အားညိုရဲ့ လျှို့ဝှက်ချက်
Vol. 18 Ch. 277
ရွှီချင်း၏ စကားများသည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း ရွှီရှောင်ဟွေ့ ကြားခဲ့ရသည့်စကားများအနက် အချိုမြိန်ဆုံးစကား ဖြစ်သည်။ ရွှီချင်းကို သူမ လိမ်ပြောခြင်း မဟုတ်ပေ။ ရွှီချင်းကို ပြောသည့်စကားအားလုံး အမှန်သာ ဖြစ်သည်။
သူမ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့သည်မှာ စုံစမ်းရှာဖွေနေစဉ်အတောအတွင်း ခံစားခဲ့ရသည့်် နာကျင်မှုဝေဒနာများသာ ဖြစ်သည်။ ယခု သူမက ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက် မဟုတ်တော့ပေ။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမ မမုန်းပေ။ အစ်ကိုကြီးကျိုးကဲ့သို့ လူကောင်းတစ်ကောင်က ရုတ်တရက် ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ရသည်ကိုသာ နားမလည်ဖြစ်နေရပြီး သူမ၏ရင်ထဲတွင် အစ်ကိုကြီးကျိုး၏ ကြင်နာမှုများကို အတတ်နိုင်ဆုံး ပြန်ဆပ်ချင်စိတ်သာ ရှိသည်။
ရံဖန်ရံခါ စုံစမ်းရှာဖွေနေရင်း မျှော်လင့်ချက်မဲ့လာကာ လက်လျော့ချင်စိတ်ဖြစ်လာသော်လည်း သူမ၏ရင်ထဲမှ လက်ကျန်အနွေးဓာတ်လေး ပျောက်ကွယ်သွားမည်ကို စိုးရွံ့နေမိသည်။
ထိုအနွေးဓာတ်လေးသည် ချီရွှဲ့ထုံဂိုဏ်းသို့ လာကတည်းက ရခဲ့သည့် အဖိုးတန်ဆုံးအရာဖြစ်ပြီး ၎င်းအား ဆုံးရှုံးသွားရမည်ကို မလိုလားပေ။
ထို့ကြောင့် ရွှီချင်းက အားလှိုင်းများ ဖြန့်ကျက်ကာ သူမကို မတ်တတ်ရပ်စေရန် လုပ်လိုက်ပါသော်လည်း သူမက အားအင်ကုန်ခမ်းသွားသည်အထိ ဒူးထောက်ရန် ရွေးချယ်လိုက်သည်။ အားနွဲ့သူများအတွက် တခြားလူများကို ဒူးထောက်လိုက်ရခြင်းသည် စိတ်အေးချမ်းခြင်းကို ရရှိစေသည့်အလားပင်။
ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ထို့နောက် အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်၍ လူတစ်ယောက်ကို ဆက်သွယ်လိုက်သည်။
“ ငါ့ကို လာတွေ့လှည့် ”
မကြာခင် အဝေးရှိ လမ်းသွယ်လေးထဲမှ ပိန်ပိန်ပါးပါးလူရိပ်တစ်ရိပ် ထွက်လာပြီး ရွှီချင်းထံ တန်းတန်းမတ်မတ် ပြေးလာသည်။
ရွှီရှောင်ဟွေ့သည် ထိုလူရိပ်ကို အာရုံခံမိကာ နောက်လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးသွားသည်။
သူမ မြင်နေရသည့်လူရိပ်မှာ ကလေးတစ်ယောက်ပင်။ ထိုကလေးသည် မီးခိုးရောင်တာအိုဝတ်ရုံနှင့် ခွေးသားရေအနွေးထည်ကို ဝတ်ဆင်ထားပေရာ ထွားကျိုင်းသောအသွင်အပြင် ဖြစ်နေသည်။ သို့သော် သူ့မျက်လုံးများထဲရှိ အေးစက်စက်အငွေ့အသက်များနှင့် သူ့ကိုယ်မှ လူသတ်ငွေ့များကြောင့် သူ့ကို မြင်ရသည့်မည်သူမဆို တုန်ရီသွားမည်သာ ဖြစ်သည်။
ရွှီရှောင်ဟွေ့ သက်ပြင်းချလိုက်သည်။ တာအိုဝတ်ရုံအောက်တွင် သားရေအနွေးထည်ကို ဝတ်ဆင်ထားသော လူတစ်ယောက်အကြောင်း သူမ ကြားခဲ့ဖူးသည်။
ထိုလူက လူအလေး ဖြစ်သည်ကို သူမ သိသည်။ ပြီးခဲ့သည့်နှစ်ဝက်အတွင်း လူအလေးက တဟုန်ထိုး နာမည်ကြီးလာခဲ့သည်။ သူသည် ရွှီချင်းပြီးနောက် လူဆိုးထိန်းဌာနတွင် နာမည်ကြီးလာသည့်လူဖြစ်ပြီး အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ရသည်ကို နှစ်ခြိုက်သည်။
သူ့လက်ချက်ဖြင့် ရာဇဝတ်ကောင်များစွာ သေဆုံးသွားခဲ့ရသည်။ ယင်းအပြင် ထိုလူသည် ချီစုစည်းခြင်းအဆင့်ခုနစ်သာ ရှိပုံရသော်လည်း သူ့လက်ထဲတွင် ဂိုဏ်းငယ်လေးများမှ ချီစုစည်းခြင်းအဆင့်ကိုး ကျင့်ကြံသူအနည်းငယ် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့ရသည်။ ယင်းမှာ ထိုလူအလေးက ထိုရာဇဝတ်ကောင်များထက်ပင် ပို၍ မိုက်ရူးရဲဆန်သောကြောင့် ဖြစ်သည်။
သူ့အတွက် အသက်က အရေးမကြီးသည့်အလားပင်။ ရန်သူကို သူ အတည်ပြုပြီးသည်နှင့် သူ သေသည်အထိ သို့မဟုတ် ရန်သူသေသည်အထိ တိုက်ခိုက်တတ်သည်။
လူအလေးသည် ရွှီရှောင်ဟွေ့ကို ကြည့်ပင်မကြည့်ဘဲ ရွှီချင်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။ သူ့မျက်နှာပေါ်တွင် အရူးအမူး ပျော်ရွှင်သည့် အရိပ်အယောင်များ သိသိသာသာ ထင်ဟပ်နေ၏။
“ ကျိုးချင်ဖုန်း သေရတဲ့အကြောင်းရင်းကို သွားရှာခဲ့။ အသေးစိတ်အကြောင်းအရင်းကိုတော့ အသံလွှင့်ကျောက်စိမ်းပေလွှာနဲ့ သူ့ကို မေးလိုက် ”
ရွှီချင်းက ရွှီရှောင်ဟွေ့ကို ညွှန်ပြလိုက်သည်။
လူအလေးသည် တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားသည်။ ရွှီရှောင်ဟွေ့ကို သူ တစ်ခွန်းတစ်ပါဒမျှ မေးမနေပေ။
တခြားတစ်ယောက်ကို မေးနေခြင်းသည် သူက အသုံးမဝင်ကြောင်း ပြသလိုက်သလို ဖြစ်သွားမည်ဟု သူ ယူဆထားသည့်အလားပင်။
ရွှီချင်းသည် လူအလေး၏ နောက်ကျောကို ကြည့်ကာ စကားတစ်ခွန်း မဆိုပေ။ သူ ရပ်၍သာ တိတ်ဆိတ်စွာ စောင့်နေသည်။
မှောင်ရီပျိုးစအချိန် ကျော်လွန်လာပြီဖြစ်သည်။ မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်နေသော နေမင်းကြီးကို ညအမှောင်ထုကြီးက လွှမ်းခြုံသွားပြီး လမင်းကြီး တရိပ်ရိပ်မြင့်တက်လာသည်။
ရွှီချင်းသည် သူ့သင်္ဘောအတွက် ဆိပ်ကမ်းကို သီးသန့်နေရာရွေးထားခဲ့သည်ဖြစ်၍ နေ့ဖြစ်စေ၊ ညဖြစ်စေ တိတ်ဆိတ်ငြိမ်သက်နေကာ သူ့ကို နှောင့်ယှက်သူ တစ်ယောက်မျှ ရောက်မလာခဲ့ပေ။
လူအလေးကို ရွှီချင်း ကြာကြာ မစောင့်လိုက်ရပေ။ စုံစမ်းစစ်ဆေးသည့်ဖြစ်စဉ်မှာ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာလိုက်သည်။ လူအလေး ပြန်ရောက်လာပြီး ဒူးထောက်ကာ တရိုတသေဖြင့် ရွှီချင်းကို ကျောက်စိမ်းပေလွှာတစ်ခု ကမ်းပေးလိုက်သည်။
ရွှီရှောင်ဟွေ့သည် အဖြေသိရန် လချီ၍ စုံစမ်းခဲ့ရပြီး အဖိုးခကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ လူအလေးအတွက်မူ အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းစာအချိန်သာ လိုအပ်ခဲ့သည်။ အမှန်စင်စစ် ထိုကဲ့သို့ စုံစမ်းစစ်ဆေးခြင်းသည်လည်း လူဆိုးထိန်းဌာနနှင့် ဆက်နွယ်နေသည် မဟုတ်ပါလား။
ရွှီရှောင်ဟွေ့ စိတ်လှုပ်ရှားနေစဉ် ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို ယူ၍ စစ်ဆေးကြည့်လိုက်သည်။
ကျိုးချင်ဖုန်းသေဆုံးသွားရသည့် အကြောင်းရင်းကို စုံစမ်းထားသည်မှာ အလွန် အသေးစိတ်ကျသည်။ သို့သော် ထိုအချက်များကို ရွှီချင်း စိတ်မဝင်စားပေ။ ကျောက်စိမ်းပေလွှာကိုသာ သူ ဖျတ်ခနဲ ကြည့်လိုက်ပြီး လူသတ်သမားအကြောင်းကို ကြည့်လိုက်သည်။
လူသတ်သမားက သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတစ်ယောက်မဟုတ်ပေ။
သူ့နာမည်က လီကျဲ့လင်းဖြစ်သည်။ ပထမတောင်ထိပ်မှ တောင်ခြေဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ သူသည် ချီစုစည်းခြင်းအဆင့်ကိုးသို့ ရောက်နေပြီး ရက်စက်ကြမ်းကြုတ်သောစရိုက်ရှိသည်။
လူအလေး၏ ကျောက်စိမ်းပေလွှာထဲတွင် တခြားတောင်ထိပ်များမှ အနိမ့်ဆုံး ဂိုဏ်းသားဆယ့်တစ်ယောက် သေဆုံးခြင်းသည် ထိုလူနှင့် ဆက်နွယ်နေကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ထိုလူသည် သတိကြီးပြီး တခြားနေရာများတွင် သတ်ဖြတ်သူဖြစ်သည်။ ယင်းအပြင် သူ ရွေးချယ်လိုက်သည့်ပစ်မှတ်များကို ကြိုတင်စီစဉ်၍ လှုပ်ရှားတတ်သူဖြစ်ပေရာ မဖြေရှင်းနိုင်သော ပြဿနာများ မဖြစ်တော့ပေ။
ထိုကဲ့သို့ ကိစ္စမျိုး ချီရွှဲ့ထုံဂိုဏ်း၏ အမှောင်ခြမ်းတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်လွန်ကျူးကျူး မဟုတ်ဘဲ ထိပ်သီးကျင့်ကြံသူများသည်လည်း မစုံစမ်းပါက ဌာနအသီးသီးက လျစ်လျူရှုထားတတ်သည်။
ဥပမာအနေဖြင့် ကျိုးချင်ဖုန်းသာ ရွှီချင်းကို အကူအညီမပေးခဲ့ဘူးပါက သူ သေသွားခြင်းသည် ဖြေရှင်း၍မရသော ပုစ္ဆာတစ်ခုအဖြစ် ကျန်ရစ်သွားမည် ဖြစ်သည်။
လူအလေး၏ စစ်ဆေးခြင်းသည် အလွန် အသေးစိတ်ကျသည်။ အထက်ပါ အကြောင်းအရာများအပြင် လီကျဲ့လင်း၏ လက်ရှိတည်နေရာနှင့် မကြာသေးခင်က အဆက်အသွယ်များကိုပင် သူ ရှာတွေ့ခဲ့သည်။
“ သူက ပထမတောင်ထိပ်က ဝူကျန်းဝူရဲ့ နောက်လိုက်တစ်ယောက်ပါ။ အခု ဝူကျန်းဝူက အိပ်မက်စေရာစားသောက်ဆိုင်မှာ ရှိပါတယ်။ ဘယ်သူနဲ့ တွေ့ဖို့ သူ စီစဉ်ထားလဲ ကျုပ် မသိပေမဲ့ အဲဒီလီကျဲ့လင်းက အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်မှာ စောင့်ကြပ်နေပါတယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာကို အလွန် စိုးရိမ်ကြောင့်ကြနေသော ရွှီရှောင်ဟွေ့ဆီသို့ ပေးလိုက်သည်။
ရွှီရှောင်ဟွေ့က ကျောက်စိမ်းပေလွှာကို ယူ၍ ကပ်ကြည့်လိုက်သည်။ တင်ပြချက်ကို ဖတ်ရှုပြီးနောက် အသက်ရှူသံများ မြန်ဆန်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ထို့နောက် ရွှီချင်းကို နာကျင်ကာ ချီတုံချတုံဖြစ်နေသောအမူအရာဖြင့် ကြည့်လိုက်သည်။
“ ဂိုဏ်းတူဦးလေးရွှီ … ဒါက … ”
ကျောက်စိမ်းပေလွှာထဲမှစာများအရ လူသတ်သမားကို သူမ သိသွားပြီဖြစ်သည်။ တချိန်တည်းမှာပင် လူသတ်သမား၌ အလွန် တောင့်တင်းသော နောက်ခံအင်အားရှိနေသည်ကိုပါ သူမ သိလိုက်ရသည်။ ရွှီချင်းက ဆက်လက်အကူအညီပေးမည်လားဆိုသည်ကို သူမ မသေချာပေ။
“ သွားကြစို့ ”
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ ဘေးရှိ လူအလေးက ရှေ့မှ ဦးဆောင်ခေါ်သွားသည်။ ရွှီရှောင်ဟွေ့မှာ ဆွံ့အသွားသည်။ ရွှီချင်း၏ နောက်ကျောကို ကြည့်ကာ ရင်ထဲမှ စိတ်လှုပ်ရှားခြင်းများကို ဖိနှိပ်၍ သက်ပြင်းချလိုက်ပြီး နောက်မှလိုက်သွားသည်။
အိပ်မက်စေရာစားသောက်ဆိုင်သည် ဆိပ်ကမ်းတစ်ခုလုံးရှိ နာမည်အကြီးဆုံး စားသောက်ဆိုင်များအနက် တစ်ဆိုင်ဖြစ်သည်။ ယင်းစားသောက်ဆိုင်သည် အလွန် ကြီးမားပြီး လာရောက်စားသုံးသူများဖြင့် အမြဲစည်ကားနေတတ်သည်။ ကမ်းရိုးတန်းဌာနရှိ စားသောက်ဆိုင်များနှင့် ယှဉ်ပါက အိပ်မက်စေရာစားသောက်ဆိုင်သည် မြင့်မားသော အဆင့်တစ်ခုတွင် ရှိနေပေသည်။
ထိုစားသောက်ဆိုင် နာမည်ကြီးနေရသည့်အဓိကအကြောင်းရင်းမှာ ဝိညာဉ်အစားအစာကြောင့် ဖြစ်သည်။ လူတစ်ယောက်က ဝိညာဉ်အစားအစာကို နေ့စဉ်စားသုံးပါက ခန္ဓာကိုယ်တောင့်တင်းလာမည်သာမက ဓာတ်နှောများကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထိုသို့ ဓာတ်နှောများကို ဖယ်ရှာနိုင်စွမ်းသည် မပြောပလောက်သော်လည်း နှစ်ပေါင်းကြာမြင့်စွာ ဝိညာဉ်အစားအစာများကို စားသုံးနိုင်ပေသည်။
ထိုစဉ် အိပ်မက်စေရာစားသောက်ဆိုင်၏ ဒုတိယထပ်ရှိ ခမ်းနားထည်ဝါသော သီးသန့်ခန်းတစ်ခန်းတွင် လူသုံးယောက်ထိုင်နေသည်။
ရွှီချင်းသာ ထိုအခန်းထဲတွင် ရှိနေမည်ဆိုပါက ထိုသုံးယောက်ကို သိနေမည် ဖြစ်သည်။
တစ်ယောက်က ပထမတောင်ထိပ်မှ ဝူကျန်းဝူ ဖြစ်သည်။ သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသည်မှာ ဖြူဖပ်ဖြူရော်မျက်နှာနှင့် ခေါင်းဆောင်ဖြစ်သည်။ ထိုအချိန်၌ ခေါင်းဆောင်သည် ကိုယ်ပျောက်မနေတော့ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်စုံစွာဖြင့် ရှိနေပြီ ဖြစ်သည်။
သူ့ဒဏ်ရာများသည်လည်း ပျောက်သွားပြီဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာ အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုအဘိုးအိုသည် ပန်းချွမ်လမ်းမှ တည်းခိုခန်းပိုင်ရှင်အဘိုးအိုဖြစ်ပေသည်။
တိတိကျကျဆိုရမည်ဆိုပါက ထိုလူသုံးယောက်သာ ရှိနေသည်မဟုတ်ဘဲ မြွေတစ်ကောင်လည်း ရှိနေပေသည်။
ထိုမြွေသည် အလွန်ကြီးမားပြီး သီးသန့်အခန်း၏ ထုတ်တန်းကို ရစ်ခွေနေကာ ခန္ဓာကိုယ်တစ်ဝက်က အောက်သို့ တွဲကျနေသည်။ ၎င်းသည် ပျင်းရီငြီးငွေ့နေ၍ ကစားနေသည့်အလား လှုပ်ယမ်းနေသည်။
ရံဖန်ရံခါ ၎င်းသည် ခေါင်းဆောင်ကို လျှာထုတ်၍ ကြည့်ကာ တစ်ခုခုမေးမြန်းနေဟန်ဖြင့် တရွှီရွှီမြည်သံပေးနေသည်။
ခေါင်းဆောင်သည် ပြုံး၍ မြွေကြီးကို ကြည့်လိုက်သည်။
“ လင်းအာ … မင်း တစ်ယောက်ယောက်ကို တွေးနေတာလား ”
“ ရွှီ … ရွှီ ”
“ ငါ့ကို မင်း နောက်ဆုံးတစ်ခေါက်တုန်းက စုခဲ့တဲ့ ဓာတ်နှောမြူပုလင်းဆယ်ပုလင်း ပေးလေ။ အဲဒီကလေးကို မင်းကို တစ်ရက်အဖော်ပြုပေးအောင် ငါ လုပ်ပေးမယ်။ အဲဒါဆို တရားမျှတတယ်မလား ”
ခေါင်းဆောင်က အေးဆေးစွာဖြင့် ပြောလိုက်သည်။
မြွေကြီး၏မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။ တည်းခိုခန်းမှ အဘိုးအိုက အလျင်အမြန် ဟန့်တားလိုက်၏။
“ ချန်အားညို … မင်း သိပ်များနေပြီနော်။ ငါ့ကို လိမ်တာ ဘာမှမဖြစ်ဘူး။ ကလေးကိုတော့ လျှောက်မလိမ်နဲ့ကွ ”
ဘေးတွင် ထိုင်နေသော ဝူကျန်းဝူသည် ခေါင်းဆောင်ကို အေးတိအေးစက် ကြည့်ကာ အရက်ပုလင်းကို ဆွဲယူလိုက်ပြီး တစ်ကျိုက်ကျိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ အလိုလောဘကြီးတဲ့ လူ့နှလုံးသားဆိုတာ တစ်နေ့ကျရင် ဖြတ်တောက်ခံရမှာပဲ ”
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အိတ်ထဲမှ ပန်းသီးတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် ပန်းသီးကို ဖြည်းညင်းစွာ ကိုက်လိုက်ပြီး ဝူကျန်းဝူကို ပြုံး၍ ကြည့်လိုက်သည်။
“ ကျန်းကျန်းလေးက ဒီနေ့မှ ကျင့်ကြံတာကနေ ထွက်လာတာဆိုတော့ အပြင်လောကအကြောင်း ဘာမှမသိသေးဘူးထင်တယ်။ ငါသာ ဂိုဏ်းတူဦးလေးဆိုရင် မင်းကို လူစကားပြောတဲ့အထိ ရိုက်နှက်ပြီးပြီ ”
ဝူကျန်းဝူ၏ ဓားသွားကဲ့သို့ မျက်ခုံးမွေးများပင့်တက်သွားသည်။
“ မျက်နှာအမျိုးမျိုး လုပ်လို့ မိုးကြိုးအပစ်ခံရပြီး ကိုယ်နှစ်ခြမ်း ကွဲတတ်တယ် ”
“ မင်း င့ါကို မြှောက်မနေပါနဲ့။ သူ့တပည့်တွေကို နောက်ထပ် မရိုက်တော့ဘူးလို့ ငါ ကတိပေးထားတာ။ ဘာမှပူမနေနဲ့ ငါ မင်းကို မရိုက်ဘူး ”
ခေါင်းဆောင်က အပြုံးဖြင့် ဆိုသည်။
ထိုစကားကို တည်းခိုခန်းပိုင်ရှင်အဘိုးအို ကြားသောအခါ နဖူးကို ပိတ်ရိုက်လိုက်ပြီး ခေါင်းဆောင်နှင့် ဝူကျန်းဝူကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
“ ထားတော့ … ငါ မင်းတို့နှစ်ယောက်ကို ဒီနေ့ ခေါ်လိုက်ရတာက အကြောင်းအရင်းသုံးခုကြောင့်ပဲ။ ငါ ပြောပြီးရင် ထွက်သွားပေးမယ်။ မင်းတို့ကောင်တွေနဲ့ ပြောရတာ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ ”
တည်းခိုခန်းပိုင်ရှင်အဘိုးအိုက သက်ပြင်းချ၍ ပြောလိုက်သည်။
“ ဝူကျန်းဝူကို အရင် ပြောမယ်။ မင်းဆရာ င့ါကို ပြောထားတဲ့အချိန် ပြည့်ခါနီးပြီ။ ဒါပေမဲ့ ချီရွှဲ့ထုံဂိုဏ်းကနေ ငါ ခဏလောက် ထွက်သွားမှဖြစ်မှာမလို့ ငါ ထွက်မသွားခင် တည်းခိုခန်းရဲ့ အချုပ်အနှောင်ကို ပြန်လုပ်ပေးခဲ့မယ်။ ဒီတော့ မင်းဆရာကို နောက်ထပ်လူတစ်ယောက် လွှတ်ပေးဖို့ ပြောလိုက်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါနဲ့ ဘာမှမဆိုင်တော့ဘူးနော် ”
“ ပြီးတော့ ချန်အားညို … မင်းရဲ့အချုပ်အနှောင်ကို ငါ သုံးခါ အားဖြည့်ပေးလို့ရသေးတယ်။ အဲဒီသုံးခါပြီးရင် နောက်ထပ်လုပ်မပေးတော့ဘူး။ ဒီတော့ အဲဒါကို ချုပ်နှောင်ဖို့ တခြားနည်းလမ်းတွေ မင်း စဉ်းစားထား။ နတ်အစွမ်းက အားကောင်းလေ ပိုကောင်းလေပဲ။ ဒီလိုမှမဟုတ်ဘဲ အဲဒါသာ အသက်ရှင်နေရင် မင်းက မင်း မဟုတ်တော့ဘူး ”
အဘိုးအိုက ခေါင်းဆောင်ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ခေါင်းဆောင်၏ အမူအရာက ပုံမှန်အတိုင်းပင်။ သူသည် အရေးမထားသည့်အလား ပြုံးနေသေး၏။
သို့သော်လည်း ရွှီချင်းသာ ရှိနေပါက ခေါင်းဆောင်အကြောင်းကို နောကျေနေသည်ဖြစ်၍ အဘိုးအို၏ စကားများကို ကြားပြီးနောက် ခေါင်းဆောင်က လက်ထဲရှိ ပန်းသီးကို မစားတော့ဘဲ လွှင့်ပစ်မည်ဖြစ်ကြောင်း ပြောနိုင်ပေမည်။
“ နောက်ဆုံးတစ်ခုက စောစောက ငါ ပြောတာတွေကို မှတ်ထားဖို့ပဲ။ ခဏလောက် ငါ ထွက်သွားရမှာ။ လင်းအာက အခြေတည်အဆင့်ကို ရောက်တော့မယ်။ သူက နည်းနည်း ထူးခြားတယ်။ ဘိုးဘေးနယ်မြေကို သူ့ကို ငါ ခေါ်သွားရမှာ။ ငါတို့ နှစ်နည်းနည်းလောက်ကြာမှ ပြန်ရောက်လာမှာကို ငါ စိတ်ပူတယ် ”
“ ရွှီ ရွှီ ရွှီ ”
မြွေကြီးသည် လှုပ်ယမ်းနေရာမှ ရပ်သွားပြီး အဘိုးအိုကို စိတ်ပျက်နေဟန်ဖြင့် ဆိုလိုက်သည်။
အဘိုးအိုက ဆူပူလိုက်လေ၏။
“ အဲဒီရွှီဆိုတဲ့ကလေးအကြောင်းကို တွေးနေတုံးပဲလား။ အဲဒီကောင်က မင်းကို စားသွားမှာကို မကြောက်ဘူးလား ”
“ ရွှီ ”
မြွေကြီးသည်လည်း မကျေမနပ်ဖြစ်နေဟန်ဖြင့် နောက်မဆုတ်ပေ။
ထိုကဲ့သို့ ဖြစ်နေသော မြွေကြီးကို မြင်၍ အဘိုးအိုက သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့မျက်နှာပေါ်မှ အရေးအကြောင်းများ ပို၍ တိုးလာဟန်တူသည်။
“ အဲဒီကလေးရွှီချင်းက သိပ်လည်းမဆိုးဘူးလို့ ထင်တာပဲ။ သူက လင်းအာနဲ့ လိုက်တယ် ”
ခေါင်းဆောင်သည် ချောင်းဟန့်ကာ လင်းအားကို အားပေးအားမြှောက်လုပ်လိုက်သည်။
လင်းအာမှာ ချက်ချင်း ပျော်ရွှင်သွားပြီး ရှေ့နောက် ယိမ်းခါနေသည်။ သူမသည် ဓာတ်နှောများဖြင့် ပြည့်နေသော ပုလင်းလေးတစ်လုံးကိုပင် ထုတ်၍ ခေါင်းဆောင်အား ပေးလိုက်သည်။
ခေါင်းဆောင်သည် ပြုံးရွှင်စွာဖြင့် ပုလင်းကို ယူ၍ အိတ်ထဲထည့်လိုက်သည်။
“ မင်းတို့နှစ်ယောက်ဆိုရင် သိပ်လိုက်တာ။ ပြီးတော့ ရွှီချင်းက ငါတို့လင်းအယ်လေးရဲ့ ယောက်ျားလေးအရုပ်ဖြစ်နိုင်တယ်လို့ ထင်တာပဲ ”
“ ရွှီ ရွှီ ”
လင်းအယ်လေးမှာ ယောက်ျားလေးအရုပ်ဆိုသည်ကို မေးနေသည့်အလား သိချင်စိတ်ပြင်းပြနေဟန်ဖြင့် ဆိုသည်။
ခေါင်းဆောင်က ရှင်းပြမည်ပြုစဉ် ရွှီချင်းဆိုသည့်နာမည်ကို ကြားလိုက်ရသော ဘေးတွင် နံရံကိုမှီ၍ ပျင်းရိပျင်းတွဲဖြင့် ထိုင်နေသည့် ဝူကျန်းဝူမှာ ချက်ချင်း ခါးမတ်သွားသည်။ သူ့မျက်နှာသည်လည်း လေးနက်တည်ကြည်သွား၏။
“ စစ်မှန်တဲ့ရုပ်သွင်ရှိတဲ့ လူနဲ့ တစ်ယောက်တည်းပေလော ”
ခေါင်းဆောင်နှင့် အဘိုးအိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ငါ မသိဘူး ”
“ မင်း ပြောတာ ငါ နားမလည်ဘူး ”
ထိုသည်ကို မြင်၍ ဝူကျန်းဝူ စိတ်မရှည်နိုင်အောင် ဖြစ်လာသည်။ သူ အသက်ရှူသံများ မြန်ဆန်လာပြီး အံတင်းတင်းကြိတ်လိုက်သည်။
“ မင်းပြောတဲ့ရွှီချင်းဆိုတာ သိပ်မကြာသေးခင်တုန်းက အခြေတည်အဆင့်ကို ရောက်သွားတဲ့ သတ္တမမြောက်တောင်ထိပ်က ရွှီချင်းလား။ မိစ္ဆာဆန်တဲ့ရုပ်နဲ့လူလား ”
ဝူကျန်းဝူက အလျင်အမြန် မေးလိုက်သည်။
“ ဟုတ်တာပေါ့။ ရွှီချင်းက ငါ့လက်ထောက်ဌာနမှူးလေ။ သူ့ကို မင်း သိနေတာလား ”
ခေါင်းဆောင်က အပြုံး၍လည်း အမည်တပ်ရန်ခက်သည့်အပြုံးမျိုး ပြုံးလိုက်ပြန်သည်။
“ နှစ်မရေမတွက်နိုင်လောက်က အသိတရား၊ ကောင်းကင်ကြီးဆိုတာ … ”
ဝူကျန်းဝူက နှာမှုတ်ကာ ဆက်ပြောမည်ပြု၍ ခေါင်းဆောင်က ပြောလိုက်သည်။
“ သူ့ကို မင်း မသိဘူးလား။ သူလည်း ပြန်ရောက်နေပြီ။ မင်းနဲ့ တွေ့ရအောင် သူ့ကို ငါ ခေါ်လိုက်မယ် ”
ဝူကျန်းဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ပြင်းပြင်းရှူကာ မတ်တတ်ရပ်လိုက်သည်။
“ အိမ်မှာ မဟာဆေးလုံးရှိနေလျက် အပြင်ထွက်ခဲ့မိတယ်။ ကံကြမ္မာကြုံရင် ပြန်ဆုံကြတာပေါ့ ”
ထိုသို့ပြောပြီးသည်နှင့် သူ လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုစဉ် သီးသန့်ခန်းအပြင်ဘက်ရှိ လမ်းထဲမှ ကြောက်ခမန်းလိလိဖိအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုဖိအားကြောင့် ဝူကျန်းဝူ ကွက်ခနဲ မျက်နှာပျက်သွားသည်။ လင်းအာ၏မျက်လုံးများမှာမူ ဝင်းလက်သွားသည်။ လင်းအာက တံခါးကို တွန်းဖွင့်၍ အပြင်ဘက်သို့ ကြည့်လိုက်သည်။