မီးမွှေးရန် အခက်တွေ့ခြင်း
Vol. 23 Ch. 344
“ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်”
ချန်ရှောင်ယန်နှင့် အာနယ်လ်တို့က ပြိုင်တူ ပြောလာသည်။ နှစ်ယောက်လုံး မသိမသာ အံ့ဩသွားပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ အခြေအနေက အနည်းငယ် ထူးဆန်းလာ၏။
[အာ သေပြီ၊ ဒါ ယမ်းနံ့တွေကို အနံ့ရနေသလိုမျိုးပဲ၊ ငါ ဝိုင်အတွက် ဝမ်းနည်းမိပြီ]
[ဒေါသဒီရေ တိုးလာပြီ၊ ဒေါသ ဒီရေ တိုးလာပြီ၊ အား … တရုတ်လူမျိုး တစ်ယောက်အနေနဲ့ ငါ ချန်ရှောင်ယန် ဘက်က ရပ်တည်တယ်]
[ငါက အာနယ်လ်ရဲ့ဘက်မှာ နေမယ်၊ အဲ့လှတဲ့ အမေရိကန်သူလေးကိုသာ သူ ရနိုင်ရင် ဝိုင်တော့ တအား ကံကောင်းတာပဲ]
[သူက အကုန် သိမ်းမှာ၊ သူက အားလုံးကို သိမ်းပြီး နိုင်ငံတကာ ဆက်ဆံရေး ထူထောင်မှာကွ၊ ငါတော့ ဝိုင်ရဲ့ မိန်းမနဲ့ ပတ်သက်ပြီး ကံကောင်းတာကို အားကျတယ်ကွာ]
…
ရဲ့လင်းချန်က နှာခေါင်းကိုပွတ်၍ ပြောလိုက်သည်။
“မလိုက်နဲ့၊ အဲ့ဒါက တော်တော် ဝေးတယ်၊ ပြီးတော့ မှောင်လာပြီ၊ မင်းတို့ ငါနဲ့ မလိုက်သင့်ဘူး၊ မလုံခြုံဘူး”
“ဒါ … ပြီးရောလေ၊ အဲ့ဒါဆို သတိထားဦး”
ချန်ရှောင်ယန်က နှုတ်ခမ်းကိုက်၍ ခေါင်းညိတ်လိုက်သည်။
အားလုံးက တဖြည်းဖြည်း ဝေးသွားသော ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်နေကြသည်။ သူတို့ မျှော်လင့် စောင့်စားစိတ်တို့ ထက်သန်နေ၏။
*အဲ့လို ထောင်ချောက်မျိုးက တကယ်ပဲ ရစ်ငှက်တွေကို ဖမ်းနိုင်မှာလား*
ထိုအချိန်တွင် ရဲ့လင်းချန်က တောနက်ထဲသို့ တစ်ကိုယ်တည်း ဝင်သွားသည်။ သို့သော် သူက ထောင်ချောက် ရှိရာသို့ တန်းမသွားဘဲ တစ်ဖက်လှည့်၍ ပိုနက်သော နေရာသို့ လျှောက်သွားလေသည်။
ဤနေရာ၌ ရစ်ငှက်များ ရှိလျင် ရစ်ငှက်ကို ကြိုက်သော အခြား တိရစ္ဆာန်များလည်း ရှိနိုင်ချေ ရှိသည်။ ဥပမာအားဖြင့် … ရစ်ငှက်စားသော တိရစ္ဆာန်များပင်။
ယေဘုယျအားဖြင့် လူစုသွားခြင်းက အန္တရာယ်နှင့် ကြုံတွေ့နိုင်သည့် အခွင့်အရေးကို နည်းစေနိုင်သည်။ သို့သော် တစ်ခါတစ်ရံ၌ တစ်ကိုယ်တည်း နောက်၌ ကျန်ရစ်ခဲ့မည့် အဖြစ်များကိုလည်း ရှောင်လွှဲမရနိုင်ပေ။ ထိုသို့ဖြစ်ခဲ့ပါက မကောင်းသော အဖြစ်အပျက်များ ဖြစ်လာပေလိမ့်မည်။
သူ့လမ်းလျှောက်နှုန်းက မြန်လွန်းလှသည်။ ရိုက်ကူးရေး ဝန်ထမ်းများသာ သူ့နောက် လိုက်လာခဲ့ပါက သေချာပေါက် ကြက်သေ သေသွားလောက်သည်။ ဘာမှမရှိသော တောင်တွင် လမ်းလျှောက်ပါက လူတိုင်း သတိထားကြမှာပင်။ အထူးသဖြင့် ညမှောင်လာချိန်တွင်ပင်။ တစ်ယောက်တည်း လမ်းလျှောက်ခြင်းက အန္တရာယ် များနေပြီ ဖြစ်ပြီး ရဲ့လင်းချန် တောထဲ၌ ဤသို့ လျှောက်သွားနေခြင်းက တော်တော် သတ္တိကောင်းကြောင်း ပေါ်လွင် နေ၏။
ထို့အပြင် ရဲ့လင်းချန်၏ လှုပ်ရှားမှုက မျောက်တစ်ကောင်ထက်ပင် ပို၍ ပျော့ပြောင်းသေးသည်။ သူသည် အဝေးမှ မြင်ကွင်းကို ကြည့်နိုင်ရင် နှစ်ချက်၊ သုံးချက်တည်းဖြင့် သစ်ပင်တစ်ပင်ပေါ် တက်နိုင်သည်။
လူမရှိသောကျွန်းတွင် ငှက်များနှင့် ရှဉ့်များစွာ ရှိပြီး သုံးကောင်မှ ငါးကောင်အထိ အဖွဲ့လိုက် သွားလာနေကြသည်။ များစွာသော ရစ်ငှက်များ ပျံနေသည်ကို ရဲ့လင်းချန် မြင်သော်လည်း မည်သည့် ကြမ်းကြုတ်သော သားရဲများ၏ အရိပ်အယောင်ကိုမှ မတွေ့ပါ။
*ငါ အတွေးလွန်သွားတာ ဖြစ်မယ်*
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဆုတ်လာခဲ့သည်။
“ကူးကူးကူး”
ထောင်ချောက်နား နီးလာသောအခါ ဝမ်းနည်းစွာ အော်ဟစ်နေသော ရစ်ငှက်တစ်ကောင်၏ အော်သံကို ကြားလိုက်ရသည်။ ရဲ့လင်းချန်၏ မျက်လုံးများ အရောင်လက်သွားသည်။
*ထောင်ချောက်က အလုပ်ဖြစ်တာပဲ*
သူ အပြေးသွားကြည့်သောအခါ သူ့ထောင်ချောက်ထဲ၌ ရစ်ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက ရဲ့လင်းချန်ကို မြင်သောအခါ သွေးပျက်သွားလေသည်။
သူက ရစ်ငှက်ကို အေးအေးလူလူ သယ်လာပြီး ပြန်လာလိုက်သည်။
“ဒါရိုက်တာ ခင်ဗျား ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ၊ အနည်းဆုံးတော့ ခင်ဗျား ကျုပ်တို့ကို ပျော်ပျော်ရွှင်ရွှင် ပေးကစားသင့်တယ် မဟုတ်လား”
ရဲ့လင်းချန် ရောက်ခါနီးလာသောအခါ တလေ၏ စိတ်ပျက်၍ မခံမရပ်နိုင် ဖြစ်နေသော အသံကို ကြားလိုက်ရသည်။
“တော်တော် လူမဆန်တာပဲ၊ ရိုက်ကူးရေး အဖွဲ့သားတွေက အရမ်းကို လူမဆန်ဘူး”
ရှောင်မို၏ အသံသည်လည်း ပျံ့လွင့်လာ၏။
“မီးခြစ်လေး ငှားရုံပဲလေ၊ အဲ့လောက် တွန့်တိုမနေပါနဲ့”
“လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေက ကင်မရာထဲ မပါအောင် နေရမယ်ဆိုတာ ပြောနေစရာ မလိုဘူးလေ၊ ငါတို့ မင်းတို့ကို ကူညီနိုင်တာ မရှိဘူး”
ကျန်းယုံ၏ အရေးမစိုက်သော အသံ ထွက်လာသည်။ သို့သော် မကြာခင်မှာပင် သူက မကောင်းသော ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသလာသည်။
“မင်းတို့ ငါတို့ဆီက မီးခြစ် မငှားနိုင်တာတော့ မဟုတ်ပါဘူး၊ မင်းတို့ ငါးတစ်ကောင်နဲ့ လဲလို့ရတယ်”
“ဒါရိုက်တာကျန်း၊ ဒါ တော်တော် လွန်သွားပြီ၊ လတ်စသက်တော့ ခင်ဗျားက ကျုပ်တို့ ငါးတွေကို မျက်စိကျနေတာပဲ”
အစ်ကိုယန်သည် ယခုလေးတင် ငါးခြောက်ကောင်လုံးကို သန့်စင်ပြီးသွားခြင်း ဖြစ်ပြီး ချက်ချင်း ဝင်ပြောသည်။
“ငါတို့ မင်းနဲ့ ဘာညှိနှိုင်းမှုမှ မလုပ်ဘူး”
“ဟုတ်တယ်၊ ငါတို့မှာ ငါးက စုစုပေါင်း ခြောက်ကောင်ပဲ ရှိတာ၊ ကိုယ့်ဘာသာတောင် မလောက်တာ၊ ငါတို့ နင့်ကို ပေးဖို့ မဖြစ်နိုင်ဘူး”
အာနယ်လ် ဆူပုတ်လာသည်။
“ဒီရိုက်ကူးရေးအဖွဲ့က ငါတို့ကို ညာစားနေတာ”
“မင်းတို့မှာ မီးမရှိရင် အဲ့ငါးတွေနဲ့ ဘာမှလုပ်လို့မရဘူး၊ ဒီအပေးအယူက မင်းတို့အတွက် အကျိုးဖြစ်မှာ သေချာတယ်”
ကျန်းယုံက စိတ်အားထက်သန်စွာ စည်းရုံးသည်။
သူသည် ငါးကိုကြည့်၍ တံတွေးမျိုချလိုက်သည်။ ငါးရှိနေလျင် ဘယ်သူက ယာဂုကို သောက်ချင်ပါမည်နည်း။
ထိုသို့ အစာမမည်သော အစာလေးနှင့် သူတို့ တစ်ပတ်လုံး ဘယ်လို နေရပါ့မလဲ။
“ကူးကူးကူး”
ရစ်ငှက်၏ အော်သံက လူတိုင်းကို မသိမသာ မှင်တက်သွားစေသည်။ သူတို့ နောက်သို့ ရုတ်တရက် လှည့်ကြည့် လိုက်ကြသည်။
“ရစ်ငှက်ပဲ၊ တကယ် ရစ်ငှက်ပဲ”
တလေက စိတ်လှုပ်ရှားမှုကြောင့် ထခုန်မိသည်။ သူ့မျက်နှာက ချက်ချင်း နီရဲလာပြီး အလွန်အမင်း စိတ်လှုပ်ရှား လာသည်။
“အားးး မစ္စတာဝိုင်၊ ရှင်က သိပ်အံ့ဩဖို့ကောင်းလွန်းတာပဲ”
အာနယ်လ်က တအံ့တဩ အော်ဟစ်၍ သူ့ဆီ လျှောက်လာသည်။
“ဝိုး … ဒီမှာ တကယ်ပဲ ရစ်ငှက်တစ်ကောင် ရှိနေတာပဲ၊ အိမ်က ကြက်ထက် ပိုကောင်းသေးတယ်”
ချန်ရှောင်ယန်က ငှက်ကိုကြည့်၍ ပြောလိုက်သည်။
ငှက်က ကြီးပြီး သန်မာသည်။ ရဲ့လင်းချန်ကြောင့်သာ မဟုတ်လျင် အခြားသူများသည် လူအား အတော်သုံး၍ ဖမ်းရပေမည်။
“အဲ့ … အဲ့ထောင်ချောက်က တကယ်ကြီး ရစ်ငှက်ကို ဖမ်းနိုင်တာပဲ”
ရိုက်ကူးရေး အဖွဲ့သားအားလုံး အံ့ဩသွားကြသည်။ ရဲ့လင်းချန် လက်ထဲက ငှက်ကို ကြည့်ပြီး သူတို့ အောင့်သက်သက် ဖြစ်သလို ခံစားလာရသည်။
ငါးများနှင့် ရစ်ငှက်များကို ဖမ်းနိုင်စွမ်း ရှိခြင်းက အံ့ဩစရာ ကောင်းလွန်းလှသည်။ တစ်ဖက်တွင်မူ ရိုက်ကူးရေး အဖွဲ့သားများသည် သူတို့၏ ယာဂုနှင့် ပြောင်းဖူးတို့ကို ကိုင်၍ သနားစရာပုံ ပေါက်နေ၏။
“ဟုတ်တယ်၊ ရစ်ငှက်တွင် မဟုတ်ဘူး၊ ငါ သွားရင်းနဲ့ သစ်သီးတစ်ချို့လည်း ကောက်လာခဲ့တယ်၊ ဒီအသီးတွေက တော်တော်ကောင်းတယ်၊ အားလုံးက သဘာဝအတိုင်း ပေါက်နေတာ၊ နည်းနည်းတော့ ချဉ်နိုင်ပင်မယ့် အစားမစားခင် ဒါကို စားထားသော အစာ ချေဖျက်အား ကောင်းတာပေါ့”
ရဲ့လင်းချန်က အသီးများကို အာနယ်လ်နှင့် အခြားသူများကို ခွဲဝေပေးလိုက်သည်။
“ဝိုး … အသီးတွေတောင် ပါတာလား”
အာနယ်လ်၏ မျက်လုံးများ အရောင်တောက်လာသည်။ သူမ တော်တော်လေး အံ့ဩမိနေ၏။
အားလုံးက ဆာနေပြီဖြစ်သဖြင့် အသီးတစ်ချို့ဖြင့် အရင် ဗိုက်ဖြည့်ထားခြင်းက အဆင်ပြေလေသည်။
တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်နေသူများ နားဝေတိမ်တောင် ဖြစ်နေကြသည်။
[ရစ်ငှက်တက္ကသိုလ်ကနေ ဘွဲ့ရလာတဲ့ ပရော်ဖက်ရှင်နယ် အမြင်အရ ပြောရရင် ဒါက ရစ်ငှက်ပဲ၊ တကယ်ကြီးကို ရစ်ငှက် အစစ်ပဲ]
[ငါက ရစ်ငှက် မွေးမြူရေးသမားတစ်ဦးပဲ၊ ငါ ရစ်ငှက်တွေကို သက်မွေးမှုလုပ်ငန်းအနေနဲ့ လုပ်လာတာ နှစ်နှစ်ဆယ် ရှိပြီ၊ ဝိုင်က ဒီတစ်ခါ တကယ့် ရစ်ငှက်အစစ်ကို ဖမ်းမိလာတာပဲ၊ မင်းတို့ ဒါမျိုး စားချင်တယ်ဆိုရင် ငါ့ ပရိုဖိုင်ပုံကို နှိပ်လိုက်ပါ …]
[ဝိုင်က အံ့ဩဖို့ ကောင်းလွန်းတာပါ၊ သူက ရိုးရှင်းတဲ့ ထောင်ချောက်လေးတစ်ခုကို သုံးပြီး ရစ်ငှက်ကို ဖမ်းနိုင်စွမ်း ရှိတယ်၊ ငါတို့ မဖြစ်မနေ တတ်ရတဲ့ ၉ နှစ်တာ ပညာရေးကို တန်းတူ တက်လာခဲ့တာပါပဲ၊ ဘာလို့ မင်းက အဲ့လောက် အံ့ဩဖို့ကောင်းနေရတာလဲ]
[သူက ရစ်ငှက်ကို မိအောင်ဖမ်းနိုင်ရုံတင် မကဘဲ အသီးတွေပါ ကောက်လာလိုက်သေးတယ်၊ မဟုတ်မှလွဲရော ဝိုင်က တောတွင်းလူသားများလား၊ ပြီးတော့ တောက သူ့အိမ်များလား]
[သူ့လိုလူမျိုးက ပြီးပြည့်စုံဆုံးသော ချစ်သူကောင်လေးမျိုးပဲ၊ သူက ဘာမဆို လုပ်နိုင်တယ်၊ စံချိန်စံနှုန်း အမြင့်ဆုံး ယောက်ျားတစ်ယောက်ပဲ]
…
“ငါတို့မှာ ရစ်ငှက်ရှိနေပြီဆိုတော့ ငါးတစ်ကောင်နဲ့ မီးနဲ့ လဲကြမလား”
တလေက မနေနိုင်ဘဲ အကြံပြုလေသည်။ ပူးပေါင်းရုံမှလွဲ၍ အခြားနည်းလမ်း မရှိပေ။
“ဟားဟား ဟုတ်တယ်၊ မီးက အရေးကြီးဆုံးအရာပဲ”
ကျန်းယုံက အလွန် ကျေနပ်သော အမူအရာဖြင့် ပြုံးနေသည်။
“အာ … ရှင် တကယ် အပေးအယူ လုပ်မလို့လား၊ နစ်နာသလို ခံစားရတယ်၊ ကျွန်မတော့ သိပ်စိတ်မပါဘူး”
အာနယ်လ်က ငါးကို စိုက်ကြည့်၍ ဆူပုတ်နေသည်။ သို့သော် …
“နေပါဦး”
ရဲ့လင်းချန်၏ စကားက လူတိုင်းကို မသိမသာ အံ့ဩသွားစေသည်။
“ငါတို့ ဘာကိုမှ အလဲအလှယ် လုပ်မှာ မဟုတ်ဘူး”
“ဝိုင် မင်းမှာ ဘာမီးမှမရှိရင် ဘာမှ စားလို့မရနိုင်ဘူး”
ကျန်းယုံက ဆက်၍ ဆွဲဆောင်သည်။
“ရိုက်ကူးရေး အဖွဲ့သားတွေ ဒါကို စိုးရိမ်စရာ မလိုပါဘူး”
ရဲ့လင်းချန်က အသာပြုံး၍ အနီးဝန်းကျင်မှ သစ်ရွက်ခြောက်များကို အေးအေးလူလူ ကောက်လေသည်။ ထို့နောက် လဲနေသော အပင်တွင် လက်ဝါး အရွယ်အစား အပေါက်တစ်ပေါက် ဖောက်ကာ သစ်ရွက်ခြောက်များ ထည့်လိုက်သည်။
“ဒါက …”
တလေ မျက်လုံး ပြူးသွားသည်။
“ညီလေးဝိုင် မင်း လက်နဲ့ မီးတောက်အောင် လုပ်ဖို့ ပြင်နေတာလား”
“သမိုင်းထဲက လက်နဲ့ မီးမွှေးတာကို ပြောတာလား၊ အဲ့ဒါ တကယ် ဖြစ်နိုင်လို့လား”
ရှောင်မို၏ မျက်လုံးတွင် စိတ်ဝင်စားဟန်တို့နှင့် ပြည့်နှက်လာသည်။
“မီးဆိုတာ မိုးကြိုးပစ်ခံလိုက်ရတဲ့ သစ်ပင်တွေကနေ စပေါ်လာတာလေ၊ အဲ့အချိန်ကစပြီး လူသားတွေက မီးနဲ့ အစားအသောက်တွေကို ချက်ဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ သူတို့တွေက မိုးကြိုးအပေါ် အရမ်း မှီခိုလွန်းတယ်၊ နောက်တော့ ငါတို့ လူသားဘိုးဘေးတွေက လက်နဲ့ပွတ်ပြီး မီးကို ဖန်တီးတဲ့နည်းကို တီထွင်ခဲ့ကြတယ်၊ အဲ့အချိန် ကစပြီး သူတို့ လျှပ်စီးနဲ့ မိုးကြိုးအပေါ် မှီခိုတာကို စွန့်လွှတ်လိုက်ကြတယ်၊ သစ်သားချောင်းကို လက်နဲ့ပွတ်ပြီး မီးကို ဖန်တီးတာက စာတွေ့အရရော လက်တွေ့အရပါ ဖြစ်နိုင်ချေ များတယ်”
ရဲ့လင်းချန်၏ စကားက လူတိုင်းကို ခေါင်းညိတ်သွားစေသည်။
*ငါ မင်းပြောနေတဲ့ စကားတစ်ခွန်းမှကို နားမလည်ပင်မယ့် မင်းက ပြောတာမို့လို့ နားလည်ချင်ယောင် ဆောင်ရမယ်*
…