← Chapters

အပြစ်တင်ခံဖို့ မကြိုးစားနဲ့

Vol. 19 Ch. 279

အပြစ်တင်ခံဖို့ မကြိုးစားနဲ့

Vol. 19 Ch. 279

ဝူကျန်းဝူသည် တစ်ယောက်မှ ရှိမနေသည့် အဝေးသို့ ရောက်သွားသောအခါတွင် တစ်ကိုယ်လုံး တုန်ရီလာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ သူ့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ထင်ဟပ်လာပြီး နဖူးမှ ချွေးစေးများ စီးကျလာကာ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ ဘာလဲဟ၊ သက်စောင့်မီးလုံးနှစ်လုံးတောင်ပဲ။ ဒီမိစ္ဆာကောင်က အရင်ကတောင် အစွမ်းထက်နေတာ။ အခုဆိုရင် သက်စောင့်မီးလုံးနှစ်လုံးကိုတောင် ဖော်ထုတ်နိုင်ပြီ။ ဂိုဏ်းအပြင်ဘက်မှာသာ တွေ့ရင် ငါ အသတ်ခံနေရလောက်ပြီ ”

သူ ရင်တုန်ပန်းတုန်ဖြစ်နေပြီး သက်ပြင်းများ အဆက်မပြတ် ချနေသည်။ နောက်လများမှာ ဂိုဏ်းမှ မထွက်သင့်ကြောင်း သူ ခံစားလိုက်ရသည်။

“ ငါ ပါးနပ်သွားတာ ကံကောင်းတယ်ပြောရမယ်။ ဒီနေ့ သူ့ကို မျက်နှာသာပေးလိုက်သလို ဝိညာဉ်ကျောက်တုံးတွေတောင် ပေးမယ်လို့ ပြောလိုက်တာ။ သူသာ အရိပ်အကဲနားလည်တဲ့သူဆိုရင် ငါ့နောက်ကို မလိုက်လောက်ပါဘူး ”

“ ခေါင်းတွေ ကိုက်လိုက်တာ … မဟုတ်သေးဘူး။ သက်စောင့်မီးလုံးနှစ်လုံး မထုတ်ဖော်နိုင်သေးမချင်း ငါ ဂူထဲကနေ ခြေတစ်လှမ်းမှ ထွက်လို့မဖြစ်ဘူး ”

အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်တွင် ရွှီချင်းသည် မျက်နှာတစ်မျိုး ဖြစ်နေသည်။

လူအလေးမှာ မှင်သက်နေပြီး ရွှီရှောင်ဟွေ့သည်လည်း ထိုနည်းတူပင်။

လင်းအာသည် မျက်လုံးဖွင့်ချည်ပိတ်ချည်လုပ်ကာ အတန်ငယ် ဇဝေဇဝါဖြစ်နေသည်။ သူမ၏ဘေးရှိ အဘိုးအိုသည်လည်း စကားမပြောနိုင်လောက်အောင် ဆွံ့အနေ၏။

အနီးအနားရှိသည့်ထိုလူများအားလုံး အစောပိုင်းက ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြရသည်။ ရွှီချင်းက စကားတစ်ခွန်း မဆိုခဲ့ပေ။ သို့သော် ရွှီချင်းက တိုက်ခိုက်ရန် ပြင်လိုက်ပြီးနောက် မည်သည့်အတွက်ကြောင့်မသိ ဝူကျန်းဝူက တစ်ကိုယ်တည်း စကားပြောခဲ့သည်။

ယင်းအပြင် သူသည် တဟားဟား ရယ်မောကာ ကျယ်ကျယ်လောင်လောင် ဆိုခဲ့သည်။ ရွှီချင်းက အသံလွှင့်၍ သူ့ကို သေရည်သောက်ရန် ဖိတ်ကြားနေသည့်အလားပင်။

သရုပ်ဆောင်မှုအားလုံး အပိုအလိုမရှိ ကွက်တိဖြစ်သည်။ ထိုမြင်ကွင်းကို မမြင်ခဲ့ရဘဲ အသံသာ ကြားခဲ့ရသူများဆိုပါက ဝူကျန်းဝူက သဘောထားကြီးသူတစ်ယောက်ဖြစ်ပြီး ရွှီချင်းကို လေးစားကြောင်း ထင်သွားကြပေမည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် လေးစားကြသည့် မိတ်ဆွေများကဲ့သို့ တွေးနေကြပေမည်။

တချိန်တည်းမှာပင် ရွှီချင်း၏ ဖိတ်ကြားချက်များကို ဝူကျန်းဝူက အလုပ်များနေသည့်အတွက် လက်မခံနိုင်၍ သာမန်ဂိုဏ်းသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ဝိညာဉ်ကျောက်တုံးများ ပေးချေခဲ့ခြင်းဖြစ်သည်ဟူ၍လည်း တွေးကြပေမည်။

“ ကျန်းကျန်းလေးရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးပဲ။ ငါတောင် မှင်သက်သွားတယ် ”

သီးသန့်ခန်းထဲမှ တိတ်ဆိတ်ခြင်းကို ထိုးခွင်း၍ ဂျွတ်ခနဲ ကိုက်သံ လွင့်ပျံလာသည်။ ခေါင်းဆောင်သည် ပန်းသီးကိုစားရင်း ထိုင်ခုံမှ ထ၍ ပြတင်းပေါက်သို့ လျှောက်လာသည်။ ထို့နောက် ရွှီချင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

ရွှီချင်းက ခေါင်းဆောင်၏ ခြေလက်များအပေါ် အကြည့်ရောက်သွားပြီး သူ့မျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

ခေါင်းဆောင်၏ ပြန်လည်သက်သာနှုန်းက လက်ဖျားခါရလောက်အောင် မြန်ဆန်နေသည်။ ကျိုးသွားသော ခြေလက်များ ပြန်ပေါက်လာခြင်းသည် ကျင့်ကြံခြင်းအတတ် သို့မဟုတ် ဆေးဝါးများကြောင့် မဟုတ်ဘဲ ဆိုးဝါးသောဂါထာတချို့ကြောင့်သာ ဖြစ်မည်ဟူ၍ သူ ခံစားနေရသည်။

မြွေကြီးသည် အဘိုးအို စိတ်ရှုပ်ထွေးနေသည်ကို အခွင့်အရေးယူ၍ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ အပြင်သို့ ထွက်သွားသည်။ ၎င်းက ပြတင်းပေါက်ကို ဖြတ်၍ ရွှီချင်းထံသို့ အလျင်အမြန် တွားသွားလေသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သို့သော် မြွေကြီး၏ မျက်လုံးများကို ကြည့်၍ ယခင်က တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ အနည်းငယ် ရင်းနှီးနေသလို သူ ခံစားနေရသည်။ မြွေကြီး၌ သတ်ဖြတ်ချင်စိတ်များ ရှိမနေသည်သာမက ဝမ်းသာပျော်ရွှင်နေဟန်လည်း ရှိသည်။

“ ရွှီ ရွှီ ရွှီ ”

မြွေကြီးသည် ရွှင်မြူးစွာဖြင့် ခန္ဓာကိုယ်ကို အလျင်အမြန် ကျုံ့လိုက်ရာ မြွေလေးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ရွှီချင်း၏လက်ကို တစ်ခါတည်း ရစ်ပတ်လိုက်သည်။ ၎င်း၏တစ်ကိုယ်လုံး နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေပြီး မျက်လုံးများက အလွန်ကြီးမားသည်ဖြစ်ရာ အလွန် ချစ်စဖွယ်ကောင်းနေသည်။

“ ရွှီ ရွှီ ရွှီ ”

“ ရွှီ ရွှီ ”

ပန်းချွမ်လမ်းမှ အဘိုးအိုသည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲမှ ညည်းညူလိုက်သည်။ မြွေကြီးကို သူ အပြစ်ပေးရန် ပြင်လိုက်စဉ် ရွှီချင်းက ခေါင်းမော့၍ အဘိုးအိုကို အေးတိအေးစက်ကြည့်လိုက်လေသည်။

အဘိုးအိုသည် ရွှီချင်း၏ သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိကာ ဖိန့်ဖိန့်တုန်သွားရသည်။ သူ စိတ်နှလုံးပူဆွေးနေစဉ် ဖခင်နှင့် တိတ်တခိုးမေတ္တာသက်ဝင်နေသူအကြား သမီးဖြစ်သူ၏ ရွေးချယ်နေသည့်ခံစားချက်ကြောင့် သူ့နှလုံးသားများ တဆစ်ဆစ်နာကျင်နေသည်။

“ မဟုတ်သေးဘူး။ အဲဒီကိစ္စကို ငါ ညှိနှိုင်းလို့ မရဘူး။ အဲဒီရွှီချင်းဆိုတဲ့ကောင်လေးက ဘယ်လိုကြည့်ကြည့် လူကောင်းလို့ကို မမြင်ဘူး။ လင်းအာနဲ့ မလိုက်ပါဘူး ”

ပန်းချွမ်လမ်းမှ အဘိုးအိုသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့စိတ်ထဲအတွေးများ ဖြတ်ပြေးသွားစဉ် သူ အလျင်အမြန် ပြောလိုက်သည်။

“ ရွှီ ရွှီ ရွှီ ”

သူသည် လူစကားဖြင့် မပြောဝံ့ဘဲ လင်းအာ၏ ဘာသာစကားဖြင့် ပြောလိုက်သည်။

လင်းအာကို သူ ပြောသည်မှာ ရွှီချင်းနှင့် တစ်သက်လုံး အတူနေချင်ပါက အသွင်ပြောင်းလဲရမည်ဖြစ်ပြီး ထိုသို့အသွင်ပြောင်းလဲချင်သည်ဆိုပါက အခြေတည်အဆင့်သို့ ရောက်ရမည်ဖြစ်ကာ ယခုပင် ထွက်သွားရမည်ဖြစ်ကြောင်းပင်။

လင်းအာသည် ရွှီချင်းကို မခွဲချင်လေဟန်ဖြင့် ကြည့်၍ သူ့လက်ကို ခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် လင်းအာက သူ့လက်ကို လွှတ်ကာ အဘိုးအိုထံသို့ ပြန်သွားသည်။

အဘိုးအိုသည် စိတ်ထဲမှ သက်ပြင်းမောကြီး ချလိုက်ပြီး သူ့ကိုယ်သူ ဘဝင်ခိုက်သွားသည်။ ထို့နောက် အလျင်အမြန် ထွက်သွားသည်။ သူ အဝေးသို့ ရောက်သွားသည်အထိ ရွှီချင်းမှာ တရွှီရွှီမြည်သံများကို ကြားနေရသည်။

“ လက်ထောက်ခေါင်းဆောင်ရွှီ … ကြည့်မနေတော့နဲ့။ ငါနဲ့လာပြီး သေရည်သောက်လှည့် ”

ခေါင်းဆောင်က ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။

ရွှီချင်းသည် တွေးတောလိုက်ပြီး ရွှီရှောင်ဟွေ့ကို ထွက်သွားနိုင်ပြီဖြစ်ကြောင်း ပြသည့်အနေဖြင့် လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။

ရွှီရှောင်ဟွေ့သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရင်ထဲတွင် ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမသည် မိုးရေထဲတွင် ဒူးထောက်လိုက်ပြီး မြေပြင်ကို နဖူးဖြင့် ထိလိုက်သည်။ လေးလေးနက်နက်အရိုအသေပေးပြီးနောက် သူမသည် မတ်တတ်ရပ်ကာ အထီးကျန်စွာဖြင့် အဝေးသို့ လျှောက်သွားသည်။

လူအလေးသည် ထွက်မသွားသေးဘဲ ပိန်ပိန်ပါးပါးလူငယ် သေဆုံးသွားခဲ့သည့်် အိပ်မက်စေရာစားသောက်ဆိုင်အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

ရွှီချင်းသည် များများစားစား ပြောမနေတော့ပေ။ ခန္ဓာကိုယ်ကို လှုပ်ခါ၍ ပြတင်းပေါက်သို့ ခုန်ဝင်သွားပြီး သီးသန့်ခန်းထဲ ဝင်သွားကာ ထိုင်လိုက်သည်။ နောက်ဆုံးတစ်ခေါက် ကျန်းစန်း၏ နေရာ၌ ခေါင်းဆောင်က အခြေအနေ ဆိုးဝါးသည်ကို သတိထားမိ၍ ရွှီချင်းမှာ အရာအားလုံး မပြောခဲ့ရပေ။

ရွှီချင်းသည် ထိုင်လိုက်ပြီးနောက် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ခေါင်းဆောင် … ရုပ်ထုရဲ့ နှာခေါင်းက ဘာလို့ ပေါက်ကွဲသွားတာလဲဗျ ”

ရွှီချင်းက အလေးအနက် မေးလိုက်သည်။

ထိုအကြောင်းကို သူ မေးသင့်သည်ဟု ခံစားမိသည်။ ထိုသို့ မမေးဖြစ်ပါက ခေါင်းဆောင်၏ သံသယလွန်ကဲတတ်သည့်စရိုက်ကြောင့် သူ စိတ်အေးလက်အေးဖြင့် နေနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်ကို စိတ်သက်သာရာရစေရန် လုပ်သင့်သည်ဟု သူ ခံစားမိသည်။

“ မင်း မသိဘူးလား ”

ခေါင်းဆောင်သည် ပန်းသီးကို ကိုက်၍ ရွှီချင်းကို ပြုံးစေ့စေ့ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းယမ်းလိုက်သည်။

“ လက်ထောက်ခေါင်းဆောင်ရွှီရာ … မင်းကို အဲဒီသရုပ်ဆောင်ပညာသင်ပေးခဲ့တာ ငါပါကွ။ အဲဒီရုပ်ထုနှာခေါင်း ဘယ်လိုဖြစ်သွားမှန်း မင်းနဲ့ငါ နှစ်ယောက်လုံး သိနေတာပဲ။ ငါ မင်းကို မဖော်ပါဘူး ”

ခေါင်းဆောင်သည် ပန်းသီးကို လက်စသတ်လိုက်ပြီးနောက် သစ်တော်သီးတစ်လုံးကို ထုတ်၍ ကိုက်လိုက်သည်။

“ ဒီတစ်ခေါက် ငါပဲ အပြစ်တင်ခံလိုက်ပါ့မယ်။ ငါက မင်းရဲ့အထက်လူကြီးပဲမလား။ ဝိညာဉ်ကျောက်တုံးတွေ မတောင်းပါဘူး။ ဒါပေမဲ့ အခြေအနေနှစ်ခုတော့ ရှိတယ်ကွ ”

ခေါင်းဆောင်၏ မျက်လုံးများက လေးနက်သောအသွင်ဆောင်နေသည်။ သူသည် ရွှီချင်းကို ဖောက်မြင်နေရပြီး အလေးအနက်ဖြစ်လာသည့်အလားပင်။

ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး သူသည်လည်း မသေမချာ ဖြစ်နေသည့်အလား အနည်းငယ် ချီတုံချတုံဖြစ်လာသည်။

ထိုအမူအရာကိုမြင်၍ ခေါင်းဆောင်က သစ်တော်သီးတစ်လုံး ထုတ်၍ ပစ်လိုက်သည်။

“ ဘာမှ တွေးမနေနဲ့တော့။ ငါကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာပဲ။ ထားလိုက် ထားလိုက်။ ငါ့အခြေအနေနှစ်ရပ်အကြောင်းကိုပဲ ပြောမယ်။ ပထမတစ်ချက်က ငါက တတိယမင်းသမီးယောင်ဆောင်ခဲ့ရတယ်ဆိုတဲ့အကြောင်း နောက်ထပ်မပြောဖို့ပဲ ”

ခေါင်းဆောင်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“ ဒုတိယတစ်ချက်က မင်း ငါ့ဆီကနေ ချေးထားတဲ့ ဝိညာဉ်ကျောက်တုံးတစ်သိန်း ပေးရဦးမယ် ”

“ မင်းသဘောတူရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ ပတ်သက်တာမှန်သမျှ ငါပဲ အပြစ်တင်ခံလိုက်မယ် ”

ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်ထဲရှိ သစ်တော်သီးတစ်ခြမ်းကို ဂျွတ်ခနဲ ကိုက်လိုက်သည်။ ထို့နောက် ရွှီချင်း၏အမူအရာကို အနီးကပ် အကဲခတ်လိုက်သည်။

ရွှီချင်းသည် ငြိမ်သက်နေပြီး အတန်ငယ် တွေးတောပြီးနောက် ခေါင်းယမ်းကာ ခေါင်းဆောင်ကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။

“ ကျနော်လုပ်တာဆိုရင်လဲ အဲဒါလုပ်တဲ့သူက ကျနော်လို့ အပြင်လောကကို သတင်းဖြန့်လိုက်မယ် ”

“ ကျနော်က အမြင့်ဆုံး ဆုကြေးထုတ်ခံရမှာပဲ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရုပ်ထုကိစ္စမှာ ကျနော်က အဓိကလက်သည်ဖြစ်သွားမယ်။ ခေါင်းဆောင် နည်းနည်းပဲ ခံရမှာပါ ”

ရွှီချင်းသည် ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ထိုသည်ကို ခေါင်းဆောင်မြင်၍ အထိတ်တလန့် ဖြစ်သွားသည်။ သူသည် အဓိကလက်သည်ဆိုသည့်ဂုဏ်ပုဒ်ကို အလွန် တန်ဖိုးထားသည်။ သို့သော်လည်း သူက အနည်းငယ် ငွေညှစ်ချင်နေသေးပြီး ယခုလို တန်ပြန်တိုက်ခိုက်ခံရမည်ဟု မျှော်လင့်မထားပေ။ သူသည် ရွှီချင်းကို အလျင်အမြန် ဟန့်တားလိုက်ပြီး ချောင်းဟန့်ကာ တဟားဟား ရယ်မော၍ ဆိုလိုက်သည်။

“ ကြည့်စမ်းပါဦး … မင်းကလဲ အလေးအနက်ကြီးတွေ ပြောနေလိုက်တာ။ ငါ မင်းကို နောက်တာပါကွ။ အဲဒီကိစ္စကို ငါ လုပ်ခဲ့တာ။ ငါက အဓိကလက်သည်ပဲ။ ဘယ်သူမှ ငါ့ဆီကနေ အဲဒီအောင်မြင်မှုကြီးကို လုယူလို့မရဘူးကွ ”

“ မဟုတ်ဘူး ကျနော်လုပ်တာ ”

ရွှီချင်းက အလေးအနက်ပြောလိုက်သည်။

“ မင်း မဟုတ်ဘူး။ ငါကွ ”

ခေါင်းဆောင်မှာ ပို၍ပင် စိုးရိမ်ကြောင့်ကြလာသည်။

“ ကျနော်လုပ်တာဗျ ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ရွှီချင်းရာ အဲဒါ မင်းလုပ်တာမဟုတ်မှန်း ငါပြောပြီးပြီပဲ။ ငါ လုပ်ခဲ့တာကွ ”

ခေါင်းဆောင်က အလေးအနက် ပြောလိုက်သည်။

“ ခေါင်းဆောင် တကယ်ကြီး လုပ်ခဲ့တာလား ”

ရွှီချင်းသည် မျက်မှောင်ကြုတ်၍ မသေချာဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

“ ဟုတ်တယ် ငါ လုပ်ခဲ့တာပဲ။ ကျူးယင်အသားကို ငါ စားပြီးတော့ ငါ့ကိုယ်ထဲက ကျူးယင်အစွမ်း ပေါက်ကွဲထွက်လာပြီး ရုပ်ထုခန္ဓာကိုယ် ပေါက်ကွဲသွားရတာပဲ။ အဲဒါ နတ်အစွမ်းချင်း တိုက်ပွဲပဲ။ ငါ ပြန်ရောက်တော့ ရှေးဟောင်းစာအုပ်တွေ ဖတ်ကြည့်တယ်။ ကျူးယင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ နည်းနည်း ဆက်နွယ်နေလို့ သူ့အရှိန်အဝါက ဘိုးဘေးရုပ်ထုကို လှုံ့ဆော်နိုင်တယ် ”

ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးချ၍ အလေးအနက် ပြောလိုက်သည်။

ယခုတစ်ခေါက်တွင် ရွှီချင်းမှာ အမှန်ပင် အံ့အားသင့်သွားရသည်။ သူက စဉ်းစားချင့်ချိန်နေဟန်ဖြင့် ခေါင်းညိတ်လိုက်ပါသော်လည်း အနည်းငယ်ချီတုံချတုံဖြစ်နေပြီး ပြောရန်ပြင်လိုက်သည်။

ခေါင်းဆောင်သည် ကမန်းကတန်း ထရပ်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။

“ ဂိုဏ်းတူညီလေးရေ … ငါ လုပ်စရာရှိသေးလို့ သွားလိုက်ဦးမယ်။ အများကြီး တွေးမနေနဲ့။ အဲဒါ ငါ လုပ်ခဲ့တာ။ ဟင်း … ဌာနမှာ အလုပ်တွေ များလွန်းတာပဲ။ နောက်ဆုံးတစ်ခေါက်တုန်းက မင်းကို ငါပြောတဲ့ အစီအစဉ်ကြီးဆိုတာက သဲလွန်စတွေအားလုံးရရင် မင်းကို သေချာပြောပြမယ် ”

ပြောပြီးသည်နှင့် ခေါင်းဆောင်က သီးသန့်ခန်းထဲမှ အလျင်အမြန် ထွက်သွားသည်။ အဆောက်အအုံအပြင်ဘက်သို့ သူ ရောက်သောအခါ ပန်းသီးတစ်လုံးကို ထုတ်၍ တစ်ကိုက် ကိုက်လိုက်သည်။ သူ့စိတ်ထဲ တည်ငြိမ်သွားပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ အဲဒီကလေးလုပ်တာ မဟုတ်လောက်ဘူး။ ငါပဲ လုပ်ခဲ့တာလား။ အာ … ငါ လုပ်ခဲ့တာနေမှာပါ ”

ခေါင်းဆောင်သည် စိတ်အေးသွားပြီး ယင်းအချက်မှာ ဆီလျော်သည်ဟု ခံစားလိုက်ရသည်။ အထက်လူကြီးတစ်ယောက်အနေဖြင့် အဓိကလက်သည်ဆိုသောဂုဏ်ပုဒ်မှာ သူတစ်ယောက်တည်းနှင့်သာ လိုက်ဖက်သည် မဟုတ်ပါလား။

သီးသန့်အခန်းထဲ၌ ရွှီချင်းသည်လည်း သက်ပြင်းချကာ စိတ်ထဲ တည်ငြိမ်သွားသည်။

“ ခေါင်းဆောင် နောက်ထပ် သံသယမဝင်လောက်တော့ဘူး ”

ရွှီချင်းသည် ကျေနပ်စွာဖြင့် အိပ်မက်စေရာစားသောက်ဆိုင်မှ ထွက်ကာ ဆိပ်ကမ်းသို့ ပြန်သွားသည်။ သူက သင်္ဘောပေါ်တွင် ဆက်လက်ကျင့်ကြံနေရင်း ခေါင်းဆောင် ပြောခဲ့သည့် မဟာအစီအစဉ်ကိုလည်း စောင့်မျှော်နေသည်။ သူစောင့်နေစဉ်အတောအတွင်း အချိန်များ တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။

မကြာခင် တစ်လတင်းတင်း ပြည့်သွားပြီဖြစ်သည်။

ထိုတစ်လအတွင်း ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားက စစ်ပွဲမှာ အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

မရေမတွက်နိုင်သော မျိုးနွယ်များက ထိုစစ်ပွဲကို စောင့်ကြည့်နေကြပြီဖြစ်သည်။ ယင်းမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရံကျွန်းနှစ်ကျွန်းကို သိမ်းပိုက်ပြီးနောက် ချီရွှဲ့ထုံဂိုဏ်းမှာ အတားအဆီးများ မရှိတော့သဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မကျွန်းကြီးကို စတင်တိုက်ခိုက်နေပြီဖြစ်သောကြောင့်ပင်။

ချီရွှဲ့ထုံဂိုဏ်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မနယ်မြေကြီးပေါ်သို့ ခြေလှမ်းစရန် ကြိုးစားနေလေပြီ။

ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ပြတိုက်ကြီးမှာလည်း ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကျန်းစန်းသည် နှာခေါင်းကြီးနှစ်ခုကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ပြီး အကောင်းပကတိအတိုင်း ဖြစ်သွားသည်။ နှာခေါင်းအောက်တွင် မီးများကို တစ်နှစ်ပတ်လုံး ထွန်းညှိထားသည်။

ဘိုးဘေး၏ လက်ရေးမူကိုမူ အပေါ်တွင် ချိတ်ဆွဲထားသည်။

ပြတိုက်ဖွင့်ပွဲသည် ချီရွှဲ့ထုံတစ်ဂိုဏ်းလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။ စစ်မြေပြင်ကို ရောက်နေသော ဘိုးဘေးနှင့် တခြားလူများသည်လည်း အဆက်မပြတ် ချီးကျူးစကားများ ဆိုလေသည်။ တခြားမျိုးနွယ်များမှာ တုန်လှုပ်ချောက်ချားသွားပြီးနောက် မလာကြည့်ရမနေနိုင်အောင် ဖြစ်သွားကြသည်။

မကြာခင် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ လာရောက်လည်ပတ်ကြသည့်လူများဖြင့် အလွန် စည်ကားသက်ဝင်လာသည်။ ကျန်းစန်း ပြောသည့်အတိုင်း ဂိုဏ်းက ပြတိုက်ကို စောင့်ကြပ်ရန် အစီအစဉ်များ ချမှတ်ပေးလိုက်သည်။

ဂိုဏ်းကို စောင့်ကြပ်နေသော ရွှေအမြုတေအဆင့်အကြီးအကဲများသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပြတိုက်ကို ကာကွယ်ပေးရမည်ဆိုသည့် ဘိုးဘေး၏ အမိန့်များကို လက်ခံရရှိလိုက်သည်။

တချိန်တည်းမှာပင် ထိုကဲ့သို့ အောင်မြင်မှုကြီးအား စွမ်းဆောင်ခဲ့သည့် ရွှီချင်းနှင့် ချန်အားညိုတို့ကို ဘိုးဘေး၏ အမိန့်ဖြင့် ပထမတစ်သုတ် ဆုချီးမြှင့်လိုက်သည်။

“ ချန်အားညိုနဲ့ ရွှီချင်းတို့ကို ချီရွှဲ့ထုံဂိုဏ်းရဲ့ ဒီနှစ်မျိုးဆက်က ဂုဏ်ထူးဆောင်ဂိုဏ်းသားတွေအဖြစ် ဘွဲ့တံဆိပ်အပ်နှင်းလိုက်တယ်။ ချန်အားညိုရဲ့ ဆက်ခံသူအဆင့်ကို တိုးမြှင့်လိုက်သလို ရွှီချင်းကိုလည်း ဆက်ခံသူစာရင်းထဲ ထည့်သွင်းလိုက်တယ် ”

“ နှစ်ယောက်လုံး ချီရွှဲ့ထုံဂိုဏ်းရဲ့ ဓမ္မရတနာကို သုံးခါအသုံးပြုခွင့်ရမယ် ”

“ စစ်ပွဲကြီးပြီးရင် ရွှေအမြုတေအဆင့်အခွင့်အရေးကို ချီးမြှင့်မယ် ”

“ ဒါက ပထမတစ်သုတ် ဆုချီးမြှင့်ခြင်းပဲ။ စစ်ပွဲကြီးပြီးရင် စွမ်းဆောင်မှုကိုလိုက်ပြီး ထပ်မံချီးမြှင့်မယ် ”

ဘိုးဘေး၏ အမိန့် ပျံ့နှံ့သွားသည်နှင့် ချီရွှဲ့ထုံတစ်ဂိုဏ်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ တစ်ဖက်တွင် ဆက်ခံသူအဆင့်ဖြစ်ပြီး တခြားတစ်ဖက်တွင် ဂုဏ်ထူးဆောင်ဂိုဏ်းသား ဖြစ်သည်။

အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်းထဲရှိ လူအားလုံး ‘ ဂုဏ်ထူးဆောင်ဂိုဏ်းသား ’ ဆိုသည့်အခေါ်အဝေါ်ကို အစိမ်းသက်သက်ဖြစ်နေကြသည်။ ယခုအချိန်မတိုင်ခင်အထိ ထိုကဲ့သို့ အခေါ်အဝေါ်မျိုး ချီရွှဲ့ထုံဂိုဏ်းတွင် မသုံးခဲ့ပေ။

သို့သော်လည်း မကြာခင်မှာပင် ဂုဏ်ထူးဆောင်ဂိုဏ်းသား၏ အဓိပ္ပာယ်ကို သူတို့ သိသွားကြသည်။

ယင်းမှာ ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ နှာခေါင်းကို လာကြည့်ကြသည့် ဧည့်သည်များကို ဧည့်ခံရန် တောင်ခုနစ်လုံး၏ တောင်သခင်များကိုယ်စား ခန့်အပ်လိုက်ခြင်း ဖြစ်ပေသည်။

All Chapters