်ထားရန် ဆုံးဖြတ်လိုက်ပြီး ဓားမြှောင်ကို လက်ထဲတွင် ကိုင်ထားသည်။ သူသည် လေနှင့် တစ်သားတည်း ဖြစ်နေဟန်တူပြီး သူ၏ရှေ့တူရှုရှိ ချီစုစည်းခြင်းအဆင့်ခြောက် ကျင့်ကြံသူထံ အပြေးအလွှား ဝင်ရောက်သွားသည်။

ထိုအခိုက် သူတို့နှစ်ယောက်သည် ပူးကပ်သွားသည်။

သွေးများ ဖွာခနဲ ပန်းထွက်သွားပြီး ချီစုစည်းခြင်းအဆင့်ခြောက် ကျင့်ကြံသူ အသတ်ခံလိုက်ရကာ နောက်ထပ်ဝတ်ရုံနက်အစောင့်အရှောက်များ ပြေးဝင်လာကြသည်။

ရွှီချင်းသည် ထိုမြင်းလှည်းတန်း ကျင့်ကြံသူများကို ကြည့်၍ တခဏကြာ တွေးတောနေပြီး မြင်းလှည်းတန်းရောက်လာသည့်နေ့က ခေါင်းဆောင်လဲ့သည် ဟင်းချက်စရာ ဝယ်ရန် ထွက်သွားခဲ့ပြီး ခပ်သုတ်သုတ် ပြန်လာသည်ကို သူ မှတ်မိလိုက်သည်။

ခေါင်းဆောင်လဲ့က ထိုနေ့က သူ၏ရန်သူကို မြင်တွေ့ခဲ့သည်ဖြစ်၍ စောစော ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပေသည်။

ရွှီချင်းသည် ငြိမ်သက်နေပြီး သူ၏လူသတ်ချင်စိတ်က ပို၍သာ ပြင်းထန်လာသည်။ သူသည် ကွေ့ဝိုက်သွားမနေဘဲ ရှေ့ကို တဟုန်ထိုး ပြေးဝင်သွားသည်။

အတန်ငယ်ဝေးသောနေရာရှိ အိမ်ခေါင်မိုးပေါ်၌ လူနှစ်ယောက် မတ်တတ်ရပ်နေသည်။

တစ်ယောက်သည် အဘိုးအိုတစ်ဦးဖြစ်ပြီး တခြားတစ်ယောက်သည် သက်လတ်ပိုင်းအရွယ်လူ ဖြစ်သည်။ အဘိုးအိုသည် အပြာရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သက်လတ်ပိုင်းလူက ကိုယ်ကြပ်အင်္ကျီကို ဝတ်ထားသည်။ အဘိုးအိုက လက်နှစ်ဖက်နောက်ပစ်၍ လမ်းမပေါ်မှ သွေးချောင်းစီးတိုက်ပွဲကို အေးတိအေးစက်ကြည့်နေ၏။

သက်လတ်ပိုင်းလူသည် အရွတ်ပုံစံ ကြိုးတစ်ချောင်းကို ကိုက်ဝါးရင်း ထိုင်နေသည်။ အနီးကပ်ကြည့်လိုက်ပါက ၎င်းသည် ကြက်ခြေခတ်၏ လေးကြိုးဖြစ်ကြောင်း သိနိုင်ပေမည်။

ကြက်ခြေခတ်၏ လေးကြိုးသည် ထူးခြားပြီး သာမန်သံမဏိလက်နက်များဖြင့် ဖြတ်တောက်၍ မရနိုင်ပါသော်လည်း ထိုလူ၏ပါးစပ်ထဲတွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည်။

“ စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ သူလည်း ကျုပ်လို အပြင်အား ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနစ်ပဲ ရှိမယ်။ မျက်နှာပေါ်က အမာရွတ်နဲ့လူထက်တော့ ပိုပျော်စရာကောင်းလောက်မယ် ”

“ မင်း ကိုယ်တိုင် စမ်းကြည့်ချင်လား၊ ဒါမှမဟုတ် ငါကပဲ လက်စတုံးပေးရမှာလား ”

အဘိုးအိုက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ ဒါက ခင်ဗျားတို့ ကျင်းကန်းဂိုဏ်းရဲ့ ပိုင်နက်ပဲ။ ပြီးတော့ စခန်းခေါင်းဆောင်ကလည်း ခင်ဗျားတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်လေ။ ဒီတော့ ကျင်းကန်းဂိုဏ်းရဲ့ အသစ်စက်စက်အကြီးအကဲရာထူးရထားတဲ့ ခင်ဗျားပဲ လုပ်ရမှာပေါ့ ”

သက်လတ်ပိုင်းအရွယ်လူက ကြိုးစများကို ထွေးထုတ်လိုက်ပြီး ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် လမ်းမကြီးထက်မှ ကျယ်လောင်သောအသံကြီးတစ်သံ မြည်ဟည်းသွားသည်။ သွေးပျက်ချောက်ချားဖွယ် အသံများ ပဲ့တင်ထပ်လာပြီး ရွှီချင်းကို ဝိုင်းထားသည့် အစောင့်ခုနစ်ယောက်၊ ရှစ်ယောက်နှင့် ဝတ်ရုံနက်များ နောက်သို့ ဆုတ်ခွာနေသည်။

သူတို့အားလုံး ဒယိမ်းဒယိုင်ဖြစ်နေကြပြီး သွေးများ အန်နေကြသည်။ သေလုမျောပါးဒဏ်ရာများ ရထားကြပြီး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်လဲကျသွားရာ အလောင်းများ ပတ်လည်ဝိုင်းထားသည့် ရွှီချင်း၏ပုံရိပ် ပေါ်လာတော့သည်။

သူသည် သွေးကွက်များစွာ စွန်းထင်းနေသည့် သိုးမွေးထည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ကောက်ရိုးညှပ်ဖိနပ်ကို စီးထားသည်။ သူ၏ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ၏အကြည့်က အထီးကျန်ဝံပုလွေတစ်ကောင်၏အကြည့်ပမာ အေးစက်နေသည်။

သူ၏ညာဖက်လက်က အောက်ကို တွဲလောင်းကျနေပြီး သူ ကိုင်ထားသည့် ဓားမြှောင်လေးက သွေးအလိမ်းလိမ်းဖြစ်နေပြီး သွေးများက မြေပြင်ပေါ် ကျဆင်းနေသည်။

သူ၏ဘေးရှိ အလောင်းခုနစ်လောင်းမှာ ပုံပျက်ပန်းပျက် သေဆုံးနေကြသည်။ ရွှီချင်းက သူတို့ကို အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ထားခြင်းမဟုတ်ပါသော်လည်း သူတို့၏ သေကွင်းသေကွက်နေရာများရှိ ဒဏ်ရာများက ဆိုးဝါးလွန်းလှပေသည်။

ရွှီချင်းသည် တိုက်ခိုက်ရာတွင် သတ်ဖြတ်ရန်ကိုသာ အဓိက အာရုံစိုက်သည်ဖြစ်ပြီး အပိုအလိုမရှိ လှုပ်ရှားနေသည်ဖြစ်ရာ ထိုမြင်ကွင်းသည်လည်း ရတနာမုဆိုးများကို တုန်လှုပ်ချောက်ချားသွားစေပြန်သည်။

ရွှီချင်းသည် အလောင်းများကို မကြည့်ဘဲ မျက်နှာသေဖြင့် ရှိနေပြီးသူ၏မျက်လုံးများက သွေးရောင်လွှမ်းနေသည်။ ထို့နောက် သူက တဟုန်ထိုး ပြေးသွားသည်။

သူ၏ပစ်မှတ်က ပေ ( ၃၀၀၀ ) ကျော် အကွာတွင် ရှိနေသော စခန်းခေါင်းဆောင်၏နေအိမ် ဖြစ်သည်။

သူ နီးကပ်လာသည်နှင့်အမျှ စခန်းခေါင်းဆောင်၏ နေအိမ်ရှေ့ရှိ လက်ကျန် ဝတ်ရုံနက်ဆယ်ယောက်နှင့် စခန်းခေါင်းဆောင်၏ အစောင့်အရှောက်များသည် ကြောက်လန့်တုန်ရီနေကြပြီး အလိုလို နောက်ဆုတ်သွားကြသည်။

ရွှီချင်းသည် တဟုန်ထိုး ပြေးလာပြီးနောက် အိမ်ခေါင်မိုးပေါ်တွင် ရှိနေသော လူရိပ်နှစ်ရိပ်ကို မော့ကြည့်လိုက်သည်။

သတ်ဖြတ်နေစဉ်အတောအတွင်း သူ အာရုံရခဲ့သည့်လူများအနက် ထိုလူနှစ်ယောက်က အစွမ်းထက်ဆုံး ဖြစ်ပြီး သူ ရင်ဆိုင်ရမည့် အစွမ်းထက်ဆုံး ရန်သူနှစ်ယောက်လည်း ဖြစ်ပေသည်။

ယနေ့တွင် ရွှီချင်းသည် သူ စတင်လှုပ်ရှားလိုက်သည်နှင့် နောက်ဆုံးတိုင်အောင် သတ်ဖြတ်ရမည်ကို ကောင်းစွာ သဘောပေါက်ထားသည်။ သို့သော်လည်း အစွမ်းထက်ဆုံး ရန်သူနှစ်ယောက်က စခန်းခေါင်းဆောင်၏နေအိမ်တွင်သာ ရှိနေပေသည်။

ထို့ကြောင့် သူသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခေါင်းမိုးပေါ်ရှိ လူနှစ်ယောက်ကို လက်ညှိုးဖြင့်ထိုးကာ ရန်စလိုက်သည်။

“ မောက်မာလှချည်လား ”

ဝတ်ရုံပြာအဘိုးအို၏ မျက်လုံးများ မှေးသွားပြီး အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူ၏ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး ခြေထောက်အောက်ရှိ လေထုကို တွန်းကန်ကာ ခေါင်မိုးပေါ်မှနေ၍ ရွှီချင်းထံ ခုန်ဝင်သွားသည်။

ထိုမြင်ကွင်းသည် အစောင့်အရှောက်များ၊ ဝတ်ရုံနက်လူများနှင့် ရတနာမုဆိုးများကို တုန်ရီသွားစေသည်။ သူတို့ သိထားသည်မှာ အခြေတည်အဆင့် ကျင့်ကြံသူများသာ ထိုသို့ လေပေါ် ပျံသန်းနိုင်သည် မဟုတ်ပါလား။

သူတို့အတွက် အခြေတည်အဆင့်ကျင့်ကြံသူများသည် ဝေဟင်တွင် ပျံဝဲနိုင်သည့် တန်ခိုးရှင်များ ဖြစ်ပေသည်။

လူအများစုက သူတို့၏ဘဝတစ်လျှောက် ထိုကဲ့သို့ လူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ကျင်းကန်းဂိုဏ်းကဲ့သို့ ဂိုဏ်းလေးတစ်ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုတစ်စု၏ ဘိုးဘေးတစ်ယောက်ပင် ဖြစ်လာနိုင်သည်ဟူ၍ ပြောကြသည်။

ထိုဝတ်ရုံပြာအဘိုးအိုသည် အခြေတည်အဆင့်ကို မရောက်သေးသည်မှာ သေချာသည်။ ချီစုစည်းခြင်းအဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ သူ ရောက်နေခြင်း ဖြစ်ပေမည်။

သူ လေထဲတွင် ပျံသန်းသွားခြင်းသည် လှည့်ကွက်အသေးစားလေးတစ်ခုသာ ဖြစ်သည်။ သူ ကျင့်ကြံခဲ့သည့် ကိုယ်ဖော့သိုင်းနှင့် လားလားမျှ မသက်ဆိုင်ချေ။ ထိုလှည့်ကွက်လေးက လေ့ကျင့်ရန် မလိုဘဲ ကြာရှည်လည်းမခံသလို ဟိန်ဟန်သာ ရှိပေသည်။

ထိုမြင်ကွင်းက တခြားလူများကိုတော့ တုန်လှုပ်သွားစေသည်။

သို့သော် ရွှီချင်းက ဂရုမစိုက်ချေ။ ထိုလူက လေဟုန်ခွင်း၍ ရောက်ခါနီးဆဲဆဲတွင် သူသည် အဆိပ်မှုန့်များကို တိတ်တဆိတ် ဖြန့်ကြဲကာ ရုတ်ခြည်း ပြေးသွားသည်။

သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်လွန်းလှသည်ဖြစ်၍ မြေပြင်တွင် ပုံရိပ်များ ထင်ကျန်ရစ်ခဲ့သည်။ လျှပ်တစ်ပြက်အတွင်း သူက ဝတ်ရုံပြာအဘိုးအို၏ရှေ့ကို ရောက်သွားလေရာ ဝတ်ရုံပြာအဘိုးအိုမှာ သိသိသာသာ မျက်နှာပျက်သွားသည်။

ရွှီချင်းက ဆတ်ခနဲ လက်သီးဖြင့် ထိုးနှက်လိုက်ရာ သူ၏လက်သီးပေါ်တွင် ကွေအရိပ်ပေါ်လာပြီး အသံမထွက်ဘဲ ဟိန်းဟောက်လိုက်သည်။ လေထဲတွင် ရှိနေသော အဘိုးအိုသည် ထိုလက်သီးချက်ကို ရှောင်တိမ်းရန် အချိန်မရတော့ဘဲ လက်ဟန်ဖော်ကာ ချက်ချင်း ခုခံလိုက်ရသည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အဘိုးအို၏ အကာအကွယ်အလွှာသည် တရစ်ချင်း ပျက်စီးသွားသည်။ အဘိုးအို၏ခန္ဓာကိုယ်သည်ပင် ရွှီချင်း၏လက်သီးချက်ကြောင့် နောက်သို့ အတင်းအကြပ် ဆုတ်ခွာနေရသည်။ အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားကာ သံတုတ်ကလေးက အဘိုးအိုနောက်ကို လိုက်ပါသွားသည်။

ဘုန်း …

သံတုတ်ကလေးကို အကာအကွယ်အလွှာက ဟန့်တားထား၏။

အကာအကွယ်အလွှာမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်လာပြီး သံတုတ်လေး၏ စွမ်းအားသည်လည်း လွင့်ပျယ်သွားကာ မူလက အကာအကွယ်အလွှာနောက်တွင် ရပ်နေခဲ့သော အဘိုးအိုသည် သွေးချောင်းများ တဟွတ်ဟွတ် ဆိုးနေလျက် ပေါ်လာသည်။

အဘိုးအို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသတဟုန်းဟုန်း တောက်လောင်လာသည်။ သူက လက်ကိုမြှောက်လိုက်စဉ် လေပြင်းတစ်ချက်က ဘေးပတ်ဝန်းကျင်ကို လှဲကျင်းတိုက်ခတ်သွားသည်။

သူသည် အသက်ဝဝရှူသွင်းလိုက်ရာ လေများက သူ၏ပါးစပ်ထဲသို့ အလုအယက် တိုးဝင်သွားပြီး သူ၏မျက်နှာ နီမြန်းလာသည်။ သူသည် ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ဒေါသများကို ပေါက်ကွဲပစ်တော့မည့်အသွင် ရှိသည်။

ထိုအချိန်၌ သူ၏မျက်နှာ သိသိသာသာ ပျက်သွားပြီး သူ၏မျက်လုံးများ ပြူးထွက်လာသည်။ သူ၏အရေပြားများ မည်းနက်လာပြီး အဆိပ်ခတ်ခံလိုက်ရသည့်လက္ခဏာများ ပြသလာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က အရှိန်ပြင်းစွာ တုန်ရီနေတော့သည်။

“ မင်း …”

သူ၏ စကားပင်မဆုံးသေးခင် ရွှီချင်းသည် ရပ်နားခြင်းမရှိဘဲ ရုတ်ခြည်း နီးကပ်လာသည်။

သူ၏လက်ထဲရှိ ဓားမြှောင်သည် ပူပြင်းသော မီးတောက်အောက် ရောက်နေခဲ့သည့်အလား နီမြန်းနေပြီး အဘိုးအို၏လည်ပင်းကို ရက်စက်ကြမ်းတမ်းစွာ လှီးဖြတ်သွားသည်။

လတ်ဆတ်သောသွေးများ ပန်းထွက်သွားပြီး သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရွှီချင်းသည် အဘိုးအို၏ခေါင်းကြီးကို ဘယ်လက်ဖြင့် ဆွဲယူလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။

အရာအားလုံးသည် အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွှီချင်းသည် စိမ်းခရမ်းရောင်သမ်းနေသော ခေါင်းကြီးကို ကြောက်ရွံ့စိတ်များ ယှက်သန်းနေသည့် အမူအရာပျက်နေသော ခေါင်းမိုးပေါ်ရှိ သက်လတ်ပိုင်းအရွယ်လူထံ ပစ်လွှတ်လိုက်သည်။

ပြီးသည်နှင့် ယခင်အတိုင်း ဘယ်လက်ကို မြှောက်၍ ရန်စလိုက်သည်။

ထိုအချိန်တွင် အချိန်များ ရပ်တန့်သွားဟန်တူသည်။

ရတနာမုဆိုးများဖြစ်စေ၊ အစောင့်အရှောက်များ သို့မဟုတ် မြင်းလှည်းတန်းထဲမှလူများ ဖြစ်စေ သူတို့အားလုံး၏ရင်ထဲတွင် စိတ်လှုပ်ရှားခြင်းလှိုင်းများ ရိုက်ခတ်သွားသည်။ သူတို့အားလုံး စကားမပြောနိုင်လောက်အောင် မှင်သက်သွားကြပြီး သူတို့၏ခန္ဓာကိုယ်တစ်လျှောက် ဖော်ပြခြင်းငှာ မစွမ်းသာသော ကြောက်ရွံ့စိတ်များ စီးဆင်းသွားသည်။

“ ကြောက် … ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ ”

“ အဲဒီအဆိပ် … ဘယ်လောက်တောင် ပြင်းလိုက်တဲ့အဆိပ်လဲကွာ ”

ရတနာမုဆိုးများကြားထဲတွင် တုန်ရီလှိုက်မောနေသော အသံများ ခပ်သဲ့သဲ့ ထွက်ပေါ်နေသည်။

ခေါင်မိုးပေါ်ရှိ သက်လတ်ပိုင်းအရွယ်လူသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူသွင်းလိုက်၏။

“ ကျင်းကန်းဂိုဏ်းအဖွဲ့ဝင်တွေအားလုံး အသုံးမကျတာပဲ။ တိုက်ခိုက်တာထက် ဟန်ရေးပြချင်တဲ့စိတ်က ပိုများနေတာကိုး ”

ဝတ်ရုံပြာအဘိုးအိုက အစွမ်းမနိမ့်သည်ကို သူ ကောင်းစွာ သိထားသည်။ ထိုအဘိုးအို၏ ကိုယ်ဖော့သိုင်းသည် လက်ဖျားခါရလောက်အောင် ကောင်းမွန်ပါသော်လည်း သူ၏အမှားက ကြွားလုံးထုတ်ချင်စိတ်သာများနေပြီး လက်ဦးမှုရယူရန် ပျက်ကွက်သွားခဲ့ခြင်း ဖြစ်သည်။ သူက ရန်သူကို လျော့တွက်ခဲ့ပြီး အဆိပ်ကို သတိမထားမိတော့ဘဲ အသက်တစ်ရှိုက် ရှူမိခဲ့ပေသည်။

နောက်ဆုံး၌ အသက်ရှင်သန်ရေးအတွက် ရက်စက်ကြမ်းကြုတ်ရမည်ဆိုသောအခါဝယ် စိတ်အေးလက်အေးရှိနေသော ဂိုဏ်းအကြီးအကဲသည် ရတနာမုဆိုးလက်အောက်တွင် ဇီဝိန်ကြွေသွားခဲ့ရသည်။

ထိုအတွေးဖြင့် သက်လတ်ပိုင်းအရွယ်လူသည် အဆိပ်ဖြေဆေးခုနစ်လုံး၊ ရှစ်လုံးကို ထုတ်၍ တစ်ခါတည်း မျိုချလိုက်သည်။

ထို့နောက် သူသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ တဖျစ်ဖျစ်မြည်သံများ တစ်မုဟုတ်ချင်း ထွက်ပေါ်လာသည်။

အစကတည်းက ထွားကျိုင်းသောသူသည် ပို၍ပင် အင်အားကြီးမားလာသည်။ သူက သိန်းငှက်တစ်ကောင်အလား ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ ရွှီချင်းထံ ပြေးဝင်သွားသည်။

ရွှီချင်းသည် ခေါင်းငုံ့ထားသည်ဖြစ်၍ ဖွာလန်ကြဲနေသော ဆံပင်ရှည်များက သူ့မျက်လုံးများကို ဖုံးကွယ်ထားသည်။ သူ၏ခန္ဓာကိုယ်သည်လည်း လှစ်ခနဲ လှုပ်ရှားသွားပြီး ရန်သူထံ နီးကပ်သည်ထက် နီးကပ်သွားသည်။

နောက်ဆုံးတွင် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသော လူရိပ်နှစ်ရိပ်သည် အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွား၏။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်ကြီး တုန်ခါနေပြီး သူ၏မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ ရွှီချင်း၏မျက်နှာရှေ့မှ ဆံပင်များသည်လည်း တန်ပြန်အားကြောင့် နောက်လန်သွားပြီး သွေးနီရောင်လွှမ်းနေသော သူ၏မျက်လုံးများ ပေါ်လာသည်။

တစ်ဖက်လူက ကြောက်ခမန်းလိလိ သန်မာပါသော်လည်း သူ့ထက် နိမ့်ကျနေသည်ကို အာရုံခံမိလိုက်သည်။ ထို့ပြင် သူက ဒဏ်ရာကုသနိုင်စွမ်း ပို၍ပင် ကောင်းမွန်သည်။ ထိုအချိန်၌ သူ၏မျက်လုံးများထဲမှ လူသတ်ချင်စိတ်များ တိုးထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ခွန်အားများ ဝုန်းခနဲ ထွက်ပေါ်လာကာ လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

အပြင်အားပညာရှင်နှစ်ယောက်ကြားမှ တိုက်ပွဲသည် ရိုးရှင်းပါသော်လည်း ကြမ်းတမ်းပေသည်။

သူတို့နှစ်ဦးသည် လမ်းမပေါ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးနှက်နေကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ လွင့်ပျံနေပြီး တန်ပြန်အားများကြောင့် အိမ်များစွာ ပြိုလဲနေသည်။

သက်လတ်ပိုင်းအရွယ်လူ၏ အသက်ရှူသံများ တဖြည်းဖြည်း မြန်ဆန်လာသည်။ သူ၏မျက်နှာသည်လည်း ဖြူဖျော့လာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာသည်။ သွေးကြောကြီးများ ထောင်ထလာပြီး သူ၏မျက်လုံးများ နီမြန်းလာသည်။ သူ၏ရင်ထဲမှ စိတ်ဓာတ်ကျခြင်းနှင့် ကြောက်လန့်စိတ်တို့ကို ဖုံးကွယ်ခြင်းငှာ မစွမ်းသာတော့ပေ။

ပြန်လည်ကုစားနိုင်စွမ်းကိုပင် မဆိုထားဘိ အမြန်နှုန်းနှင့် ခွန်အားအရာမှာပင် သူသည် ရွှီချင်းအောက် နိမ့်ကျနေ၏။

သို့ဖြစ်၍ တိုက်ပွဲသည် အသက်သုံးဆယ်ကြိမ်ရှူစာသာ ကြာမြင့်သွားခဲ့ပြီး သူ၏လက်သီးက သွေးစများအဖြစ် ဖွာလန်ကြဲသွားသည်။

သူ၏လက်မောင်းသည် ရွှီချင်း၏ခွန်အားကို တောင့်မခံနိုင်တော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရသည်။ လတ်ဆတ်သောသွေးများနှင့် အရိုးအစိတ်အပိုင်းများ လေထဲလွင့်ပျံသွားသည်။ ရွှီချင်းသည် ဟိန်းဟောက်၍ ခုန်ပျံသွားပြီး သက်လတ်ပိုင်းအရွယ်လူ၏ နဖူးကို ဒူးဖြင့် တိုက်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အသားစများ ကြေမွသွားသည့်အသံက နာကျင်စွာ ညည်းညူနေသံကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ်လူ၏အသံသည် တိခနဲ ရပ်သွားကာ သေဆုံးသွားတော့သည်။

ရွှီချင်းက ထိုလူကို တစ်ချက်ပင် ကြည့်မနေချေ။ သူ၏မျက်ဝန်းများထဲရှိ လူသတ်ချင်စိတ်က တောက်လောင်နေဆဲပင်။ သူက သက်လတ်ပိုင်းအရွယ်လူ၏အလောင်းကို တက်နင်းကာ စခန်းခေါင်းဆောင်အိမ်ကို တန်းတန်းမတ်မတ် ပြေးသွားသည်။

ထိုအချိန်၌ စခန်းခေါင်းဆောင်နေအိမ်အပြင်ဘက်ရှိ အစောင့်အရှောက်များနှင့် မြင်းလှည်းတန်းထဲမှလူများသည် ကြောက်ဒူးတုန်နေကြ၏။

မိစ္ဆာတစ်ကောင်ပမာ သွေးအလိမ်းလိမ်းဖြင့် ရွှီချင်းကို သူတို့ မြင်သောအခါ သူတို့ရင်ထဲမှ အသက်ရှင်လိုစိတ်က အရာအားလုံးကို အနိုင်ယူသွားသည်။ မည်သူက ပထမဆုံး ထွက်ပြေးလိုက်သည် မသိပါသော်လည်း မျက်တောင်တစ်ချက်ခတ်အတွင်း လူအားလုံး အစအန ရှာမရအောင် ပျောက်သွားကြသည်။

ထို့ကြောင့် စုရုံးရောက်ရှိနေကြသော ရတနာမုဆိုးများ၏ တုန်လှုပ်ချောက်ချားနေသည့်အကြည့်များအောက်တွင် ရွှီချင်းသည် လေဟုန်ခွင်း၍ စခန်းခေါင်းဆောင်၏ခြံတံခါးကို သွားလိုက်သည်။

သူ အနားရောက်လာသောအခါ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ခြံတံခါး ပျက်စီးသွားသည်။ ထို့နောက် လွင့်ပျံသွားသော သစ်သားအပိုင်းအစများကြားမှနေ၍ အထဲမှ လက်သီးတစ်ချက်က ရွှီချင်းထံ ဝင်ရောက်သွားသည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ရွှီချင်း နောက်ဆုတ်သွားသည်။

သူ နောက်သို့ သုံးလှမ်းဆုတ်ခွာသွားရပြီးနောက် ခေါင်းမော့ကာ စွန်ရဲတစ်ကောင်ကဲ့သို့ အေးစက်စက်အကြည့်ဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်နေသော ရွှေရောင်ဝတ်ရုံနှင့် စခန်းခေါင်းဆောင်ကို ကြည့်လိုက်သည်။

စခန်းခေါင်းဆောင်၏နောက်၌ ပိုးဖဲထည်ဝတ်စုံကို ဝတ်ဆင်ထားသော သုန်မှုန်နေသည့် အဘိုးအိုတစ်ယောက်ရှိသည်။

အဘိုးအိုသည် လက်ထဲတွင် ရွှီချင်း ရင်းနှီးသော လူတစ်ယောက်ကို ဆုပ်ကိုင်ထားသည်။

ထိုလူကိုမြင်လိုက်သောတစ်ခဏတွင် ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာပြီး သူ၏နှလုံးသားထဲတွင် ဖော်ပြ၍ မရနိုင်သော ခံစားချက်များ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လာသည်။

ထိုလူကား ခေါင်းဆောင်လဲ့ပင်။

သူ သေလုမျောပါး ဖြစ်နေပေ၏။

All Chapters