ဖီးနစ်ငှက်နှစ်ကောင်၏ အလွမ်းဇာတ်ခန်း
Vol. 19 Ch. 280
ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသည်မှာ ချီရွှဲ့ထုံဂိုဏ်းကို ကိုယ်စားပြုသည့်ပုဂ္ဂိုလ်ဖြစ်သည်။
ထိုသို့ဖြင့် ချီရွှဲ့ထုံဂိုဏ်းသို့ အလည်အပတ်လာကြသည့် လူသားမဟုတ်သော မျိုးနွယ်ဝင်များအားလုံး ရွှီချင်းနှင့် ခေါင်းဆောင်ကို မြင်ကြရမည်ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်သည့်အခါတိုင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အရှက်ခွဲခံခဲ့ရသည့်ကိစ္စကို မှတ်မိကြမည်ဖြစ်သည်။
နောက်ရက်များအတွင်း လူသားမဟုတ်သောမျိုးနွယ်ဝင် အများအပြား ရောက်ရှိလာခြင်းကြောင့် ခေါင်းဆောင်နှင့် ရွှီချင်းတို့မှာ အလုပ်ရှုပ်နေတော့သည်။
ယခု ဆည်းဆာနေဝင်ချိန်၌ ရွှီချင်းသည် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) တွင် ရပ်၍ ရောက်လာမည့်လူသားမဟုတ်သောမျိုးနွယ်ဝင်များကို တိတ်ဆိတ်စွာ စောင့်နေသည်။
ပုစွန်ဆီရောင်အလင်းတန်းများအောက်၌ မိစ္ဆာဆန်ဆန်ချောမောသော သူ့ရုပ်ရည်သွင်ပြင်သည် သက်ရှိအရာခပ်သိမ်းကို ညှို့ငယ်ဖမ်းစားနိုင်စွမ်းအပြည့်ရှိနေည်။ ပင်လယ်လေပြေတစ်ချက် ဆော်သွေးတိုက်ခတ်လာ၍ သူ့နဖူးပေါ်ရှိ ဆံပင်ရှည်များက အေးစက်စက်အငွေ့အသက်များနှင့် စိတ်မရှည်ခြင်းများကို ကွယ်ဝှက်၍ အနက်ရောင်ကန့်လန့်ကာအလား တဖျပ်ဖျပ်လွင့်သွားသည်။
ယင်းသည် ဘိုးဘေး၏ ခန့်အပ်ခြင်း ခံရပြီးကတည်းက လဝက်အတွင်း ရွှီချင်း ကြိုဆိုခဲ့ရသည့် သတ္တမမြောက်လူသားမဟုတ်သော မျိုးနွယ်ဝင်အသုတ် ဖြစ်သည်။
သို့သော်လည်း ရွှီချင်းမှာ ထိုသို့နေရသည်ကို အသားမကျသေးပေ။ ထိုတာဝန်ကို သူ ရှောင်သွားချင်နေသည်။
လူအများနှင့် ထိတွေ့ဆက်ဆံရသည်ကို သူ စိတ်မသက်မသာ ခံစားနေရ၏။ သို့သော် ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသည့် ဘာမှမဟုတ်သော ဂုဏ်ပုဒ်သည်လည်း သူ့အတွက် အကာအကွယ်တစ်ခု ဖြစ်နေသည်ကို သူ နားလည်သည်။
ထိုအရေးမပါသော ဂုဏ်ပုဒ်က အတွင်းထဲ လှိုက်စားနေသည့် စိတ်ယုတ်များကို ဖယ်ရှားပေးသည်။ ယင်းဂုဏ်ပုဒ်အရ သူက ချီရွှဲ့ထုံဂိုဏ်းကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။
သို့သော် ယင်းအတွက်ကြောင့် အန္တရာယ်ဖြစ်လာလျှင်လည်း အလွန်ကြီးမားသော အန္တရာယ်သာ ဖြစ်မည်မှာ သေချာသည်။
‘ ဆက်ခံသူ ’ ဆိုသည့်အမည်နာမတစ်ခုလည်း ရှိသေးသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ဆက်ခံသူဆိုသည့် အမည်နာမနှင့် ခပ်ဆင်ဆင်စကားတစ်ခုကို သူ ကြားခဲ့ဖူးသည်။ ယခုဖြစ်ရပ်မတိုင်ခင်က တောင်သခင်ကြီးခုနစ်ပါး၏ တပည့်ရင်းများသည်သာ ဆက်ခံသူစာရင်းထဲတွင် ပါဝင်နိုင်သည်။
ဂိုဏ်းသားတစ်ယောက်က ဆက်ခံသူစာရင်းထဲ ပါဝင်သွားသည်နှင့် မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ဆက်ခံသူစာရင်းထဲမှ ဂိုဏ်းသားများအားလုံး အနာဂတ်တောင်သခင်နေရာများအတွက် တိုက်ခိုက်ရမည်ဖြစ်သည်။
ဆက်ခံသူစာရင်းထဲရှိ ဂိုဏ်းသားများအား ဆက်ဆံပုံက သာမန်ဂိုဏ်းသားများကို ဆက်ဆံပုံနှင့် မတူညီပေ။ ရွှီချင်းတစ်ယောက်တည်းသာ တောင်သခင်၏ တပည့်မဟုတ်ဘဲ ဆက်ခံသူစာရင်းထဲ ပါဝင်သည့်လူဟု ပြောနိုင်သည်။
" ချန်အားညိုရဲ့ ဆက်ခံသူအဆင့်ကို မြှင့်တင်ပေးလိုက်တယ်ဆိုတော့ ခေါင်းဆောင်က အကြီးဆုံးအစ်ကို ဖြစ်လောက်တယ် "
ယခုတွင် ရွှီချင်း သေချာသွားပြီဖြစ်သည်။ သို့သော် ခေါင်းဆောင်၏ နောက်ကွယ်၌ ထို့ထက်ပင် ပို၍ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေနိုင်ကြောင်း သူ ဝိုးတဝါး ခံစားမိနေသည်။
ထိုအတွေးနှင့်အတူ ရွှီချင်းမှာ ဆက်ခံသူစာရင်းထဲ ပါဝင်သွားသည်ကို သဘောမကျပါသော်လည်း ဘိုးဘေး၏ ခန့်အပ်ခြင်းကို ငြင်းပယ်ရန် ခက်ခဲပေသည်။
" သူတို့ ဘာလို့ အခုထိ မရောက်သေးတာတုံး "
ပင်လယ်လေပြေ၏ စေစားရာ လွင့်နေသော ဆံပင်ရှည်များက သူ့မျက်ခုံးမွေးများပေါ် ကျဆင်းကာ သူ့အတွေးများကို ဟန့်တားနေသည်။ သူသည် ပို၍ပင် စိတ်မရှည်ဖြစ်နေဟန်ဖြင့် ပင်လယ်ကို ကြည့်လိုက်သည်။
" ဂိုဏ်းတူအစ်ကိုရွှီ … ကြယ်ငါးမျိုးနွယ်က လူတိုင်းက ကျောတွေပေါ်မှာ ကြယ်ငါးတွေကို မွေးမြူတယ်လို့ ကျနော်ကြားတာ။ အဲဒါကြောင့် သူတို့က နေရောင်ကို သဘောမကျဘဲ ညနေစောင်းမှပဲ ရောက်လာမှာတဲ့ "
ဤနေရာတွင် ရွှီချင်း တစ်ယောက်တည်း မဟုတ်ပေ။ သူ့နောက်၌ ဂိုဏ်းသားနှစ်ဆယ်ကျော် ရှိသည်။ ယင်းဂိုဏ်းသားများကို ခေါင်းဆောင် စီစဉ်ပေးထားခြင်း ဖြစ်သည်။ ခေါင်းဆောင်မှာ သူ့ထက်ပင် ဘိုးဘေး၏ ခန့်အပ်ခြင်းအပေါ် ပို၍ စိတ်အားထက်သန်နေသည်။
ခေါင်းဆောင်က ဂိုဏ်းသားအများအပြားကို သူတို့နှင့်အတူ ပူးပေါင်းရန် ခေါ်ခဲ့သည်။ တချိန်တည်းမှာပင် ရွှီချင်းသည် ခေါင်းဆောင်၏ ဝှက်ဖဲဖြစ်လာခဲ့သည်။ ဧည့်သည်များက အမျိုးသမီးများသာ ဖြစ်ပါက ခေါင်းဆောင်က ရွှီချင်းကို ချက်ချင်း သွားစေလိုက်သည်။
ရွှီချင်းကို တွေ့လိုက်သည့်အခါတိုင်း ဘိုးဘေးရုပ်အလောင်း၏ နှာခေါင်းကို လာကြည့်ကြသည့် ထိုလူသားမဟုတ်သော အမျိုးသမီးများ မှင်တက်သွားကြရပြီး သူ့အကြောင်းကို စပ်စုတတ်ကြသည်။
အစက ထိုအစီအစဉ်ကို ရွှီချင်း ငြင်းဆန်ချင်သော်လည်း အကြိမ်အနည်းငယ်သာ အပြင်ထွက်ရသည်ဖြစ်၍ လက်ခံလိုက်သည်။
သို့သော်လည်း ခေါင်းဆောင်က ရွှီချင်း တစ်ယောက်တည်း ဖြစ်နေမည်ကို စိတ်ပူနေပုံရသည်။ ထို့ကြောင့် သူက ချင့်ချိန်တွေးတော၍ ရွှီချင်း၏လက်ထောက်အနေဖြင့် ရင်းနှီးသော ဂိုဏ်းသူနှစ်ယောက်ကို စီစဉ်ပေးလိုက်သည်။
တစ်ယောက်မှာ ကူးမုချင်း ဖြစ်သည်။
ကူးမုချင်းသည် ချိုသာယဉ်ကျေးစွာ ပြောဆိုတတ်သူဖြစ်သည်။ မျက်နှာလေးက ချောမွတ်နေပြီး ခွက်ထဲတွင် ထည့်ထားသော ကြာပန်းတစ်ပွင့်ပမာ လှပသူလေးဖြစ်သည်။
ထိုစဉ် သူမ၏နှုတ်ခမ်းထောင့်စွန်းတွင် ခပ်ယဲ့ယဲ့ အပြုံးတစ ပေါ်လာသည်။ သူမ၏မျက်နှာပေါ်မှ ရိုးသားဖြူစင်သောအရိပ်အယောင်အနည်းအကျဉ်းကြောင့် ထိုသို့ပြုံးလိုက်ခြင်းသည် သူမကို ပို၍ပင် စွဲမက်ဖွယ်ကောင်းသွားစေပြီး မြင့်မားသောအရပ်အမောင်းနှင့် လိုက်ဖက်ညီစွာ လိမ္မော်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်ဖြစ်၍ တစ်ကိုယ်လုံး တဖျပ်ဖျပ်ဝင်းလက်နေသည့်အလား ထင်ရပေသည်။
" အစ်ကိုရွှီ … ကြယ်ငါးမျိုးနွယ်က နည်းနည်းတော့ လွန်နေပြီနော်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ အခုလေးတင် ခုနစ်ဂိုဏ်းမဟာမိတ်ကနေ ညီမ ထောက်ခံချက်ရထားတာ။ စစ်ပွဲကြီးပြီးရင် ကြယ်ငါးမျိုးနွယ်ကိုသွားပြီး အပင်နဲ့အသီးအရွက်တာအိုကို ညီမ သွားသင်ရမှာ။ အဲဒီအခါကျရင် အဲဒီကြယ်ငါးမျိုးနွယ်ကို အစ်ကို့ကို တောင်းပန်ခိုင်းမယ် ”
" အစ်ကိုရွှီ … အခုတလော ညီမ ဉာဏ်အလင်းပွင့်သလို ခံစားနေရလို့ ညီမကို စစ်ဆေးကြည့်ပေးပါလားဟင် "
ကူးမုချင်း၏စကားကို ကြား၍ တင်းရွှယ်သည် ရှေ့တက်လာကာ ရွှီချင်းကို ပြောလိုက်သည်။ သူမက ဝိညာဉ်လက်မှတ်တစ်ထပ်နှင့် ကျောက်စိမ်းပေလွှာတစ်ခုကိုလည်း ထုတ်လိုက်သည်။
သူမသည် တောက်ပစွာ ပြုံးနေသည်။ သူမ၏လက်သွယ်သွယ်လေးများသည် နှင်းပွင့်ထက်ပင် ပို၍ ဖြူဆွတ်နေပြီး ပိတုန်းရောင်ဆံပင်များက မိုးသားတိမ်စိုင်များထက်ပင် ပို၍ ထူထပ်နေသည်။ ရှည်လျားသွယ်စင်းသော နှာတံလေးအောက်ရှိ နှင်းဆီဖူးလေးသဖွယ် ပါးစပ်လေးက အနည်းငယ် ပွင့်ဟနေသည်။
သူမ၏အသံသည် ကြားရသူအဖို့ နားဝင်ချိုစေပြီး ချစ်စဖွယ်ကောင်းသောခံစားချက်ကို ခံစားလိုက်ကြရမည်ဖြစ်သည်။ သို့သော် သူမ၏မျက်လုံးလေးများသည် တဖျပ်ဖျပ်တောက်ပနေပြီး တစ်ချက်ကြည့်မိရုံဖြင့် ထိုမျက်ဝန်းများမှ မခွာနိုင်အောင် ဖြစ်နေမည် ဖြစ်သည်။
တင်းရွှယ်သည် ရွှီချင်းအတွက် ခေါင်းဆောင် စီစဉ်ပေးလိုက်သော ဒုတိယလက်ထောက်ဖြစ်သည်။
ထိုအမျိုးသမီးနှစ်ဦးသည် ရွှီချင်းဘေးတွင် ရပ်နေကြသည်။ သူတို့သည် မက်မန်းပွင့်များပမာ ဆင်တူပြီး ကိုယ်စီ အရည်အချင်းများ ရှိကြသည်။
သူတို့သုံးယောက်နောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားသုံးဆယ်ရှိပြီး ထိုဂိုဏ်းသားများထဲတွင် ကျောက်ကျုံးဟန်လည်း ပါဝင်သည်။
ကျောက်ကျုံးဟန်သည် ပြီးခဲ့သည့်လဝက်အတွင်း အပြုံးကို ဆင်မြန်းကာ သက်ပြင်းများ မရေမတွက်နိုင်လောက်အောင် ချနေရသည်။ ဘေးပတ်လည်ရှိ ဂိုဏ်းသားများမှာမူ ရွှီချင်းကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။
ပြီးခဲ့သည့်လဝက်က ကူးမုချင်းနှင့် တင်းရွှယ်တို့မှာ အချင်းချင်းတည့်ကြပုံရပါသော်လည်း အမှန်စင်စစ် သူတို့ကြားရှိ ပဋိပက္ခလေးများ တဖြည်းဖြည်း သိသာလာသည်။
ဥပမာအနေဖြင့် ယခုအချိန်တွင် ကူးမုချင်းသည် တင်းရွှယ်ကို လှမ်းကြည့်လိုက်သည်။
တင်းရွှယ်သည် ဘေးသို့ ရှောင်ဖယ်မသွားဘဲ လှပသော မျက်ခုံးမွေးများကို ပင့်၍ ခပ်တင်းတင်းကြည့်လိုက်သည်။
" အစ်မကူးရယ် … ကြယ်ငါးမျိုးနွယ်မှာ တခြားအကြောင်းအရင်း ရှိနေရင်တောင် သူတို့ကိစ္စပဲမလား။ ညီမကို စောင့်ခိုင်းတာ ဘာမှမဖြစ်ပါပေမဲ့ အစ်ကိုရွှီချင်းကို စောင့်ခိုင်းတာကျ ညီမ မခံစားနိုင်ဘူး။ အစ်ကိုရွှီချင်းက ပင်ပင်ပန်းပန်းလေ့ကျင့်ပြီးတော့ သူတို့ကို လာစောင့်နေရတယ်။ သိပ်တရားလွန်တာပဲရှင် "
ကူးမုချင်း၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အမြဲတစေ လှပကြော့ရှင်းစွာ နေလေ့ရှိသော ကူးမုချင်းသည် ပြီးခဲ့သည့်လဝက်အတွင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ သူမသည် စကားကောင်းကောင်း မပြောတတ်ပေ။ တင်းရွှယ်၏စကားများကို ကြားလိုက်ရသည့်အခါတိုင်း တင်းရွှယ်ကို ‘ ခွးမ ’ ဟူ၍သာ ဆဲချင်နေခဲ့၏။
" တင်းရွှယ်၊ နင် င့ါကို အမြဲတမ်း အစ်မလို့ခေါ်နေတာပဲ။ ငါက ဒီနှစ်မှ ဆယ့်ခုနစ်နှစ် ပြည့်မှာ။ နင်ကော ဘယ်လောက်အသက်ရှိပြီတုံး "
တင်းရွှေ၏ မျက်လုံးများ အနည်းငယ် နီမြန်းသွားပြီး ခေါင်းလေးငုံ့၍ ချိုသာစွာ ပြောလိုက်သည်။
" အစ်မကူး၊ ရွှယ်အာ မှားသွားတယ်။ ညီမက အပြောအဆိုမတတ်ဘူး။ အစ်မကူးကို အပြစ်လုပ်မိသလို ဖြစ်သွားရင် ဗွေမယူပါနဲ့နော်။ အစ်ကိုရွှီချင်းအတွက် စိတ်တိုလို့ ပြောမိသွားတာပါ "
ကူးမုချင်း၏ နဖူးကြောများ ထောင်ထလာပြီး အနည်းငယ် အသက်ရှူမြန်သွားသည်။
သူတို့နောက်မှ ဂိုဏ်းသားများအားလုံး တင်းရွှယ်၏ နောက်ကျောကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ကြသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်စီ၏ မျက်လုံးများထဲတွင် တင်းရွှယ်ကို လေးစားသည့်အရိပ်အယောင်များ မြင်နိုင်သည်။
ယင်းမှာ အပြတ်အသတ် အနိုင်ယူသွားခြင်း ဖြစ်ပေသည်။
ရွှီချင်းသည် တင်းရွှယ်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ပြီးနောက် ကူးမုချင်းကို ကြည့်လိုက်ပါသော်လည်း ဘာမှမပြောပေ။ ထိုအတောအတွင်း အနှီမိန်းကလေးနှစ်ယောက်မှာ အလွန်ထူးဆန်းစွာ ပြုမူနေသည်ကို သူ သတိထားမိနေခဲ့၏။
သူ ပြောရန်ပြင်လိုက်စဉ်မှာပင် အဝေးရှိ ပင်လယ်ပြင်မှ တဝုန်းဝုန်းမြည်ဟည်းသံ လွင့်ပျံလာသည်။ ရွှီချင်းသည် ချက်ချင်း လှမ်းကြည့်လိုက်ရာ ဆည်းဆာနေရောင်ခြည်အောက်၌ ပင်လယ်ပြင်က ငြိမ်သက်နေရာမှ လှိုင်းထန်လာသည်ကို မြင်လိုက်ရသည်။
လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်လာပြီး မည်းနက်တောက်ပြောင်သော ဧရာမစစ်သင်္ဘောကြီးတစ်စင်း ပေတစ်သောင်းအကွာရှိ ပင်လယ်ပြင်ထဲမှ ပေါ်ထွက်လာသည်။ စုစုပေါင်း ထိုကဲ့သို့ စစ်သင်္ဘောကြီးများ ခုနစ်စင်း အတန်းလိုက် ရွေ့လျားနေသည်။
ကြောက်ခမန်းလိလိ ဖိအားများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်း၏ ဧရာမမျက်လုံးကြီးခုနစ်လုံးသည် စစ်သင်္ဘောကြီးများကို စစ်ဆေးနေသည့်အလား အနီရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ ယင်းသို့ တည်ငြိမ်နေရခြင်းမှာ ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက အရာအားလုံးကို ဖိနှိပ်နိုင်သည့်အတွက်ကြောင့်သာမက ပြီးခဲ့သည့်လဝက်က ဆဋ္ဌမမြောက်တောင်သခင်ကြီးကို ပြန်လည်ထူထောင်ရေးလုပ်ရန် ဂိုဏ်းသို့ ပြန်လွှတ်လိုက်သည့်အတွက်ကြောင့် ဖြစ်သည်။
ဆဋ္ဌမမြောက်တောင်သခင်ကြီး စောင့်ကြပ်နေ၍ ရွှီချင်းမှာ များစွာ စိတ်အေးလက်အေး ဖြစ်နေသည်။
ဧရာမစစ်သင်္ဘောကြီးခုနစ်စင်း နီးကပ်လာသောအခါတွင် စစ်သင်္ဘောကြီးများပေါ်မှ ကျင့်ကြံသူများကို ရွှီချင်း မြင်လိုက်ရသည်။ စစ်သင်္ဘောတစ်စီးတွင် ကျင့်ကြံသူ သုံးဆယ်ရှိသည်။
ကြယ်ငါးမျိုးနွယ်စုသည် လူသားနှင့်ဆင်တူသော မျိုးနွယ်စုဖြစ်သည်။ ထိုမျိုးနွယ်ဝင်များသည် အပြင်ပန်းကြည့်လျှင် လူသားနှင့် အတော်လေးတူပါသော်လည်း သူတို့ဆံပင်များနှင့် မျက်လုံးများက အပြာရောင်ဖြစ်သည်။
ထိုစစ်သင်္ဘောကြီးများပေါ်ရှိ မျိုးနွယ်ဝင်အများစုက အမျိုးသမီးများ ဖြစ်ကြသည်။
ယခုတစ်ခေါက် လာလည်ကြသည့် ကြယ်ငါးမျိုးနွယ်ဝင် နှစ်ရာအနက် ခုနစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ထိပ်ဆုံးရှိ လူသုံးဦးထံမှ ထွက်ပေါ်နေသော အငွေ့အသက်များအားလုံး အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ရွှီချင်း၏ အမြင်၌ သူတို့က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ လက်ခြောက်ဖက်၊ ခေါင်းသုံးလုံးရှိသည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတမျှ အစွမ်းထက်ကြသည်။
ထိုသုံးယောက်လုံး သက်လတ်ပိုင်းအမျိုးသမီးများ ဖြစ်ကြသည်။ သူတို့ရှေ့တွင် အပြာရောင်ဆံပင်နှင့် မိန်းကလေးတစ်ဦး ရှိသည်။ ထိုမိန်းကလေးသည် ပုံမှန်မဟုတ်သော ဖြူဆွတ်သည့်အသားအရေနှင့် လှပသောရုပ်ဆင်းသွင်ပြင်ရှိပြီး သူမကိုကြည့်ရသည်မှာ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်ရှိဟန်တူသည်။ သူမသည် ဝတ်စုံရှည်ကို ဝတ်ထားပြီး သူမ၏အကြည့်က စူးရှနေသည်။
သူမက ဆိပ်ကမ်းပေါ်သို့ လှမ်းကြည့်ပြီးနောက် ကူးမုချင်းနှင့် တင်းရွှယ်ကို ကျော်ကာ ရွှီချင်းအပေါ် အကြည့်ရောက်သွားသည်။
" ချီရွှဲ့ထုံဂိုဏ်းက ကြယ်ငါးမျိုးနွယ်ကို ကြိုဆိုပါတယ်ခင်ဗျ "
ရွှီချင်းသည် လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။
" အစ်ကိုက ရွှီချင်းလား "
မိန်းကလေးသည် သိချင်စိတ်ဖြင့် ပြုံး၍ မေးလိုက်သည်။
" ဟုတ်ပါတယ် "
ရွှီချင်းသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။
" ဒီနေ့က နောက်ကျသွားပြီ။ မနက်ဖန်မှပဲ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ နှာခေါင်းအစိတ်အပိုင်းကို ကြည့်ဖို့ လူတစ်ယောက် အခေါ်လွှတ်လိုက်ပါ့မယ် "
ပြောပြီးသည်နှင့် ရွှီချင်းက နောက်မှ ဂိုဏ်းသားများကို မှာကြားလိုက်သည်။
" သူတို့အားလုံးကို နေရမယ့်နေရာ ပို့ပေးလိုက် "
" ခဏလောက် အစ်ကိုရွှီချင်း၊ ညီမတို့ကြယ်ငါးမျိုးနွယ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဆို အရိုးထဲကနေ မုန်းတာ။ အစ်ကို လုပ်ခဲ့တာကို လေးစားလို့ အစ်ကို့ကို လက်ဆောင်ပေးချင်ပါတယ်။ အစ်ကို လက်ခံပေးပါ "
မိန်းကလေးသည် ပြုံး၍ ပြောလိုက်ပြီး နောက်မှအစေခံကို လှည့်ကြည့်လိုက်သည်။ ခဏအကြာ အစေခံက ခရုကြီးတစ်ကောင်ကို ထုတ်၍ ရွှီချင်းအား ပေးလိုက်သည်။
ရွှီချင်းက မိန်းကလေးကို လှမ်းကြည့်လိုက်သည်။
" အစ်ကိုရွှီချင်း … အဲဒါက ညီမတို့မျိုးနွယ်က ထူးခြားတဲ့ဓမ္မအသုံးအဆောင်ပစ္စည်းပါ။ အဲဒါကို မှုတ်လိုက်ရင် ညီမတို့မျိုးနွယ်ရဲ့ ကောင်းချီပေးတာကို ရပြီးတော့ တားမြစ်ပင်လယ်အနီးတဝိုက်က ခရုတွေအားလုံးကို ဆင့်ခေါ်နိုင်မှာပါ "
မိန်းကလေးသည် စကားကို အဆုံးသတ်ပြီးနောက် အရိုအသေပေးကာ ရွှီချင်းကို လှည့်ကြည့်လှည့်ကြည့်ဖြင့် တခြားမျိုးနွယ်ဝင်များနောက်သို့ လိုက်သွားလေသည်။
ထိုမြင်ကွင်းကြောင့် တင်းရွှယ်မှာ မျက်မှောင်ကြုတ်ကာ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ကူးမုချင်းသည်လည်း အောင့်သက်သက်ဖြစ်သွား၏။
ကြယ်ငါးမျိုးနွယ်ဝင်များအားလုံး ဆိပ်ကမ်းပေါ်သို့ ရောက်သွားပြီးနောက် မိန်းကလေးသည် တစ်ခုခုကို တွေးမိလိုက်ဟန်တူပြီး ရွှီချင်းထံသို့ လျှောက်သွားသည်။ တင်းရွှယ်၏ မျက်ခုံးမွေးများ အပေါ်သို့ မြင့်တက်သွားပြီး ပြောရန်ပြင်လိုက်သည်။
ထိုစဉ် အဝေးဆီမှ လေဟုန်ခွင်းသည့်အသံ ရုတ်တရက် လွင့်ပျံလာသည်။ ထိုဖြစ်ရပ်ကြောင့် ကြယ်ငါမျိုးနွယ်ဝင်များအားလုံး ချက်ချင်း သတိထားသွားကြသည်။ သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်၏ မျက်လုံးများ စူးရှတောက်ပသွားသည်။
ရွှီချင်းသည်လည်း လှမ်းကြည့်လိုက်ရာ ပထမဆုံး သူ မြင်လိုက်ရသည်မှာ ခေါင်းဆောင် ဖြစ်သည်။ ထို့နောက် ခေါင်းဆောင်၏နောက်မှ ဒုတိယမင်းသမီးကို သူ မြင်လိုက်ရသည်။
ခေါင်းဆောင်သည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး တခဏလေးအတွင်း ရွှီချင်းဘေးသို့ ရောက်လာသည်။ သူသည် ကြယ်ငါးမျိုးနွယ်ကိုပင် နှုတ်ဆက်မနေဘဲ ခပ်တိုးတိုးပြောလိုက်သည်။
" ဒီနေရာကို တုံယုံကျွန်း လာလည်မယ်လို့ ဘိုးဘိုး စာပို့လိုက်တယ် "
" တုံယုံကျွန်းလား "
ရွှီချင်း မှင်တက်သွားသည်။ သို့သော် ခေါင်းဆောင်၏စကားများကြောင့် တင်းရွှယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ကြယ်ငါးမျိုးနွယ်မှ ရွှေအမြုတေအဆင့်ကျင့်ကြံသူ သုံးယောက်သည်လည်း မျက်နှာပျက်သွားကြသည်။
" တုံယုံကျွန်းပိုင်ရှင်က အရှင်တုံယုံလို့ခေါ်တဲ့အဘွားကြီးတစ်ယောက်ပဲ။ သူက အခုမှ အဆင့်တက်သွားတဲ့ ဘိုးဘိုးလောက် အစွမ်းထက်တယ်။ ပုံမှန်ဆိုရင် သူကိုယ်တိုင် မလာတတ်ဘူး။ သူ့မြေးပဲ လာတာ။ သူ့မြေးက အကျင့်မကောင်းဘူး။ မင်း သတိထားနော် "
ခေါင်းဆောင်၏အမူအရာက တည်ကြည်နေသည်။ သူ့စကားဆုံးသည်နှင့် အဝေးရှိပင်လယ်ပြင်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းတစ်လှိုင်း ချက်ချင်း မြင့်တက်လာပြီး အရပ်မျက်နှာအနှံ့သို့ ကြောက်ခမန်းလိလိ ဖိအားတစ်ရပ် သက်ရောက်လာသည်။