လူဆိုးထိန်းဌာနရဲ့ တာဝန်
Vol. 19 Ch. 282
“ မင်းက ငါ့ထက်တောင် ပိုပြီး လောဘကြီးနေသလိုပဲ ”
ခေါင်းဆောင်က ဒေါသတကြီး ဆိုသည်။ သို့သော်လည်း သူက ပြင်းထန်စွာ တိုက်ခိုက်လေရာ ဖြတ်တောက်ရာတွင် ပို၍ မြန်ဆန်သွားသည်။
ရွှေအမြုတေအဆင့် ရေဘဝဲကြီးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေစဉ် ရွှီချင်းသည် လက်တစ်ဖက်အစွန်အဖျားပိုင်းကို အောင်မြင်စွာ ပိုင်းဖြတ်နိုင်လိုက်သည်။ ထိုအပိုင်းသည် ဆယ်ပေရှည်ပြီး ၎င်းကို သူသည် ထမ်း၍ ခေါင်းဆောင်နှင့်အတူ လျင်မြန်စွာ ပျံသန်းသွားသည်။
အချိန်အတော်ကြာပြီးနောက် ရွှေအမြုတေအဆင့်ရေဘဝဲကြီးပေါ်ရှိ ဖိအားများ ပျောက်သွားသည်။ ၎င်းသည် ဟိန်းဟောက်မာန်ဖီရန် ထရန်ကြိုးစားလိုက်ပါသော်လည်း တစ်ကိုယ်လုံး တုန်ရီကာ မြေပြင်ပေါ် ပြန်ကျသွားသည်။
ယင်းမှာ သက်လတ်ပိုင်းလူတစ်ယောက် ရောက်လာခြင်းကြောင့် ဖြစ်သည်။ ထိုသက်လတ်ပိုင်းလူသည် လောကကြီးကို စိတ်ပျက်နေသည့်အမူအရာဖြင့် သေရည်အိုးကို လက်ထဲတွင် ဆုပ်ကိုင်ရင်း လျှောက်လာသည်။
ထိုသက်လတ်ပိုင်းလူမှာ ဆဋ္ဌမမြောက်တောင်သခင်ကြီး ဖြစ်သည်။
အစက ထိုဆဋ္ဌမမြောက်တောင်သခင်ကြီးသည် သတ္တမမြောက်တောင်သခင်ကြီးကဲ့သို့ ကောင်းကင်ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် ဂိုဏ်းထဲသို့ သတ္တမမြောက်တောင်သခင်ကြီးနှင့် တချိန်တည်း ဝင်ရောက်ခဲ့ပါသော်လည်း နောက်ပိုင်းတွင် ကံဆိုးမိုးမှောင်ကျခဲ့ရသည်။
သူ့တာအိုလက်တွဲဖော် ဆိုးဆိုးဝါးဝါး သေသွားခဲ့ပြီး သူနှင့် သူ့သားသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူသည် ဝမ်းနည်းနာကြည်းစိတ်များကို စိတ်ထဲမြှုပ်နှံကာ သူ့အချစ်အားလုံးကို သူ့သားအပေါ် ပုံအပ်ခဲ့သည်။ သူ့သားသည်လည်း သူ့ကို စိတ်မပျက်စေခဲ့ပေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ချီရွှဲ့ထုံဂိုဏ်း၌ သူ့သားသည် ထူးချွန်သောပါရမီရှင်တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့သည်။
သို့သော်လည်း သူ့သားသည် ပင်လယ်ပြင်သို့ ခရီးသွားစဉ်အတွင်း ပျောက်သွားခဲ့ပြီး ဂိုဏ်းထဲရှိ သူ့သက်စောင့်ကျောက်စိမ်းပေလွှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။ ထိုစဉ်က ထိုကိစ္စမှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့ပါသော်လည်း အဆုံးသတ်တွင် လူသတ်သမားကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် ထိုကိစ္စသည် ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ ရင်ထဲတွင် ဖျောက်ဖျက်၍ မရနိုင်သော အစိုင်အခဲတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
ထိုအခါမှစတင်၍ သေရည်အိုးကို လက်ထဲမှ သူ မချတော့ပေ။
ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ခါးသီးနာကြည်းစွာဖြင့် သေရည်ကို သောက်လျက် ရေဘဝဲကြီးဆီသို့ လျှောက်သွားသည်။
“ ဓမ္မအဆောင်တစ်ခုကို ငါ လုပ်နေတာ မကြာသေးဘူး။ အဲဒီအဆောင်အတွက် မင်းမျက်လုံးတွေက သိပ်သင့်တော်တယ်။ ငါ့ကို မင်းမျက်လုံးတွေ ပေးလိုက် ”
ရေဘဝဲကြီးမှာ ပို၍ပင် တုန်ရီသွားပါသော်ငြား တွန့်ဆုတ်မနေဝံ့ပေ။ ၎င်း]လက်များကို အလျင်အမြန် မြှောက်၍ မျက်လုံးများပေါ်သို့ ဖိချကာ ဖောက်ထုတ်လိုက်သည်။ သွေးများ ပန်းထွက်သွားကာ မျက်လုံးများ ထွက်လာပြီး ထိုမျက်လုံးများကို ဆဋ္ဌမမြောက်တောင်သခင်ကြီးအား ရိုရိုသေသေဖြင့် သူ ပေးလိုက်သည်။
“ အခု ထွက်သွားလို့ရပြီ။ မင်းသခင်မကို အပြင်ကနေ စောင့်နေ ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် မျက်လုံးများကို ယူ၍ သေရည်အိုးထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ဆဋ္ဌမမြောက်တောင်ထိပ်သို့ ပြန်သွားသည်။
ရေဘဝဲကြီးသည် ရိုသေစွာဖြင့် ခေါင်းကို ငုံ့ထားပြီး ဆဋ္ဌမမြောက်တောင်သခင် ပျောက်သွားသောအခါမှသာ တုန်ရီနေသောခေါင်းကို ပြန်မော့လိုက်သည်။ ၎င်းက ပင်လယ်ပြင်သို့ ချက်ချင်း ပြန်သွားပြီး အလျင်အမြန် ခုန်ဆင်းလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းမှ ထွက်သွားပြီးနောက် ၎င်း၏တစ်ကိုယ်လုံး ပြိုးပြိုးပြက်ပြက် ဝင်းလက်လာပြီး လူထွားကြီးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
သူသည် မျက်လုံးကန်းသွားသော်လည်း သူ့မျက်ခုံးမွေးနှစ်ခုကြားရှိ အသွေးအသားများ ဖွာလန်ကြဲသွားကာ နောက်ထပ်မျက်လုံးတစ်လုံး ထွက်လာသည်။ ထို့နောက် သူသည် ချီရွှဲ့ထုံဂိုဏ်းကို စိုးရိမ်ထိတ်လန့်နေသောအမူအရာဖြင့် ကြည့်လိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ဘိုးဘေးအဆင့်တက်သွားတာနဲ့ ချီရွှဲ့ထုံဂိုဏ်းက အရင်ကထက်တောင် ပိုပြီး ယုံကြည်မှုရှိလာပါလား။ အပြင်ပန်းကြည့်ရင် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့က တည်ထောင်ထားတဲ့ အရန်ဂိုဏ်းတစ်ဂိုဏ်းလို့ ထင်စရာရှိပေမဲ့ နှစ်ပေါင်းများစွာကြာတော့ ချီရွှဲ့ထုံဂိုဏ်းက သီးခြားရပ်တည်လာနိုင်တော့မှာပဲ ”
“ အဆင့်နိမ့်တဲ့သူတွေကို အဆိပ်ကောင်မွေးသလို ရက်စက်ကြမ်းကြုတ်တဲ့ပတ်ဝန်းကျင်မှာ ထားတယ်။ အလယ်အလတ်အဆင့်ရှိတဲ့သူတွေကို လွတ်လွတ်လပ်လပ် ရှင်သန်စေတယ်။ ဒါပေမဲ့ ဆက်ခံသူစာရင်းထဲရောက်လာတဲ့သူတွေ၊ မြင့်မားတဲ့ရာထူးကို ပိုင်ဆိုင်လာတဲ့သူတွေကိုကျ ဂိုဏ်းရဲ့အားနည်းချက်တွေကို ပြင်ဆင်ပြီး ကောင်းကောင်းပျိုးထောင်တယ် ”
“ ခုနစ်ဂိုဏ်းမဟာမိတ်က အဲဒါကို သိတာ နှစ်တွေကြာနေပြီဖြစ်သလို ဘိုးဘေးနေရာနဲ့ တောင်သခင်ခုနစ်ယောက်နေရာကို အလှည့်ကျလုပ်စေချင်ပေမဲ့ ဘာမှဆက်မဖြစ်လာခဲ့ဘူး။ ဘိုးဘေး ရွှယ်လျန့်ကျစ်က အမြဲ ဝှေ့လည်ချောင်ပတ်လုပ်နေတာ။ တောင်သခင်ခုနစ်ယောက်က ခုနစ်ဂိုဏ်းမဟာမိတ်ဆီ တစ်ခါတလေ ပြန်သွားတာတောင် တောင်သခင်အများစုက ချီရွှဲ့ထုံဂိုဏ်းကိုပဲ အာရုံစိုက်နေကြတာ ”
“ ဒါက ဂိုဏ်း အရှိန်အဝါကြီးမားလာတဲ့ အကြောင်းရင်းပဲ ”
လူထွားကြီး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များ သိသိသာသာ ပေါ်လွင်နေသည်။
လူထွားကြီး၏ စိတ်ထဲ အတွေးမျိုးစုံ ဖြစ်ပေါ်နေစဉ် ရွှီချင်းသည် ခေါင်းဆောင်နှင့် လမ်းခွဲကာ သူ့ဆိပ်ကမ်းသို့ ပြန်သွားသည်။ ထို့နောက် ဝါးပေလွှာကို သူ ထုတ်လိုက်ပြီး ‘ ယန်ယန် ’ ဆိုသည့်အမည်ကို ရေးထွင်းလိုက်သည်။
ထို့နောက် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ ထိုအဓိပ္ပာယ်မှာ ထိုသူကို တခြားသူများ၏ရှေ့တွင် သတ်ဖြတ်၍မရကြောင်း ဆိုလိုပေသည်။ ချီရွှဲ့ထုံဂိုဏ်းမှ ထိုသူ ထွက်သွားမည်ကို စောင့်ကာ အခွင့်အရေးရှာ၍ တိတ်တဆိတ် သတ်ဖြတ်ရမည် ဖြစ်သည်။ ထိုအခါမှသာ ပြဿနာများကို သူ ရှောင်လွှဲနိုင်ပေမည်။
“ နောက်တစ်ခု လုပ်ပြန်ပြီ ”
သံတုတ်နက်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အလွန် စိတ်လှုပ်ရှားလာသည်။ သူသည် ဝးါပေလွှာပေါ်ရှိ နာမည်စာရင်းကို ကြည့်ပြီးနောက် သူ့နာမည်ကို သေချာကြည့်လိုက်သည်။
ရွှီချင်းသည် ထွင်းထုပြီးနောက် ကျောက်စိမ်းပေလွှာကို ဘေးသို့ ထားမည်ပြု၍ ဘေးရှိ တဆတ်ဆတ်တုန်ခါနေသော သံတုတ်နက်လေးကို လှမ်းကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလွန် ကြိုးစားခဲ့သည်ကို သူ ပြန်တွေးမိလိုက်ပြီး ‘ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ’ ဆိုသည့်စကားလုံးများကို သူ ဖျက်ပစ်လိုက်သည်။
ယင်းစကားလုံးများကို ဝါးပေလွှာပေါ်မှ ဖျက်ထုတ်လိုက်သည်သာမက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရင်ထဲမှပါ ဖျက်ထုတ်လိုက်ခြင်း ဖြစ်ပေရာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တစ်ခါမှမကြုံဖူးသော စိတ်လှုပ်ရှားခြင်းများ၊ ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်လာသည်။ သံတုတ်နက်လေးမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါလာ၏။
ထိုအချိန်၌ ယခင်က သူ၏ ကြိုးစားအားထုတ်မှုအားလုံး ထိုက်တန်သည်ဟု သူ ခံစားနေရသည်။
“ ကျေးဇူးတင်ပါတယ် သခင်လေး ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ရုပ်လုံးပေါ်လာပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။ ထိုအတောအတွင်း သူ ပင်ပန်းဆင်းရဲကြီးစွာ ခံစားခဲ့ရသည်။ အထူးသဖြင့် အရိပ်လေးက ကြီးကြီးမားမား စွမ်းဆောင်မှုများ လုပ်နေသောအခါတွင် သူ့ရင်ထဲမှာ ဖိအားများလာခဲ့ရသည်။
ကျင့်ကြံနေစဉ်အတောအတွင်း ကိုယ်တွင်းမိစ္ဆာထကြွသောင်းကျန်းလာသည်ကိုပင် ကြုံခဲ့ရသည့်အကြိမ်အနည်းငယ် ရှိသည်။ အချိန်မရွေးစွန့်ပစ်ခံရနိုင်သည်ဆိုသော ခံစားချက်မျိုး သူ အမြဲရနေခဲ့သည်။ ယခုအချိန်၌ ရွှီချင်း၏ ပယ်ဖျက်ပေးခြင်းဖြင့် သူ့စိုးရိမ်သောကတစ်ဝက်ကျော် လွင့်ပျယ်သွားခဲ့ရပြီ ဖြစ်သည်။
စိတ်လှုပ်ရှားနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ရွှီချင်းနောက်ရှိ အရိပ်လေးကို သတိမထားမိပေ။ ထိုအချိန်၌ အရိပ်လေးသည် မျက်လုံးတစ်လုံးဖွင့်၍ အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစားနေသည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အားပေးစကားဆိုလိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီးနောက် အခန်းလေးထဲမှ ထွက်၍ ထိုင်ကာ အဝေးသို့ ငေးကြည့်နေလေသည်။
လူတစ်ယောက်ကို သူ စောင့်နေခြင်း ဖြစ်သည်။
မကြာခင် ညသန်းခေါင်ယံအချိန်၌ လုံးဝန်းသောလူရိပ်တစ်ရိပ် ရွှီချင်း၏ မြင်ကွင်းထဲ ပေါ်လာသည်။ အနီးသို့ ရောက်သောအခါတွင် ထိုလူရိပ်မှာ ဟွမ်ရန်မှလွဲ၍ တခြားလူမဟုတ်ပေ။
ဟွမ်ရန်သည် သေရည်များစွာ သောက်ထားပြီး ဒယိမ်းဒယိုင်ဖြင့် လျှောက်လာနေသည်။ ယခုတစ်ခေါက်တွင် သူသည် မြေပြင်ပေါ် မထိုင်ဘဲ ပထမဆုံးအကြိမ်အဖြစ် ရွှီချင်း၏ မှော်သင်္ဘောပေါ် ခုန်တက်လာသည်။
မှော်သင်္ဘောပေါ် ရောက်ပြီးနောက် သူသည် ဘေးတွင်ထိုင်၍ ဟင်းခနဲ သက်ပြင်းချလိုက်သည်။
“ ညီလေးရွှီချင်း … ဒီနေ့ ငါ့ကြောင့် ဖြစ်ခဲ့တာတွေအတွက် ဒါကို ယူလိုက်။ ငါ တောင်းပန်ပါတယ်ကွာ။ ဂိုဏ်းတူအစ်မရဲ့သူငယ်ချင်းက ဒီလိုမျိုး အသုံးမကျတဲ့သူ ဖြစ်နေမယ်လို့ ငါ မထင်ခဲ့ဘူး ”
ဟွမ်ရန်သည် ပြောရင်းဆိုရင်း သိုလှောင်အိတ်တစ်အိတ်ကို ထုတ်၍ ရွှီချင်းထံသို့ တည်ကြည်စွာ ကမ်းပေးလိုက်သည်။
“ ညီလေးရွှီချင်း … အခုတလော ငါ့မှာ များများစားစား မရှိသေးဘူး။ ဝိညာဉ်ကျောက်တုံးနှစ်သိန်းလောက်ပဲ ရှိတယ်။ ဒါကို လက်ဆောင်အနေနဲ့ ယူလိုက် ”
ရွှီချင်းသည် ချက်ချင်း မယူသေးဘဲ ဟွမ်ရန်ကို ကြည့်လိုက်သည်။
“ အဲဒီကိစ္စကို မင်း ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားတုံး ”
ဟွမ်ရန်က သက်ပြင်းချ၍ ပြောလိုက်သည်။
“ ဘာလို့ အချစ်ခံရဖို့က ဒီလောက်ခက်ခဲနေရတာတုံးကွာ ”
“ ငါ့အတွက် အရမ်းခက်တယ်ရွှီချင်း။ မင်းသိလား ချီရွှဲ့ထုံဂိုဏ်းကို ဂိုဏ်းတူအစ်မကြောင့် ငါလာခဲ့တာ။ အဲဒီတုန်းက ဂိုဏ်းတူအစ်မကို အဝေးကနေ လှမ်းမြင်လိုက်ရတာ။ အဲဒီအချိန်ကစပြီး ငါ့စိတ်ထဲမှာ သူ့ပုံရိပ်က စွဲနေတော့တာ။ နောက်ဆုံးကျ ချီရွှဲ့ထုံဂိုဏ်းကို လာဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ငါ့ရဲ့လက်တွဲဖော်အနေနဲ့ ပိုင်ဆိုင်ချင်တယ် ”
ယနေ့ ဟွမ်ရန်သည် ပုံမှန်နှင့်မတူဘဲ အနည်းငယ် ခံစားနေရသည်။ သူသည် သေရည်အိုးကို ထုတ်၍ တစ်ကျိုက်မော့ချလိုက်ပြီး ရွှီချင်းအား ပစ်ပေးလိုက်သည်။
ရွှီချင်းသည်လည်း သေရည်အိုးကို ဖမ်းယူလိုက်ပြီး တစ်ကျိုက်သောက်လိုက်သည်။
“ သူ့အချစ်ဆုံးသူငယ်ချင်းက ငါ့ပြိုင်ဘက်ဖြစ်လာမယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့မိဘူး ”
“ မင်းသိလားကွာ။ ဒီနေ့ အဲဒီမိန်းမပျက်က ရောက်ကတည်းက ဂိုဏ်းတူအစ်မကို တပူပူတဆာဆာ လုပ်နေတာ။ ဂိုဏ်းတူအစ်မမှာ ငါ့ကို ဂရုစိုက်ဖို့ အချိန်တောင် မရဘူး။ ဒီနေ့ ဂိုဏ်းတူအစ်မကို ငါ သွားရှာတော့ ဂိုဏ်းတူအစ်မက ငါ့ကို အပြစ်မကင်းတဲ့ပုံစံလေးနဲ့ အဝေးကို နှင်လွှတ်တာ ”
“ တစ်ခုခုလွဲနေမှန်း ငါ ချက်ချင်း သိလိုက်တယ်။ သေရည်သွားသောက်ရင်း စုံစမ်းမေးမြန်းကြည့်တော့ အဲဒီကလေးမက ငါ့ဆီကနေ ဂိုဏ်းတူအစ်မကို လုယူချင်နေမှန်း ငါ သိလိုက်ရတယ် ”
ဟွမ်ရန်က အံတင်းတင်းကြိတ်လိုက်သည်။
“ ဘာလို့ ဒီအချိန်ရောက်မှ အခုလိုတွေ ဖြစ်လာရတာတုံးကွာ။ အရင်လတွေကသာ အခုလိုမျိုး ဖြစ်လာရင် သူ့ကို သေလောက်အောင် ထိုးကြိတ်ပြီးပြီ ”
ဟွမ်ရန်က နာကျင်စွာဖြင့် ပြောလိုက်သည်။
ရွှီချင်း၏ မျက်လုံးများထဲ စိတ်ရှုပ်ထွေးနေသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုကဲ့သို့ ကိစ္စများကို သူ ကောင်းစွာ နားမလည်သလို ထိုကဲ့သို့ စိတ်ဖိစီးခြင်းမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ ထို့ကြောင့် ဟွမ်ရန်အား မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို သူ မသိပေ။ သေရည်အိုးကိုသာ သူ မြှောက်လိုက်သည်။
ဟွမ်ရန်သည် ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး ထပ်မံသက်ပြင်းချလိုက်သည်။ ထို့နောက် နောက်ထပ်သေရည်အိုးတစ်အိုး ထုတ်လိုက်ပြီး ရွှီချင်းနှင့် အိုးချင်းတိုက်လိုက်ပြီး သေရည်အိုးကို မော့ချလိုက်သည်။
“ မင်းက ငယ်သေးတယ် …”
သူသည် ထိုသို့ပြောလိုက်စဉ် သူ့သိုလှောင်အိတ်ထဲရှိ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ အပြင်းအထန် တုန်ခါသွားသည်။ သူ မျက်မှောင်ကြုတ်သွားပြီး ထုတ်ကြည့်လိုက်သည်။ ယင်းနောက် သူ ထောင်းခနဲ ဒေါသထွက်လာဟန်တူသည်။
တချိန်တည်းမှာပင် ရွှီချင်း၏ ကျောက်စိမ်းပေလွှာသည်လည်း တုန်ခါလာသည်။ ရွှီချင်းက တည်ငြိမ်စွာ ထုတ်လိုက်သည်။ ဓမ္မစွမ်းအားများကို ထည့်သွင်းပြီးနောက် စာများတစ်ခုပြီးတစ်ခု အလျင်အမြန် ပေါ်လာသည်။
“ ဆယ့်ငါးမိနစ်လောက်က လူဆိုးထိန်းဌာနရဲ့ ရွှမ်ဌာနခွဲကို ကင်းလှည့်ဌာနက အကူအညီတစ်ခု တောင်းထားပါတယ်။ ဂိုဏ်းပြင်ပက အခြေတည်အဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်က ရေကြောင်းပြဌာနကို ဖျက်ဆီးခဲ့ပါတယ်။ ကင်းလှည့်ဌာန သွားကြည့်တော့ ဂိုဏ်းသားအများကြီး ဒဏ်ရာရနေပါတယ်။ သူတို့ဌာနမှူးလည်း ဒဏ်ရာအပြင်းအထန်ရနေသလို ကျန်တဲ့သူတွေလည်း ချုပ်နှောင်ခံထားရပါတယ် ”
“ ရွှမ်ဌာနက ဖြေရှင်းဖို့ သွားခဲ့ပေမဲ့ အဲဒီထိပ်သီးကျင့်ကြံသူကို မတားဆီးနိုင်ဘဲ ချုပ်နှောင်ခံလိုက်ရပါတယ် ”
“ အဲဒီကျင့်ကြံသူက ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရဲ့ ရေကြောင်းပြဌာနက ဟွမ်ရန်ကို သူ့ဆီ ချက်ချင်း လာတွေ့ဖို့ တောင်းဆိုနေပါတယ် ”
“ ဒီကိစ္စက ကျနော်တို့ လုပ်နိုင်စွမ်းကို ကျော်လွန်နေတာဖြစ်လို့ လက်ထောက်ဌာနမှူးရွှီအနေနဲ့ ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ ”
ရွှီချင်းက ဘေးရှိ ဟွမ်ရန်ကို ကြည့်လိုက်သည်။ ဟွမ်ရန်သည်လည်း ရှုံ့မဲ့နေသောအမူအရာဖြင့် ခေါင်းမော့လိုက်သည်။ ရွှီချင်း၏အကြည့်ကို သူ တွေ့လိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် တောင်းပန်သည့်အမူအရာပေါ်လာသည်။ ထို့နောက် သူသည် ချက်ချင်း မတ်တတ်ရပ်၍ မှော်သင်္ဘောပေါ်မှ လှစ်ခနဲ ပြေးထွက်သွားပြီး ရေကြောင်းပြဌာနသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ရွှီချင်းသည် ဟွမ်ရန်၏ နောက်ကျောကို ကြည့်လိုက်ပြီးနောက် ဆဋ္ဌမမြောက်တောင်ထိပ်ရှိ ဆိုင်ထဲမှ အဖြစ်အပျက်များကို ပြန်တွေးမိလိုက်သည်။ ထို့နောက် ဟွမ်ရန်က သူ လက်မခံသဖြင့် တိတ်တဆိတ် ချန်ထားခဲ့သော သိုလှောင်အိတ်ကို လှမ်းကြည့်လိုက်သည်။
“ ဟွမ်ရန်က သစ္စာရှိတဲ့လူတစ်ယောက်ပဲ ”
ရွှီချင်းသည် တိတ်ဆိတ်စွာ မတ်တတ်ရပ်လိုက်ပြီး ရေကြောင်းပြဌာနသို့ လျှောက်သွားသည်။
သူသည် ဟွမ်ရန်ထက် ပို၍ မြန်ဆန်သည်ဖြစ်၍ မကြာခင် ခပ်လှမ်းလှမ်းတွင် ပြေးလွှားနေသော ဟွမ်ရန်ကို မြင်လိုက်ရသည်။ ရွှီချင်း ရောက်လာခြင်းသည်လည်း ဟွမ်ရန်ကို ငြိမ်သက်သွားစေသည်။ ထို့နောက် ဟွမ်ရန်ကို ရွှီချင်းကို ပြုံး၍ ပြောလိုက်သည်။
“ မင်း ဘာလို့ ဒီကို ရောက်လာတာတုံး ”
“ ရေကြောင်းပြဌာနက ကိစ္စတစ်ခု တင်ပြထားလို့ ငါ လာတာ ”
ရွှီချင်းသည်လည်း ပြုံး၍ ပြောလိုက်သည်။
“ ရွှီချင်း … မင်းက ထူးခြားတဲ့လူတစ်ယောက်ပဲ။ ချီရွှဲ့ထုံဂိုဏ်းမှရှိနေခဲ့တဲ့ နှစ်တွေထဲ သူငယ်ချင်းတစ်ယောက်မှ ငါ မရှိခဲ့ဘူး။ ငါ့မျက်လုံးတွေထဲမှာ ဂိုဏ်းတူအစ်မတစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး မင်းလို သူငယ်ချင်းတစ်ယောက်ကို ငါ ရခဲ့တယ် ”
“ ငါ့မှာ သူငယ်ချင်းနည်းနည်းပဲ ရှိတယ် ”
ဟွမ်ရန်သည် သက်ပြင်းချလိုက်ပြီး ဆက်မပြောတော့ပေ။ သူသည် အားကုန်သုံး၍ ပြေးသွားပြီး အဖော်အဖြစ် ရွှီချင်းနှင့်အတူ ရေကြောင်းပြဌာနသို့ နီးကပ်သည်ထက် နီးကပ်လာသည်။
ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ရေကြောင်းပြဌာနအဆောက်အအုံသည် ရွက်လှေတစ်စင်းနှင့် ဆင်တူသည်။ သူတို့အနီးသို့ ရောက်သည်နှင့် ရွက်လှေကြီးဆီမှ အားကောင်းသော အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။
ရွက်လှေအဆောက်အအုံကြီးမှာ အလယ်မှ ထက်ပိုင်းကျိုးသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ အဆောက်အအုံထဲမှ အနက်ရောင်လူရိပ်တစ်ရိပ် တဟုန်ထိုး ပြေးထွက်လာပြီး ဟွမ်ရန်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ရွှီချင်း၏ မျက်လုံးများ ချက်ချင်း မှေးသွားသည်။ သူသည် သက်စောင့်မီးတောက်များကို အလျင်အမြန် ထွန်းညှိလိုက်ပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းကာ ဟွမ်ရပ်၏ ရှေ့တွင် ရပ်လိုက်သည်။ သူက ညာလက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ မီးတောက်နက်များ ဖုံးလွှမ်းသွားပြီး ချဉ်းကပ်လာနေသော အနက်ရောင်လူရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဝုန်းခနဲ မြည်ဟည်းသံ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ အနက်ရောင်လူရိပ်မှာ တွန့်လိမ်ရှုံ့တွသွားပြီး ဘေးရှိကျောက်တုံးကြီးတစ်တုံးပေါ်၌ ပေါ်လာသည်။ ယင်းလူရိပ်မှာ မကြာသေးခင်က ရွှီချင်းနှင့် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် ယန်ယန်မှလွဲ၍ တခြားလူမဟုတ်ပေ။
“ နင်ကိုး ”
ဝတ်စုံနက်မိန်းကလေးက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။
ရွှီချင်းသည် ယန်ယန်ကို လှမ်းကြည့်လိုက်ပြီးနောက် ဖျက်ဆီးခံလိုက်ရသော ရေကြောင်းပြဌာနကို ကြည့်လိုက်သည်။ အဖျက်အဆီးပုံများထဲတွင် ဌာနသုံးခုမှ အနိမ့်ဆုံးဂိုဏ်းသားတစ်ရာခန့် လဲကျနေသည်ကို သူ မြင်လိုက်ရသည်။
သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရနေပါသော်လည်း အသက်မသေပေ။ ထိုဂိုဏ်းသားများထဲတွင် လူအလေးကိုပင် ရွှီချင်း မြင်လိုက်ရသည်။
ရွှီချင်း၏မျက်နှာ သုန်မုှန်သွားသည်။ ထို့နောက် ဘေးပတ်လည်ကို သူ အကဲခတ်လိုက်၏။
“ ဘာမှကြည့်မနေနဲ့။ ငါ့အဆင့်နဲ့ ဘယ်သာမန်ဂိုဏ်းသားကိုပဲ ငါသတ်သတ် မင်းတို့ဂိုဏ်းက ငါ့ကို ဟန့်တားမယ်လို့ ထင်နေတာလား။ ငါ ရောက်ကတည်းက အခုချိန်ထိ ငါ့ကို ဘယ်သူဟန့်တားလဲ ”
ဝတ်စုံနက်မိန်းကလေးသည် ရွှီချင်း၏မျက်နှာကို ကြည့်၍ လျာဖြင့် နှုတ်ခမ်းများကို သပ်လိုက်သည်။
“ ဒါပေမဲ့ နင်က ချီရွှဲ့ထုံဂိုဏ်းရဲ့ ဆက်ခံသူစာရင်းထဲ ရှိနေမယ်လို့ ငါ ထင်မထားခဲ့မိဘူး။ ဒီတော့ နည်းနည်းခက်ခဲမှာပဲ ”
“ မင်း မှားနေပြီ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဂိုဏ်းက မင်းကို မတိုက်ခိုက်တာက ဒီကိစ္စက လူဆိုးထိန်းဌာနရဲ့ လက်ထဲမှာပဲ ရှိသေးလို့။ ဒီကိစ္စကို ငါ မတင်ပြခင်အထိ ဒီကိစ္စက လူဆိုးထိန်းဌာနရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိနေတုံးပဲ ”
ထိုသို့ပြောပြီးသည်နှင့် ရွှီချင်းသည် ညာလက်ကို မြှောက်၍ လူဆိုးထိန်းဌာန ပိုင်သော အချက်ပြကျောက်စိမ်းပေလွှာကို ဖျက်ဆီးလိုက်သည်။ တခဏလေးအတွင်း ပျက်စီးသွားသော ကျောက်စိမ်းပေလွှာထဲမှ စူးရှတောက်ပသောအလင်းတန်းတစ်တန်း လေထဲသို့ ထိုးတက်သွားသည်။ ညအမှောင်ထုထဲတွင် ထိုအလင်းတန်းသည် ‘凶’ စကားလုံးပုံစံဖြင့် သက်တန့်ရောင်အလင်းများ ဖြာထွက်နေသည်။
တချိန်တည်းမှာပင် ရွှီချင်း၏အသံက အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
“ လူဆိုးထိန်းဌာနရဲ့ စည်းကမ်းနံပါတ်ခုနစ်၊ တခြားဒေသက ကျင့်ကြံသူတစ်ယောက်က ပင်မမြို့ကြီးကို ရုန့်ရင်းဆန်ခတ်ဖြစ်အောင်လုပ်ရင် လူဆိုးထိန်းဌာနအနေနဲ့ ဖမ်းဆီးခွင့်ရှိတယ်။ ရွှမ်ဌာနခွဲက အဖွဲ့ဝင်တို့ … နားထောင်ကြမယ်။ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ကို ပိတ်ဆို့ပြီး ဒီရာဇဝတ်သားကို ဖမ်းဆီးကြ ”