ဆေးကြိုးငါးခု.. ပကတိအဆင့်
Vol. 9 Ch. 122
အခန်း ၁၂၂ - ဆေးကြိုးငါးခု.. ပကတိအဆင့်
Translator – Than Toe Aung
များစွာသော တပည့်များသည် အခြေတည်ဆောက်ခြင်းဆေးလုံးဟူသော အသံကို ကြားရချိန်တွင် မျက်မှောင်ကြုတ်လိုက်ကြ၏။
လူတိုင်း၏ ထင်မြင်ခန့်မှန်းချက်များက မှားကုန်ကြလေပြီ။
တောင်ထွတ်ငါးခုအတွင်းတွင် အခြေတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်နိုင်သည့်သူကား မရှိသလောက်ဖြစ်၏။
၎င်းတွင် ပါဝင်ပစ္စည်းက ဆယ်မျိုးကျော်ပြီး ဖော်စပ်ရသည့် လုပ်ငန်းစဉ်ကလည်း အင်မတန် ရှုပ်ထွေး၏။ အများအားဖြင့်တော့ ဥပစာနတ်ဆေးဆရာများသာလျှင် ထိုဆေးလုံးကို ကောင်းကောင်း ဖော်စပ်နိုင်ကြ၏။
တပည့် ၂၀၀ကျော်ထဲတွင် .. ဆူဇီမို၊ ဖုန်ဟောက်ယွီနှင့် ယခင်နှစ်က နံပါတ်တစ် ဟော့ရှိုယွမ်တို့သာလျှင် တည်တည်ငြိမ်ငြိမ် ရှိနေကြ၏။
ထိုအချိန်မှာပင် ကျင့်ကြံသူအချို့က ခန်းမရှေ့တွင် ဆေးဖက်ဝင်အပင်များ ထည့်ထားသော လင်ဗန်းများကို လာချသွားကြ၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်က လေးနက်စွာဖြင့် ပြောလိုက်၏။
“အားလုံးပဲ.. ပါဝင်ပစ္စည်းတွေကို ဆေးတစ်ဖုံပဲ ယူခွင့်ပြုတယ်.. ပိုမယူရ”
ခက်ခဲမှုက ပိုလို့ပင် တိုးလာပြန်ချေပြီ။
အခြေတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ဖို့ရာ ဆေးဖက်ဝင်အပင် ဆယ်မျိုးကျော်ကို လိုအပ်၏။ ၎င်းတို့ကို အဆီအနှစ်ထုတ်နေရင်း ဆေးတစ်ပင်အပေါ်၌ အမှားအယွင်းလုပ်မိပါက ရောစပ်ရမည့် အချိုးအစားက မှားယွင်းသွားပြီး ဆေးလုံးက အောင်မြင်စွာ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
“တောင်ထွတ်သခင် .. ဒါကတော့ အရမ်းကို ခက်ခဲသွားပြီလေဗျာ”
“ဟုတ်တယ်.. ကျတော်တို့သာ အဆီအနှစ်ထုတ်နေရင်း စိုးရိမ်လွန်ပြီး အမှားလေးတစ်ခု လုပ်မိတာနဲ့.. ကျတော်တို့မှာ အခွင့်အရေး ထပ်မရတော့ဘူးလို့ ပြောချင်တာလား”
များစွာသော တပည့်များက မကျေမနပ်ဖြင့် စောဒက တက်လိုက်ကြ၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်က အေးစက်စွာ ပြောလိုက်၏။
“ဆေးလုံးဖော်စပ်တဲ့အခါ အချို့ဆေးပင်တွေက အလွယ်တကူ ရနိုင်သလို.. တစ်ချို့ဆေးပင်တွေက အလွန်တရာ ရှားပါးတာမျိုးလဲရှိတယ်.. နတ်ဆေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ငါတို့ဟာ ခက်ခဲ့တဲ့ အခြေအနေတွေမှာ အခွင့်အရေးက တစ်ကြိမ်ပဲရတယ်ဆိုရင် မရ,ရအောင် လုပ်ဆောာင်နိုင်တဲ့ အစွမ်းရှိရမယ်.. အကယ်၍ ဆေးဖော်စပ်ရင်း ကျရှုံးသွားတယ်ဆိုရင် ဒါဟာ မင်းတို့ရဲ့ ပညာရည် မပြည့်ဝသေးလို့ပေါ့.. ဘယ်သူ့ကို သွားပြီး အပြစ်တင်ချင်နေသေးတာလဲ”
လူတိုင်း ငြိမ်ကျသွား၏။
ဖုန်ဟောက်ယွီသည် တိုးညင်းစွာ ရယ်မော၍ ဆေးပင်တစ်ပင်စီကို ရွေးယူလိုက်ပြီး သူ့နေရာသို့ ပြန်လာကာ အခြေတည်အဆင့်ဆေးလုံး ဖော်စပ်ဖို့အတွင် ပြင်ဆင်လိုက်၏။
ဆေးပင်များကို ဒုတိယမြောက် သွားယူသူကတော့ ဟော့ရှိုယွမ်ဖြစ်၏။
ထို့နောက် တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်ကာ ဆေးပင်များကို ရွေးယူလိုက်ကြ၏။
သိပ်မကြာမီ အားလုံး ကိုယ့်နေရာကိုယ် ပြန်ရောက်လာကြပြီး သူတို့၏ ဆေးမီးဖိုများကို အသီးသီး ထုတ်လိုက်ကြပြီး အဆင်သင့် ပြင်ထားလိုက်ကြ၏။
“ကဲ.. နတ်ဆေးတောင်ထွတ်ရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ.. စတင်ပြီ!” မီးခိုးရောင်ဆံပင်နှင့်လူငယ်က လက်ဝေ့ပြ၍ အော်ပြောလိုက်၏။
ခန်းမထဲတစ်ခွင် စိတ်ဝိညာဉ်မီးတောက်များဖြင့် လင်းထိန်သွား၏။
ဆူဇီမိုသည် အခြေတည်ဆောက်ခြင်းဆေးလုံးကို ယခင်က တစ်ခါမျှ မဖော်စပ်ခဲ့ဖူးပေ။
သို့သော်လည်း ပါဝင်ဆေးပင်များနှင့်တော့ သူသိပ်မစိမ်းလှချေ။
သူသည် အလောတကြီး ရှိမနေဘဲ သူ့ရှေ့မှ ဆေးတစ်ပင်ကို ကောက်ယူလိုက်ပြီး မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်ကာ တစ်ခုခုကို ပြန်လည်စဉ်းစားပုံဖော်ကြည့်နေ၏။
သူ့မှတ်ဉာဏ်ထဲတွင် ထိုဆေးပင်၏ လိုအပ်သော အပူချိန်အတိုင်းအတာနှင့် အဆီအနှစ်ထုတ်ရပုံ အသေးစိတ်က ပြန်လည်ပေါ်လာ၏။
သူ့မှာ အခွင့်အရေးက တစ်ခုသာ ရှိလေသည်။ အဆီအနှစ်ထုတ်ခြင်း တစ်ကြိမ်မှားသွားတာနှင့် ပြိုင်ပွဲမှ တစ်ခါတည်း ထွက်ရပေလိမ့်မည်။ အမှားအတွက် ဆင်ခြေတစ်ခုမျှ ပေးလို့မရချေ။
“အား!”
ထိုအချိန်မှာပင် သူ့ဘေးမှ တပည့်တစ်ယောက်သည် စူးကနဲအော်လိုက်ပြီး သူ့လက်ထဲမှ ပြာများကို စိတ်ပျက်လက်ပျက်ပုံနှင့် ငေးကြည့်နေလေသည်။
သူသည် ပထမဆုံး အဆီအနှစ်ထုတ်ခြင်းမှာပင် ကျရှုံးသွားပေပြီ။
သူအသုံးပြုလိုက်သည့် အပူချိန်က များသွားသောကြောင့် ဆေးပင်က ချက်ခြင်းပင် ပြာဖြစ်သွား၏။
ထိုတပည့်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားလေ၏။
ထို့နောက် နောက်ထပ်တပည့်နှစ်ယောက်သည်လည်း သူတို့၏ အဆီအနှစ်ထုတ်ခြင်း ကျရှုံးသွားပြီး တိတ်တဆိတ် ထွက်ခွာသွားကြ၏။
ပထမဆုံး အဆီအနှစ်ထုတ်ခြင်းမှာပင် လူအချို့က နှုတ်ထွက်လိုက်ကြရပေပြီ။
တစ်ကယ်တော့ ထိုသူများသည် ဆေးဖော်စပ်ခြင်းတွင် အရမ်းညံ့ဖျင်းသောကြောင့် မဟုတ်ပေ။ သို့သော်လည်း ယခုပြိုင်ပွဲတွင် အခွင့်အရေးက တစ်ကြိမ်သာ ရသောကြောင့် သူသည် ဖိအားဝင်ကုန်ကြပြီး အမှားအယွင်းများ လုပ်မိကုန်ကြခြင်းဖြစ်၏။
သိပ်မကြာခင် တပည့်အများစုသည် သူတို့၏ ပထမဆုံး အဆီအနှစ်ထုတ်ခြင်းကို ပြုလုပ်ပြီးစီးသွားပြီး ၎င်းတို့ကို ဆေးမီးဖိုပေါ်တွင် တင်ထားလိုက်ကြ၏။
“အဲ့ဆူဇီမိုက ဘာလုပ်နေတာလဲဟ.. အိပ်ပျော်သွားတာလား”
“ငါ့အထင်တော့ သူဘာဆက်လုပ်ရမလဲ မကြံတတ်တော့ဘဲ လမ်းပျောက်နေတာထင်တယ်”
ဆူဇီမိုသည် အချိန်အတော်ကြာသည့်အထိ အဆီအနှစ်ထုတ်ခြင်းကို မလုပ်ဆောင်သေးသောကြောင့် လူအုပ်ကြီးထဲမှ ဝေဖန်သံများက ထွက်ပေါ်လာ၏။
အခြားသောတပည့်များက ဒုတိယအကြိမ်မြောက် အဆီအနှစ်ထုတ်ခြင်းကို စတင်သောအခါမှသာလျှင် ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူသည် စိတ်ဝိညာဉ်မီးတောက်ကို ဖော်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို တင်လိုက်ကာ အဆီအနှစ်ထုတ်ဖို့ စတင်လုပ်ဆောင်လိုက်၏။
သိပ်မကြာမီ သူ၏ အဆီအနှစ်ထုတ်ခြင်းမှ ဆေးမှုန့်များက ထွက်ပေါ်လာပြီး ၎င်းတို့ကို မီးဖိုပေါ်သို့ တင်ထားလိုက်၏။ ထို့နောက် သူသည် နောက်ထပ်ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်ပြီး သူ့မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ကာ စဉ်းစားပုံဖော်လိုက်ပြန်၏။
တစ်အောင့်ကြာပြီးနောက် သူ့မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်ကာ ဒုတိယဆေးပင်ကို အဆီအနှစ်ထုတ်ဖို့ လုပ်လိုက်၏။
ဒုတိယမ္ပိအဆီအနှစ်ထုတ်ခြင်းတွင် တပည့်အတော်များများသည် ပြိုင်ပွဲမှ ထွက်ကြရပြန်၏။
ဖုန်ဟောက်ယွီ၊ ဟော့ရှိုယွမ်တို့နှင့် နှိုင်းယှဉ်လျှင် ဆူဇီမို၏ လုပ်ဆောင်ချက်က အလွန်တရာ နှေးကွေးလွန်းလှ၏။ သို့သော်လည်း သူ၏ အဆီအနှစ်ထုတ်ခြင်း တစ်ခုစီက အမှားအယွင်း လုံးဝမရှိဘဲ လတ်ဆတ်မွှေးပျံ့သော ဆေးရနံ့ကို ထုတ်ပေးနေ၏။
အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲမှ ထွက်ခွာရသော တပည့်အရေအတွက်က ပိုပိုများလာ၏။
ဆူဇီမိုသည် သူ၏ ဆေးပင်များအား အဆီအနှစ်ထုတ်ခြင်းကို ပြုလုပ်ပြီးချိန်တွင် မူလ တပည့်၂၀၀ကျော်တွင် ၈၀ဝန်းကျင်လောက်သာ ကျန်ရှိလေတော့သည်။
တတိယအဆင့်ကား ဆေးမှုန့်ရောစပ်ခြင်း ဖြစ်၏။
ရောစပ်ရမည့် ဆေးမှုန့်များ၏ အချိုးအစားက တိကျရပေမည်။ အနည်းငယ် မှားယွင်းသွားတာနှင့် ဖော်စပ်မှုက ကျရှုံးသွားပေလိမ့်မည်။
ဤအဆင့်က နတ်ဆေးဆရာတစ်ယောက်၏ အာရုံစူးစိုက်နိုင်စွမ်းနှင့် ကျွမ်းကျင်နှံ့စပ်မှုရှိခြင်းတို့ကို စစ်ဆေးခြင်း ဖြစ်လေသည်။
ဆေးမှုန့်ရောစပ်ခြင်းပြီးလျှင်တော့ ဒုတိယမ္ပိ အဆီအနှစ်ထုတ်ခြင်းကို လုပ်ဆောင်ရပေမည်။
ထိုအချိန်တွင် မီးတောက်များ၏ အရည်အသွေးက စကားပြောလာ၏။
ထိုအဆင့်တွင် ဆူဇီမိုနှင့် ဖုန်ဟောက်ယွီတို့၏ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်များက သိသာထင်ရှားသော အားသာချက် ဖြစ်လာလိမ့်ပေမည်။
ဤပြိုင်ပွဲတွင် အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကို လေ့ကျင့်နိုင်သူမှာတောင် ဟော့ရှိုယွမ်တစ်ယောက်သာ ရှိ၏။
ဒုတိယမ္ပိ အဆီအနှစ်ထုတ်ခြင်းကို အရင်ဆုံး ပြီးမြောက်သွားသူမှာ ဖုန်ဟောက်ယွီဖြစ်ပြီး သူပြီးလျှင် နောက်ကလိုက်လာသူမှာ ဟော့ရှိုယွမ်ဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ ပထမဆုံး အဆီအနှစ်ထုတ်ခြင်းမှာပင် အချိန်များစွာ ယူခဲ့သောကြောင့် ပြိုင်ပွဲဝင်များအားလုံးထဲတွင် သူ၏ လုပ်ဆောင်ချက်က အနှေးဆုံး ဖြစ်နေ၏။
ပဉ္စမအဆင့်.. ဆေးလုံးဖွဲ့တည်ခြင်း။
ဤအဆင့်တွင် ဆေးလုံး၏ အရည်အသွေးက ထွက်ပေါ်လာမည်ဖြစ်ပြီး မည်သူက ပိုကောင်းကောင်းလုပ်နိုင်ခဲ့သလဲဆိုတာ သိသာစေမည့်အဆင့်လည်း ဖြစ်လေသည်။
အစတုန်းကတော့ ဖုန်ဟောက်ယွီနှင့် ဟော့ရှိုယွမ်သည် ဆူဇီမို၏ လုပ်ဆောင်ချက်ကို ရံဖန်ရံခါ လှမ်းကြည့်၍ အကဲခတ်ခဲ့ကြ၏။ သို့သော်လည်း ဆေးလုံးဖွဲ့တည်ခြင်းအဆင့်သို့ ရောက်သောအခါ သူတို့သည် နည်းနည်းလေးမျှ အာရုံပျက်မခံရဲတော့ပေ။
ခန်းမ၏ အပြင်ဘက်မှာလည်း အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြပြီဖြစ်၏။
လူတိုင်းသည် အသက်ကို ဖြည်းဖြည်းချင်း မျှင်းရှူ၍ လူနှစ်ယောက်၏ ဆေးလုံးဖွဲ့တည်နေခြင်းကို အာရုံစူးစိုက်ကြည့်နေကြ၏။
ဖောင်း!
ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။
ဆေးလုံးဖွဲ့တည်နေသော တပည့်တစ်ယောက်၏ ဆေးလုံးက ပေါက်ကွဲသွား၏။ သူသည် စိတ်ပျက်လက်ပျက်၊ မချင့်မရဲနှင့် ခန်းမထဲမှ ထွက်ခွာသွား၏။
ထို့နောက် နောက်ထပ်ပေါက်ကွဲသံများက ထွက်ပေါ်လာပြန်၏။
ဖောင်း.. ဖောင်း.. ဖောင်း!
ဆက်တိုက်ဆိုသလို နောက်ထပ်တပည့်များသည်လည်း ဆက်လက်ကျရှုံးသွားကြပြီး ခန်းမထဲရှိ လူဦးရေက နည်းသထက်နည်းပါးလာ၏။
“ဖွဲ့တည်ကွာ”
တပည့်တစ်ယောက်က ထက်သန်စွာ အော်ဟစ်လိုက်၏။
“ဟဟ.. ဒါပဲလေ”
ထိုတပည့်က အားပါးတရ ရယ်ချလိုက်၏။ သူသည် ဆေးလုံးကို ထုတ်ယူပြီး အရည်အသွေးကို စစ်ဆေးမလို့ လုပ်လိုက်စဉ်မှာပင် ဆေးမီးဖိုအတွင်းမှ မီးခိုးမည်းများက လုံးကနဲ ထွက်လာပြီး စူးရှဆိုးရွားသော အနံ့အသက်က ထွက်ပေါ်လာ၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်က ခေါင်းခါလိုက်၏။
ဤပုံစံနှင့် မီးခိုးမည်းများက ထွက်ပေါ်လာသောကြောင့် သူ၏ အခြေတည်ဆောက်ခြင်းဆေးလုံးက အညစ်အကြေးများစွာ ပါဝင်နေပြီး အဆိပ်လုံးသာ ဖြစ်နေပေလိမ့်မည်။
“ဖွဲ့တည်ကွာ”
ထိုအချိန်မှာပင် ဟော့ရှိုယွမ်က ညင်သာစွာ အော်ဟစ်လိုက်၏။
ချက်ခြင်းဆိုသလိုပင် ဆေးမီးဖိုအတွင်းမှ အဖြူရောင်မီးခိုးများ ထွက်လာပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့က ထွက်ပေါ်လာ၏။
“ထွက်ခဲ့စမ်း”
ဆေးမီးဖိုအတွင်းမှ ဆေးလုံးတစ်လုံးက ထွက်ပေါ်လာပြီး ၎င်းပေါ်တွင် ဆေးကြိုးတစ်ကြိုးကို ထင်ရှားစွာ မြင်နိုင်၏။
“အဲ့ဒါက အဆင့်နိမ့် အခြေတည်ဆောက်ခြင်းဆေးလုံးပဲ”
“စီနီယာအစ်ကိုဟော့က မိုက်တယ်ဟေ့.. သူလုပ်နိုင်ခဲ့ပြီကွ”
ဟော့ရှိုယွမ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ဖုန်ဟောက်ယွီကို မသိလိုက်မသိဖာသာ ကြည့်လိုက်မိ၏။
“ဖွဲ့တည်”
ထိုအချိန်မှာပင် ဖုန်ဟောက်ယွီသည်လည်း သူ၏ ဆေးလုံးဖွဲ့တည်ခြင်းကို လုပ်ဆောင်ပြီးပြီဖြစ်ပြီး မွှေးပျံ့သောရနံ့က သူ့ဘက်ခြမ်းမှ ထွက်ပေါ်လာ၏။
ဆေးလုံးတစ်လုံးက ထွက်ပေါ်လာပြီး လေထဲတွင် လွင့်နေ၏။ ၎င်း၏ အပေါ်တွင် ဆေးကြိုးနှစ်ကြိုးကို ထင်ရှားစွာ မြင်နေရ၏။
အလယ်အလတ်အဆင့် ဆေးလုံး!
ဟော့ရှိုယွမ်၏ မျက်လုံးက အရောင်မှိန်ကျသွားပြီး သက်ပြင်းရှည်ကြီးချလိုက်၏။
သူသည် ပထမဆုံး သုံးဆင့်စလုံးတွင် ဖုန်ဟောက်ယွီထက် အောက်မကျဟု သူယုံကြည်လေသည်။
သို့သော်လည်း စတုတ္ထအဆင့်ဖြစ်သော ဒုတိယမ္ပိ အဆီအနှစ်ထုတ်ခြင်းတွင် သူ၏ အဆင့်၂ မီးတောက်က အဆင့်၃ မီးတောက်ကို ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့နှစ်ယောက်၏ ဆေးလုံးက အရည်အသွေး ကွာဟသွားခြင်း ဖြစ်လေသည်။
သိပ်မကြာမီမှာပင် အခြားသောတပည့်များသည်လည်း သူတို့၏ ဆေးလုံးများကို ဖွဲ့တည်ပြီးကြပေပြီ။
ဆေးလုံးဖွဲ့တည်ခြင်းကို အောင်မြင်ခဲ့သော တပည့် ၂၀ကျော်တောင် ရှိခဲ့သော်လည်း သူတို့၏ ဆေးလုံးများသည် အညစ်အကြေးများစွာ ပါဝင်နေပြီး အဆင့်သတ်မှတ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်မှာပင် ဆူဇီမိုသည်လည်း သူ၏ ဆေးလုံးဖွဲ့တည်ခြင်းကို ပြုလုပ်ပြီးစီးသွားပြီဖြစ်ပြီး ထုံသင်းသော ရနံ့က နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ အပြင်ဘက်မှ တပည့်များသည် ထိုရနံ့ကို ရှူရှိုက်မိကြချိန်တွင် သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မူးယစ်ရီဝေသွားကာ သူတို့ကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီများက ထကြွရုန်းကန်လာလေသည်။
ဆေ၏ မွှေးရနံ့ကပင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုရှိနေမှတော့ ထိုဆေးလုံးက ဘယ်အဆင့်မှာပါလိမ့်။
မီးခိုးရောင်ဆံပင်နှင့် လူငယ်၏ နှာခေါင်းက ပွချည်ရှုံချည်ဖြစ်လာပြီး သူသည် သေချာစွာ အနံ့ခံကြည့်လိုက်၏။ ချက်ခြင်းဆိုသလိုပင် သူ့အမူအယာက ပြောင်းလဲသွားပြီး နိုးနိုးကြားကြား ဖြစ်လာလေသည်။
သူ့မျက်လုံးများက မယုံကြည်နိုင်မှုကို ဖော်ပြနေပြီး သူသည် တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒါက ဖြစ်နိုင်ပါ့မလား....”
ရွှစ်!
ဆေးလုံးတစ်လုံးက ဆေးမီးဖို့ထဲမှ ထွက်လာပြီး လေထဲတွင် လွင့်မျောနေ၏။ ၎င်း၏ အပေါ်တွင် မြင်နေရသည်ကား... ဆေးကြိုး..ငါးခု!
ထိုအရာသည် ပကတိအဆင့်အခြေတည်ဆောက်ခြင်းဆေးလုံးပင် ဖြစ်လေသည်။