← Chapters

ရုတ်တရက် မြင်ကွင်း ပြောင်းလဲခြင်း

Vol. 23 Ch. 345

ရုတ်တရက် မြင်ကွင်း ပြောင်းလဲခြင်း

Vol. 23 Ch. 345

“လက်နဲ့ မီးလုပ်မလို့လား”

ရိုက်ကူးရေး အဖွဲ့သားများက ရဲ့လင်းချန်ကို စိုက်ကြည့်၍ ခေါင်းခါကြသည်။

“ဝိုင် ငါတို့ မင်းကို စိတ်ညစ်အောင် လုပ်ဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ အရင်က ရသစုံရှိုးပွဲ တစ်ခု ရိုက်ဖူးတယ်၊ အဲ့ထဲက တာဝန်တစ်ခုက လက်နဲ့ မီး လုပ်တာပဲ၊ ဒါပေမဲ့ အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာကို နောက်မှ ငါတို့ သိလိုက်ရတယ်”

တစ်ယောက်က ပြောလာသည်။

“ဟုတ်တယ်၊ ငါတို့ အားဘယ်လောက် သုံးသုံး၊ မီးတောက် ဖြစ်လာဖို့ တကယ် ခက်ခဲတယ်”

အခြားတစ်ယောက်လည်း ပြောသည်။

ရိုက်ကူးရေး ဝန်ထမ်းများ ပြောသည်ကို ကြားပြီးနောက် တလေနှင့် အခြားသူများသည် စိတ်ထဲ၌ သံသယ ဝင်လာကြသည်။ တစ်ယောက်ချင်းစီက ရဲ့လင်းချန်ကို လှမ်းကြည့်လေသည်။

သို့သော် ရဲ့လင်းချန်၏ အမူအရာက တည်ငြိမ်မြဲ တည်ငြိမ်နေသည်။ သူသည် ချက်ချင်း သစ်သားပေါက်ကို တုတ်ဖြင့် မပွတ်ချေ။ ထိုအစား သူသည် မတ်တပ်ရပ်၍ သစ်ရွက်ခြောက်များနှင့် မြက်ပင်များကို ဆက်ကောက်သည်။ တစ်ခုချင်းစီက တူညီခြင်းမရှိဘဲ သေချာ ဂရုစိုက်၍ ကောက်နေမှန်း သိသာလှသည်။

အခြားသူများ မေးခွန်းမေးသည်ကို စောင့်မနေဘဲ ရဲ့လင်းချန်က ရှင်းပြလေသည်။

“လက်နဲ့ပွတ်ပြီး မီးဖန်တီးတာက အရမ်း ခက်တယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး၊ စာတွေ့မှာရော လက်တွေ့မှာပါ ခက်ပါတယ်၊ ပါဝင်ပစ္စည်းတွေကိုလည်း သေချာ ဂရုစိုက်ပြီး ရွေးရတယ်၊ သစ်ရွက်တွေကို မှားပြီး ရွေးမိရင် မီးထွက်ဖို့ မဖြစ်နိုင်ဘူး၊ ပြီးတော့ အချို့သစ်ရွက်တွေက ပင်ကိုအားဖြင့် မီးလောင်လွယ်တယ်၊ အဲ့တော့ အဲ့ဒါတွေက တစ်ခုနှင့်တစ်ခု တွဲဖက်ညီနိုင်တယ်၊ အဲ့ဒါဆို လက်နဲ့ပွတ်ပြီး မီးဖန်တီးဖို့ လွယ်သွားလိမ့်မယ်”

“မစ္စတာဝိုင် ဒါဆို ရှင် ရွေးထားတဲ့ မတူညီတဲ့ သစ်ရွက်ခြောက်တွေနဲ့ မြက်ပင်တွေက မီးဖန်တီးဖို့ ပိုလွယ်တာလား”

အာနယ်လ်က မေးသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ဝိုး … ရှင်က တော်တော် သိတာပဲ၊ ကျွန်မ ရှင်နဲ့ အတူရှိနေရင် ကျွန်မဦးနှောက်ကို အသုံးချဖို့တောင် မလိုဘူး”

အာနယ်လ်က စိတ်လှုပ်ရှားစွာ ပြောလေသည်။

“ဒါတွေအားလုံးက သာမန်အသိပညာလေးပါပဲ၊ ဘာမှမဟုတ်ပါဘူး”

ရဲ့လင်းချန်က ပခုံးတွန့်ပြပြီးနောက် အစ်ကိုယန်ကို ပြောလိုက်သည်။

“အစ်ကိုယန်၊ ခင်ဗျား ဒီရစ်ငှက်ကို ကိုင်နိုင်လား”

“ကိစ္စမရှိဘူး”

အစ်ကိုယန်က အင်္ကျီလက်ကို ပင့်တင်လေသည်။

“ကျွန်တော်တို့ ပြိုင်တူ လုပ်ရင် ပိုကောင်းတယ်”

ထို့နောက် ရဲ့လင်းချန်က အားလုံး ပြင်ဆင်ပြီး လက်နှစ်ဖက်ဖြင့် သစ်ကိုင်းတစ်ကိုင်းကို ကိုင်လိုက်သည်။ ထို့နောက် လဲနေသော အပင်၏ အပေါက်ထဲမှ သစ်ရွက်ခြောက်များကို ထိုသစ်ကိုင်းဖြင့် ပွတ်လေသည်။

သူသည် အလွန် မြန်ပြီး ကြိမ်နှုန်းကိုလည်း ကောင်းကောင်း ထိန်းနိုင်သည်။ အလွန် ငြိမ်သော နှုန်းဖြင့် လုပ်ဆောင်နေ သောကြောင့် မျက်စိထဲ ကြည့်ရ အဆင်ပြေနေ၏။

ဘေးလူများ တဖြည်းဖြည်း ငြိမ်ကျသွားပြီး ရဲ့လင်းချန် သစ်ကိုင်းဖြင့် ပွတ်နေသည်ကို ငြိမ်၍ ကြည့်နေသည်။

တီဗွီရှေ့၌ ကြည့်နေသူများတောင်မှ ငြိမ်သက်နေ၏။ သူတို့သည် ငြိမ်၍ စောင့်နေကြပြီး လက်ဖြင့် ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသည့် တရှဲရှဲအသံကိုပင် ကြားနေရသည်။

ရဲ့လင်းချန်သည် လက်ထဲမှ သစ်ကိုင်းကို ပွတ်ကာ လေလည်ပတ်မှုကို ထိန်းသိမ်းရန် အချိန်နှင့်အမျှ ပါးစပ်ဖြင့် လေကို မှုတ်ပေးနေသည်။

အာနယ်လ်နှင့် ချန်ရှောင်ယန်တို့က ရဲ့လင်းချန်၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည်။ သူတို့သည် ဘေး၌ ခေါင်းလေးစောင်း၍ စောင့်နေကြတော့သည်။

လူတိုင်း၏ စိတ်ထဲ၌ လက်ဖြင့် ပွတ်ခြင်းဖြင့် မီးကို တကယ် ဖန်တီးနိုင်ပါ့မလားဟု တွေးနေမိသည်။

ငါးမိနစ်သာသာ ကြာပြီးနောက် အပေါက်ထဲမှ မီးခိုးငွေ့တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

“မီးခိုးပဲ”

ချန်ရှောင်ယန်က တအံ့တဩ ရေရွတ်သည်။ သူမ၏ လှပသော မျက်ဝန်းတွင် မျှော်လင့်စောင့်စားစိတ်တို့ ပြည့်နှက်နေ၏။

မကြာခင်မှာပင် မီးခိုးငွေ့က ပြင်းသထက် ပြင်းလာသည်။ တစ်ခဏကြာသော် အနီရောင် မီးတောက်တစ်ခု ပေါ်ပေါက် လာလေသည်။

“မီး၊ တကယ့် မီးပဲ”

“နတ်ဘုရား၊ သူက နတ်ဘုရားပဲ၊ သူက လက်နဲ့ပွတ်ပြီး မီးကို ဖန်တီးနိုင်တာပဲ”

အံ့အားသင့်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူတိုင်းက ကြည့်ရှုနေကြသည်။ ရုတ်တရက် ထွက်လာသော မီးတောက်ကို ကြည့်ပြီး သူတို့ ထိတ်လန့်နေလေသည်။

“သစ်ရွက်ခြောက်တွေ ယူလာခဲ့”

ရဲ့လင်းချန် ပြောလိုက်သည်။

ချန်ရှောင်ယန်က ကြိုတင် ပြင်ဆင်ထားသော သစ်ရွက်များနှင့် တုတ်ချောင်းများကို ယူပြီး မီးတောက်ထဲ ထည့်လိုက်သည်။

“ရှဲ”

မီးတောက်သံက သူတို့နားထဲသို့ တိုးဝင်လာ၏။ ၎င်းက အားလုံး၏ နားထဲတွင် ဂီတသံတစ်ခုနှင့် တူနေသည်။ မီးတောက်မှ အလင်းက အားလုံး၏ မျက်နှာကို နီရဲနေစေပြီး ချန်ရှောင်ယန်နှင့် အခြားသူများ အလွန် ပျော်ရွှင် နေကြသည်။

“ဟားဟားဟား ညီလေးဝိုင်၊ တလေဆိုတဲ့ ငါက အရင်က လူတစ်ယောက်ကို အများကြီး မလေးစားခဲ့ဖူးဘူး၊ ငါ မင်းကို တစ်ခွန်းပဲ ပြောနိုင်မယ်၊ လေးစားတယ်ကွာ”

တလေက ရယ်မောနေ၏။

“ညီလေးရဲ့ မင်း ရှိနေတာကို ငါ ဝမ်းသာတယ်”

အစ်ကိုယန်ကလည်း ပြောသည်။ သူက ဆေးကြောထားသော ငါးနှင့် ရစ်ငှက်ကို ရဲ့လင်းချန်အား ပေးလေသည်။

သူတို့ခြောက်ယောက်လုံး မီးပုံနား ဝိုင်းထိုင်၍ စကားပြောကာ ရယ်မောနေကြသည်။

ကင်မရာသမားများက ထိုမြင်ကွင်းကို အတိအကျ ရိုက်ယူထားသည်။

[ဝိုး … မြင်ကွင်းက ရုတ်တရက်ကြီး ပြောင်းသွားတာပဲ၊ လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း အစီအစဉ်က တကယ်ကို အပန်းပြေတဲ့ အစီအစဉ်တစ်ခုလို့ ငါ ရုတ်တရက်ကြီး ခံစားမိလာတယ်]

[အိုး … အပေါ်ကလူ၊ မင်း နည်းနည်း နောက်ကျသွားပြီ၊ ဒီအစီအစဉ်မှာ ဝိုင် ပါလာတာက လူသူမဲ့ကျွန်း၌ ရှင်သန် နေထိုင်ခြင်း အစီအစဉ်ကို လူတိုင်း တောင့်တနေတဲ့ ဘဝတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တယ်လို့ ငါ ခံစားမိတာ]

[ဟုတ်တယ်၊ အဲ့မှာ ဝိုင်ရှိနေရင် ဘာကိုမှ စိတ်ပူစရာ မလိုဘူး၊ ဒါက အပန်းဖြေ ခရီးထွက်လာတာပဲ]

[ငါ တော်တော် အားကျမိတယ်၊ ဒီလိုဘဝမျိုးက သဘာဝနဲ့ ပိုနီးစပ်ပြီး လှပလွန်းတယ်၊ ငါ ရုတ်တရက််ကြီး စခန်းချ ခရီးထွက်ပြီး ပျော်ပွဲစား ထွက်ချင်လာတယ်]

…

ရိုက်ကူးရေး အဖွဲ့မှ လူများသည် ရဲ့လင်းချန်ကို ကြည့်ပြီး အောင့်သက်သက် ပြုံးလိုက်မိသည်။ သူတို့၏ ညှိနှိုင်းသော အစီအစဉ်များ မရှိတော့ဘဲ ပါဝင်သူများ အေးအေးဆေးဆေး စားသောက်နေသည်ကိုသာ သူတို့ ထိုင်ကြည့်နေရသည်။

“မစ္စတာဝိုင်၊ ရှင် အချက်အပြုတ် တော်ကိုတော်တယ် မဟုတ်လား’

အာနယ်လ်က ရဲ့လင်းချန်ကို တောက်ပသော မျက်ဝန်းတို့ဖြင့် ကြည့်နေပြီး ထိုအကြည့်က *ရှင် ကျွန်မကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူး*ဟု ပြောနေသလိုပင်။

“အဟမ်း … ငါတို့အားလုံး အဲ့လောက် မတော်ပါဘူး”

အစ်ကိုယန်က ချောင်းဟန့်၍ မသိမသာ အရှက်ရသလို ခံစားမိသည်။

“ဝိုင် ကျွန်မ … ဘယ်လိုလုပ်ရလဲ မသိဘူး”

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို ကြည့်ပြီး ရှက်နေသည်။ သူမက တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့ နောက်တစ်ခါကျရင် ငါ သင်ထားမှာပါ …”

ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။

“ထားလိုက်တော့၊ ငါ လုပ်လိုက်မယ်”

ဤသို့သော ပတ်ဝန်းကျင်၌ တစ်စုံတစ်ယောက်က အရသာရှိသော ဟင်းလျာကို ချက်ပြုတ်နိုင်ခြင်းက လက်တွေ့ မဆန်သော မျှော်မှန်းမှုပင်။ သူ့ကိုယ်သူ အားကိုးသည်က ပိုကောင်းသလို အစားကောင်းတစ်ခုသည်လည်း အချည်းနှီး မဖြစ်သင့်ပေ။

“ဟုတ်ပြီဟေ့၊ ရှင် ကျွန်မကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ကျွန်မ သိနေတယ်၊ ကျွန်မ ရှင့်ကို ချစ်တယ်”

အာနယ်လ်သည် ရဲ့လင်းချန်ကို ဖက်၍ အကြင်နာပေးခြင်းထက် ဘာမှကို မလိုချင်တော့ပါ။ ဤသို့သော အခြေအနေ၌ ရဲ့လင်းချန်လို လူတစ်ယောက်ကို အားကိုးခြင်းက သူမကို ပို၍ လုံခြုံသလို ခံစားရစေသည်။

“အချိန် မရှိတော့ဘူး၊ ငါးကို ကင်လိုက်ရအောင်၊ ရစ်ငှက်ကိုတော့ … ငါတို့ ကြက်ကင်လို လုပ်လိုက်ရအောင်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

(စကားချပ်။ ။ English လိုဆို “Beggar’s chicken” လို့ခေါ်တဲ့ တရုတ်ရိုးရာ ချက်နည်းပါ၊ ကြက်ကို ပဲငံပြာရည် အနောက်နဲ့ စိမ်ပြီး ကြာရွက်နဲ့ထုပ်ပြီးတော့ အပေါ်ကနေ ရွှံ့စေးအုပ်ပြီး အိုးထဲထည့် ကင်တဲ့နည်းလမ်း ဖြစ်ပါတယ်)

ထို့နောက် သူက အိုးကိုထုတ်၍ ဟင်းခတ် အမွှေးအကြိုင်များကိုပါ ထုတ်လိုက်သည်။

ထို့နောက် သူက အိုးထဲ ရေထည့်၍ ငါးမျိုးစပ် ဟင်းခတ် အမွှေးအကြိုင်နှင့် စပါးမုန်ပင်ကို ထည့်လိုက်သည်။ ရေနှင့် ဟင်းခတ် အမွှေးအကြိုင် ထည့်ထားသော အိုးအား မီးပေါ် တင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်က အနီးအနားသို့ လျှောက်သွားပြီး ငှက်ပျောရွက်ကြီးကြီးတစ်ခုကို ယူလာသည်။ သူက ရစ်ငှက်တစ်ကောင်လုံးကို ငှက်ပျောရွက်ပေါ် တင်လိုက်ပြီး ဗိုက်ထဲသို့ ဟင်းခတ်အမွှေးအကြိုင်များ သိပ်ထည့်လိုက်သည်။ သူ တောထဲ သွားနေစဉ်က ရစ်ငှက်တစ်ကောင်လုံးကို ဖုံးအုပ်နိုင်သည့် အပင်များကို တွေ့ခဲ့သည်။ နောက်ဆုံးတွင် သူက ထိုအရာကို ကြာရွက်ဖြင့် ထုပ်လိုက်သည်။

ထို့နောက် ကြာရွက်ပေါ်တွင် ရွှံ့စေးများ အုပ်လိုက်ကာ အိုးလုံးပုံစံ ဖြစ်သွားစေလိုက်သည်။ ထို့နောက် မီးစများကို ဆွဲထုတ်၍ ရွှံ့လုံးနား ရံလိုက်ကာ မီးတောက်များအား ရွှံ့လုံးတစ်ခုလုံးအား ဖုံးအုပ်သွားစေသည်။

ရဲ့လင်းချန်၏ လှုပ်ရှားပုံက ရိုးရှင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အားလုံး၏ အမြင်၌ အလွန် ရှုပ်ထွေးသည်။ ပါဝင်ပစ္စည်းများ ရွေးချယ်ရပြီး ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရသည့်အပြင် အချို့သော အစိတ်အပိုင်းများကိုလည်း ဖယ်ရှားရသည်။ ထိုအဆင့်အားလုံးကို မှတ်မိရန် ခက်ပေသည်။

“ဂွီ”

အိုးထဲမှ ရေက ဆူစပြုလာသည်။ ရဲ့လင်းချန်က ငါးကို အိုးပူထဲ ထည့်လိုက်ပြီး မီးမျှဉ်းမျှဉ်းဖြင့် ချက်သည်။ သူက အားလုံးကို ရွှံ့လုံးအား မီးစ ဆက်ပေးရန် ပြောလိုက်ပြီး မီးတောက်အား ရွှံ့လုံးပေါ် အမြဲ အုပ်မိုးအောင် လုပ်ခိုင်းထားသည်။

ငါးမိနစ်မျှ ချက်ပြီးနောက် ရဲ့လင်းချန်က ငါးကို ထုတ်၍ ဝါးဖြင့် ထိုးလိုက်ကာ မီးဖြင့် စကင်လိုက်သည်။

“ဝါးတံတစ်ခုစီကိုယူပြီး ငါးကို ထိုးလိုက်၊ ပြီးရင် မီးနဲ့ ကင်”

ရဲ့လင်းချန်က ကျန်ငါးယောက်ကို ပြောလေသည်။

“ကောင်းပြီလေ”

အာနယ်လ်က စိတ်လှုပ်ရှားစွာ ပြော၍ သူ့ထံမှ ဝါးတံတစ်ချောင်းကို ယူလိုက်သည်။ သူ ဝါးဖြင့် ထိုးလိုက် သော်လည်း ချက်ချင်း မီးမကင်ပေ။ သူမက ငါးကို နမ်းကြည့်ပြီး ညှို့ယူခံလိုက်ရသလို ဖြစ်သွားသည်။

“ဝိုး … မစ္စတာဝိုင်၊ ရှင် ဒါကို ဘယ်လိုလုပ်တာလဲ၊ ငါးအနံ့က တော်တော် မွှေးတယ်၊ အခုနေ တစ်ကိုက်လောက် ကိုက်လိုက်ရရင်ကို ကျွန်မ သေပျော်ပြီ”

“ငါ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ သုံးပြီး ငါးညှီနံ့ကို ဖျောက်လိုက်ရုံလေးပါပဲ၊ မင်း ကင်ပြီးရင် ပိုအရသာ ရှိလာမှာ”

ရဲ့လင်းချန်က သူ့လက်ထဲမှ ဝါးတံကို လှည့်၍ ပြုံးကာ ပြောလိုက်သည်။

All Chapters