← Chapters

ပူးပေါင်းခြင်း.....

Vol. 13 Ch. 170

ပူးပေါင်းခြင်း.....

Vol. 13 Ch. 170

ယခုချိန်တွင် ခရမ်းအဆင့်အဖွဲ့နှစ်ဖွဲ့သည် စမ်းချောင်း၏ တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံနေကြပြီဖြစ်သည်။

လီလော့သည် လက်ဆေးနေရာကနေ မတ်တပ်ထရပ်လိုက်ပြီး.....

" ဟေး.....တိုက်ဆိုင်လိုက်တာ...မင်းတို့လည်း ဒီရောက်နေတာလား...."

ထိုသို့ပြောနေရင်းကနေ လက်နောက်ပစ်ပြီး အချက်ပြလိုက်သောကြောင့် မလှမ်းမကမ်းတွင်ရှိနေသော ရှင်းဖူသည် အရိပ်တစ်ခုအဖြစ် ဖျော့တော့ ပျောက်ကွယ်သွားလေသည်။

ပိုင်မျန်မျန်သည်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ စွမ်းအားများကိုတိတ်တဆိတ်စုဆောင်းနေလေ၏။

လီလော့တို့ အဖွဲ့ကို တွေ့လိုက်ရသောကြောင့် ရိလီရှ၏ အဖွဲ့သားများကလည်း ခေါင်းဆောင်ဖြစ်သူ ရိလီရှကို မျက်စပစ်ပြနေကြသည်။

" အိုးးး တိုက်တိုက်ဆိုင်ဆိုင် လီလော့တို့အဖွဲ့နဲ့ လာတွေ့နေပါလား...."

အဖွဲ့ခေါင်းဆောင်နှစ်ယောက်၏ ဝတ်ကျေတန်းကျေနှုတ်ဆက်မှုသည် အပေါ်ယံသာ ချိုမြနေသော်လည်း အတွင်းတွင် ဗလာနထ္တိသာပင်....အေးခဲနေသော လေထုအခြေနေကြောင့် စမ်းချောင်းတစ်ခုလုံး အေးခဲတော့မတတ်ပင်.....

ရိလီရှက ပါးကုပ်နားကုပ်လုပ်နေပြီး......

" ငါတို့တွေ ဒီအတိုင်းဖြတ်သွားတာလို့ပြောရင် မင်းယုံမှာလား...."

လီလော့ဘက်ကလည်း တခဏလောက် စဉ်းစားပြီးမှ......

" နားလည်ပြီ....ဒါဆို ကိုယ့်လမ်း ကိုယ်သွားကြတာပေါ့...."

" ကောင်းပြီ...."

ထိုအခါမှသာ ရိလီရှ စိတ်သက်သာရာရနိုင်ခဲ့တော့သည်။ လီလော့သည် ဒူဇီပိုင်ရွှမ်းကိုပင်အနိုင်တိုက်နိုင်ခဲ့သော ပဲ့တင်ထပ်သံနှစ်ခုရှိသည့် ကျင့်ကြံသူဖြစ်သောကြောင့် ကြောက်စရာကောင်းသော ရန်သူဆိုလည်း မမှားနိုင်ပေ။

ရိလီရှတို့အဖွဲ့သည် ငွေအဆင့်နှင့်ရွှေအဆင့်အဖွဲ့များကို အမဲလိုက်ခြင်းဖြင့် အလုပ်များနေကြသည်။ အကယ်၍ လီလော့တို့ထံတွင် ရှုံးနိမ့်မည်ဆိုပါက ရထားသမျှအားလုံး ဆုံးရှုံးရပေလိမ့်မည်။အကယ်၍ ရိလီရှတို့သာနိုင်မည်ဆိုလျှင်လည်း အနည်းနှင့်အများ ထိခိုက်မှုတော့ရှိပေဉီးမည်။အားနည်းနေချိန်တွင် သန်မာသော ရွှေအဆင့်အဖွဲ့နှင့်သာကြုံတွေ့လိုက်ပါက အရှက်ကွဲရမည်သာ။

ထို့ကြောင့် လက်ရှိအချိန်သည် ခရမ်းအဆင့်အဖွဲ့နှင့် တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်သေးပေ။

လီလော့သည်လည်း သူ့လိုတွေးနေမည်ဟုယုံကြည်မိသည်။ထို့အပြင် ၎င်းတို့ အဖွဲ့နှစ်ဖွဲ့ကြားတွင် ရန်ငြိုးရန်စမရှိသောကြောင့် ရှောင်ကွင်းသွားရန် လွယ်ကူပေလိမ့်မည်။

တစ်ယောက်အတွေးကို တစ်ယောက်သိနေသောကြောင့် နှစ်ယောက်စလုံး စိတ်သက်သာရာရသွားသည်မှာတော့ အမှန်ပင်။

စတွေ့ကတည်းက သူ့ကိုသာ တစိုက်မတ်မတ် ကြည့်နေသော စီချိုးယင်းကို လီလော့ သတိပြုမိနေသည်။

လီလော့သည် ရိလီရှတို့ကို ဖော်ရွေစွာပြုံးပြလိုက်ပြီး သင့်တော်သော အကွာအဝေးထိရောက်အောင် နောက်ဆုတ်လိုက်သည်။

ထိုအခါမှသာ ရိလီရှလည်း သက်ပြင်းချနိုင်ရှာတော့သည်။

" ဟူးးး ဒါ ငါတို့သွားခါနီးမှာ သက်သက်လုပ်ပြသွားတာ...."

" သူတို့ကို တိုက်ခိုက်ဖို့စိတ်မဝင်စားပေမယ့် လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုအကြောင်းတော့ သိချင်မိသား....."

ချင်ရဲသည် အဆင်ခြင်မဲ့စွာ ရေရွတ်လိုက်သည်။

" တိုက်ခိုက်ပြီဆိုတာနဲ့ ရပ်လိုက်လို့မဖြစ်တော့ဘူး....မင်းက အမှတ်တွေလိုချင်တာလား...ဒါမှမဟုတ် စိတ်ကျေနပ်မှုကို ရှာနေတာလား....."

ရိလီရှက ချိုးရဲကို စိတ်အားထက်သန်စွာမေးလိုက်သည်။

"အမှတ်တွေပဲလိုချင်တာပေါ့...."

"အမှတ်တွေ ထပ်ရဖို့ အခွင့်ရေးတွေအများကြီးရှိသေးတယ်....ဒါပေမယ့် အခုတော့မဟုတ်သေးဘူး....."

စီချိုးယင်းသည် စကနေ အဆုံးထိတိတ်ဆိတ်နေ၏။ ရိလီရှ၏ သန်မာမှုကို သူမ ကောင်းစွာသိထားသည်။ ရိလီရှသည် ဒူဇီပိုင်ရွှမ်းထက် အဆင့်နိမ့်သော်လည်း အားနည်းသူတစ်ယောက် မဟုတ်ပေ။

ကျင်းချွဲ့အိမ်တော်သခင်မလေးတစ်ယောက်ဖြစ်သော သူမသည် ကျွမ်းကျင်သူပေါင်းများစွာကို သိထားသောကြောင့် ရိလီရှကို ပို၍လေးစားမိသည်။သူမ၏ ခေါင်းဆောင်သည် တော်ရုံကျွမ်းကျင်သော တိုက်ခိုက်ရေးသမားမဟုတ်ပေ။

သို့သော်လည်း လီလော့နှင့် တွေ့သည့်အခါ ရိလီရှသည် သတိကြီးကြီးထား၍ အကဲခတ်နေပြီး ထိတ်တိုက်ရင်တိုင်ရန် လက်တွန့်နေ၏။

ဤအချင်းအရာသည် သူမကို လွန်စွာ စိတ်အနှောက်ယှက်ဖြစ်စေသည်။ လွန်ခဲ့သည့် လအနည်းငယ်က ရှမြို့တော်အပြင်ဘက်တွင် သူမနှင့်တွေ့ဆုံခဲ့သော တောသားလူငယ်လေးသည် ယခုချိန်တွင် ကောလိပ်၌ အထက်တန်းကျသော အဆင့်တစ်ခုတွင်ရပ်တည်နေနိုင်ပြီဖြစ်သည်။

ကျန်းချင်းအာကလည်း လီလော့သည် ကျောင်းသားသစ်များကြားတွင် အတော်ဆုံးဖြစ်လာမည်ဟု ပြောခဲ့ဖူးသည်။

ကျန်းချင်းအာ၏ ထင်မြင်မှုများ မှားယွင်းနေသည်ဟု ထောက်ပြချင်ခဲ့သော်လည်း တကယ်တမ်း မှားယွင်းနေသူမှာ သူမဖြစ်နေလေပြီ။

" ချိုးယင်း...ငါတို့ဒီကနေ သွားကြမယ်......"

ရိလီရှ၏ သတိပေးစကားကြောင့် စီချိုးယင်း အတွေးထဲနစ်မြောနေရာမှ သတိပြန်ဝင်လာခဲ့သည်။

စီချိုးယင်းသည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး လီလော့တို့ရှိရာဆီ တစ်ချက်ကြည့်ကာ တခြားသူများနှင့်အတူ ထွက်ခွာခဲ့တော့သည်။

လပတ်စစ်ဆေးမှုသည် လီလော့ကို ကျောင်းသားသစ်များကြားတွင် အတော်ဆုံးကျောင်းသားအဖြစ် ကျော်ကြားလာစေရန် ဆုံးဖြတ်ပေးမည့် စစ်ဆေးမှုတစ်ခု ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

....................

ရိလီရှတို့နှင့် လမ်းခွဲပြီးနောက် လီလော့တို့သည်လည်း ကောင်းစွာရှေ့ဆက်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ရွှေအဆင့်အဖွဲ့နှစ်ဖွဲ့နှင့် ငွေအဆင့် သုံးဖွဲ့ကိုလည်း အန်ိုင်ယူခဲ့ကြသေးသည်။

ထိုအချိန်တွင် ကျောက်ခွော်တို့ချန်ရစ်ခဲ့သော အမှတ်အသားများကို သတိပြုမိလိုက်သည်။

ထိုအမှတ်အသားများအတိုင်း လိုက်သွားပါက ကျောက်ခွော်တို့နှင့်် တွေ့ဆုံရတော့မည်။

စီစဉ်ထားသည့်အတိုင်းဆို ကျောက်ခွော်တို့သည် အုပ်ချုပ်သူများအဖွဲ့ကို နောက်ယောင်ခံလိုက်ကြရမည်ဖြစ်သည်။ အမှတ်အသားများ ချန်ခဲ့ပြီဆိုသောကြောင့် ကျောက်ခွော်တို့ ခြေရာခံမိနေလောက်ပြီဖြစ်သည်။

အုပ်ချုပ်သူများအဖွဲ့သည် အတော်လေးအားကောင်းသော အဖွဲ့ဖြစ်သည်။လီလော့တို့အတွက် နောက်ဆုံးတွေ့ဆုံရမည့်အဖွဲ့သည် ရွှေတံခါးအဖွဲ့ဖြစ်သောကြောင့် အုပ်ချုပ်သူများအဖွဲ့ကို အတတ်နိုင်ဆုံး ကြိုတင်ရှင်းထုတ်ထားမှဖြစ်မည်။

လီလော့တို့ အရှိန်ပြင်းစွာ ခရီးနှင်ခဲ့ကြသည်။

တောအုပ်ထဲတွင်...........

ရွှေအဆင့်အဖွဲ့နှစ်ဖွဲ့သည် တချို့က ထိုင်လျှက်၊ တချို့က မတ်တပ်ရပ်လျှက်နှင့်စုဝေးနေကြသည်။ နှစ်ဖွဲ့စာ လူဉီးရေသည် ရှစ်ယောက်ကျော်ဖြစ်သောကြောင့် လူအင်အားမနည်းလှပေ။

ထိုနှစ်ဖွဲ့ထဲမှ တစ်ဖွဲ့သည် ကျောက်ခွော်တို့အဖွဲ့ဖြစ်ပြီး ကျန်တစ်ဖွဲ့သည် အကူအညီပေးရန်ပူးပေါင်းထားသော အဖွဲ့ဖြစ်သည်။

" ကျောက်ခွော်...လီလော့က တကယ်လာကူညီမှာ ဟုတ်ရော ဟုတ်ရဲ့လား.....မင်း သူနဲ့ခင်မင်တယ်ဆိုတာ ချဲ့ကားပြောနေတာမဟုတ်လား....."

တဖက်မှခေါင်းဆောင်သည် စိတ်မရှည်တော့ဟန်ဖြင့် ကျောက်ခွော်ကိုမေးလိုက်သည်။

ကျောက်ခွော်သည် နန်ဖန်းကျောင်းတော်သားဖြစ်သော်လည်း ခွန်အားသည် သာမာန်မျှလောက်သာရှိသောကြောင့် ထိုသူတို့ တဖြည်းဖြည်းသံသယဝင်လာခြင်းဖြစ်သည်။

လီလော့ထံမှ အကူအညီရမည်ဟု အာမခံထားခြင်းသည် တကယ်ရော ဟုတ်ပါ၏လော......

"ကျုံးဖူနဲ့ တခြားသူတွေ မင်းတို့တွေ နည်းနည်းပါးပါး ရှင်းပြကြပါဉီးလား....."

တဖက်အဖွဲ့မှ ခေါင်းဆောင် လုံးဝစိတ်မရှည်နိုင်တော့ပေ။

ကျော်ခွော်တို့အဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင်တော့ပေ။ ကျော်ခွော်သည် တဖွဲ့လုံးတွင် အားအနည်းဆုံးဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်နေလေ၏။

ထိုအချက်ကြောင့်ပင် ကျောက်ခွော်တို့အဖွဲ့ကို အယုံအကြည်တန်လာခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျောက်ခွော်ကတော့ တည်ငြိမ်စွာဖြင့်......

" စိတ်အေးအေးထားစမ်းပါ...သူတို့က ခရမ်းအဆင့်အဖွဲ့လေကွာ....လာတဲ့လမ်းမှာ အမှတ်တွေ ရိတ်သိမ်းရဉီးမှာပေါ့.....ငါချန်ထားတဲ့ အမှတ်အသားတွေတွေ့ရင် ချက်ချင်းလိုက်လာလိမ့်မယ်....."

ထိုအခါမှသာ ကျုံးဖူကလည်း တဖက်ခေါင်းဆောင်ကို ဝင်ဖြောင်းဖြလေတော့သည်။

" ဟုတ်သားပဲ...ခေါင်းဆောင်ရှုရယ် စိတ်အေးအေးထားပါ......"

"စိတ်မပူလို့ရမလားကွ...ငါတို့နောက်မှာ အုပ်ချုပ်သူများအဖွဲ့နဲ့ ကောင်းကင်ဓားအဖွဲ့ပါ ကပ်ပါလာတာကွ..အဲ့နှစ်ဖွဲ့သာ ညှပ်တိုက်ရင် အကုန် ကိစ္စတုံးကုန်လိမ့်မယ်.....လီလော့ လာမှာမဟုတ်ရင်လည်း စောစောစီးစီး ထုတ်ပြောလိုက်ကြ...ဒါမှ ကြိုတင်ပြင်ဆင်ထားလို့ရမှာ......"

ယုံကြည်ချက်လျော့နည်းလာမှုကြောင့် စိတ်မသက်မသာ ဖြစ်နေရသော်လည်း ကျောက်ခွော်ကတော့ တည်ငြိမ်နေဆဲပင်......

ထိုအချိန်တွင် ကျုံးဖူသည် ဝမ်းသာအားရ မတ်တပ်ထရပ်လိုက်ပြီး တစ်နေရာဆီသို့ မျှော်ကြည့်လိုက်သည်။

ရောက်လာသူသုံးဉီးသည် သူတို့ မျှော်လင့်စောင့်စားနေသော လီလော့တို့သာပင်......

" လမ်းမှာ ရိတ်သိမ်းစရာလေးတွေတွေ့လို့ နည်းနည်းနောက်ကျသွားတယ်ကွာ....."

လီလော့သည် ကျောက်ခွော်၏ပုခုံးကို လှမ်းပုတ်လိုက်ပြီး.....

" မင်း ဆွဲထားတဲ့ အမှတ်အသားတွေကလည်း ရုပ်ဆိုးလိုက်တာကွာ...နောက်ဆို ရှင်းဖူဆီမှာ ပိုက်ဆံပေးပြီးသင်ထားလိုက်ဉီး....."

လီလော့သည် အားလုံးကို ဖော်ရွေစွာ ပြုံးပြလိုက်ပြီး.....

" အကြာကြီးစောင့်ခိုင်းထားမိလို့ တောင်းပန်ပါတယ်....."

ထိုအခါမှသာ ခေါင်းဆောင် ရှုကောလည်း ပြုံးနိုင်ရှာတော့သည်။

// လီလော့က ကျောက်ခွော်နဲ့ တရင်းတနှီး ပြောဆိုနေပုံထောက်ရင် တကယ်ပဲ ညီအစ်ကိုတွေလို ရင်းနှီးကျတာပဲ.... //

ယခုချိန်တွင် ကျုံးဖူတို့သည် အဘယ်ကြောင့် ကျောက်ခွော်ကို ခေါင်းဆောင်အဖြစ် ရွေးထားသလဲ နားလည်နိုင်လေပြီ။ ကျောက်ခွော်သည် လီလော့နှင့်အရင်းနှီးဆုံးသောသူ ဖြစ်နေသည် မဟုတ်ပေလော။

" အစ်ကိုလော့..ဘယ်တော့လောက် စလှုပ်ရှားကြမလဲ....မဟုတ်သေးဘူး...အစ်ကိုရောက်လာတာ အချိန်ကိုက်ပဲ....အစ်ကိုကျောက်တို့က စီစဉ်စရာရှိတာ အကုန်စီစဉ်ပြီးပြီ......"

ရှုကောကို လီလော့ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ....အကုန်အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့........"

All Chapters