အားနွဲ့သူတစ်ဦး၏ ဝမ်းနည်းကြေကွဲခြင်း
Vol. 18 Ch. 276
“ ခေါင်းဆောင် … သန်းတစ်ရာ ဆုကြေးထုတ်ထားတာဆိုတော့ ခြေထောက်တစ်ဖက်နဲ့ လက်တစ်ဖက်ဆို ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်လောက် ရနိုင်လောက်တယ်မလား ”
ရွှီချင်းသည် အရိပ်ထံမှ အကြည့်လွှဲလိုက်ပြီး ခပ်လှမ်းလှမ်းရှိ ပန်းသီးကို ကြည့်လိုက်သည်။
လေထဲတွင် လွင့်မျောနေသော ပန်းသီးပေါ်တွင် ကိုက်ရာတစ်ခု ပေါ်လာပြီး ထိုပန်းသီးကို ကိုက်လိုက်သည့်လူမှာ ရပ်တန့်သွားဟန်တူသည်။
“ လက်ထောက်ဌာနမှူးရွှီက ဘယ်ခြေထောက်ကို ပြောနေတာတုံး။ ငါ သိတာတော့ မင်း ငါ့ဆီကနေ ချေးသွားတဲ့ ဝိညာဉ်ကျောက်တုံးနှစ်သောင်းက နည်းနည်းနောနော မဟုတ်ဘူးနော်။ ပြီးတော့ ဒီတစ်ခေါက် မင်းကို အာရုံစိုက်မခံရအောင်လို့ အသက်နဲ့ရင်းပြီး လုပ်ခဲ့ရတာ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ပစ်ပေးလိုက်သည်။
ယင်းကျောက်စိမ်းပေလွှာသည် တတိယမင်းသမီးအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ခေါင်းဆောင် ကြွားလုံးထုတ်ခဲ့သည်များကို မှတ်တမ်းတင်ထားသော ပေလွှာဖြစ်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် တဟားဟား ရယ်မောသံများ ထွက်ပေါ်လာသည်။
“ ဂိုဏ်းတူညီလေးကလဲကွာ မင်းကို နောက်နေတာပါကွ။ အာ … ကျန်းစန်း၊ မင်းလည်း ဘယ်လိုလုပ် ဒီကို ရောက်နေတာတုံး။ ဒီမှာ ဘာတွေ ဆောက်နေတာလဲဟ။ နှာခေါင်းကလည်း ဘာလို့ တစ်ခုတည်း ဖြစ်နေရတာတုံး ”
ကျန်းစန်း၏ မျက်နှာ တစ်မျိုး ဖြစ်သွားသည်။ ဤနေရာတွင် အကြီးဆုံးပစ္စည်းမှာ ထိုနှာခေါင်းဖြစ်ပေရာ စိတ်ထဲတွင် သူ တွေးလိုက်သည်။
‘ ခေါင်းဆောင် … ခေါင်းဆောင်စကားလမ်းကြောင်းပြောင်းတာကလည်း မဆီမဆိုင်ကြီးနော် ’
သူသည် တစ်ကိုက်ချင်း ကိုက်ခံနေရသော ပန်းသီးနေရာကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။
“ ခေါင်းဆောင်ဆီမှာ ရုပ်ထုနှာခေါင်း ရှိသေးတယ်မလား။ အဲဒါ ထုတ်လိုက်လေ။ အဲဒီအစိတ်အပိုင်းနှစ်ခုကို ကျုပ်အတူတူ ထားပြီး ပြပွဲလုပ်လိုက်မယ် ”
ကျန်းစန်း၏ စကား ဆုံးသွားသည်နှင့် ဘေးရှိ လွတ်နေသော နေရာသို့ မီးခိုးရောင်ကျောက်တုံးကြီးတစ်တုံး ဘုန်းခနဲ ကျလာသည်။ ယင်းကျောက်တုံးကြီးသည် ပေခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှည်ပြီး ခေါင်းဆောင်ယူလာခဲ့သည့် နှာခေါင်းအစိတ်အပိုင်းပင် ဖြစ်ပေသည်။
သို့သော်လည်း လူတစ်ယောက် ကိုက်ထားခဲ့သည့်အလား ထိုကျောက်တုံးအစွန်အဖျားနေရာများတွင် ကိုက်ရာများစွာရှိနေသည်။
“ အဲဒါက သုံးစားမရဘူး။ အပြန်လမ်းတုန်းက ငါ နည်းနည်းလမ်း ကိုက်ကြည့်သေးတယ်။ ဘာမှမထူးခြားပါဘူးကွာ ”
ခေါင်းဆောင်က ပျင်းရိပျင်းတွဲလေသံဖြင့် ဆိုသည်။
ကျန်းစန်းသည် ရှေ့လျှောက်သွားပြီး နှာခေါင်းအစိတ်အပိုင်းကို သယ်ကာ ရွှီချင်း၏ နှာခေါင်းအစိတ်အပိုင်းနှင့်အတူတူ ထားလိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများ တဖိတ်ဖိတ်လက်နေသည်။
“ အခုမှ ပြန်ရောက်တာဆိုတော့ ငါ လုပ်စရာ နည်းနည်း ရှိသေးတယ်။ ဒီကိုမလာခင်က အစီအစဉ်တစ်ခု ငါ ဆွဲထားတာ။ အခု ငါ့လက်ထဲမှာ အဆင့်မြင့် ရုပ်အလောင်းနှလုံးသားတစ်ခု ရှိပြီ။ သတင်းနည်းနည်းသိဖို့ပဲ လိုတော့တယ်။ အဲဒါသာ ရရင် ငါတို့သုံးယောက် အချီကြီး ဆွဲကြတာပေါ့ ”
ခေါင်းဆောင်၏အသံက စိတ်လှုပ်ရှားခြင်းများဖြင့် ပဲ့တင်ထပ်နေသည်။
“ နောက်ထပ်လုပ်ဦးမလို့လား ”
ကျန်းစန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အလား ပန်းသီးကို ကြည့်လိုက်သည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး မေးလိုက်သည်။
“ ဓမ္မတံခါးတွေ ဖွင့်နိုင်မှာလား ”
“ ဓမ္မတံခါးတွေဖွင့်ဖို့တင်မကဘူးဟ။ လက်ထောက်ဌာနမှူးရွှီရာ … မင်းရည်မှန်းချက်ကလည်း သေးလိုက်တာ။ အဲဒီအစီအစဉ်သာ အောင်မြင်လိုက်ရင် အထွတ်အထိပ်ကို တစ်ချီတည်း ရောက်သွားမှာကွ။ အဲဒါလုပ်ဖို့ ကျူးယင်အသားနဲ့ အဆင့်မြင့်ရုပ်အလောင်းနှလုံးသားကိုလည်း ငါ ပြင်ထားပြီးပြီ ”
ခေါင်းဆောင်သည် ပြောရင်းဆိုရင်း စိတ်လှုပ်ရှားလာပါသော်လည်း သူ့ဒဏ်ရာတချို့ ပြဲလာသည်ဖြစ်၍ နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့မဲ့သွားသည်။
“ နောက်ကျ ငါ မင်းကို အသေးစိတ် ပြောပြမယ်။ ငါ သွားလိုက်ဦးမယ်။ ဟင်း … အလုပ်များပါတယ်ဆိုမှ မဖြစ်မနေ လုပ်ရမယ့်ဟာလေးတွေက ရှိနေသေးတယ် ”
ခေါင်းဆောင်သည် နာကျင်မှုကို ကြိတ်မှိတ်ခံကာ တည်ငြိမ်စွာ ပြော၍ လှစ်ခနဲ ထွက်သွားသည်။
ကျန်းစန်းမှာ မမြင်ရပါသော်လည်း အရိပ်ကို ကြည့်နေသော ရွှီချင်းမှာ ထိုအချိန်၌ ခုန်ဆွခုန်ဆွဖြင့် ပြေးထွက်သွားသော အရိပ်ကို မြင်လိုက်ရသည်။
“ ဒီနှာခေါင်းနှစ်ခုနဲ့ဆို ငါတို့ ပြတိုက် နာမည်ကြီးပြီ ”
ကျန်းစန်းသည် ခေါင်းဆောင်ကို ဂရုမထားဘဲ ပြတိုက်အပေါ်တွင်သာ စိတ်နှစ်ထားသည်။ သူသည် နှာခေါင်းအစိတ်အပိုင်းများကို လှည့်ပတ်ကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားလာပြန်သည်။
ရွှီချင်းသည် တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်ပြီးနောက် ကျန်းစန်းကို ကြည့်လိုက်သည်။
“ အစ်ကိုကြီးကျန်း၊ ကျနော့်မှော်လှေက ရပြီလား ”
“ ရပြီ။ အထဲမှာ ညွှန်ကြားချက်တွေပါတယ်။ မင်း ကြည့် ကြည့်လိုက်ပေါ့။ ဒီနှာခေါင်းနှစ်ခုကို အတူတူထားဖို့နဲ့ အမြင်တင့်တယ်အောင် ဘယ်လိုလုပ်မလဲ ငါ စဉ်းစားလိုက်ဦးမယ်။ ”
ကျန်းစန်းသည် ပုလင်းလေးတစ်လုံးကို ရွှီချင်းအား ပစ်ပေးလိုက်ပြီးနောက် နှာခေါင်းအစိတ်အပိုင်းများကို စစ်ဆေးကြည့်ကာ မည်ကဲ့သို့ ပြင်ဆင်ရမည်ကို တွေးတောနေတော့သည်။
ရွှီချင်းသည် ပုလင်းလေးကို ဖမ်းယူပြီးနောက် နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။
သူသည် လူဆိုးထိန်းဌာနသို့ မပြန်တော့ဘဲ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ကမ်းခြေသို့ သွားကာ မှော်လှေကို ထုတ်လိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့် လှိုင်းများ ဘောင်ဘင်ခတ်သွားပြီးနောက် ရွှီချင်း၏ ရှေ့တွင် ဧရာမသင်္ဘောကြီးတစ်စင်း ပေါ်လာသည်။
ထိုသင်္ဘောကြီး၏ ပုံပန်းသဏ္ဍာန်က ယခင်သင်္ဘောကြီးနှင့် ချွတ်စွပ်ဆင်တူသည်။
သို့သော်လည်း ယခုတစ်ခေါက် သင်္ဘောကြီး၏ ပစ္စည်းများက ပိုကောင်းသည်။ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှ ဝင်ငွေများကြောင့် ကျန်းစန်းသည် အမြောက်အမြား အကုန်အကျခံကာ ထိုသင်္ဘောကြီးကို လုပ်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ထိုသင်္ဘောကြီးထံမှ သက်စောင့်မီးတောက်များ ထွန်းညှိထားသည်ထက်ပင် သာလွန်သော အရှိန်အဝါမျိုးကိုပင် ရွှီချင်း ခံစားမိနေသည်။ ထိုအချက်ကြောင့် ကျန်းစန်း ပြောခဲ့သည့်စကားကို သူ ပြန်အမှတ်ရလိုက်သည်။ ထိုစကားမှာ မှော်သင်္ဘောသာ အဆင့်ရှစ်သို့ ရောက်သွားပါက ရွှမ်ယောက်အသွင်သဏ္ဍာန်ထက် သာလွန်သွားမည်ဆိုသောစကားပင်။
ရွှီချင်းသည် မှော်သင်္ဘောကြီးကို ကြည့်ပြီး ကျန်းစန်းပေးလိုက်သည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
ယခုတစ်ခေါက်တွင် မှော်သင်္ဘောကို ကျူးယင်အသားဖြင့် မလုပ်ထားသည်ဖြစ်၍ နတ်အစွမ်းများကို မထုတ်လွှတ်နိုင်ပါသော်ငြား သင်္ဘောအထဲရှိ အစိတ်အပိုင်းများကို အဆင့်မြင့်ကုန်ကြမ်းပစ္စည်းများဖြင့် လုပ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ အဆင့်ရှစ်မှော်သင်္ဘော၏ ကုန်ကျစရိတ်မှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။
“ ရွှီချင်းရေ … မှော်သင်္ဘောတွေဆိုတာ မှော်လှေတွေနဲ့ မတူဘူး။ မှော်လှေတွေက ရိုးရှင်းတော့ အဆင့်တစ်ဆင့် မြင့်သွားတိုင်း သိသိသာသာ အစွမ်းထက်သွားတယ်။ မှော်သင်္ဘောတွေကျ အဲဒီလို မဟုတ်ဘူး ”
“ မှော်သင်္ဘောရဲ့ ပထမအဆင့်ခုနစ်ဆင့်ကြားမှာ ကွာခြားချက် ရှိတယ်ဆိုပေမဲ့ ပြောရလောက်အောင် မဟုတ်ဘူး။ အဆင့်ရှစ်ကို ရောက်မှပဲ မှော်သင်္ဘောက သိသိသာသာ အစွမ်းထက်သွားတာ။ မင်းရဲ့ အဆင့်ရှစ်မှော်သင်္ဘောမှာ အကာအကွယ်ပိုင်းကို ငါ အဓိကထားပြီး လုပ်ထားတယ်။ ကျောက်သားရဲကြီးရဲ့နှလုံးသားကို အမြုတေအနေနဲ့ကော အကာအကွယ်အနေနဲ့ပါ ငါ သုံးထားတယ်။ အဲဒီအကာအကွယ်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်တဲ့ အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်တယ် ”
“ ဒါပေမဲ့ နတ်အစွမ်းတော့ မရှိသေးဘူး။ နတ်အစွမ်းထည့်ဖို့ ငါ တစ်နေရာစာ ချန်ထားတယ်။ နတ်သတ္တဝါတစ်ကောင်ရဲ့နှလုံးသားကို ရရင် မင်းမှော်သင်္ဘောက အဆင့်ကိုးကို တန်းရောက်သွားမှာ ”
“ အဲဒီအခါကျရင် ကာကွယ်တဲ့နေရာမှာပဲဖြစ်ဖြစ် တခြားကဏ္ဍတွေမှာပဲဖြစ်ဖြစ် မင်းမှော်သင်္ဘောက အလယ်ပိုင်းအခြေတည်အဆင့်ကို ယှဉ်နိုင်လာလိမ့်မယ် ”
“ နောင်အခါ မင်းရလာမယ့် နတ်သတ္တဝါရဲ့နှလုံးသားက အစွမ်းကြီးလေလေ မင်းမှော်လှေက ပိုပြီး အစွမ်းထက်လာလေလေပဲ။ အဆင့်တစ်ဆယ်ကို ရောက်သွားရင် မင်းမှော်သင်္ဘောက နှောင်းပိုင်းအခြေတည်အဆင့်ကို ယှဉ်နိုင်သွားမယ်။ တစ်ဂိုဏ်းလုံးမှာ အဆင့်တစ်ဆယ်မှော်သင်္ဘော နည်းနည်းပဲ ရှိတယ် ”
“ ပြီးတော့ အရင်တစ်ခေါက်က ငါ လုပ်ပေးလိုက်သလိုမျိုး အခုမှော်သင်္ဘောမှာလည်း လှည့်ဖျားပေါက်ကွဲခြင်းပညာတစ်မျိုး သုံးထားတယ်။ ဒီတစ်ခေါက်ကျ မင်းနဲ့ ကိုက်ညီအောင်လို့ အလိုလိုပေါက်ကွဲတဲ့ပုံစံကို ပြောင်းထားတယ်။ အဲဒီပုံစံကို မင်း သုံးရတာ အဆင်ပြေမှာပါ။ ငါလည်း အားထုတ်လိုက်ရတယ်။ နောက်ကျ မင်း မှော်သင်္ဘောပေါက်ကွဲရင် ငါ ဘယ်လိုလုပ်ထားလဲ မင်း သိလာမှာပါ ”
သူသည် ကျန်းစန်း၏ ကျောက်စိမ်းပေလွှာကို ကြည့်ရင်း သူ့ရှေ့မှ မှော်သင်္ဘောကို စူးစိုက်ကြည့်လိုက်သည်။
မှော်သင်္ဘောတွင် နတ်အဆင့်တိုက်ကွက် မပါတော့သော်လည်း ရွှီချင်းသည် မှော်သင်္ဘောပေါ်သို့ စိတ်ကျေနပ်စွာဖြင့် လျှောက်သွားသည်။ အကာအကွယ်ကို သူ အသက်သွင်းလိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် သူ ထိုင်ချလိုက်ပြီးနောက် သက်သောင့်သက်သာ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
“ မှော်သင်္ဘောပေါ် နေရတာကို ငါ သဘောကျနေတုန်းပဲ။ အစ်ကိုကြီးကျန်း ပြောတဲ့ အလိုလိုပေါက်ကွဲတဲ့ပုံစံတစ်မျိုးဆိုတာ ဘယ်လိုတုံး ”
ရွှီချင်း အနည်းငယ် သိချင်စိတ် ဖြစ်သွားသော်လည်း ဆက်တွေးမနေတော့ပေ။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများကို မှိတ်၍ တိတ်ဆိတ်စွာ တရားထိုင်လိုက်သည်။
မျက်တောင်တစ်ချက်ခတ်အတွင်း သုံးရက် ကုန်လွန်သွားသည်။
ခေါင်းဆောင် ပြန်ရောက်လာပြီးနောက် ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ စွမ်းဆောင်မှုအကြောင်း ဂိုဏ်းထဲ ပွက်လောရိုက်သွားပြန်သည်။ ရွှီချင်းသည် ဂိုဏ်းက ပေးမည့်ဆုလာဘ်ကိုလည်း မျှော်လင့်နေ၏။
တချိန်တည်းမှာပင် သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
ခေါင်းဆောင် ပြန်ရောက်မလာခင်က ရွှီချင်းမှာ မလုံခြုံသလို ခံစားနေခဲ့ရသည်။ ဂိုဏ်းထဲ၌ ကောက်ကျစ်သောစိတ်ဓာတ်နှင့် အကြီးအကဲများ ရှိနေခဲ့ပါက ကြီးမားသော သေရေးရှင်ရေးအခြေအနေကို သူ ကြုံတွေ့လိုက်ရမည် ဖြစ်သည်။
ယင်းဖြစ်တန်ချေမှာ ယခုတွင် အလွန် နည်းပါးသွားပြီ ဖြစ်ပါသော်ငြား သူ သတိထားနေဆဲပင်။
သို့သော်လည်း ခေါင်းဆောင် ပြန်ရောက်လာသည့်အပေါ် သူ စိတ်အေးလက်အေး ဖြစ်နေရသည်။
“ သူက အဓိက လက်သည်ပဲ။ နှာခေါင်းကို ပွင့်ထွက်သွားအောင် သူ လုပ်လိုက်တာ။ သူ့ခေါင်းအတွက် ဆုကြေးငွေက ပိုတောင်များတယ်။ ပြီးတော့ သူက အဆင့်တစ်။ တကယ် ယုတ်မာချင်တဲ့လူရှိရင် သူ့ကို သေချာပေါက် ရွေးမှာပဲ ”
ရွှီချင်း၏ နှလုံးသား တည်ငြိမ်နေပါသော်လည်း စိတ်နှလုံး မငြိမ်းချမ်းသည့်လူတစ်ယောက် တတိယမြောက်နေ့ နေဝင်ဆည်းဆာချိန်တွင် ဝမ်းနည်းပူဆွေးခြင်းများဖြင့် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ ရောက်လာပြီး ရွှီချင်း၏ မှော်သင်္ဘောအပြင်ဘက်တွင် ရပ်နေသည်။
ထိုသူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် အရပ်မမြင့်ဘဲ ပိန်ချုံးနေသည်။ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ချီစုစည်းခြင်းအဆင့်သုံးသာ ရှိသေးသည်။
ထိုကဲ့သို့ လူတစ်ယောက်မှာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချီရွှဲ့ထုံဂိုဏ်းထဲ၌ သတိကြီးကြီးထားကာ ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။
ထိုအမျိုးသမီးမှာ ယခင်က ရွှီချင်းနှင့်အတူ ဝင်ရောက်လာခဲ့သော ရွှီရှောင်ဟွေ့မှလွဲ၍ တခြားမဟုတ်ပေ။
ရွှီရှောင်ဟွေ့သည် ရွှီချင်း၏ မှော်သင်္ဘောအပြင်ဘက်တွင် နာကျင်နေသောအမူအရာဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏ရင်ထဲတွင် မချိတင်ကဲ ခံစားနေရ၏။ အမှန်စင်စစ် ရွေးချယ်စရာသာ ရှိနေခဲ့ပါက ရွှီချင်းထံသို့ သူမ ရောက်လာမည် မဟုတ်ပေ။
သူတို့နှစ်ယောက်က တစ်သုတ်တည်း ဖြစ်ပါသော်လည်း များစွာ ပတ်သက်ဆက်ဆံခြင်း မရှိခဲ့ပေ။ အထူးသဖြင့် အခြေတည်အဆင့်သို့ ရွှီချင်း ရောက်သွားပြီး ယခုလို ဂိုဏ်းထဲ နာမည်ကြီးလာသောအခါတွင် ရွှီချင်းကို ပို၍ပင် စကားမပြောဝံ့တော့ပေ။
မည်မျှပင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်သည်ဖြစ်စေ ထိုကဲ့သို့ နာမည်ကြီးလူတစ်ယောက်ကို သူမ ယှဉ်နိုင်မည် မဟုတ်တော့ပေ။
လပေါင်းများစွာ သူမ ကြိတ်မှိတ်ခံစားနေခဲ့ရပြီးနောက် စိတ်နှလုံးဒုံးဒုံးချကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ရွှီချင်း၏ မှော်သင်္ဘောအနီးသို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်လိုက်သည်။
“ ဂိုဏ်းတူဦးလေးရွှီချင်းကို တပည့်ရွှီရှောင်ဟွေ့ တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ် ”
မှော်သင်္ဘောထဲတွင် တရားထိုင်နေသော ရွှီချင်း၏ မျက်လုံးများ ပွင့်လာပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က အကာအကွယ်အလွှာကို ကျော်ဖြတ်ကာ အပြင်ဘက်ရှိ ရွှီရှောင်ဟွေ့အပေါ် ကျသွားသည်။
“ ဘာကိစ္စလဲ ”
မှော်သင်္ဘောပေါ်မှ သူ့အသံ လွင့်ပျံသွားပြီး ရွှီရှောင်ဟွေ့၏ နားထဲ ပဲ့တင်ထပ်သွားသည်။ ရွှီရှောင်ဟွေ့၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ချိုသာစွာ ပြောလိုက်သည်။
“ ဂိုဏ်းတူဦးလေး၊ အစ်ကိုကျိုးချင်ဖုန်း … ပြီးခဲ့တဲ့သုံးလလောက်က ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ် -”
သင်္ဘောပေါ် တိတ်ဆိတ်သွားသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီး ရွှီချင်းသည် အခန်းထဲမှ ထွက်လာပြီး သင်္ဘောပေါ် ရပ်လိုက်သည်။ သူသည် မြေပြင်ပေါ် ဒူးထောက်နေသော ရွှီရှောင်ဟွေ့ကို ကြည့်လိုက်၏။ သူတို့လေးယောက်သား တောင်ပေါ်သို့ အတူတက်ခဲ့ကြပြီး တစ္ဆေဆန္ဒကောင်များအား ကျိုးချင်ဖုန်းက သူ့ကို ရက်ရောစွာ ပေးခဲ့သည့်မြင်ကွင်း သူ့စိတ်ထဲ ပေါ်လာသည်။
အမှန်စင်စစ် ကျိုးချင်ဖုန်းနှင့် သူ များစွာ ရင်းနှီးမနေပါသော်လည်း ထိုစဉ်က ကျိုးချင်ဖုန်း၏ လက်ဆောင်ကို အကူအညီတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ယင်းအပြင် တစ္ဆေဆန္ဒကောင်များက သူ့ကို များစွာ အထောက်အကူပြုခဲ့သည်။ ယခု ကျိုးချင်ဖုန်း ဆိုးဆိုးဝါးဝါး သေဆုံးသွားရသည်ကို သူ ကြားလိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူ အံ့အားသင့်သွားခြင်း မဖြစ်ပေ။
ဂိုဏ်း၏ တောင်ခြေရှိ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်မှာ စစ်ပွဲကြောင့် အေးချမ်းသာယာသွားမည် မဟုတ်ပေ။ သေဆုံးသူများ အမြဲရှိနေမည်ဖြစ်ပြီး ဂိုဏ်းထဲသို့ ဝင်လာသူများလည်း အမြဲရှိနေမည်သာ ဖြစ်သည်။
သို့သော် ကျိုးချင်ဖုန်းက သူ့ကို ကူညီထားခဲ့သည်ဖြစ်၍ ထိုအကြောင်းကို သူ မေးရမည်ဖြစ်သည်။ သူသည် ရွှီရှောင်ဟွေ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ ငါ့ကို အသေးစိတ်ပြောပြ ”
ရွှီချင်း၏ စကားများကြောင့် ရွှီရှောင်ဟွေ့ မျက်ရည်များစီးကျလာသည်။
ထိုလအနည်းငယ်အတွင်း အကြိမ်ကြိမ် စိတ်ဓာတ်ကျနေခဲ့ရပြီး ယခု ရွှီချင်း၏ မေးခွန်းကြောင့် မျှော်လင့်ချက် မြင်နေရပြီ ဖြစ်သည်။
“ ဂိုဏ်းတူဦးလေးရွှီ၊ အစက အစ်ကို ကျိုးချင်ဖုန်းက ကမ်းရိုးတန်းဌာနက ဂိုဏ်းတူဦးလေး တင်းရှောင်ဟိုင်နောက်ကို လိုက်နေခဲ့တာပါ။ ဂိုဏ်းတူဦးလေး တင်းရှောင်ဟိုင်ကို အပြင်လူတွေ မသိတဲ့ကိစ္စတွေအများကြီး သူ ကူညီထားတယ်လို့ ကျမကို သူ ပြောပြပါတယ်။ ပြီးတော့ ဂိုဏ်းတူဦးလေးတင်း ကလည်း နောက်ကျရင် သူ့ကို နောက်လိုက်တစ်ယောက်အနေနဲ့ ခေါ်မယ်လို့ ကတိပေးထားတယ် ပြောပါတယ် ”
“ ဒါပေမဲ့ ဂိုဏ်းတူဦးလေးတင်း အဆင့်တက်သွားတော့ ကမ်းရိုးတန်းဌာနကနေ အစ်ကိုကျိုးကို မခေါ်ဘဲ ထွက်သွားပါတယ်။ အစ်ကိုကျိုးမှာ ချက်ချင်းပဲ နောက်ခံမရှိတော့ပါဘူး။ ပြီးတော့ အရင်တုန်းက သူ လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့်လည်း လူတော်တော်များများက သူ့ကို မကောင်းကြံနေကြတာပါ။ အဲဒါ သူ သေသွားတဲ့အကြောင်းအရင်းတစ်ခုပါ ”
“ နောက်တစ်ချက်က သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီးမှာ အစ်ကိုကျိုးက အကျိုးအမြတ် များများ ရလိုက်ပါတယ်။ အဲဒါတွေကို သူ ကာကွယ်နိုင်ခဲ့ပေမဲ့ ဂိုဏ်းတူဦးလေး တင်းရှောင်ဟိုင်က သူ့ကို မသိကျိုးကျွံ ပြုထားခဲ့လို့ တခြားသူတွေရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က တစ်ရက်မှာ သူ လမ်းတစ်လမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် သေနေခဲ့ပါတယ် ”
“ အဲဒီကိစ္စကို ကျမ စုံစမ်းနေခဲ့ပေမဲ့ လူသတ်သမားကို အခုထိ မတွေ့သေးပါဘူး ”
ရွှီရှောင်ဟွေ့၏ မျက်ရည်များ စီးကျလာသည်။ သူမ၏မျက်နှာတွင် ဝမ်းနည်းပူဆွေးခြင်းများ ပြည့်နေပါသော်လည်း စကားများက အစီအစဉ်တကျ ဖြစ်နေသည်။ ထိုစကားများကို သူမ ပြင်ဆင်ထားခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်မှန်း သိသာလှသည်။
“ မင်းနဲ့ ကျိုးချင်ဖုန်းက ဘာလဲ ”
ရွှီချင်းသည် အတန်ငယ် ငြိမ်သက်သွားပြီးနောက် ရွှီရှောင်ဟွေ့ကို ကြည့်လိုက်သည်။
“ အစ်ကိုကျိုးက ကျမကို အများကြီး အကူအညီ ပေးခဲ့ဖူးပါတယ်။ အရင်က မှော်လှေရဖို့ ဝိညာဉ်ကျောက်တုံးတွေအများကြီး ချေးခဲ့ပေမဲ့ ကျမ ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ကျမ ဂုဏ်သိက္ခာကို ရောင်းစားပြီး အပျော်မယ်ဘဝကို ခံယူဖို့ကလွဲပြီး ကျမမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ တခြားလူတွေအမြင်မှာ ကျမက ထည်ဝါနေပေမဲ့ တကယ်တမ်းကျ တိရစ္ဆာန်တစ်ကောင်လို နေရတာပါ။ နှိပ်စက်ညှဉ်းပန်းတာတွေကို ခံခဲ့ရပြီးတော့ ကျမတစ်ကိုယ်လုံး အမာရွတ်တွေ အထပ်ထပ် ဖြစ်လာခဲ့ပါတယ်။ အပေါစားဆန်ဆန်ဖြစ်နေခဲ့တဲ့ ကျမပါ ”
ရွှီရှောင်ဟွေ့က အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ အစ်ကိုကျိုးက ကျမကို သနားပြီး အကြွေးတွေ ဆပ်ပေးခဲ့ပါတယ်။ အစက ကျမကို သဘောကျလို့ ဆပ်ပေးတာလို့ ထင်ပေမဲ့ သူက ကျမကို လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူး။ ပြီးတော့ ကျမကိုလည်း အကြိမ်ကြိမ် ကူညီပေးခဲ့ပါတယ်။ ရွှီရှောင်ဟိုင်ဆိုတဲ့ကျမက အပေါစားဆန်ပေမဲ့ ကျေးဇူးကျွေးဆပ်ရမှာကို သိပါတယ် ”
“ ဒါပေမဲ့ ဘာမှထူးထူးခြားခြား ကျမ မလုပ်နိုင်ပါဘူး။ အရင်လတွေက ခန္ဓာကိုယ်ကို ရင်းပြီး စုံစမ်းခဲ့တာတောင် အဖြေမရခဲ့လို့ ဂိုဏ်းတူဦးလေးရွှီကို အနူးအညွှတ်လာတောင်းဆိုတာပါ ”
ရွှီရှောင်ဟွေ့သည် ခေါင်းငုံ့ထားပြီး နဖူးဖြင့် မြေကြီးကို ထိလိုက်သည်။
ညင်သာသော အားတစ်မျိုး ဖြန့်ထွက်လာကာ ရွှီရှောင်ဟွေ့ကို အရိုအသေပေးခြင်းမှ တားဆီးလိုက်သည်။
“ ဒီလိုတွေ လုပ်စရာမလိုပါဘူး။ အရင်က ကျိုးချင်ဖုန်းက ငါ့ကို အကူအညီပေးခဲ့ဖူးတယ်။ အဲဒီကိစ္စကို ငါ စုံစမ်းလိုက်မယ် ”