ကျန်းချင်းအာနှင့်မင်းသမီးကြီး......
Vol. 13 Ch. 179
ဝမ်ဟေးကျူတို့အဖွဲ့နှင့် လီလော့တို့အဖွဲ့၏ စိတ်လှုပ်ရှားဖွယ်တိုက်ပွဲသည် နည်းပြအားလုံး၏ အာရုံကို အပြည့်အဝဖမ်းစားထားသည်။
ထိုတိုက်ပွဲကို ခပ်လှမ်းလှမ်းရှိ စင်မြင့်ပေါ်က လူစုကလည်း စိတ်ဝင်တစားကြည့်ရှုနေကြသည်။
ကြယ်တစ်ပွင့်၊ နှစ်ပွင့်နှင့်သုံးပွင့်ခန်းမများက အသီးသီး လပတ်စစ်ဆေးမှု ဖြေဆိုနေသောကြောင့် လပတ်စစ်ဆေးမှုဖြေဆိုစရာမလိုသော ကြယ်လေးပွင့်ခန်းမကျောင်းသားများကလည်း တိုက်ပွဲများကို လာရောက်ကြည့်ရှုနေကြသည်။
ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများသည် ကောလိပ်တစ်ခုလုံးတွင် စီနီယာကျသောသူများဖြစ်သောကြောင့် ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ပုဒ်များကို အကောင်းဆုံး ထိန်းသိမ်းထားကြသူများဖြစ်သည်။ ၎င်းတို့ ဘွဲ့ရပြီးသည်နှင့် အထက်တန်းအိမ်တော် ငါးခု၊ တော်ဝင်ရုံးတော်နှင့်အခြားသော လေးစားဖွယ်ရာ ဂိုဏ်ဂဏအသီးသီးမှ ဖိတ်ကြားခံရမှုများနှင့် တွေ့ကြုံရပေတော့မည်။
ယခုချိန်တွင် ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများသည် ခန်းမသုံးခုမှ တိုက်ပွဲများကို ကြည့်ရှုပြီး အသီးသီးတိုင်ပင်ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် ပွဲကြည်ံ့စင်သို့ရောက်လာသော မိန်းမပျိုတစ်ဉီးကြောင့် အားလုံး မျက်ခုံးပင့်ကုန်ကြလေသည်။
ထိုမိန်းမပျိုသည် ရွှေရောင်မျက်ဆံများရှိပြီး ရှည်လျားလှသော ဆံနွယ်များကို ခပ်မြင့်မြင့်စည်းနှောင်ထားသည်။
တူနှိုင်းမရအောင်လှပသော ထိုမိန်းမပျိုသည် ကျန်းချင်းအာပင်ဖြစ်သည်။
အမာခံခုနှစ်ဉီးစာရင်းအတွက် ကြိုတင်သတ်မှတ်ခံထားရသော သတင်းကြောင့်
ကြယ်သုံးပွင့်ခန်းမမှ သူမကို ကြယ်လေးပွင့်ကျောင်းသားများ ပေါ့ပေါ့တန်တန် မထိဝံ့ကြပေ။
အတော်တကာ့အတော်ဆုံး ကုန်းရှန်ကျွင်းပင်လျှင် ကြယ်လေးပွင့်ခန်းမရောက်မှသာ အမာခံခုနှစ်ဉီးထဲမှ တစ်ဉီးအဖြစ်ရွေးချယ်ခံခဲ့ရသောကြောင့် ကျန်းချင်းအာသာ အမာခံတစ်ဉီးဖြစ်လာခဲ့လျှင် စံချိန်သစ်တစ်ခု ရေးထိုးနိုင်တော့မည်ဖြစ်သည်။
ကျန်းချင်းအာက အကြည့်များကို လျစ်လျူရှူထားပြီး ကြယ်တစ်ပွင့်ခန်းမ ပွဲကြည့်စင်သို့ တန်းတန်းမတ်မတ်လျှောက်သွားလေ၏။
သူမအနောက်မှ လိုက်လာသောခြေသံကြောင့် လှည့်ကြည့်လိုက်သောအခါ ထိုသူသည် မင်းသမီးကြီးဖြစ်နေခဲ့သည်။
မင်းသမီးကြီးသည် ခါတိုင်းလို တော်ဝင်ဝတ်ရုံဆင်မြန်းထားခြင်းမဟုတ်ဘဲ အဖြုရောင်ဘောင်းဘီနှင့် ခါးတိုအင်္ကျီကို တွဲဖက်ဝတ်ဆင်ထားပြီး ဖွံ့ထွားသောရင်သားများကို လာဗင်ဒါရောင်ဇာသားလည်စည်းဖြင့် ဖုံးကွယ်ထားသောကြောင့် တနည်းတဖုံ ကြည့်ကောင်းနေလေ၏။
မင်းသမီးကြီးနှင့်ကျန်းချင်းအာတို့သည် မတူကွဲပြားမှုများနှင့် တမျိုးတဘာသာ လှပကြသူများဖြစ်ကြသည်။ မင်းသမီးကြီး၏ အလှသည် တော်ဝင်ဆန်ပြီး အေးစက်သည်ဆိုလျှင် ကျန်းချင်းအာက ငယ်ရွယ်ပျိုမြစ်လန်းဆန်းသော အလှမျိုးဖြင့် လှပသူတစ်ယောက်ဖြစ်သည်။
မင်းသမီးကြီးသည် ကျန်းချင်းအာနှင့် တန်းတူ ကျော်ကြားသူတစ်ဉီးဖြစ်သည်။သူမတွင် ဉာဏ်ရည်ဉာဏ်သွေး၊လှပမှု၊ အဆင့်အတန်း အစစအရာရာ အဘက်ဘက်မှပြည့်စုံနေ၏။
" ဂျူနီယာကျန်းက စစ်ဆေးမှုကို သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင်လုပ်နိုင်ခဲ့တာ သိပ်အံ့သြစရာပဲနော်...."
မင်းသမီးကြီးက ကျန်းချင်းအာကို ဖော်ရွေရင်းနှီးစွာ နှုတ်ဆက်နေသည်။
လပတ်စစ်ဆေးမှုတိုက်ပွဲများတွင် လျှို့ဝှက်ထားသော စနစ်တစ်ခုရှိပြီး သတ်မှတ်ထားသော အမှတ်အရေအတွက်ကို တဖွဲ့ ဖွဲ့က ရသွားခဲ့လျှင် နေဝင်ချိန်မတိုင်မှီ ပြိုင်ပွဲပြီးဆုံးကြောင်း ကြေငြာပေးလိမ့်မည်။
" ကံကောင်းသွားတာပါ.... ကျွန်မတို့အဖွဲ့ကို ရှုံးသွားတဲ့ အားကောင်းတဲ့အဖွဲ့နှစ်ဖွဲ့ကြောင့် အခုလို ဖြစ်သွားတာပါ....."
"အော်...မသိပါဘူး...ဂျူနီယာကျန်းက ကြယ်တစ်ပွင့်ခန်းမရဲ့တိုက်ပွဲတွေကြည့်ဖို့ စိတ်စောနေတယ်လို့ တို့ကထင်နေတာ...."
" ဟုတ်တယ်...ကျွန်မ လီလော့ရဲ့အခြေနေကို သိချင်နေပြီ....."
ကျန်းချင်းအာ၏ ပွင့်လင်းသောအဖြေကြောင့် မင်းသမီးကြီး အံ့သြနေလေ၏။
" ဂျုနီယာကျန်းက လီလော့ကို တကယ်ဂရုစိုက်တာပဲ..... "
" ဒါပေါ့...."
" ဂျူနီယာကျန်း ဒီနှစ် အမာခံခုနှစ်ဉီးရွေးချယ်ပွဲမှာ ဝင်ပြိုင်မလို့ဆို....."
" အင်း...ဝင်ပြိုင်မှာ...."
"ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ စံချိန်သစ်တစ်ခု ဖြစ်နိုင်တယ်... ဒါပေမယ့် မင်း ငါ့ကို စိန်မခေါ်ဘဲ မျှော်လင့်ပါတယ်”
မင်းသမီးကြီး ဟာသနှောရင်း ရယ်ကာမောကာပြောလိုက်သည်ကို ကျန်းချင်းအာကလည်း ရယ်မောရင်း ပြန်ဖြေလိုက်သည်က.....
" အနိုင်ရဖို့လွယ်ကူတဲ့သူပဲရွေးရမှာပေါ့....စီနီယာက ဒီလောက်တော်တဲ့ဟာ ကျွန်မ ဘယ်လိုလုပ် စိန်ခေါ်ရဲမှာလဲ....."
" တော်ပါသေးရဲ့....အခုမှပဲ စိတ်အေးတော့တယ်....."
မင်းသမီးကြီးဘက်က မကောင်းသည့်ရည်ရွယ်ချက်ရှိမနေသည့်အတွက် ကျန်းချင်းအာကလည်း အလိုက်အထိုက်သာ ရယ်ရယ်မောမော ဆက်ဆံပေးနေခဲ့သည်။
ထိုအချိန်တွင် သူမကို စိုက်ကြည့်နေသူရှိသောကြောင့် တစ်ချက်လှည့်ကြည့်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။
ထိုသူသည် တခြားသူမဟုတ်.....ကုန်းရှန်ကျွင်းသာပင်.....
" ငါ့အစ်ကိုတော်ကိုကြည့်ရတာ ဂျုနီယာကျန်းကို တော်တော်လေး စိတ်ဝင်စားနေပုံပဲနော်....."
"ကျွန်မနဲ့သူနဲ့က မိတ်ဆွေအဆင့်ထက်ဘယ်တော့မှ ပိုလာနိုင်မှာမဟုတ်ဘူး....."
ကျန်းချင်းအာ၏ တဲ့တိုးဆန်သောအဖြေကြောင့် မင်းသမီးကြီး မသိမသာမျက်နှာပျက်သွားလေသည်။ ထို့နောက် တိုက်ပွဲမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး.....
"လီလော့တို့တိုက်ပွဲ ဘယ်လိုဖြစ်လာမယ်ထင်လဲ....သူ့အသင်းသားတွေ လက်ပန်းကျနေပြီ.....အခြေနေသိပ်မကောင်းလောက်ဘူးထင်တယ်....."
" လီလော့ကို လျှော့မတွက်နဲ့.....သူသာ ဆန္ဒရှိတယ်ဆို တခဏအတွင်းမှာ မယုံနိုင်လောက်တဲ့အလှည့်အပြောင်းတွေ ဖြစ်လာလိမ့်မယ်....."
ကျန်းချင်းအာ၏ ရဲရဲတောက် မှတ်ချက်ပေးမှုကြောင့် မင်းသမီးကြီး ပြုံးလိုက်မိသလို အံ့လည်း အံ့သြနေခဲ့မိသည်။
မင်းသမီးကြီးက ဟန်ပါပါလက်ပိုက်လိုက်ပြီး စိတ်ထဲကနေ တွေးလိုက်သည်က......
လီလော့ .....နင်ဘယ်လို အလှည့်အပြောင်းမျိုး သယ်လာမလဲ စောင့်ကြည့်ကြသေးတာပေါ့......