← Chapters

ဆိုးယုတ်သောစိတ်ထား

Vol. 19 Ch. 281

ဆိုးယုတ်သောစိတ်ထား

Vol. 19 Ch. 281

ထိုဖိအားသည် လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါကို ဆောင်ကြဉ်းလာသည်။ ထိုအရှိန်အဝါ ပေါ်လာသည်နှင့် ဆိပ်ကမ်း၌ လှိုင်လုံးကြီးတစ်လုံး မွှေနှောက်ရိုက်ခတ်လာရာ အနက်ရောင်ရေလှိုင်းများ အပေါ်သို့ မြင့်တက်လာပြီး ပင်လယ်ရေနံရံအသွင်ပြောင်း၍ ချီရွှဲ့ထုံဂိုဏ်းအပြင်ဘက်ရှိ ဂိတ်တံခါးကို သွားရောက်ရိုက်ခတ်လေသည်။

ထိုဧရာမလှိုင်းကြီး၌ ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကို သက်ရောက်နိုင်သော အင်အားကြီးမားသည့် စွမ်းအားများ ပါဝင်နေဟန်တူသည်။ အဝေးရှိ သွေးမျက်လုံးကြီးခုနစ်လုံး ဝင်းလက်သွားပြီး အနီရောင်အလင်းဖန်သားပြင်တစ်ခု ချက်ချင်း ပေါ်လာကာ လှိုင်းကြီးကို တားဆီးလိုက်သည်။

နားမခံနိုင်လောက်အောင် တဝုန်းဝုန်းမြည်ဟည်းသံများ အနီးကပ် လွင့်ပျံသွားရာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူအားလုံးမှာ မိုးကြိုးများ ပစ်ခတ်ခံလိုက်ရသည်အလား ခံစားလိုက်ရသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့ကိုယ်ထဲမှ ဓမ္မစွမ်းအားများ ထွက်ပေါ်လာပြီး ကူးမုချင်းနှင့် တင်းရွှယ်ကို လွှမ်းခြုံသွားကာ စိတ်အစဉ်ကို တုန်ရီသွားစေနိုင်သည့် အသံလှိုင်းအောက်မှ ခွဲထုတ်လိုက်သည်။

သို့သော်လည်း ကျန်ဂိုဏ်းသားသုံးဆယ်မှာ အနည်းငယ် ဆိုးဆိုးဝါးဝါး ခံစားနေကြရသည်။ သူတို့အားလုံး သွေးများအန်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားသည်။ ထိုအသံသည် ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားများကို အတွင်းဒဏ်ရာ ရသွားစေနိုင်သည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ဘေးရှိခေါင်းဆောင်က မေးကို ပွတ်သပ်၍ ဘေးရှိ ဒုတိယမင်းသမီးကို ကြည့်လိုက်သည်။

ဒုတိယမင်းသမီးသည်လည်း မျက်မှောင်ကြုတ်သွားပြီး ခပ်လှမ်းလှမ်းရှိ ချီရွှဲ့ထုံဂိုဏ်း၏ ဂိတ်တံခါးကို ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။

“ ဒါ ဘာသဘောလဲ ”

“ အိုက်ယား မမ စိတ်မဆိုးပါနဲ့နော် ”

ဆိပ်ကမ်းဂိတ်တံခါးဆီမှ ချိုလွင်သောအသံတစ်သံ ချက်ချင်း လွင့်ပျံလာသည်။

ထို့နောက် ချီရွှဲ့ထုံဂိုဏ်း၏ဂိတ်တံခါးအပြင်ဘက်ရှိ ပင်လယ်ထဲမှ ဧရာမရေဘဝဲကြီးတစ်ကောင် ဘွားခနဲ ပေါ်လာသည်။

ထိုရေဘဝဲ၏ ခြေထောက်သည် ပေဒါဇင်ချီ၍ ထူပြီး ပေရာချီ၍ ရှည်လျားသည်။ ထိုခြေထောက်သည် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းဂိတ်တံခါးကို ကျော်ဖြတ်၍ ဆိပ်ကမ်းပေါ်သို့ တမုဟုတ်ချင်း ရောက်သွားသည်။ ယင်းနောက် ပင်လယ်ရေပြင်မှ တူညီသော ခြေလက်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။

တခဏလေးအတွင်း ပင်လယ်ထဲမှ ပို၍ပင်ကြီးမားသော ရေဘဝဲခေါင်းတစ်ခေါင်း ပေါ်လာသည်။

ထိုရေဘဝဲကြီး၏ ခေါင်းပေါ်တွင် မိန်းကလေးတစ်ယောက်နှင့် ဆင်တူသော လူရိပ်တစ်ရိပ် ထိုင်နေသည်။ မိန်းကလေးတစ်ယောက်နှင့် ဆင်တူသလို ဖြစ်နေရသည်မှာ ထိုမိန်းကလေးသည် အမျိုးသမီးအဝတ်အစားများကို မဝတ်ထားဘဲ အနက်ရောင်ကိုယ်ကျပ်အင်္ကျီများကို ဝတ်ထားပြီး ဆံပင်မှာလည်း ခပ်တိုတိုသာ ဖြစ်နေ၍ပင်။

သို့သော် ထိုမိန်းကလေး၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန် နူးညံ့ချောမွတ်နေပေ၏။ ဧရာမရေဘဝဲကြီးသည် ပင်လယ်ထဲမှ လုံးလုံးလျားလျား ထွက်လာပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ပါ်သို့ တမုဟုတ်ချင်း ရောက်သွားသည်။

အနက်ရောင်ရေစက်လေးများ မြေပြင်ပေါ် ကျဆင်းသွားပြီး ရေစက်တချို့က ချီရွှဲ့ထုံဂိုဏ်းသားများအပေါ် ကျသွားသည်။ ဘေးရှိ ကြယ်ငါးမျိုးနွယ်ဝင်များအနက် အများစုမှာ တုန်ရီကာ ခေါင်းများ ငုံ့ထားကြသည်။

ထိုဧရာမရေဘဝဲကြီးထံမှ ရွှေအမြုတေအဆင့်အကြီးအကဲတစ်ယောက်နှင့် ဆင်တူသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ယင်းအပြင် ၎င်း၏ အရွယ်အစားကြောင့် ထိုကြောက်စရာသားရဲကြီးသည် အဆင့်တူတခြားကျင့်ကြံသူများထက် အဆပေါင်းများစွာ အစွမ်းထက်သည်။ ၎င်း၏ခွန်အားကြောင့် ဖြစ်လာသော ဖိအားသည် နေရာတိုင်းကို သက်ရောက်နေသည်။

ရွှီချင်းသည် ခြေလှမ်းအနည်းငယ်ဆုတ်၍ ကျဆင်းလာသော ပင်လယ်ရေကို ရှောင်လိုက်သည်။ ထို့နောက် အနက်ရောင်ကိုယ်ကြပ်အင်္ကျီဝတ်မိန်းကလေးကို အေးတိအေးစက် ကြည့်လိုက်သည်။

ထိုမိန်းကလေးသည် ဆယ့်ငါးနစ်၊ ဆယ့်ခြောက်နှစ်ခန့် ရှိဟန်တူသည်။ ဘဲဥပုံသွယ်လျသောမျက်နှာနှင့် ပါးလျသောနှုတ်ခမ်းများ၊ ကောညွတ်နေသော မျက်ခုံးမွေးများနှင့် နူးညံ့သောရုပ်ဆင်းသွင်ပြင် ရှိသည်။

ရေဘဝဲကြီး၏ ခေါင်းမှ သူမ၏ နူးညံ့သောခန္ဓာကိုယ်လေး ခုန်ထွက်လာပြီး မြေပြင်ပေါ် အသာအယာ ကျသွားသည်။ သူမသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်ပင်မကြည့်ဘဲ ဒုတိယမင်းသမီးထံ တန်းတန်းမတ်မတ် ပြေးသွားသည်။

“ မမ … ညီမကို အပြစ်မတင်ပါနဲ့နော်။ အဲဒါအားလုံး ရေဘဝဲကြီး လုပ်တာ ”

ထိုမိန်းကလေးသည် ပြောရင်းဆိုရင်း ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူမ၏ပတ်လည်တွင် စူးရှချွန်ထက်သော ဆူးတောင်များ ပေါ်လာပြီး ရေဘဝဲကြီးထံ ဝင်ရောက်သွားသည်။

ထိုဆူးတောင်များ၏ ပစ်မှတ်သည် ရေဘဝဲကြီး၏ ထူထပ်သောခန္ဓာကိုယ်မဟုတ်ဘဲ မျက်လုံးများ ဖြစ်ပေသည်။

ရေဘဝဲကြီးမှာ မရှောင်တိမ်းဝံ့၍ ဆူးတောင်များက ၎င်း၏မျက်လုံးများကို ထိုးစိုက်သွားသည်။ ၎င်းမှာ နာကျင်သွားပါသော်လည်း ရုန်းကန်လှုပ်ရှားခြင်း မပြုဘဲ သွေးမည်းများ စီးကျနေသည်ကိုသာ ကြည့်နေသည်။

“ မမ … စိတ်မဆိုးပါနဲ့။ အဲဒီရေဘဝဲကြီးကို ညီမ ရိုက်နှက်ပေးမယ် ”

ထိုမြင်ကွင်းကို ရွှီချင်း မြင်သောအခါ မျက်လုံးများ အနည်းငယ် မှေးသွားသည်။ ဝတ်စုံနက်ဝတ်မိန်းကလေးအပေါ် သူ အကြည့်ရောက်သွားသောအခါ စိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။

ရွှီချင်း၏ အမြင်၌ ထိုမိန်းကလေးသည် ယခင်က သူ တွေ့ခဲ့ဖူးသည့် လူတိုင်းနှင့် ကွဲပြားနေသည်။ ခေါင်းဆောင်ဖြစ်စေ၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ တာအိုကလေးငယ်ဖြစ်စေ၊ဂိုဏ်းအကြီးအကဲများနှင့် တောင်သခင်ကြီးများပင်ဖြစ်စေ ထိုမိန်းကလေးနှင့် ကွဲပြားနေသည်။

ထိုမိန်းကလေးမှာ သန့်စင်နေဟန်တူသည်။

ထိုသို့သန့်စင်နေရသည့်အကြောင်းရင်းကို ရွှီချင်း ချက်ချင်း နားလည်နေပြီး ယင်းအကြောင်းရင်းကြောင့်ပင် သူ့စိတ်ထဲ တုန်လှုပ်နေရသည်။

‘ သူ့မှာ ဓာတ်နှောတွေ မရှိဘူး ’

ယင်းမှာ သူကိုယ်တိုင်မှလွဲ၍ ဓာတ်နှောများမရှိသည့် နောက်ထပ်တစ်ယောက်ကို ပထမဆုံးအကြိမ် သူ မြင်ဖူးခြင်း ဖြစ်သည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်က နတ်ဘုရားမတစ်ပါးသဖွယ် သန့်ရှင်းစင်ကြယ်နေသည်။ ယင်းအပြင် ထိုမိန်းကလေး၏ ကိုယ်ထဲတွင် ဓမ္မတံခါး တစ်ရာကျော်ရှိသော်လည်း တစ်ရာ့နှစ်ဆယ်သို့ မရောက်သေးသည်ကို သူ အာရုံရလိုက်သည်။

ရွှီချင်းသည် လှမ်းကြည့်လိုက်ပြီး ဓမ္မတံခါးတစ်ရာ့လေးခုရှိသည်ကို အတည်ပြုလိုက်သည်။ ထိုမိန်းကလေးသည် ဓမ္မတံခါးများကို ဖွင့်သည့်အဆင့်၌ ရှိနေသေးသည်။ နောက်ဆုံးတွင် သူမသည် ဓမ္မတံခါးနှစ်ဆယ်သို့ သေချာပေါက် ရောက်သွားမည်ဖြစ်ပြီး ထို့ထက်ပင် ကျော်လွန်သွားနိုင်သည်။

ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်က အကန့်အသတ်မဟုတ်သည်ကို ယခင်က ရွှီချင်း အာရုံရခဲ့သည် မဟုတ်ပါလား။

“ ယန်ယန် … ဒါက ချီရွှဲ့ထုံဂိုဏ်းနော် … နင် …”

ဒုတိယမင်းသမီး မျက်မှောင်ကြုတ်သွားပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ မမကြီး ညီမ မှားသွားပါတယ် ”

ဝတ်စုံနက်မိန်းကလေးသည် ဒုတိယမင်းသမီးဘေးသို့ အလျင်အမြန် လျှောက်သွားပြီး ဒုတိယမင်းသမီး၏ ညာလက်ကို ဆုပ်၍ ချစ်စဖွယ်အမူအရာဖြင့် ပြောလိုက်သည်။

ထိုမိန်းကလေးက ဒုတိယမင်းသမီးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေမည်မှာ သိသာသည်။ ဒုတိယမင်းသမီးက ခေါင်းယမ်း၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ အစ်ကိုကြီး … ယန်ယန်က တမင်လုပ်တာ မဟုတ်ပါဘူး ”

ခေါင်းဆောင်သည် ပြုံး၍ ဝတ်စုံနက်မိန်းကလေးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည်လည်း ခေါင်းဆောင်ကို သိချင်စိတ်ပြင်းစွာ ကြည့်လိုက်သည်။ ထို့နောက် သူမက ပါးချိုင့်နှစ်ဖက်ပေါ်သည်အထိ ပြုံးလိုက်သည်။

“ ရှင့်မျက်လုံးတွေက စိတ်ရှုပ်ဖို့ကောင်းတာပဲ။ နောက်တစ်ခါ အဲဒီလိုမျိုးကြည့်ရင် ရေဘဝဲကြီးကို ဖောက်ထုတ်ခိုင်းမယ် ”

ထိုစကားကို ခေါင်းဆောင်ကြားသောအခါ မျက်လုံးများ ဝင်းလက်တောက်ပသွားပြီး သူ့မျက်လုံးများ မည်မျှကောင်းသည်ကို ပြသနေသည့်အလား အတတ်နိုင်ဆုံး ပြူး၍ ကြည့်လိုက်သည်။ သူက ပန်းသီးတစ်လုံးကိုပင် ထုတ်၍ တစ်ကိုက်ကိုက်လိုက်သည်။

“ ရပါတယ်။ မင်းလိုချင်ရင် အဲဒီမျက်လုံးတွေ ပေးမယ်။ အပြန်အလှန်အနေနဲ့ တုံယုံဆေးရည်ပုလင်း တစ်ပုလင်း ပေးမလား ”

ဝတ်စုံနက်မိန်းကလေး၏မျက်ခုံးမွေးများ အပေါ်သို့ မြင့်သွားသည်။

ဒုတိယမင်းသမီးက ဝတ်စုံနက်မိန်းကလေးကို အလျင်အမြန် ဆွဲခေါ်သွားသည်။ မိန်းကလေးသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ဤနေရာရှိ လူတိုင်းကို လှည့်ပတ်ကြည့်ရှုရင်း နောက်ဆုံးတွင် ရွှီချင်းထံသို့ အကြည့်ရောက်သွားသည်။

အစက သာမန်ကာလျှံသာ ကြည့်နေခြင်းဖြစ်သော်လည်း ရွှီချင်း၏မျက်နှာကို သူမ ကောင်းစွာ မြင်လိုက်ရသည်။

“ မမ … အဲဒီလူက မမနဲ့ ဂိုဏ်းမတူဘူးမလား။ ညီမ သူ့မျက်နှာကို မျက်နှာဖုံးလုပ်ဖို့ လိုချင်တယ်။ အဲဒီမျက်နှာဖုံးသာ တပ်လိုက်ရင် ညီမ ကြည့်ကောင်းသွားမှာ သေချာတယ် ”

ဝတ်စုံနက်မိန်းကလေးသည် စနောက်နေခြင်း မဟုတ်ပေ။ သူမ၏မျက်လုံးများထဲ ထူးဆန်းသောအလင်းတစ်ချက် ဝင်းလက်သွားသည်။ ဘေးရှိ ရေဘဝဲကြီးသည်ပင် အေးစက်စက်အကြည့်ဖြင့် ရွှီချင်းကို မမှိတ်မသုန် ကြည့်နေသည်။

ဘေးပတ်လည်ရှိ လူအားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။ အထူးသဖြင့် ကြယ်ငါးမျိုးနွယ်စုပင်။ သူတို့အားလုံး နောက်ဆုတ်လိုက်ကြ၏။

ရွှီချင်းသည် စကားတစ်ခွန်းမဆိုသော်လည်း သူ့ကိုယ်ထဲတွင် ဓမ္မစွမ်းအားကို စုစည်းထားသည်မှာ ကြာပြီဖြစ်သည်။ သူ့အောက်ရှိ အရိပ်သည်လည်း တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ဝတ်စုံနက်မိန်းကလေး၏ မျက်လုံးများ မှေးသွားသည်။ ဘေးရှိ ဒုတိယမင်းသမီးသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဝတ်စုံနက်မိန်းကလေးကို တည်ကြည်စွာ ကြည့်လိုက်သည်။

“ မလုပ်နဲ့ ”

သူမသည် ရွှီချင်းကို သိနေပြီး ရွှီချင်းက ဟွမ်ရန်၏ သူငယ်ချင်းဖြစ်သည်ကိုပါ သိထားသည်။ ထို့ကြောင့် ရွှီချင်းကို ကြည့်၍ ပြောလိုက်သည်။

“ ရွှီချင်း … ငါ တောင်းပန်ပါတယ်။ နင် ထွက်သွားလို့ရပြီ။ နောက်ကျရင် ဟွမ်ရန်ကို နင့်ဆီ လွှတ်ပြီး အကျိုးအကြောင်း ရှင်းပြပေးမယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။

ထိုစဉ် ဝတ်စုံနက်မိန်းကလေးသည် ဟွမ်ရန်၏နာမည်ကိုကြား၍ ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်သည်။

“ မမ … မမက ဘာလို့ သူ့ကို ဒီလောက်ကာကွယ်ပေးနေရတာတုံး။ သူ့ကို သဘောကျလို့လား။ အဲဒါဆို သူ့မျက်နှာကို ညီမ မလိုချင်တော့ဘူး။ ဖျက်ဆီးပစ်တော့မယ် ”

သူမသည် ရုတ်တရက် လှုပ်ရှားသွားပြီး ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ သူမ၏မျက်လုံးများထဲ ရန်လိုကာ ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နေသည်။

သို့သော် ရွှီချင်းက သတိထားနေသည်ဖြစ်ပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်များ ချက်ချင်း တောက်လောင်လာသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်သို့ သူ ရောက်သွားသည်နှင့် မိန်းကလေးဆီသို့ ပြေးဝင်သွားသည်။

တချိန်တည်းမှာပင် ဘေးရှိ ရေဘဝဲကြီးက ရွှေအမြုတေအဆင့်ဖိအားများကို ထုတ်လွှတ်ကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ ထိုအချိန်၌ ဆဋ္ဌမမြောက်တောင်ထိပ်မှ မိုးခြိမ်းသံအလား ဒေါသတကြီးအော်ဟစ်သံ လွင့်ပျံလာသည်။

“ အတင့်ရဲလှချည်လား ”

ထိုအသံလွင့်ပျံလာသည်နှင့် ဖိနှိပ်ခံနေရသည့်အလား ရွှေအမြုတေအဆင့် ရေဘဝဲကြီးမှာ တုန်ရီသွားပြီး ၎င်း၏အရှိန်အဝါများ လွင့်ပျယ်သွားသည်။

ဘုန်း …

၎င်းမှာ မမြင်နိုင်သော အားကြီးတစ်ခု၏ ဖိနှိပ်ခြင်းခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

ခေါင်းဆောင်သည် ရုတ်တရက် ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ ဖိနှိပ်ခြင်းခံထားရသော ရေဘဝဲကြီးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ သူက အနီးသို့ ရောက်သောအခါ ရေဘဝဲ၏ ခြေတစ်ဖက်ကို ဆုပ်၍ ကိုက်ချလိုက်သည်။

တချိန်တည်းမှာပင် ရွှီချင်းနှင့် ဝတ်စုံနက်မိန်းကလေးတို့သည်လည်း လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားသည်။ မိန်းကလေး၏ လက်သည်းချွန်များက ရွှီချင်း၏ မျက်နှာကို အညှာအတာကင်းမဲ့စွာ ထိုးဖောက်လိုက်သည်။ ရွှီချင်းသည် မရှောင်တိမ်းပေ။ သူ့ညာလက်ထဲတွင် ဓားမြှောင်တစ်လက်ပေါ်လာပြီး မိန်းကလေး၏ လည်ပင်းကို ကြမ်းတမ်းစွာ ပိုင်းဖြတ်လိုက်သည်။

မိန်းကလေးသည် ခန္ဓာကိုယ်ကို တွန့်လိမ်၍ ရွှီချင်း၏ ဓားမြှောင်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် ရွှီချင်းက ဗိုက်ကို ဒူးဖြင့်တိုက်လိုက်ရာ မိန်းကလေးမှာ ရုတ်တရက် စက္ကူတစ်ရွက် ဖြစ်သွားသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူသည် တွေဝေမနေဘဲ အမည်းရောင်အရည်များ ထည့်ထားသည့် ပုလင်းလေးတစ်လုံးကို ထုတ်၍ သူ့နောက်ကျောသို့ အစွမ်းကုန် ရိုက်ချလိုက်သည်။

ထိုပုလင်းလေး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး အထဲမှ အမည်းရောင်အရည်များ လွင့်ပျံသွားသည်။ အရည်တချို့က ရွှီချင်း၏လက်ပေါ်ကျသွားသော်လည်း အများစုက ရွှီချင်း၏နောက်ရှိ လေဟာနယ်ထဲမှ ရုတ်တရက် ထွက်လာသော မိန်းကလေး၏ ညာလက်ပေါ်သို့ ကျသွားသည်။

ပထမဆုံးအကြိမ်အဖြစ် ထိုမိန်းကလေး သိသိသာသာ မျက်နှာပျက်သွားသည်။ သူမက လက်ကိုခါလိုက်ပါသော်လည်း အရည်များကို မဖယ်နိုင်ပေ။ ထိုအမည်းရောင်အရည်များထဲတွင် ပိုးကောင်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ထိုပိုးကောင်များ မိန်းကလေး၏ လက်ဝါးနှင့် ထိတွေ့သွားသောအခါ အရေပြားပေါ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် အထဲသို့ ဝင်သွားသည်။

“ နင် … ”

ဝတ်စုံနက်မိန်းကလေး ပြောရန်ပြင်လိုက်စဉ် ရွှီချင်း၏ မျက်လုံးများက လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။ သူ့အရိပ်မှ သံတုတ်နက်လေး ချက်ချင်း ပျံထွက်လာပြီး မိန်းကလေးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထိုကဲ့သို့ အကျဉ်းအကြပ်အခြေအနေတွင် ဆဋ္ဌမမြောက်တောင်ထိပ်မှ စိတ်မရှည်သောအသံ လွင့်ပျံလာသည်။

“ တော်လောက်ပြီ ”

ထိုအသံကိုကြားလိုက်ရသည်နှင့် ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့ရှေ့မှ အကန့်အကတ်မဲ့အားတစ်မျိုး ပေါ်လာပြီး သူ မတတ်သာဘဲ နောက်ဆုတ်လိုက်ရသည်။

ဝတ်စုံနက်မိန်းကလေးသည်လည်း ထိုနည်းတူပင်။ သူမသည် ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာဖြင့် နောက်ဆုတ်လိုက်သည်။ သူမက လက်ဝါးကို ကြည့်လိုက်ပြီး ဆေးလုံးများ သောက်လိုက်ပါသော်လည်း အသုံးမဝင်ပေ။

နောက်ဆုံး၌ အံတင်းတင်းကြိတ်၍သာ ရွှေရောင်အဆောင်တစ်ခုကို ထုတ်၍ ညာလက်ပေါ် တင်လိုက်သည်။ ထိုအခါမှသာ အနက်ရောင်ပိုးကောင်များ ပျံ့နှံ့နေခြင်းကို ဟန့်တားနိုင်လိုက်သည်။

ဒုတိယမင်းသမီးသည်လည်း အလျင်အမြန် ရောက်လာသည်။ သူမက ကြိတ်၍ သက်ပြင်းချလိုက်ပြီး ဝတ်စုံနက်မိန်းကလေးကို ဖေးမလိုက်ရင်း ရွှီချင်းကို တောင်းပန်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

“ နင့်နာမည်က ရွှီချင်းမလား။ ငါ နင့်ကို မှတ်ထားလိုက်ပြီ။ နင့်မျက်နှာကို သေချာပေါက် ငါယူပြမယ်။ ပြီးတော့ အဲဒီဖက်တီးဟွမ်ရန်လဲ ငါ့အစ်မကို နောက်ထပ်လာနှောင့်ယှက်ရဲနှောင့်ယှက်ကြည့် အသေသတ်ပစ်မယ် ”

ဝတ်စုံနက်မိန်းကလေးက သုန်မှုန်နေသော အမူအရာဖြင့် ပြောသည်။ သူမ ပြောပြီးနောက် သူမကို ဒုတိယမင်းသမီးက ဆိပ်ကမ်းမှ အဝေးသို့ ခေါ်သွားသည်။

ထိုစဉ် ခေါင်းဆောင်မှာ အစွမ်းကုန်ကြိုးစားနေသော်လည်း ရွှေအမြုတေအဆင့်သတ္တဝါကြီး၏ အသားကို မယူနိုင်သေးပေ။ နောက်ဆုံးတွင် အစိတ်အပိုင်းအနည်းငယ်ကို သူ ရွေးချယ်လိုက်သည်။ ထို့နောက် သူ အားကုန်သုံး၍ ကိုက်လိုက်ရာ လက်အနည်းငယ်ကို ကိုက်နိုင်သွားခဲ့သည်။

ရေဘဝဲကြီးမှာ ရုန်းကန်ချင်နေသော်လည်း မရသည်ဖြစ်၍ တအီအီသာ အော်မြည်နေသည်။ သို့သော် ဝတ်စုံနက်မိန်းကလေးက ၎င်းကို မေ့ထားခဲ့မှန်း သိသာလှသည်။

ကြယ်ငါးမျိုးနွယ်စုဝင်များမှာမူ ခေါင်းဆောင်နှင့် ရွှီချင်းကို စိတ်အားတက်ကြွစွာဖြင့် ကြည့်လိုက်ကြသည်။

သူတို့အမြင်၌ ထိုနှစ်ယောက်မှာ စိတ္တဇသမားများ ဖြစ်သည်။ တစ်ယောက်က ရွှေအမြုတေအဆင့်ပင်လယ်သားရဲ ချုပ်နှောင်ခံထားရသည်ကို အခွင့်အရေးယူ၍ အသက်ကို အလေးမထားဘဲ တစ်ကိုက်ကိုက်လိုက်ပြီး တခြားတစ်ယောက်မှာ တုံယုံကျွန်း၏ မင်းသမီးလေးကို အကြောက်အရွံ့မရှိ တိုက်ခိုက်ဝံ့သည့်အပြင် သတ်ဖြတ်ရန်ပင် ကြိုးစားခဲ့သည်။

“ တစ်ယောက်ထက်တစ်ယောက် ရူးနေကြတာပဲ။ ဒီနှစ်ယောက်ကို ငါတို့ အပြစ်လုပ်လို့ မဖြစ်ဘူး ”

ယင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ သူတို့နှစ်ယောက်အတွက် ထုတ်ပြန်ထားသည့် ဆုကြေးငွေကို သူတို့ အလိုလိုတွေးမိသွားပြီး ထိုကဲ့သို့ လူမျိုးမှသာ ယခုလို ကြီးကျယ်သည့်ကိစ္စအား လုပ်နိုင်မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူတို့ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထွက်သွားကြသည်။

မကြာခင် ရွှီချင်း၊ ခေါင်းဆောင်နှင့် ဖိနှိပ်ခံထားရသော ရေဘဝဲကြီးသာ ဆိပ်ကမ်းတွင် ကျန်ရစ်ခဲ့သည်။ ကူးမုချင်း၊ တင်းရွှယ်နှင့် တခြားဂိုဏ်းသားများကို ခေါင်းဆောင်က ထွက်ခွာရန် ပြောလိုက်ပြီဖြစ်သည်။

တင်းရွှယ်မှာ အနည်းငယ် စိတ်ပူနေသော်လည်း သူတို့ချင်း ပြောစရာစကားများ ရှိနေမည်ကို သိထား၍ နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။ သို့သော် ကူးမုချင်းထွက်မသွားခင် ရွှီချင်းကို ဆေးပုလင်းတစ်လုံး ပေးခဲ့၏။

“ အစ်ကိုရွှီချင်း … ဒီဆေးက ပိုးမွှားဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တဲ့အစွမ်း ရှိတယ် ”

ရွှီချင်းသည် ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ယူလိုက်သည်။ လူအားလုံး ထွက်သွားပြီးနောက် ခေါင်းဆောင်က သူ ကိုက်ခဲ့သည့် လက်ကို ယူကာ ရွှီချင်း၏ဘေးသို့ ပြေးသွားသည်။

“ ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူးနော်။ အဲဒီမိန်းကလေးက ဒုတိယကို သဘောကျနေတာ နှစ်တော်တော်ကြာပြီ။ မင်းနဲ့ ဟွမ်ရန်က သူငယ်ချင်းတွေမှန်း သူ သိသွားတယ်။ ဒီတစ်ခေါက် သူ လာတာ ဟွမ်ရန်ကို ပြဿနာရှာချင်လို့။ မင်းက ပြဿနာထဲ ဆွဲထည့်ခံလိုက်ရတာ ”

“ ဒါပေမဲ့ မင်းက ဒီလောက်သတ်ရခက်မယ်မှန်း သူ မမျှော်လင့်ထားလောက်ဘူး ”

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူသည် စကားတစ်ခွန်း မဆိုဘဲ ရေဘဝဲကြီးဆီသို့ လျှောက်သွားသည်။

“ ဘာလုပ်မလို့တုံး ”

ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။

“ ခြေထောက်တစ်ဖက် ဖြတ်မလို့ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ မလုပ်နဲ့။ ဖိနှိပ်တဲ့အချိန် ပြည့်တော့မယ် ”

ခေါင်းဆောင်က စိုးရိမ်ကြောင့်ကြနေသည့်လေသံဖြင့် ပြောလိုက်သည်။

“ အဲဒါဆိုလဲ ကျနော့်ကို ကူပြီး ဖြတ်ပေးလေ ”

ရွှီချင်းက ဧရာမရေဘဝဲကြီးဆီသို့ လျှောက်သွားသည်။ ခေါင်းဆောင်၏ ဒေါသတကြီးအကြည့်အောက်တွင် သူ့လက်ထဲမှာ ဓားမြှောင်တစ်လက်ပေါ်လာပြီး ကြမ်းတမ်းစွာ သူ ခုတ်လိုက်သည်။

All Chapters