အသိရခက်သော အန္တရာယ်
Vol. 9 Ch. 123
အခန်း ၁၂၃ - အသိရခက်သော အန္တရာယ်
Translator – Than Toe Aung
လေထဲတွင် လွင့်နေသော အခြေတည်ဆောက်ခြင်းဆေးလုံးကို ကြည့်ကာ ခန်းမ၏ အတွင်းအပြင် အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
လူတိုင်းသည် မသိမသာ သူတို့၏ ပင့်သက်ကို ရှိုက်ကာ သူတို့၏ အကြည့်နှင့် စိတ်အာရုံထဲတွင် တစ်ခုတည်းသော ထိုဆေးလုံးသာ ရှိလေတော့သည်။
၎င်း၏ မျက်နှာပြင်ပေါ်ရှိ ဆေးကြိုးငါးခုသည် လွန်စွာတစ်မူထူးခြားဆန်းပြားနေပြီး ပြစ်မျိုးမှဲ့မထင် ဖြစ်နေ၏။ သူတို့သည် ကမ္ဘာပေါ်ရှိ အလှပဆုံးသဏ္ဌာန်တစ်ခုလိုပင်။
ဆေးကြိုးငါးခု.. ပကတိအခြေတည်ဆောက်ခြင်းဆေးလုံး!
အဆင့်၃ ဆေးလုံးများကို ဖော်စပ်နိုင်သော အဆင့်မြင့် နတ်ဆေးဆရာများပင်လျှင် သူတို့သည် ပကတိအခြေတည်ဆောက်ခြင်းဆေးလုံးကို တစ်ခါတည်းတန်း၍ ဖော်စပ်နိုင်ပါသည်ဟု အာမခံဝံ့ကြမည် မဟုတ်ပေ။
ပကတိပြီးပြည့်စုံခြင်းဆိုသည်မှာ လုံးဝ အပြစ်အနာအဆာမရှိဟု ဆိုလိုလေသည်။
ပြောချင်သည်မှာ အဆိုပါ နတ်ဆေးဆရာ၏ နည်းစနစ်ပိုင်းနှင့် လှုပ်ရှားဆောင်ရွက်ပုံအသေးစိတ် တစ်ခုစီတိုင်းက ပကတိပြီးပြည့်စုံသည့်အဆင့်ကို ရောက်နေပြီဟူ၍ပင် ဖြစ်လေသည်။
ထိုကဲ့သို့သော ပကတိအခြေတည်ဆောက်ခြင်း ဆေးလုံးနှင့်ဆိုပါက အဆင့်နိမ့် စိတ်ဝိညာဉ်ရင်းမြစ်နှင့် ချီစုဖွဲ့စစ်သည်တော်ပင်လျှင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် တပည့်အများစုသည် နိုင်သည်၊ ရှုံးသည်၊ ပြိုင်ပွဲဖြစ်သည်ဆိုတာတွေကို အကုန်မေ့လျော့သွားကြပေပြီ။
ဆူဇီမိုသည် အခြေတည်ဆောက်ခြင်းဆေးလုံးကို သိမ်းယူလိုက်သည့်အချိန်မှသာ ထောင်ပေါင်းများစွာသော တပည့်တို့သည် သူတို့၏ တစ်ခုတည်းသော အမြင်အာရုံကို ဆုံးရှုံးလိုက်ရပြီး သက်ပြင်းရှည်ကြီးချလိုက်ကြ၏။
ထိုသက်ပြင်းတွင် စိတ်ခံစားချက်များစွာက ရောယှက်ပါဝင်နေ၏။
စိတ်ပျက်ခြင်း.. အားငယ်ခြင်း.. အားကျခြင်း.. မနာလိုခြင်း.. လေးစားခြင်း .. စသည်ဖြင့်....
“ဘာမှပြောမနေနဲ့တော့ ဟျောင့်တွေ.. သူနိုင်သွားပြီ!”
“ငါထင်ခဲ့မိတာ.. နတ်ဆေးတောင်ထွတ်ကပြိုင်ပွဲက ဆူဇီမိုနဲ့ ဖုန်ဟောက်ယွီတို့ရဲ့ ပြင်းထန်တဲ့ အကြိတ်အနယ်ပြိုင်ပွဲပဲလို့လေ.. ဘယ်ဟုတ်ပါ့မလဲ.. အခုတော့ တစ်ဖက်သတ်ကြီးပဲ”
တောင်ထွတ်သခင်ငါးယောက်သည် အသိအမှတ်ပြု ခေါင်းညိတ်လိုက်ကြပြီး ဆူဇီမိုကို ချီးကျူးလိုက်ကြ၏။
နတ်ဆေးတောင်ထွတ်၏ နံပါတ်တစ်.. တောင်ထွတ်နှစ်ခု၏ နံပါတ်တစ်!
ထပ်ပြီးတော့ ပြောစရာဖြစ်သည်မှာ ဤနှစ်၏ နတ်ဆေးတောင်ထွတ်နှင့် နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်သည် ယမန်နှစ်များကထက် များစွာပို၍ သန်မာလေသည်။
အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို အောင်မြင်အောင် သွန်းလုပ်နိုင်သော နတ်ပန်းပဲတောင်ထွတ်၏ နံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်မလာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပေပြီ။
နတ်ဆေးတောင်ထွတ်တွင်လည်း ထို့အတူပင်.. အခြေတည်ဆောက်ခြင်းဆေးလုံးထက် ဖော်စပ်ရလွယ်သော ဆေးလုံးများနှင့်ပင် ပကတိအဆင့်ဆေးလုံးကို ဖော်စပ်နိုင်သော နတ်ဆေးတောင်ထွတ်၏ နံပါတ်တစ်ဆိုသည်မှာ သည့်အရင်က တစ်ခါမျှပင် မပေါ်ထွက်ခဲ့ဖူးပေ။
အခြားသောဂိုဏ်းများနှင့် ယှဉ်လျှင် ဆန်းကြယ်တောင်ထွတ်က ဆေးပညာနှင့် ပန်းပဲပညာတွင် များစွာ နိမ့်ကျလေသည်။
မဟာကျိုးအင်ပါယာက ဆယ်နှစ်တစ်ကြိမ် ဦးစီးကျင်းပသော ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌... ဆန်းကြယ်တောင်ထွတ်သည် ဆေးလုံးဖော်စပ်ခြင်းနှင့် ပန်းပဲသွန်းလုပ်ခြင်းတို့တွင် တစ်ကြိမ်တစ်ခါမျှ အဆင့်သတ်မှတ်စာရင်းထဲ မဝင်ခဲ့ပေ။
သို့သော် ယခုအခါမှာတော့ တောင်ထွတ်သခင်ငါးယောက်သည် ဆူဇီမိုမှတစ်ဆင့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ကြ၏။
သူသာ ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ ဆေးလုံးဖော်စပ်ခြင်းနှင့် ပန်းပဲသွန်းလုပ်ခြင်းတို့တွင် အဆင့်သတ်မှတ်စာရင်းထဲဝင်အောင် လုပ်နိုင်ခဲ့ပါက ထိုအရာသည် ဂိုဏ်းအတွက် ကြီးမားသော ဂုဏ်သတင်းပုံရိပ်ကို ယူဆောင်ပေးလာနိုင်ပေလိမ့်မည်။
နတ်ဆေးတောင်ထွတ်၏ ဟော့ရှိုယွမ်က ဆူဇီမိုဘေးသို့ ရောက်လာပြီး ခါးသက်စွာ ရယ်မောလိုက်၏။ ထို့နောက် သူသည် လက်သီးဆုပ် လေးစားဟန်ပြလိုက်ပြီး
“ဂျူနီယာညီလေးဆူ.. မင်းက တစ်ကယ့်ကို မယုံနိုင်စရာပဲကွာ.. ငါတော့ မင်းကို အပြတ်အသတ်ကိုရှုံးနိမ့်သွားတာပဲ” ဟု ရယ်မောပြောဆိုလိုက်၏။
“ကျုပ်က ကံနည်းနည်းကောင်းသွားလို့ပါဗျာ” ဆူဇီမိုက ပြုံး၍ ပြန်ပြောလိုက်၏။
ထိုအချိန်တွင် ဆူဇီမိုအပေါ်၌ အားလုံး၏ အကြည့်က ကျရောက်နေ၏။
လမ့်ရို၏ မျက်လုံးထဲတွင်လည်း လေးစားချီးကျူးလို့သည့် အရိပ်အယောင်က ပေါ်လာ၏။
အခြားတစ်ဖက်မှာတော ဖုန်ဟောက်ယွီသည် ရှုံးနိမ့်မှုကြောင့် ခေါင်းကို ငုံ့ထားသော်လည်း သူသည် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် လျှို့ဝှက်အသိရခက်သော အန္တရာယ်တစ်ခုကို ခံစားမိလိုက်၏။
၎င်းသည် လွန်မင်းစွာ ဖျော့တော့သော်လည်း ဆူဇီမိုသည် သတိထားမိလိုက်ပြီး သေချာစွာ အာရုံခံကြည့်လိုက်၏။ သို့သော်လည်း ဘာကိုမျှ သူရှာမတွေ့တော့ချေ။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ထိုအရာသည် လွန်စွာ ဆိုးယုတ်သည့် ခံစားချက်ဖြစ်၏။
သူသည် ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ခဲ့ကတည်းက လွန်စွာ သက်တောင့်သက်သာရှိခဲ့၏။ ဖုန်ဟောက်ယွီက ရန်လိုနေခဲ့သည်ဆိုသော်လည်း သူ့အပေါ် ထိုကဲ့သို့သော အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။
ဆူဇီမိုသည် ပိရိသေသပ်စွာဖြင့် တေင်ထွတ်သခင်ငါးယောက်ကို မသိမသာ အကဲခတ်ကြည့်လိုက်၏။ ထူးခြားမှုတစ်စုံတစ်ရာကို သူရှာမတွေ့နိုင်ပေ။
ထို့ကြောင့် သူသည် အပြင်ဘက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြန်၏။ အချည်းနှီးပင်။
စောစောက ခံစားလိုက်ရသော အန္တရာယ်အငွေ့အသက်က ထင်ယောင်ထင်မှားတစ်ခုလိုပင်။
ထိုအချိန်မှာပင် မီးခိုးရောင်ဆံပင်နှင့်လူငယ်က ထုတ်ဖော်ကြေငြာလိုက်၏။
“နတ်ဆေးတောင်ထွတ် ရင်ဆိုင်ယှဉ်ပြိုင်ပွဲရဲ့ ရလဒ်ကတော့ ထင်ရှားနေပြီပဲ.. အားလုံးလဲ သိပြီးဖြစ်ကြမှာပါ.. အနိုင်ရရှိသူကတော့ ဆူဇီမိုပါပဲ.. နတ်ပန်းပဲတောင်ထွတ်က တပည့်ပဲ ဖြစ်ပါတယ်”
ခန်းမအပြင်ဘက်တွင် ဖက်တီးလေး၊ ရွှယ်ယိနှင့် နတ်ပန်းပဲတောင်ထွတ်မှ အခြားသူများသည် ကျယ်လောင်စွာ အော်ဟစ်၍ အောင်ပွဲခံလိုက်ကြ၏။
ထိုအချိန်တွင် နတ်ပန်းပဲတောင်ထွတ်မှ တပည့်တိုင်းသည် ပီတိဖြာဘဝင်ခိုက်၍ မြောက်ကြွမြောက်ကြွ ဖြစ်နေကြ၏။
ဖိုသီဖတ်သီအဖိုးအိုက နေရာမှာတင် အဆက်မပြတ် ရယ်မောနေလေ၏။
“ဆူဇီမို.. မင်းရဲ့ဆုလာဒ်အတွက် ပကတိဆေးလုံးတစ်လုံး လက်ခံယူဖို့ နတ်ဆေးတိုက်ကို ငါနဲ့လိုက်ခဲ့ပါ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ အားလုံး၏ အားကျငေးမောနေကြသော အကြည့်အောက်မှပင် သူသည် ဆေးဖော်စပ်ခြင်းခန်းမထဲမှ ထွက်၍ မီးခိုးရောင်ဆံပင်နှင့်လူငယ်နှင့်အတူ နတ်ဆေးတိုက်သို့ လိုက်ပါသွားလေ၏။
အပြင်ဘက်တပည့်များသည် တစ်ဖြည်းဖြည်းနှင့် ပြန်ကုန်ကြသော်လည်း သူတို့သည် ယနေ့ပြိုင်ပွဲ၏ ရလဒ်ကို အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးငြင်းခုန်နေကြဆဲဖြစ်၏။
နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဖုန်ဟောက်ယွီသည် အမူအယာကင်းမဲ့စွာနှင့် လှည့်ထွက်သွား၏။
“စီနီယာအစ်ကိုဖုန်.. အခုရလဒ်ကို ဘာမှ စိတ်ထဲထည့်နေစရာ မလိုဘူး.. ဘာပဲဖြစ်ဖြစ်.. စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲပြီးတာနဲ့ ခင်ဗျားက အဲ့ကောင်လေးကို ကောင်းကောင်းဆုံးမပေးလို့ ရသေးတာပဲ”
စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်က နှစ်သိမ့်အားပေးလိုက်၏။
ဖုန်ဟောက်ယွီက တည်ငြိမ်စွာ ပြုံးလိုက်၏။
“ဆေးပညာတွေ၊ ပန်းပဲပညာတွေဆိုတာ.. အထောက်အကူပြု ကျွမ်းကျင်မှုတွေသာပါပဲ.. ငါက အစကတည်းက အဲ့ဒါတွေမှာ အချိန်မှ သိပ်မပေးခဲ့တာဆိုတော့.. ငါရှုံးသွားတယ်ဆိုတော့လဲ ရှုံးတယ်ပေါ့.. သိပ်ကိစ္စမရှိပါဘူးကွာ”
“အမှန်ပဲ စီနီယာအစ်ကိုဖုန်”
“ဒါပဲလေ.. ကျင့်ကြံရေးလောကမှာ မင်းဟာမင်း နတ်ဆေးဆရာဖြစ်ဖြစ်.. နတ်ပန်းပဲဆရာဖြစ်ဖြစ်.. သေလောက်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရရင် သေရမှာပဲ.. ငါတို့ရဲ့ ကိုယ်ပိုင်ခွန်အားကပဲ အရာရာကို ဆုံးဖြတ်ပေးနိုင်မှာ”
စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များစွာက ကြံဖန်အကောင်းမြင်လိုက်ကြ၏။
နတ်ဆေးတောင်ထွတ်ကနေ ထွက်လာခဲ့ကြပြီးနောက် ဖုန်ဟောက်ယွီက ရုတ်တရတ် ပြောလိုက်၏။
“မင်းတို့ကောင်တွေ.. အရင်ပြန်နှင့်ကြလိုက်ဦ.. ငါတစ်ယောက်တည်း နေလိုက်ဦးမယ်”
ဖုန်ဟောက်ယွီသည် စိတ်ခံစားချက် သိပ်မကောင်းသောကြောင့် ဖြစ်ရမည်ဟု တွေးလိုက်ကြပြီး တပည့်များသည် ဘာမှပြောမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
တစ်ယောက်မကျန် ထွက်ခွာသွားကြသောအခါ.. ဖုန်ဟောက်ယွီသည် နတ်ဆေးတိုက်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ သူ၏ စောစောက တည်ငြိမ်နေသော အကြည့်က ရုတ်တရတ် ပြောင်းလဲသွားပြီး အေးစက်ကျောချမ်းဖွယ်ရာအော်ရာက ထွက်ပေါ်လာ၏။
. . .
နတ်ဆေးတောင်ထွတ်မှာတော့ အခုချိန်ထိ ကိစ္စများကို ဆွေးနွေးငြင်းခုန်နေကြသော တပည့်အချို့ရှိနေသေ၏။
“ဒါဆို အဲ့ဖုန်ဟောက်ယွီက နှစ်ပွဲဆက်ကို အပြတ်အသတ် ရှုံးနိမ့်သွားရတာပေ့ါ”
“အမှန်ပဲ.. အစတုန်းကတော့ တောင်ထွတ်သုံးခုရဲ့ နံပါတ်တစ် ဖြစ်ရမယ်ဆိုပြီး သူ့ကိုယ်သူ ကြေငြာမောင်းခတ်ခဲ့တာလေ.. အခု ကြည့်ရတာတော့ သူ့အတွက် စိတ်ဝိညာဉ်တောင်ထွတ်တစ်ခုပဲ ကျန်တော့တယ်”
“ငါကြားခဲ့ရတာတော့ အစတုန်းက ဆူဇီမိုက နတ်ဆေးတောင်ထွတ်ကပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စိတ်ကူးမရှိဘူးတဲ့.. သူ့ကိုအဲ့လိုလုပ်ဖြစ်အောင် ဖုန်ဟောက်ယွီက သွားပြီး ရန်စခဲ့တာတဲ့”
ဘေးဘက်က တပည့်တစ်ယောက်က ခေါင်းခါလိုက်၏။
“ငါ့အထင်တော့ အဲ့ဒါက ဆူဇီမိုအတွက်လဲ သိပ်ကောင်းတဲ့အရာတော့ မဟုတ်လောက်ဘူး”
“မင်း ဘာကိုပြောချင်တာလဲ” တစ်ယောက်က ဝင်မေးလိုက်၏။
“ဟုတ်တယ်လေ.. တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ်ဆိုတာ .. ရရှိတဲ့ ဆုလာဒ်တွေကို အသာထားဦး.. နာမည်ဂုဏ်သတင်းတစ်ခုနဲ့တင် တော်တော်ကြီးကျယ်ခမ်းနားနေပြီ.. အခုချိန်ကစပြီး ဂိုဏ်းထဲမှာ ဆူဇီမိုကို မသိတဲ့သူဆိုတာ ရှိမှာမဟုတ်တော့ဘူး”
စောစောကလူက အေးစက်စက် ငေါက်လိုက်၏။
“တောင်ထွတ်ငါးခုရဲ့ ပြိုင်ပွဲပြီးရင် သူက ဖုန်ဟောက်ယွီနဲ့ တိုက်ရဦးမယ်ဆိုတာလဲ မမေ့ကြနဲ့ဦး”
ထိုစကားကို ကြားမှသာ လူတိုင်းနားလည်သွားကြ၏။
ဖုန်ဟောက်ယွီသည် ပကတိချီစုဖွဲ့အဆင့်ဖြစ်ပြီး ဆူဇီမိုကတော့ ချီစုဖွဲ့မှုအဆင့်၈မှာဖြစ်၏။ သူတို့နှစ်ယောက်သည် တူညီသောအဆင့်မှာ ရှိမနေကြပေ။
ထိုလူက ဆက်ပြောလိုက်၏။
“အခု ဆူဇီမိုရဲ့ နှစ်ပွဲဆက်အနိုင်က ဖုန်ဟောက်ယွီကို တော်တော်ဒေါသထွက်သွားစေလောက်ပြီ.. နောက်ဆုံးသူတို့တိုက်ကြပြီဆိုရင် ဆူဇီမိုက ဒုက္ခိတဖြစ်ရင်ဖြစ် မဟုတ်ရင် သေရင်တောင်သေသွားနိုင်တယ်”
လူတိုင်းဆွေးနွေးငြင်းခုန်ကြစဉ်မှာပင် ဆူဇီမိုသည် နတ်ဆေးတိုက်ထဲမှ ထွက်လာ၏။
ဤတစ်ကြိမ်တွင်တော့ သူသည် ပကတိစိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးကို ရွေးယူခဲ့လေသည်။
သူ့မှာ နဂိုရှိသော ပကတိစိတ်ဝိညာဉ်စုဆောင်းခြင်းဆေးတစ်လုံးနှင့်ပါ ထပ်ပေါင်းပါက နောက်နှစ်ရက်အတွင်း သူသည် ချီစုဖွဲ့မှုအဆင့်၉ သို့ တက်လှမ်းနိုင်ဖို့ ယုံကြည်မှု ရှိလာလေပြီ။
ဆူဇီမိုက လှည့်ထွက်တော့မည်ဆဲဆဲမှာပင် မီးခိုးရောင်ဆံပင်နှင့်လူငယ်က ဆူဇီမိုကို လှမ်းဆွဲလိုက်ပြီး မေးလိုက်၏။
“ဖုန်ဟောက်ယွီနဲ့ ယှဉ်တိုက်ဖို့ မင်းမှာ ယုံကြည်မှုဘယ်လောက်ရှိလဲ”
“မရှိသေးပါဘူး” ဆူဇီမိုက ခေါင်းခါလိုက်၏။
“ငါမင်းကို အကြံတစ်ခု ပေးချင်တယ်” မီးခိုးရောင်ဆံပင်နှင့်လူငယ်က ပြောလိုက်၏။
“အခုဆို မင်းက တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ် ဖြစ်နေပြီပဲ.. မင်းအနေနဲ့ ဖုန်ဟောက်ယွီနဲ့ ထပ်တိုက်နေစရာ မလိုတော့ဘူးလေ.. မင်းရှုံးတယ်လို့ ဝန်ခံလိုက်ရင်တောင်.. ဘယ်သူကမှ မင်းကို အထင်သေးရဲကြတော့မှာ မဟုတ်ဘူး.. ပြီးတော့ မင်းတို့ကြားက အမုန်းတရားတွေလဲ တစ်ခါတည်း ကြေပျက်သွားတာပေါ့”
ဆူဇီမိုသည် သေချာ ပြန်မဖြေဘဲ ခေါင်းသာညိတ်ပြလိုက်၏။
“ဟုတ်ကဲ့.. ကျတော် အဲ့ဒါကို ပြန်စဉ်းစားကြည့်လိုက်ပါဦးမယ်”
“ကောင်းပြီလေ.. ကဲ မင်းပြန်ချင်ရင် ပြန်ပါတော့” မီးခိုးရောင်ဆံပင်နှင့်လူငယ်က ခေါင်းညိတ်ပြလိုက်၏။