← Chapters

နေသာထိုင်သာရှိသွားပြီလား.....

Vol. 13 Ch. 174

နေသာထိုင်သာရှိသွားပြီလား.....

Vol. 13 Ch. 174

သစ်တောတစ်ခုလုံးသည် လေမုန်တိုင်းဝင်မွှေထားသကဲ့သို့ သစ်ပင်များကျိုးပဲ့ပျက်စီးနေပြီး မြေဆီလွှာများလည်း အက်ကွဲကြေမွနေလေ၏။

ဆယ်မိနစ်အတွင်း တစ်ဖွဲ့လုံး ရိုက်ချခံလိုက်ရသောကြောင့် ရှန်းယာတစ်ယောက် မျှော်လင့်ချက်ကုန်ခမ်းနေလေပြီ။

လီလော့သည် ပွင့်လန်းခြင်းအစောပိုင်းအဆင့်တွင်သာရှိသောကြောင့် တစ်ဉီးချင်း ယှဉ်တိုက်မည်ဆိုပါက ပွင့်လန်ခြင်းနှောင်းပိုင်းအဆင့်ရှိသော သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ပေါင်းစပ်ထားသော ရေနှင့်သစ်သားစွမ်းအင်အပြင် ပိုင်မျန်မျန်၏ ပုံရိပ်ယောင်စွမ်းရည်များကြောင့် အစစအရာရာသာလွန်နေခဲ့သည်။

ဒူဇီပိုင်ရွှမ်းကို လီလော့နိုင်ခဲ့သည်မှာ ထူးဆန်းမနေတော့ပေ။

ရှန်းယာ သက်ပြင်းချလိုက်မိလေသည်။

ယခုချိန်တွင် ရေကြေးမုံများ မှုန်ဝါးဝါးသွားပြီး အသုံးပြုသူနှင့် ပြန်လည်ပေါင်းစည်းသွားကြပြီဖြစ်သည်။

ရှန်းယာသည် လက်စွဲတော် ဓားရှည်ကို လီလော့ဆီ ချိန်ရွယ်လိုက်ပြီး.....

"လီလော့...မင်းတကယ်တော်တယ်....ငါ့အကြံစည်တွေကို ပြီးပြည့်စုံတယ်လို့ပဲ ထင်ထားခဲ့တာ....ဒါပေမယ့် မင်းကတော့ရအောင်ဖျက်ပစ်နိုင်ခဲ့တယ်...."

"ငါ့မှာ ဘာဝှက်ဖဲမှမရှိတော့ပေမယ့် ဓားတော့ကိုင်နိုင်သေးတယ်....လာစမ်းပါ ခရမ်းအဆင့်တပည့်တွေ ဘယ်လောက်ထူးချွန်လဲ သိရအောင် တစ်ယောက်ချင်းတိုက်ကြမယ်....."

လီလော့သည် ရှန်းယာကို လူထူးဆန်းတစ်ယောက်ဟုသာ မြင်နေမိသည်။

" မင်းစကားကိုယုံမိလို့ကတော့ ငါ့ထက်မိုက်တဲ့သူရှိမှာ မဟုတ်တော့ဘူး....ငါမင်းတို့ဆီက ရမှတ် သုံးပုံတစ်ပုံပဲလိုချင်တယ်...."

လီလော့ဘက်က ငါးစာကို လာမဟပ်သောကြောင့် ရှန်းယာစိတ်ဓာတ်ကျနေလေပြီ။

// သုံးပုံတစ်ပုံပဲလိုချင်တယ်တဲ့လား....ဟာသတွေလာပြောနေတယ်.....//

ရှန်းယာ စွမ်းအားများထုတ်ဖော်လိုက်သာ့်အတွက် ရွှေရောင်ဓားရှည်သည် ပို၍ပင်တောက်ပလာသည်။

ရှန်းယာသည် သတ္ထုပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သည်။

ရှန်းယာကိုမြင်သည့်အခါ လော့လန်အိမ်တော်၏ သစ္စာဖောက် ဖေဟောင်ကိုသတိရမိလိုက်သည်။

// ချီးလိုပဲ... သတ္ထုပဲ့တင်ထပ်သံပိုင်ရှင်တိုင်း သိပ်ကို လူထင်ကြီးအောင်လုပ်ပြချင်ကြတာပဲ.....//

ဝှစ်.....

ရှန်းယာ စတင်တိုက်ခိုက်နေပြီ.....

လီလော့ကလည်း ဓားတိုနှစ်လက်နှင့် ခုခံလိုက်သောကြောင့် ဓားချင်းထိခတ်သံများ ဆူညံများ ထွက်ပေါ်လာသည်။

အပြာရောင်နှင့်ရွှေရောင်စွမ်းအားများ ရောယှက်နေကြသည်။

တိုက်ကွက် တစ်ဒါဇင်ခန့် ဖလှယ်ပြီးချိန်တွင် ရှန်းယာ မျက်စိပျက်မျက်နှာပျက် ဖြစ်နေလေပြီ။ လီလော့ထက် သန်မာသော်လည်း အခုထိ အသာစီးမရနိုင်သေးသောကြောင့်ပင်.....

မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်ပါစေ လီလော့ဘက်က ကောင်းစွာ ခုခံန်ိုင်ခဲ့သည်။

" ကျားအဆင့်ပညာရပ်.... ဓားလေပွေ....."

အကြံကုန် ဂဠာန်ဆားချက်ဆိုသလို အကောင်းဆုံးသော ကျွမ်းကျင်မှုကို ထုတ်သုံးလိုက်ရတော့သည်။ထိုအခါ ရွှေရောက်တလက်လက်တောက်ပနေသော ဓားပုံရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ရှန်းယာ၏ ဓားချက်များတိုးဝင်လာသောအခါ ရေစွမ်းအားအပြည့်ပါသော ဓားချက်များဖြင့် လီလော့ဘက်ကလည်း တန်ပြန်ခုခံလိုက်လေသည်။

ထိုပညာရပ်သည် လီလော့ လတ်တလော လေ့ကျင့်ထားသည် ကျားအဆင့်ပညာရပ်တစ်ခုဖြစ်သည့် ကခုန်နေသောမိန်ရာသီ ပညာရပ်ဖြစ်သည်။

[TN/ မိန်ရာသီကိုယ်စားပြုအရုပ်သည် ငါးနှစ်ကောင်ပုံသဏ္ဍာန်ဖြစ်သည်။]

လီလော့၏ ဓားချက်များသည် မြူတူးခုန်ပေါက်နေသော ငါးများသဖွယ်ဖြစ်နေသော်လည်း စွမ်းအားအပြည့်ပါဝင်နေသောကြောင့် ရွှေရောင်ဓားပုံရိပ်များကို တခဏအတွင်းဝါးမြိုလိုက်သည်။

ယခုချိန်တွင် ရှန်းယာ အတော်လေး ထိတ်လန့်နေပြီဖြစ်သည်။

လီလော့သည် အစကနေအဆုံးထိတိုင် ရေစွမ်းအားတစ်ခုတည်းကိုသာ သုံးသွားခဲ့သော်လည်း ရှန်းယာ အရေးနိမ့်ခဲ့ရပြီ။

လီလော့ တကယ့်ကို သန်မာလွန်းလှသည်။

" အခုချိန်ထိ အရှုံးမပေးချင်သေးရင် ငါလည်း ဒီ့ထက်ပိုပြီး ညှာနေတော့မှာမဟုတ်ဘူး....."

လီလော့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ခြေထောက်အောက်တွင် ရေအိုင်တစ်ခုဖြစ်ပေါ်လာပြီး ကခုန်နေသော ငါးနှစ်ကောင်၏ အမြှီးသည် ကြီးမားသော ကတ်ကြေးတစ်လက်သဖွယ်ပေါင်းစည်းသွားလေ၏။

လီလော့ နောက်ထပ် တိုက်ကွက်တစ်ခုထုတ်ဖော်လိုက်သည့်အခါ ရှန်းယာ၏ လက်မနှင့် လက်ညိုးကြားတွင် သွေးများယိုစီးလာပြီး ဓားကိုပင်ဖြောင့်ဖြောင့်မကိုင်နိုင်တော့ပေ။

အရှုံးကြီး ရှုံးသွားပြီဖြစ်သော ရှန်းယာသည် လက်ကျန် ခွန်အားဖြင့် တချိုးတည်းလှည့်ပြေးလေတော့သည်။

သို့သော်လည်း လိပ်ပြာတောင်ပံတမျှ ပါးလွှသော ဓားတစ်လက်က အသင့်စောင့်​ကြိုနေလေ၏။

" ရှင်အခုလို ထွက်ပြေးတော့ ကျွန်မတို့က ဘယ်လိုလို ရှင့်တံဆိပ်ကို ယူလို့ရတော့မှာလဲ......"

ပိုင်မျန်မျန် ထိုသို့ပြောနေချိန်တွင် အလွန်ရှက်ရွံနေပုံရသည်။

ရှန်းယာ သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ် ပစ်စလက်ခတ် ထိုင်ချလိုက်တော့သည်။

လီလော့က ဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်ပြီး.....

"ဒီလောက်ပဲလား.....မင်းက ဇွဲတော့ကောင်းသားပဲ....."

" မင်းရဲ့ကျင့်ကြံမှုအဆင့်က ငါ့ထက် တစ်ဆင့်နိမ့်ရဲ့သားနဲ့ ဘာလို့ ငါ့ထက်သန်မာနေရတာလဲ....."

ရှန်းယာ၏ မေးခွန်းကို လီလော့ပြန်မဖြေဘဲပြုံးရုံသာ ပြုံးပြလိုက်သည်။

သူသည် ပဲ့တင်ထပ်သံနှစ်ကို ကောင်းမွန်စွာ မပေါင်းစပ်နိုင်သေးသော်လည်း ထိုနှစ်ခုထံမှ အားကောင်းသော စွမ်းအားများရရှိနေသည်ကို မည်သို့ရှင်းပြရမည်နည်း။

ခန့်မှန်းကြည့်သလောက်ဆို ဆရာသခင်ပထမအဆင့်သမားများထဲတွင် အဆင့်ရှစ်အဆင့်မြင့် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားမှသာ သူ့ကိုယှဉ်နိုင်လိမ့်မည်။

သို့သော်လည်း ဆရာသခင်ဒုတိယအဆင့်တွင်ရှိနေသော ချင်ဇူလု၊ ဝမ်ဟေးကျူနှင့် ပိုင်တုတုတို့ကို ယှဉ်နိူင်ရန်တော့ ခက်ခဲပေလိမ့်မည်။

// ငါရဲ့မြေသစ်သားပဲ့တင်ထပ်သံက အဆင့်ငါးပဲရှိသေးတယ်.....လပတ်စစ်ဆေးမှုပြီးတာနဲ့ အဆင့်ခြောက်ရောက်အောင် ကြိုးစားမှဖြစ်မယ်.....ရေအလင်းနဲ့ မြေသစ်သားပဲ့တင်ထပ်သံနှစ်ခုစလုံး အဆင့်ခြောက်သာဆို အဆင့်ရှစ် အဆင့်မြင့်ပဲ့တင်ထပ်သံတွေကိုတောင်တိုက်ခိုက်နိုင်ပြီ.....//

အတွေးများကို ဖယ်ထုတ်လိုက်ပြီး ရှန်းယာဘေးတွင် ထိုင်ချလိုက်ကာ တံဆိပ်ဖြုတ်ရန် ပြင်လိုက်သည်။

"အခုထိ ကောင်းကင်ဓားအဖွဲ့ရောက်လာမယ်ထင်နေတုန်းလား....."

" မဟုတ်ဘူးလား...ငါက ဖယ်ထုတ်ခံရတော်မယ်ဆိုပေမယ့် မင်းဒုက္ခရောက်နေတာကိုတော့မြင်ချင်သေးတယ်....."

လီလော့ ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ရှန်းယာဘေးတွင်သာ ထိုင်နေလိုက်တော့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ခြေသံအချို့ ကြားလိုက်ရသောကြောင့် ရှန်းယာ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်သည်။

ရောက်လာသူများသည် မျှော်နေသူမဟုတ်သည့်အတွက်လည်း စိတ်ဓာတ်ကျသွားခဲ့ရပြန်သည်။

လီလော့က ရောက်လာသည့် ကျောက်ခွော်တို့အဖွဲ့ကို မေးဆတ်ပြလိုက်ပြီး ရှန်းယာကို လှမ်းမေးလိုက်သည်က......

" ကဲ..ဘယ်လိုလဲ...နေသာထိုင်သာရှိသွားပြီလား..... "

All Chapters