← Chapters

အခြေတည်ဆောက်ခြင်း ဆေးလုံး

Vol. 9 Ch. 121

အခြေတည်ဆောက်ခြင်း ဆေးလုံး

Vol. 9 Ch. 121

အခန်း ၁၂၁ - အခြေတည်ဆောက်ခြင်း ဆေးလုံး

Translator – Than Toe Aung

နတ်ပန်းပဲတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်သော်လည်း တောင်ထွတ်ငါးခုမှ တပည့်များက ထိုအကြောင်းကို ပြောနေကြတုန်းပင်ဖြစ်၏။ နတ်ပန်းပဲတောင်ထွတ်မှ တပည့်များကတော့ အောင်ပွဲခံပွဲ ကျင်းပကြမလို့ ပြင်ဆင်နေကြပြီး အထူးလှုပ်ရှားသက်ဝင်နေကြ၏။

ဆူဇီမိုသည် ထိုအထဲတွင် မပါဝင်တော့ဘဲ သူ၏ လိုဏ်ဂူတိုက်ခန်းသို့သာ တန်း၍ ပြန်လာခဲ့လိုက်၏။

နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ဖြစ်လာခြင်းက သူ့အတွက် ရင်ခုန်စရာ မရှိပေ။

သူ့ကို တစ်ကယ်တမ်း အံအားသင့်စေခဲ့တာကတော့ သူ့သိုလှောင်အိတ်ထဲက ဆန်းကြယ်ရွှေပိုးချပ်ဝတ်သာဖြစ်လေသည်။

သူ့တိုက်ခန်းသို့ ပြန်ရောက်သောအခါ အချိန်ကား နေ့လည်ခင်းကို ‌ရောက်နေပေပြီ။

“ငါ တံခါးပိတ် ကျင့်ကြံချင်တယ်.. ဝင်‌ပေါက်ဝကနေစောင့်နေ.. ဘယ်သူမှ ပေးမဝင်နဲ့”

ဆူဇီမိုက စိတ်ဝိညာဉ်ကျားကို မှာလိုက်၏။ ထို့နောက် ကျောက်ခုတင်ထက်တွင် တင်ပျဉ်ခွေခြေချိတ်ထိုင်လိုက်ကာ သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်၏။

မနက်ဖြန်သည် အဆောင်လက်ဖွဲ့တောင်ထွတ်၏ ပြိုင်ပွဲဖြစ်ပြီး သူသွားကြည့်ဖို့ စိတ်ကူးမရှိပေ။ ထိုသို့လုပ်မည့်အချိန်ကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ပြီး အဆင့်တက်ဖို့ သူကြိုးစားကြည့်ချင်လေသည်။

ချီစုဖွဲ့မှုအဆင့်၉က ဆူဇီမိုတွေးထင်ထားသည်ထက် ပိုမို ခက်ခဲနေ၏။

သို့သော်လည်း အဓိကအကြောင်းရင်းမှာ သူ၏ အချိန်အများစုကို အစီအရင်တောင်ထွတ်တွင် ကုန်ဆုံးခဲ့ရသောကြောင့် ဖြစ်လေသည်။

နောက်ဆုံးနှစ်လတွင်လည်း သူ၏ အချိန်အများစုကို ဓါးပျံထိန်းချုပ်ကိုင်တွယ်ခြင်းအား ကျွမ်းကျင်ဖို့နှင့် ဝင်္ကပါအားလေ့လာခြင်းတို့တွင် အချိန်ပေးခဲ့ရပြန်လေသည်။ သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ ရခဲ့သည့်အချိန်ကား သိပ်မရှိလှပေ။

သူ့သိုလှောင်အိတ်ထဲတွင် ပကတိအဆင့်စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံး ရှိ၏။

သူသည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်ကျော်ကို စုပ်ယူလို့မှ အဆင့်၉သို့ မရောက်ခဲ့လျှင် စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးကို စားသုံးရပေမည်။

နောက်တစ်နေ့ မနက်သို့ ရောက်သောအခါ...

ရွှယ်ယိနှင့် အခြားသူများသည် အစီအရင်တောင်ထွတ်၏ ပြိုင်ပွဲကို သွားရောက်ကြည့်ရှုဖို့ရာ ဆူဇီမိုကို ဖိတ်ခေါ်ဖို့အတွက် ဆူဇီမို၏ တိုက်ခန်းရှေ့သို့ ရောက်လာကြ၏။

တောင်ထွတ်ငါးခု၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲသည် ကျင်းပချိန် ငါးရက်သာ ကြာမြင့်မည်ဖြစ်ပြီး တစ်နှစ်တာအတွင်း ကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲဖြစ်၏။ ထိုငါးရက်အတွင်းတွင် မည်သည့်တပည့်မျှ ကျင့်ကြံအားထုတ်ဖို့ အာရုံစိုက်ကြတော့မှာ မဟုတ်ပေ။ ဆူဇီမိုသာလျှင် ခြွင်းချက်ဖြစ်လေသည်။

သူတို့သည် အဆောင်လက်ဖွဲ့များအကြောင်း နကန်းတစ်လုံးမျှ မသိလျှင်တောင် ထိုကဲ့သို့သော ပြိုင်ပွဲမျိုးကို ကြည့်ရသည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းလေသည်။

ထို့အပြင် ပို၍ စိတ်ဝင်စားဖို့ ကောင်းသည်မှာ တောင်ထွတ်ငါးခုစလုံး၏ နံပါတ်တစ် အလှမဒီလေး လမ့်ရိုကလည်း အစီအရင်တောင်ထွတ်၏ ဒီနှစ်ပြိုင်ပွဲတွင် ဝင်ပြိုင်လိမ့်မည် ဖြစ်လေသည်။ တစ်ကယ်တမ်း ပြောရလျှင် သူမသည် အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ဖြစ်ဖို့ပင် ရေပန်းစားနေ၏။

တပည့်များစွာက ထိုပြိုင်ပွဲကို သွားရောက်ကြည့်ရှု၍ ရေခဲအလှပဂေးမလေး၏ အော်ရာတစ်စွန်းတစ်စကိုဖြစ်ဖြစ် ဖမ်းဆုပ်မိချင်ကြလေသည်။

သို့သော်လည်း ရွှယ်ယိတို့ ရောက်သောအခါ အပေါက်ဝရှေ့၌ စိတ်ဝိညာဉ်ကျားက တားဆီးဟိန်းဟောက်၍ အထဲသို့ ဝင်ခွင့်မပေးပေ။ သူတို့အမျိုးမျိုး ရှင်းပြဖို့ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ပြီး ‌နောက်ဆုံးလက်လျှော့၍ ပြန်လာခဲ့ရလေ၏။

သိပ်မကြာခင် ဖက်တီးလေးသည်လည်း ‌ရောက်ချလာပြန်၏။

သို့သော်လည်း စိတ်ဝိညာဉ်ကျားက ဒေါသတကြီး မာန်ဖီဟိန်းဟောက်၍ သူ့ကိုပါ ဝင်ခွင့်မပေးပေ။

ဆူဇီမိုသည် အပြင်ဘက်မှ အာရုံများနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထား၏။ တောင်ထွတ်ငါးခု၏ ပြိုင်ပွဲ သုံးရက်မြောက်နေ့အထိ သူသည် ကျင့်ကြံခြင်းတွင် နှစ်မြှုပ်ထား၏။

တတိယနေ့ကား နတ်‌ဆေးတောင်ထွတ်၏ ပြိုင်ပွဲနေ့ဖြစ်၏။

ဤပြိုင်ပွဲသည် ဆူဇီမိုနှင့် ဖုန်ဟောက်ယွီတို့ စိန်ခေါ်ပွဲ၏ ဒုတိယအချီလည်း ဖြစ်၏။

ပထမအချီ နတ်ပန်းပဲတောင်ထွတ်၏ ပြိုင်ပွဲမှာ ဖုန်ဟောက်ယွဲ ရှုံးနိမ့်သွားတာကို အားလုံးသိထားကြ၏။ ထို့ကြောင့် ယနေ့ စိန်ခေါ်ပွဲက သေချာပေါက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာပေလိမ့်မည်။

ဆူဇီမို တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့၏။

တစ်နေ့နှင့် တစ်ညကျင့်ကြံပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း ဗလာကျင်းသွားပြီဖြစ်၏။ သို့သော်လည်း သူကတော့ ချီစုဖွဲ့မှုအဆင့်၈ အထွတ်အထိပ်မှာသာ ရှိနေဆဲဖြစ်၏။

ဆူဇီမိုသည် အလောတကြီး ရှိမနေပေ။

သူ့မှာ အချိန်ရှိသေး၏။ နတ်ဆေးတောင်ထွတ်၏ ပြိုင်ပွဲပြီးလျှင် သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်း‌ဆေးလုံးကို စားသုံးကာ အဆင့်ချိုးဖျက်တက်ရောက်နိုင်ဖို့ ဆက်လက်လေ့ကျင့်နိုင်သေး၏။

မနက်အ‌စောကြီးရှိသေးသည်.. နတ်‌ဆေးတောင်ထွတ်တွင် တပည့်များစွာက စုရုန်းနေပြီဖြစ်လေသည်။

လေထဲတွင်လည်း ဓါးပျံစီး၍ တစ်ဖွဲ့ဖွဲ့ရောက်လာနေကြသော တပည့်များက ပြတ်မသွားပေ။

နတ်ဆေးတောင်ထွတ်သို့ ဆူဇီမို ဆင်းသက်လိုက်သည့် တစ်ခဏ၊ ဖက်တီးလေးက သူ့ကို အတင်းဆွဲခေါ်သွား၏။

“နောင်ကြီး.. ခင်ဗျား မနေ့က ဘာလို့ မလာတာလဲဗျာ”

“ဘယ်သူ ပထမရသွားလဲ” ဆူဇီမိုသည် မေးခွန်းကို ရှောင်လိုက်ပြီး ပြန်လှန်မေးခွန်းထုတ်လိုက်၏။

“ဘယ်သူရှိရမလဲ.. အစ်မ လမ့်ရိုပဲပေ့ါ”

ဖက်တီးလေးက ရယ်မောပြောလိုက်၏။

“ဟဟ အဲ့ဒီအဆောင်လက်ဖွဲ့တောင်ထွတ်က လီလျန့်ဆိုတဲ့သူက အစ်မလမ့်ရိုကို ဘယ်ယှဉ်နိုင်ပါ့မလဲ.. ရှုံးနိမ့်သွားတာမှ အပြတ်အသတ်ပဲ.. တစ်ကယ့်ကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပဲ နောင်ကြီးရေ.. အစ်မလမ့်ရို အဆောင်လက်ဖွဲ့တွေ ဖန်တီးသွားတာကို ခင်ဗျားမြင်လိုက်ရသင့်တာတာဗျာ.. တစ်ကယ်ကို လှပ..ကျော့ရှင်း..သေသပ်..နေတာပဲ”

“ဘာတွေ ‌ပေါက်ကရ ပြောနေတာလဲ”

ထိုအချိန်မှာပင် လှပသော လက်လေးတစ်ဖက်က ဖက်တီးလေး၏ ဦးခေါင်းအနောက်မှာ ပေါ်လာပြီး ညင်သာစွာ ရိုက်ပုတ်လိုက်၏။

ယခုစကားပြောလိုက်သောသူ၏ အသံက အေးစက်နေပုံရသော်လည်း ရင်းနှီးဖော်ရွေသည့် အငွေ့အသက်က ပါဝင်နေ၏။

ဆူဇီမို လှည့်ကြည့်လိုက်သောအခါ ရေခဲလိုအေးစက်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရ၏။

ရက်ရက်စက်စက် လှပသော မိန်းကလေးတစ်ယောက်.. အနားကပ်လာမည့်သူများကို တားဆီးနေသော အေးစက်သည့်အော်ရာက သူမထံမှ ထွက်ပေါ်နေ၏။ ဖက်တီးလေး၏ အနောက်မှာ ပေါ်လာသောသူသည် စိတ်ဝိညာဉ်တောင်ထွတ်မှ လမ့်ရို ဖြစ်လေသည်။

ထူးဆန်းစွာပင် ဆူဇီမို၏ အကြည့်နှင့် ဆုံတွေ့သောအခါ လမ့်ရိုက ခေါင်းညိတ်ပြလိုက်၏။

ရုတ်တရတ် အနည်းငယ် ကြောင်အသွားပြီးနောက် ဆူဇီမိုသည် ပြုံး၍ ပြန်လှန်ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်စလုံးသည် ဂိုဏ်းသို့ အတူ ဝင်ရောက်ခဲ့ကြသော်လည်း ယခုကဲ့သို့ အမူအယာနှင့် နှုတ်ဆက်ဖြစ်ကြသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။

ဆူဇီမိုသည် အနည်းငယ်တော့ အံအားသင့်သွားမိ၏။ လမ့်ရို၏ စိတ်သဘောထားစရိုက်အရ.. လူများက သူမကို တစ်ကူးတစ်က လာနှုတ်ဆက်ကြလျှင်တောင် သူမက လျစ်လျူရှုထားပေလိမ့်မည်။

ယခု သူမက သူ့ကို စကားမ‌ပြောသေးသော်လည်း သူမ၏ အပြုအမူတစ်ခုတည်းကပင် အတော်လေး အံအားသင့်စရာကောင်းနေပြီဖြစ်၏။

တစ်ကယ်တမ်းတော့ ဆူဇီမိုသည် နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ဖြစ်လာခဲ့ပြီးနောက် သူ့အပေါ် တောင်ထွတ်ငါးခုမှ တပည့်များ၏ ထင်မြင်ပုံ၊ ဆက်ဆံပုံတို့က သိသာစွာ ပြောင်းလဲသွားပြီဖြစ်လေသည်။

ဖြစ်နိုင်လျှင် သူတို့သည် သူနှင့် မိတ်ဆွေသူငယ်ချင်းပင် ဖြစ်ချင်နေကြ၏။

နတ်ပန်းပဲဆရာတစ်ယောက်နှင့် မိတ်ဆွေသူငယ်ချင်း မဖြစ်ချင်သူ ဘယ်သူရှိပါ့မလဲ။

ဟိုတစ်နေ့က ဆူဇီမို၏ သူငယ်ချင်းဖြစ်သူ ဖက်တီး‌လေးသည် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုအား ဒီအတိုင်းရလိုက်တာကို သူတို့အားလုံး မြင်တွေ့ခဲ့ရလေသည်။ သူတို့ပါးစပ်က ထုတ်မပြောခဲ့သော်လည်း ဖက်တီးလေးကို သူတို့ အလွန်တရာ အားကျကြလေသည်။

“လာလာ.. ကျုပ် ခင်ဗျားတို့ကို မိတ်ဆက်ပေးရမယ်”

ဖက်တီးလေးသည် ဆူဇီမိုနှင့် လမ့်ရိုတို့၏ အမူအယာကို ကြည့်၍ တစ်ခစ်ခစ်ရယ်လိုက်၏။

“ဒါကတော့ အဆောင်လက်ဖွဲ့တောင်ထွတ်ရဲ့ နံပါတ်တစ်.. အစ်မလမ့်ရိုတဲ့.. ဒါကတော့ ကျုပ်ရဲ့နောင်ကြီး.. နတ်ပန်းပဲတောင်ထွတ်ရဲ့ နံပါတ်တစ်.. ဆူဇီမိုပါပဲခင်ဗျာ”

ဆူဇီမိုနှင့် လမ့်ရိုက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

လမ့်ရိုက အကြည့်ကို ရှောင်ဖယ်လိုက်ပြီး ဆူဇီမိုကတော့ ထူးမခြားနားပုံစံနှင့် ပြုံးရုံသာ ပြုံးနေလိုက်၏။

ဖက်တီးလေးက မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“ဒီတိုင်းကြီး ရပ်မနေပါနဲ့လေ.. ခင်ဗျားတို့နှစ်ယောက်က ကိုယ်ပိုင်ပါရမီတွေ ရှိကြပြီးသား.. နောက်ဆို အနာဂတ်မှာ အတူလက်တွဲပြီး လုပ်စရာတွေ အများကြီး ရှိလာဦးမှာ”

အတူလက်တွဲပြီး ဆိုသော နေရာတွင် အသံအနေအထားက အနည်းငယ် ထူးခြားသွားပြီး ဖက်တီးလေးက ဆူဇီမိုကို မျက်လုံးမှိတ်ပြလိုက်၏။

ဆူဇီမိုက ထိုအရာနှင့် ပတ်သတ်ပြီး ဣန္ဒြေမှန်၏။ သို့စေကာမူ လမ့်ရိုကတော့ တစ်စုံတစ်ရာကို အတွေးပေါက်သွားပြီး သူမ၏ ပါးပြင်က ရှက်သွေးဖြန်း နီမြန်းသွား၏။ နဂိုက ဖြူဆွတ်နေသော သူမ၏ အသားအရေကြောင့် ထိုအရာက သိသာထင်ရှားသွား၏။

“ပေါက်ကရတွေ ထပ်ပြောပြန်ပြီ.. နင်ကတော့ နာချင်နေပြန်ပြီထင်တယ်”

လမ့်ရိုသည် ခပ်ပေါ့ပေါ့ အော်ငေါက်လိုက်ပြီး ဖက်တီးလေး၏ ခေါင်းကို ထပ်ထုလိုက်၏။

ဖက်တီးလေးကတော့ တစ်ခစ်ခစ်နှင့်သာ ရယ်နေလေ၏။

ထိုအချိန်မှာပင် ဆူဇီမိုသည် အားကောင်းသော ရန်လိုမှုကို ခံစားလိုက်မိပြီး အလိုအလျောက်မော့ကြည့်လိုက်၏။

ခပ်လှမ်းလှမ်းတွင် ဖုန်ဟောက်ယွီသည် သူ၏ အပေါင်းအပါတစ်စုနှင့်အတူ ဓါးပျံစီး၍ လာနေ၏။

ဆူဇီမိုနှင့် လမ့်ရိုတို့၏ နီးကပ်စွာ ရှိနေမှုကိုကြည့်ပြီး စိတ်ဝိညာဉ်တောင်ထွတ်မှ များစွာသော တပည့်များ၏ မျက်လုံးထဲတွင် ရန်လိုဒေါသများက ဖြတ်ပြေးသွားလေ၏။

ဖုန်ဟောက်ယွီ၏ အမူအယာကက ခါတိုင်းလိုပင် အေးစက်စက် မောက်မောက်မာမာပုံစံနှင့်သာ ဖြစ်သော်လည်း နောက်ပစ်ထားသော သူ့လက်များကတော့ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားပေပြီ။

“နောင်ကြီး အဲ့ဒီမှာ ဖုန်ဟောက်ယွီအပြင် ဟော့ရှိုယွမ်လို့ခေါ်တဲ့ နတ်ဆေးတောင်ထွတ်က တပည့်တစ်ယောက်လဲ ရှိသေးတယ်.. သူကလဲ တစ်ကယ့်ရှိန်လောက်စရာပြိုင်ဘက်ပဲ.. ခင်ဗျားသူ့ကို အထင်သွားသေးလို့တော့ မရဘူး”

ဖက်တီးလေးက ဆက်ပြောလိုက်၏။

“သူက နတ်ဆေးတောင်ထွတ်ရဲ့ ပြီးခဲ့တဲ့နှစ်က ဗိုလ်ဆွဲခဲ့သူပဲ.. ဒီနှစ်ပြိုင်ပွဲမှာဆို သူက ပိုလို့တောင် တော်လာနိုင်တာပေါ့”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။

နတ်ပန်းပဲတောင်ထွတ်နှင့်စာလျှင် နတ်ဆေးတောင်ထွတ်ပြိုင်ပွဲမှာက ပါဝင်ယှဉ်ပြိုင်သူ ပိုများပြီး အယောက် ၂၀၀ ဝန်းကျင်လောက် ရှိပေမည်။

သူတို့အားလုံးသည် နတ်ဆေးခန်းမတွင် စုဝေးကြပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။

နတ်ဆေးတောင်ထွတ်ပြိုင်ပွဲသည် နတ်ပန်းပဲတောင်ထွတ်ပြိုင်ပွဲနှင့် မတူတာရှိ၏။

နတ်ပန်းပဲတောင်ထွတ်၏ ပြိုင်ပွဲတုန်းက ယှဉ်ပြိုင်သူတပည့်များသည် သူတို့ သွန်းလုပ်ချင်သည့် လက်နက်အမျိုးအစားကို စိတ်ကြိုက်‌ရွေးချယ်ခွင့်ရှိ၏။

သို့သော်လည်း နတ်ဆေးတောင်ထွတ်၏ ပြိုင်ပွဲမှာတော့ သူတို့ဖော်စပ်ရမည့် ဆေးလုံးအမျိုးအစားကို တောင်ထွတ်သခင်က ပြိုင်ပွဲစတင်ချိန်ရောက်မှသာ ဆုံးဖြတ်ကြေငြာပေးလိမ့်မည် ဖြစ်လေသည်။ သူတို့ဖော်စပ်ပြီးသော ဆေးလုံးများ၏ အရည်အသွေးကို ကြည့်၍ အနိုင်ရသူကို ဆုံးဖြတ်ကြေငြာပေးမည် ဖြစ်လေသည်။

ထို့ကြောင့် တပည့်အတော်များများသည် ရင်ဆိုင်ယှဉ်ပြိုင်ပွဲ၌ ဖော်စပ်ခိုင်းမည့်ဆေးလုံးကို ခန့်မှန်းချက်ထုတ်၍ ကြိုတင်လေ့ကျင့်ကြ၏။

သူတို့ခန့်မှန်းချက်က မှန်ခဲ့လျှင် သူတို့သည် ထိုဆေးလုံးကို ကောင်းကောင်းဖော်စပ်နိုင်မည်ဖြစ်ပြီး အနိုင်ရဖို့ အခွင့်ပိုများလာပေမည်။

သိပ်မကြာမီ တောင်ထွတ်သခင်ငါးယောက်က ရောက်လာကြ၏။

အချိန်အခါကျရောက်လာသောအခါ မီးခိုးရောင်ဆံပင်နှင့်လူငယ်က မတ်တပ်ရပ်လိုက်ပြီး ကြေငြာလိုက်၏။

“ယခု ပြိုင်ပွဲမှာ ဖော်စပ်ရမယ့် ဆေးလုံးကတော့....”

မီးခိုးရောင်ဆံပင်နှင့်လူငယ်က စကားကို ဆက်မပြောသေးဘဲ ရပ်နားလိုက်သောအခါ ခန်းမတွင်းရှိ တပည့်များအားလုံးသည် အသက်ပင်ရဲရဲ မရှူရဲတော့ဘဲ နားစွင့်ထားကြ၏။

မီးခိုးရောင်ဆံပင်နှင့်လူငယ်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“..အခြေတည်ဆောက်ခြင်း ဆေးလုံးပါပဲ”

ထိုစကားကို သူပြောပြီးပြီးချင်းမှာပင် လူအုပ်ကြီးက စီစီညံညံဖြစ်ကုန်ကြ၏။

အဆင့်၁ ဆေးလုံးများထဲတွင် အခြေတည်ဆောက်ခြင်းဆေးလုံးသည် ဖော်စပ်ရ အခက်ခဲဆုံး လက်အဝင်ဆုံး ဆေးလုံးအမျိုးအစား ဖြစ်လေသည်။

ဟိုးအရင် နတ်ဆေးတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတစ်ခုတုန်းက အခြေတည်‌ဆောက်ခြင်းဆေးလုံးကို တစ်ခါဖော်စပ်ခိုင်းခဲ့ဖူး၏။ သို့သော်လည်း ပါဝင်ယှဉ်ပြိုင်ကြသူအားလုံးသည် ထိုဆေးလုံးကို တစ်ယောက်မျှ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ခြင်း မရှိကြသောကြောင့် အနိုင်ရသူကို ဆုံးဖြတ်မပေးနိုင်ဖြစ်ခဲ့ရ၏။

ထိုအဖြစ်အပျက်ပြီးနောက် နောင်အခါ ထိုသို့ထပ်မဖြစ်စေရန် ရင်ဆိုင်ယှဉ်ပြိုင်ပွဲများတွင် အခြေတည်ဆောက်ခြင်း‌ဆေးလုံးကို ဖော်စပ်ခိုင်းစေခြင်း မရှိတော့ပေ။

ယခုတော့ ဒီနှစ်နတ်ဆေးတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် အခြေတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်ခိုင်းစေခြင်းက နောက်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာပေပြီ။

All Chapters