အထူးချွန်ဆုံး သရုပ်ဆောင်
Vol. 18 Ch. 278
ညကောင်းကင်ကြီး မှောင်မည်းနေသည်။ အေးစက်စက်လရောင်ခြည်တန်းများ ဖြာကျနေပြီး မိုးများလည်း တဖွဲဖွဲရွာနေသည်။
ထိန်ထိန်လင်းနေသော လမင်းကြီးသည် မှောင်မည်းသော ညကောင်းကင်ယံတွင် ငွေရောင်ပန်းကန်ပြားတစ်ချပ်အလား တွဲလောင်းကျနေသည်။ အေးစက်စက်လရောင်သည် မိုးစက်များနှင့် ပေါင်းစည်းကာ ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းကို အလင်းပေး၍ အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်ရှိ တံစက်မြိတ်ပေါ်သို့ စီးဆင်းသွားသည်။
မိုးစက်များသည် မျဉ်းကြောင်းတစ်ခု ဖြစ်လာပြီး မိုးရေမျဉ်းကြောင်းများမှသည် ကန့်လန့်ကာတစ်ခု ဖြစ်လာသည်။
လရောင်သည် မိုးရေစက်များကို မဖောက်ထွင်းနိုင်ဘဲ ဝိုးတဝါးပုံရိပ်များ ဖြစ်လာသည်။
ညပန်းချီကားချပ်ကို လရောင်နှင့် မိုးရေစက်များဖြင့် ဆေးခြယ်နေကြသည့်အလားပင်။
မိုးများတဖွဲဖွဲကျနေသော လမ်းမထက်တွင် မီးခိုးရောင်တာအိုဝတ်ရုံဝတ် လူရိပ်တစ်ခုသည် အဖြူရောင် ဆီစိမ်စက္ကူထီးတစ်လက်ကို ကိုင်၍ တစ်လှမ်းချင်း လျှောက်လာနေသည်။
ထီးအောက်ရှိလူရိပ်၏ မျက်နှာကို မမြင်ရပါသော်ငြား ကျစ်လျစ်တောင့်တင်းသောခန္ဓာ၊ မြင့်မားသောအရပ်အမောင်းတို့နှင့် သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့ကြောင့် မိုးရေစက်များသည် သူအနီးမှ ဖြတ်သွားစဉ် အခိုးအငွေ့များအဖြစ် အလိုလိုပြောင်းလဲသွားလေသည်။
ထီးအောက်ရှိလူရိပ်၏ ဘေးတစ်ဖက်မှ မှောင်မည်းသောတံစက်မြိတ်များထဲတွင် လူနှစ်ယောက်ရှိနေသည်။ တစ်ယောက်က ထီးကို ကိုင်ပြီး တခြားတစ်ယောက်က မိုးရေကို လျစ်လျူရှုကာ နောက်မှ ခပ်သွက်သွက်လိုက်သွားသည်။
ရောက်လာသည့်လူရိပ်မှာ ရွှီချင်း ဖြစ်သည်။
တံစက်မြိတ်များအောက်ရှိ လူနှစ်ယောက်မှာ လူအလေးနှင့် ရွှီရှောင်ဟွေ့တို့ ဖြစ်သည်။
ယခု ညအချိန်ဖြစ်ပါသော်လည်း ပျော်စရာများအားလုံး ယခုမှသာ စတင်ဟန်တူသည်။ လမ်းဘေးတစ်ဖက်တစ်ချပ်ရှိ စားသောက်ဆိုင်များထဲတွင် ဆူဆူညံညံအသံများဖြင့် ပြည့်နေသည်။ ပန်းကန်ခွက်ယောက်သံများ၊ ဇွန်းသံများ၊ ရယ်မောသံများနှင့် ကြိုဆိုဧည့်ခံသည့်အသံများ၊ ညင်သာစွာ ငြင်းပယ်သံများ နေရာအနှံ့မှ ကြားနေရသည်။
ခမ်းနားထည်ဝါသော ဆိုင်တချို့တွင် အစောင့်အရှောက်များပမာ ထူးခြားသည့်အရှိန်အဝါများ ထုတ်လွှတ်ကာ စောင့်ကြပ်နေသော ဂိုဏ်းသားများစွာပင် ရှိသည်။ ထိုဂိုဏ်းသားအများစုမှာ ထိုဆိုင်များထဲတွင် ရယ်မောကာ စကားပြောနေကြသော အရေးကြီးပုဂ္ဂိုလ်များ၏ နောက်လိုက်များ ဖြစ်ကြသည်။
ရွှီချင်း၏ ပစ်မှတ်မှာ ထိုဂိုဏ်းသားများအနက် တစ်ယောက်ဖြစ်သည်။
ထိုဂိုဏ်းသားသည် ပိန်ပိန်ပါးပါးလူငယ်လေးတစ်ယောက်ဖြစ်သည်။ သူသည် အိပ်မက်စေရာစားသောက်ဆိုင်၏ တံစက်မြိတ်အောက်တွင် ဘေးရှိ ဂိုဏ်းသူတစ်ဦးနှင့် ရယ်ရယ်မောမောစကားပြောနေသည်။ ထိုစဉ် သူ ရုတ်တရက် မျက်နှာအမူအရာပြောင်းလဲသွားပြီး လမ်းပေါ်သို့ လှည့်ကြည့်လိုက်သည်။
သူတစ်ယောက်တည်းသာမဟုတ်၊ ထိုအခိုက်တွင် ထိုလမ်းပေါ်ရှိ ဆိုင်များအားလုံး ငြိမ်ကျသွားသည်။
ရွှီချင်းသည် သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားခြင်း မဟုတ်ပေ။ သို့သော် သူ့ကိုယ်မှ လူသတ်ငွေ့များနှင့် ဓမ္မတံခါးခြောက်ဆယ့်ငါးခုမှ ထွက်ပေါ်နေသော စွမ်းအားအငွေ့အသက်များကြောင့် ၎င်းတို့ကို အာရုံခံမိလိုက်သည့်မည်သူ့ကိုမဆို တုန်လှုပ်ချောက်ချားသွားစေသည်။
အကြည့်ပေါင်းများစွာ နေရာအသီးသီးမှနေ၍ သူ့ကို စူးစိုက်ကြည့်နေကြသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် အိပ်မက်စေရာစားသောက်ဆိုင်သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
ဒုတိယထပ်ပေါ်ရှိ ပြတင်းတံခါးတစ်ချပ် ပွင့်သွားပြီး မြွေကြီးတစ်ကောင် ခေါင်းပြူထွက်လာကာ ရွှီချင်းကို တရွှီရွှီမြည်သံပေး၍ ဝမ်းသာအားရ နှုတ်ဆက်လေသည်။ ရွှီချင်းသည် ထီးကို ပိတ်လိုက်ပြီး မြွေကြီးကို ကြည့်လိုက်သည်။
သူ မဆိုစလောက် ပြုံးလိုက်သည်။
မိုးစက်များနှင့် လရောင်အောက်၌ လူငယ်၏ တဒင်္ဂအပြုံးကြောင့် မြွေကြီး၏ တရွှီရွှီမြည်သံများ ရပ်သွားသည်။
မြွေကြီး၏ခန္ဓာကိုယ် ပို၍ပင် နူးညံ့ပျော့ပျောင်းသွားသည့်အလားပင်။ ၎င်းသည် အပြင်ဘက်သို့ တွားသွားချင်စိတ်ပေါက်လာပြီး အနီးကပ်သွားရန် ပြင်လိုက်ပါသော်လည်း ပန်းချွမ်လမ်းမှ အဘိုးအိုက ၎င်းကို ဆတ်ခနဲ ဖမ်းဆွဲလိုက်သည်။ ထို့နောက် အဘိုးအိုက ရွှီချင်းကို သတိထားနေသည့်အမူအရာဖြင့် မကျေမနပ် ကြည့်လိုက်သည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်တွင် တုန်ရီနေသော ပိန်ပိန်ပါးပါးလူငယ်ကို ကြည့်လိုက်သည်။
ထိုလူငယ်၏စိတ်ထဲ ဝုန်းဒိုင်းကြဲနေသည်။ အသက်ရှူသံများ မြန်ဆန်နေပြီး သူ့ကိုယ်ကို မတုန်ရီအောင် မထိန်းချုပ်နိုင်ပေ။ သူ့မျက်လုံးများ ပို၍ပင် နာကျင်လာသည်။ သူမြင်နေရသောလူက ဟင်းလင်းပြင်ကို ပုံပျက်သွားစေနိုင်လောက်သည့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။
ထိုသူသည် အရာအားလုံးကို ချက်ချင်း ဝါးမျိုပစ်နိုင်သော ဧရာမလေပွေကြီးတစ်ခုအလားပင်။
သူ့တစ်ကိုယ်လုံး ကြောက်ရွံ့ထိတ်လန့်ခြင်းများ လွှမ်းခြုံသွားသည်။ သူ့ကိုယ်ထဲရှိနေရာတိုင်းမှ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေပြီဖြစ်ကြောင်း သူ့ကို အော်ဟစ်ပြောဆိုနေသည်။
ထိုသို့ သူ ခံစားနေရသည်မှာ ရွှီချင်းကိုသာမက ရွှီချင်း၏နောက်မှ ပါလာသော ရွှီရှောင်ဟွေ့ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ယခင်က ရွှီရှောင်ဟွေ့ကို သူ မြင်ခဲ့ဖူးသည်။ ပြီးခဲ့သည့်သုံးလက ကျိုးချင်ဖုန်းကို သတ်ပြီးနောက် ထိုကိစ္စအား လူတစ်ယောက်က စုံစမ်းနေသည်ကို သူ သတိထားမိခဲ့သည်။ ထို့ကြောင့် သူ တိတ်တဆိတ် စုံစမ်းကြည့်ခဲ့ရာ ဒဏ်ရာရနေသော သားကောင်ပမာ ကူကယ်ရာမဲ့စွာဖြင့် သဲလွန်စများကို ရှာဖွေနေသော ရွှီရှောင်ဟွေ့ကို သူ တွေ့ခဲ့ရသည်။
အစက လက်ဝါးတစ်ချက်ဖြင့် သတ်နိုင်သော ထိုကဲ့သို့ အားနွဲ့သည့်အမျိုးသမီးတစ်ဦးကို သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် ထိုကဲ့သို့ အခြေအနေများအောက်တွင် အားနည်းသော ရွှီရှောင်ဟွေ့၏ ရုပ်ရည်သွင်ပြင်ကို မြင်ပြီး သူ စိတ်ဝင်စားသွားခဲ့သည်။ ထို့ကြောင့် သူ ကူညီချင်ယောင်ဆောင်ခဲ့သည်။ ရွှီရှောင်ဟွေ့ကို သူ အချိန်အတော်ကြာ ကစားနေခဲ့ပြီးနောက် လျစ်လျူရှုထားလိုက်သည်။
သို့သော် ယခု သူ့စိတ်ထဲ တုန်ရီနေ၏။
ရွှီချင်းကို သူ သိနေပြီး ယခုအချိန်တွင် ရွှီချင်းသည် နှိုင်းယှဉ်၍မရလောက်အောင် အရှိန်အဝါကြီးမားနေသည်ကိုလည်း သိထားသည်။ ကျိုးချင်ဖုန်းကို သူ မသတ်ခင်က ရွှီချင်းနှင့် ကျိုးချင်ဖုန်းက တစ်သုတ်တည်း ဖြစ်သည်ကိုလည်း သူ သိခဲ့သည်။
ချီရွှဲ့ထုံဂိုဏ်း၌ တစ်သုတ်တည်းဖြစ်သည်မှာ အရေးမပါပေ။ ဂိုဏ်းက အဆိပ်ကောင်များ မွေးမြူသကဲ့သို့ အခြေအနေကို ဖန်တီးပေးထားသည်ဖြစ်ရာ သူငယ်ချင်းဆက်ဆံရေးမျိုး မည်ကဲ့သို့ ရှိမည်နည်း။
ယခုအချိန်တိုင်အောင် ထိုအရာအားလုံး အစစ်အမှန်မဟုတ်ဟု သူ ခံစားနေရသည်။ သူ တွေးနေသကဲ့သို့ မဖြစ်နိုင်ကြောင်းပင် သူ ခံစားနေရသည်။ ထို့ကြောင့် ရွှီချင်း လျှောက်လာသည့်အခါ သူသည် တုန်ရီနေသည်ကို ထိန်းချုပ်၍ ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
“ ဂိုဏ်းတူ ဦးလေးရွှီကို … နှုတ် … နှုတ်ဆက်ပါတယ် ”
“ သူလား ”
ရွှီချင်း၏အကြည့်က လူအလေးနှင့် ရွှီရှောင်ဟွေ့အပေါ် ရောက်သွားသည်။
လူအလေးက တလေးတစားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရွှီရှောင်ဟွေ့သည် အံတင်းတင်းကြိတ်လိုက်ပြီး လူငယ်ကို ဒေါသတကြီး ကြည့်လိုက်သည်။ အစောပိုင်းက ကျောက်စိမ်းပေလွှာကို ဖတ်ရှုပြီးနောက် သူမမှာ ဉာဏ်နည်းလွန်းခဲ့သည်ကို နားလည်ခဲ့သည်။ သူမက ခပ်ဆတ်ဆတ် ခေါင်းညိတ်ပြလိုက်သည်။
ထိုသည်ကိုမြင်၍ အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်တွင် ရပ်နေသော လူငယ်၏စိတ်ထဲ ဟာလာဟင်းလင်းဖြစ်သွားသည်။ သူ နောက်သို့ အလိုလိုဆုတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ သခင်လေး၊ ကျုပ်ကို ကယ် … ”
သူ့အသံ ထွက်လာသည်နှင့် တိခနဲ ရပ်သွားသည်။ ရွှီချင်း၏ဘေးရှိ လေထဲတွင် သံတုတ်နက်တစ်ချောင်း ပေါ်လာပြီး သူ၏လည်ပင်းကို ချက်ချင်း ထိုးဖောက်သွားသည်။
သံတုတ်တွင် ကိန်းအောင်းနေသော လျှပ်စီးစွမ်းအားများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားလေရာ သူ့ဝိညာဉ် ချက်ချင်း လွင့်ပျယ်သွားသည်။ သူ့ခန္ဓာကိုယ် ခြောက်ကပ်သွားပြီး အက်ကွဲသွားသည်။
ထိုလျှပ်စီးများသည် ကောင်းကင်ယံရှိ တိမ်စိုင်များထဲမှ လျှပ်စီးများကို ဆွဲဆောင်သွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ကောင်းကင်၌ မိုးခြိမ်းသံမြည်ဟည်းသွားပြီး မိုးကြိုးတစ်စင်း ကျစင်းလာကာ အလောင်းဖြစ်သွားပြီဖြစ်သော လူငယ်ပေါ်သို့ ကျသွားသည်။
ခြောက်ကပ်ကပ်အလောင်းမှာ မီးခိုးငွေ့များ တလူလူထွက်နေသည့် အမည်းရောင်အသားစများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ် ပြန့်ကျဲသွားသည်။ ထို့နောက် ထိုမီးခိုးငွေ့များကို မိုးရေများက ငြှိမ်းသက်လိုက်လေသည်။
ထိုမြင်ကွင်းသည် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းလွန်းလှပေရာ မြင်လိုက်ရသည့်လူတိုင်း တုန်ခါသွားလေသည်။
အခြေတည်အဆင့်ကျင့်ကြံသူများက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများကို ပိရိသေသပ်စွာ လက်စတုံးပစ်နိုင်သည်ကို တစ်ယောက်မှ သံသယမဖြစ်ပါသော်လည်း ရွှီချင်း၏ တိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်းလှသည်။ မိုးကြိုးကိုပင် သူ ဆင့်ခေါ်ခဲ့သည်။ ယင်းသည် လူအားလုံးကို တုန်လှုပ်သွားစေသည့် အကြောင်းအရင်း ဖြစ်သည်။
သံတုတ်နက်လေးက ရွှီချင်းဆီသို့ ချက်ချင်းပျံသန်းသွားပြီး သူ့အရိပ်ထဲ ပျော်ဝင်သွားသည်။
ထိုသည်ကို မြင်လိုက်ရသည့်လူတိုင်း ထပ်မံတုန်ရီသွားကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ရွှီချင်းက ထွက်သွားမည်ပြုစဉ် အိပ်မက်စေရာ စားသောက်ဆိုင်၏ ဒုတိယထပ်မှ တအံ့တသြအော်ဟစ်သံ လွင့်ပျံလာသည်။
“ အိုက်ယား … ကျန်းကျန်းလေးရေ … သေသွားတဲ့သူက မင်း ခေါ်လာခဲ့တဲ့ နောက်လိုက်မလား။ စောစောက သူ မင်းကို အကူအညီတောင်းနေခဲ့တာလေ ”
ထိုအသံပိုင်ရှင်မှာ ခေါင်းဆောင် ဖြစ်သည်။
ရွှီချင်းသည် မြွေကြီးနှင့် ပန်းချွမ်လမ်းမှ အဘိုးအိုကို မြင်လိုက်ရစဉ်အခါက သီးသန့်ခန်းထဲရှိ တခြားနှစ်ယောက်၏ အရှိန်အဝါများကိုပါ သတိထားမိခဲ့သည်။ ထိုနှစ်ယောက်အနက် တစ်ယောက်ကို သူ ရင်းရင်းနှီးနှီး သိနေပြီး တခြားတစ်ယောက်ကိုလည်း သူ အစိမ်းသက်သက်ဖြစ်နေသည်တော့ မဟုတ်ပေ။
ရွှီချင်းက သီးသန့်ခန်း၏ ပြတင်းပေါက်ကို ကြည့်လိုက်သည်။
သီးသန့်ခန်းထဲ၌ ပထမတောင်ထိပ်၏ ကောင်းကင်လက်ရွေးစင်ဝူကျန်းဝူသည် မထိတရိ ပြုံးနေသော ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ အသက်ရှူကြိမ်အနည်းငယ်ကြာ ငြိမ်သက်နေပြီးနောက် သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းကာ ဆတ်ခနဲ ထရပ်လိုက်သည်။ သူ့ကိုယ်မှ သက်စောင့်မီးလုံးတစ်လုံး၏ အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါက သက်တန့်တစ်စင်းကဲ့သို့ ဖြစ်နေပေရာ ဘေးပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။
“ ကြမ်းလှချည်လားဟ ”
ခေါင်းဆောင်က ခပ်သွက်သွက်ပင် အော်ပြောလိုက်သည်။
ခေါင်းဆောင်ကို အရူးတစ်ယောက်သဖွယ် ခံစားလိုက်ရပြီး ထိုကဲ့သို့ အရူးတစ်ယောက်နှင့် အငြင်းအခုံလုပ်နေရသည်မှာ ရှက်ဖွယ်လိလိဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်းဆောင်ကို သူ လှည့်၍ပင် မကြည့်ဘဲ သုန်မှုန်နေသောအမူအရာဖြင့် ပြတင်းတံခါးဆီသို့ လျှောက်သွားသည်။
ပြတင်းတံခါးသို့ ရောက်သောအခါ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ကောင်းကင်ယံရှိ မိုးကြိုးလျှပ်စီးများကြားတွင် မိုးသားတိမ်စိုင်များထဲမှ ကြေးညိုရောင်ဓားကြီးများ ပေါ်လာပြီး ထိုနေရာကို ချိန်ရွယ်ထားသည်။
ဝူကျန်းဝူ၏ ခန္ဓာကိုယ်ထဲ ဒေါသများ တရိပ်ရိပ်မြင့်တက်နေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အလားပင်။ သူ့ကိုယ်မှ လူသတ်ငွေ့များ ကြောက်ခမန်းလိလိ ပျံ့လွင့်လာကာ နောက်ဆုံးတွင် သူ့မျက်လုံးများနှင့် ပေါင်းစပ်သွားပြီး ရွှီချင်းကို သူ ကြည့်လိုက်သည်။
“ ငါ့နောက်လိုက်ကို မင်း ဘာလို့ သတ်လိုက်တာတုံး ”
သူက ဟိန်ဟန်အပြည့်ဖြင့် မေးလိုက်သည်။
သူ့ကိုယ်မှ အရှိန်အဝါများနှင့် သုန်မှုန်နေသော သူ့မျက်နှာအမူအရာကို ပေါင်းစပ်လိုက်သောအခါ သူ့ကိုကြည့်ရသည်မှာ လက်ရွေးစင်တစ်ယောက်ဆိုသည့်ခံစားချက်မျိုး ဖြစ်စေသည်။
သူ့ စကားဆုံးသည်နှင့် ကောင်းကင်ယံတွင် မိုးခြိမ်းသံမြည်ဟည်းသွားပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ ကြေးညိုရောင်ဓားကြီးများသည်လည်း စူးရှချွန်ထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ထိုမြင်ကွင်းကြောင့် ဘေးပတ်လည်ရှိ ဆိုင်များထဲမှ လူအားလုံး တုန်ရီသွားကြသည်။
ဤနေရာတွင် တိုက်ပွဲကြီးတစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သူတို့ ပြင်းပြင်းထန်ထန် အာရုံရလိုက်ကြပြီး အလျင်အမြန် ထွက်သွားကြသည်။
ရွှီချင်းသည် သခင်၏ရှေ့တွင် နောက်လိုက်ကို သတ်ခဲ့သည်ဖြစ်ရာ သခင်၏ပါးကို လက်ဝါးဖြင့် ရိုက်လိုက်သည်နှင့် ဆင်တူပေသည်။
ယင်းအပြင် ပထမတောင်ထိပ်ဂိုဏ်းသားများသည် ဂုဏ်သိက္ခာကို များစွာ တန်ဖိုးထားကြသူများ ဖြစ်ပေရာ ထိုကိစ္စမှာ သေချာပေါက် လွယ်လွယ်နှင့် ပြီးသွားမည် မဟုတ်ပေ။
သီးသန့်ခန်းထဲရှိ မြွေကြီး၏ မျက်လုံးများထဲ ရက်စက်ကြမ်းကြုတ်သောအလင်းများ ဝင်းလက်သွားပြီး ဝူကျန်းဝူကို စူူးစိုက်ကြည့်လိုက်သည်။ ၎င်းက ဝူကျန်းဝူကို ရစ်ပတ်ချင်နေပါသော်လည်း ၎င်းကို အဘိုးအိုက ဟန့်တားထားသည်။
အဘိုးအိုမှာ စိတ်ထဲသဘောကျနေပြီး တွေးတောလိုက်သည်။
‘ ရွှီချင်း … ရွှီချင်း၊ မင်း ဘာလုပ်မတုံး ကြည့်ရသေးတာပေါ့ကွာ။ ပထမတောင်ထိပ်က အချင်းချင်း သိပ်စည်းလုံးကြတာ။ ဝူကျန်းဝူရဲ့ဆရာတူအစ်ကိုရှစ်ယောက်က တိုက်ခိုက်ရတာကို သဘောကျတဲ့သူတွေချည့်ပဲ ’
တချိန်တည်းမှာပင် လူအလေးနှင့် ရွှီရှောင်ဟွေ့တို့မှာ စိတ်ထဲတုန်ရီသွားသည်။
လူအလေးက ခေါင်းကိုမော့လိုက်သည်။ ဝူကျန်းဝူ၏ ပြင်းထန်သော ဖိအားအောက်တွင် သူ့တစ်ကိုယ်လုံး တုန်ရီနေပါသော်လည်း စူးရှချွန်ထက်သော သွားများကို ဖြဲကာ ဝူကျန်းဝူ၏ လည်ပင်းကို စူးစိုက်၍ ကြည့်နေသည်။
ရွှီရှောင်ဟွေ့မှာမူ အောက်နှုတ်ခမ်းကို ကိုက်ထားပြီး အလွန် စိုးရိမ်ပူပန်နေ၏။ ရွှီချင်းကိုပါ ပြဿနာထဲ ဆွဲထည့်မိလိုက်သကဲ့သို့ သူမ ခံစားလိုက်ရသည်။
သို့သော် လူတိုင်း ခံစားချက်အမျိုးမျိုး ဖြစ်နေစဉ် ရွှီချင်းမှာ ပကတိ တည်ငြိမ်နေ၏။
သူသည် ပြတင်းတံခါးဘေးတွင် ရပ်နေသော ဝူကျန်းဝူကို ကြည့်လိုက်သည်။ သူ့အကြည့်က အေးစက်နေပြီး စကားတစ်ခွန်း မဆိုပေ။ သူက ညာလက်ကို မြှောက်လိုက်သောအခါ သူ့နောက်ရှိ အရိပ်ထဲမှ သံတုတ်လေး တဝီဝီမြည်သံပေးကာ ထွက်ပေါ်လာသည်။
ထိုစဉ် ဝူကျန်းဝူထံမှ တဟားဟား ရယ်မောသံ လွင့်ပျံလာသည်။
သူသည် ခေါင်းကိုနောက်ပစ်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ တဟားဟား ရယ်မောနေသည်။ သူ၏ရယ်မောသံက အလွန် ကျယ်လောင်နေပေရာ လူအားလုံးကို ကြားစေချင်နေသည့်အလားပင်။
“ အင်း … မင်းပြောတာ အကျိုးသင့်အကြောင်းသင့် ရှိပါပေတယ်။ ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်နေတော့ ငါ ဘာမှမပြောတော့ဘူး ”
ရွှီချင်း မျက်မှောင်ကြုတ်သွားပါသော်လည်း တစ်ခွန်းမဆိုပေ။
“ သေရည်တိုက်ဖို့ မလိုပါဘူး။ ငါ နားလည်ပါတယ် ”
ဝူကျန်းဝူက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။
“ ဟားဟား ညီလေးရွှီ … ဒီလိုတွေ မလုပ်လည်း ရပါတယ်ကွ။ ငါ တကယ်အချိန်မရလို့။ ထားလိုက် ထားလိုက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ မင်း အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ခဲ့တာကို ငါ လေးစားတယ်။ ကောင်းပြီလေ မင်းက ငါ့ကို ဒီလိုမျိုး ပြုစုချင်နေမှတော့ ငါကလည်း သဘောထားသေးလို့မဖြစ်ဘူး။ အဲဒီလူကို သတ်လို့ မင်းကို ငါ ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးမယ် ”
လင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လင်းအာသည် ဝူကျန်းဝူကိုကြည့်ပြီးနောက် ဘာမှမရှိသော ဘေးပတ်လည်ကို ကြည့်ကာ သူပြောနေသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
“ အေးအေး ကောင်းပြီလေ။ နောက်မှပဲ ကျုပ်တို့ တွေ့ကြတာပေါ့။ ကျုပ် သွားလိုက်ဦးမယ်။ ဒီနေ့ ညီလေးရွှီကို တွေ့ရတာ ဝမ်းသာတယ်ကွာ ”
ဝူကျန်းဝူသည် အားရဝမ်းသာနေဟန်ဖြင့် ကျယ်ကျယ်လောင်လောင်ပြောလိုက်သည်။ ဟိန်ဟန်အပြည့်ဖြင့် စတင်ခဲ့ပြီးနောက် သူ တဖြည်းဖြည်း သဘောကျလာသည်။ နောက်ဆုံး၌ သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာပြီး ရွှီချင်းကို လက်နှစ်ဖက်ဆုပ်ပြလိုက်သည်။
ရွှီချင်း၏မျက်နှာထား တစ်မျိုး ဖြစ်သွားသည်။ အစမှအဆုံးတိုင်အောင် သူ စကားတစ်ခွန်း မဆိုရသေးပေ။
ဝူကျန်းဝူက ရွှီချင်း၏ မျက်နှာအမူအရာကို ရိပ်ခနဲ ကြည့်လိုက်ပြီး စိတ်ထဲတုန်ရီသွားသည်။ သူသည် အင်္ကျီလက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ရယ်မောကာ သီးသန့်ခန်းအပြင်ဘက်သို့ ထွက်လိုက်သည်။
ထို့နောက် မိုးရေစက်များအောက်တွင် မိုးကုတ်စက်ဝိုင်းဆီသို့ သူ ပျံသန်းသွားသည်။
ရင်သပ်ရှုမောဖွယ်ရာလောကတစ်ခုကို ရေးဆွဲထားသည့်လှပသော ပန်းချီကားတစ်ချပ်သဖွယ် သူ့ပုံစံက တန်ခိုးရှင်တစ်ပါးအလားပင်။
“ သာမန်လောကကို ဆင်းသက်ခဲ့ပြီး တိမ်စိုင်ကို ဝါးမျိုလို့ တန်ခိုးရှင်ဖြစ်ခဲ့လေတယ် ”
သူ ရှေ့သို့ သွားနေစဉ် ကောင်းကင်ယံရှိ ရှေးဟောင်းကြေးညိုရောင်ဓားများအားလုံးက သူ့ဘေးမှ ကပ်လျက် လိုက်ပါသွားသည်။ သူ၏အသံသည်လည်း အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး ဝေးသည်ထက်ဝေးရာသို့ သူ ပျံသန်းသွားလေသည်။