← Chapters

အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ

Vol. 9 Ch. 124

အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ

Vol. 9 Ch. 124

အခန်း ၁၂၄ - အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ

Translator – Than Toe Aung

ဆူဇီမိုသည် နတ်ဆေးတောင်မှ ထွက်လာပြီး သိပ်ဝေဝေး မရောက်သေးခင်မှာပင် သူ့ကို ရပ်စောင့်နေသည်မှာ အတန်ကြာပြီဟု ထင်ရသော လူတစ်ယောက်နှင့် ဆုံမိလေသည်။

"ဆူဇီမို.. အစကတော့ ငါ မင်းကို ခေါင်းထဲ သိပ်မထည့်ထားမိဘူး.. မင်း အခု ငါ့ကိုပေးခဲ့တဲ့ အံ့အားသင့်စရာတွေက သိပ်တော့ မသေးလှဘူးဆိုတာ ငါ၀န်ခံပါတယ်" ဖုန်ဟောက်ယွီက အပြုံးတုတစ်ခုကို ဆင်မြန်းရင်း ပြောလိုက်၏။

ဆူဇီမိုသည် ခဏမျှ ရပ်လိုက်ပြီးနောက် လျစ်လျူရှုကာ ဆက်လက်သွားဖို့ ဟန်ပြင်လိုက်၏။

ဖုန်ဟောက်ယွီက ဆက်လက်ပြောလိုက်၏။

"အို ဒါနဲ့ တစ်လက်စထဲ ငါမင်းကို သတိပေးစရာ ရှိသေးတယ်"

"အို့" ဆူဇီမို လှည့်မကြည့်ဘဲ မထီတရီ အာမေဋိတ်သံ ပြုလိုက်၏။

"အခုချိန်ကစပြီး မင်း လမ့်ရိုနဲ့ ဝေးဝေးခွာနေရင် ကောင်းလိမ့်မယ်.. မဟုတ်ရင်တော့ ဟမ့်..." ဖုန်ဟောက်ယွီက ဆက်မပြောတော့လည်း သူ့လေသံမှ အေးစက်ခက်မှုနှင့် အဓိပ္ပါယ်ကို မှန်းဆနိုင်၏။

ရုတ်တရတ်.. ဆူဇီမိုက ရယ်ချလိုက်၏။

သူနဲ့ လမ့်ရိုက ဒီအတိုင်း သိကျွမ်းခဲ့ရုံသာဖြစ်၏။ သို့သော် ယခု ဖုန်ဟောက်ယွီ၏ ခြိမ်းခြောက်စကားက သူ၏စိတ်ကို လာဆွပေးနေ၏။

ဆူဇီမိုက ထူးမခြားနားလေသံနှင့် ပြန်ပြောလိုက်၏။

"မဟုတ်ရင်.. ဘာလုပ်နိုင်မှာမို့လဲ"

"မဟုတ်ရင်... မင်းသေရလိမ့်မယ်"

သူတို့အနားတွင် တခြားမည်သူမျှ မရှိသောကြောင့် ဖုန်ဟောက်ယွီသည် စိတ်ထဲ စနိုးစနောင့် ဖြစ်မနေတော့ဘဲ သူ၏ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။

ဖုန်ဟောက်ယွီကို ကျောပေးထားသော ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ယခုအချိန်တွင် သူသည် ဖုန်ဟောက်ယွီ၏ သတ်ဖြတ်လိုစိတ်ကို ရှင်းလင်းစွာ ခံစားမိလိုက်၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲပင် ရှိနေပြီး ရယ်ချလိုက်၏။

"ဆန်းကြယ်တောင်ထွတ်က ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တာကို တားမြစ်ထားတယ်.. မင်းလဲ ခြွင်းချက်မရဘူး ဖုန်ဟောက်ယွီ"

"ခိခိ.. ဟုတ်ပါတယ်လေ"

ဖုန်ဟောက်ယွီက အေးစက်စွာ ပြန်ပြောလိုက်၏။

"ဂိုဏ်းထဲမှာ မင်းရှိနေသမျှ.. မင်းသေတဲ့အထိ ငါကစားပြမယ်"

ဆူဇီမိုသည် ဖြည်းဖြည်းချင်း ‌အနောက်ကို လှည့်လိုက်ပြီး ဖုန်ဟောက်ယွီကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူက မျက်နှာသေနှင့် ပြောလိုက်၏။

"ငါ အခုချိန်မှာ မင်းကို သတ်ပစ်လိုက်နိုင်တယ်လို့ပြောရင် မင်းယုံမှာလား"

ဘာကြောင့်ရယ်မသိ.. ဆူဇီမို သူ့ကိုစိုက်ကြည့်ပြီး ထိုစကားကို ပြောလိုက်ချိန်တွင် ဖုန်ဟောက်ယွီသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ခေါင်းနပန်းကြီးလာလေသည်။

ထိုခံစားချက်က.. သူ့ကို အချိန်မရွေး တစ်စစီ ဆုတ်ဖြဲပစ်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် ကမ္ဘာဦးသားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသလိုပင်။

ဖုန်ဟောက်ယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာ‌သော ထူးဆန်းသည့် အာရုံခံစားမှုများကို အတင်းဖယ်ထုတ်လိုက်၏။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုသည် ချီစုဖွဲ့မှု အဆင့်၈သာ ရှိ‌သေးပြီး သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု လုံး၀မဖြစ်နိုင်ပေ။

ဖုန်ဟောက်ယွီက စကားမပြန်နိုင်ဘဲ ငြိမ်ကုပ်နေသည်ကို ကြည့်ပြီး ဆူဇီမိုသည် လှည့်ထွက်သွားလိုက်၏။

ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်း‌သို့ ပြန်ရောက်သောအခါ ရပ်တန့်လိုက်၏။ သူ့မျက်လုံးများက ဖျတ်ကနဲလက်သွားပြီး အလေးအနက် စဉ်းစားလိုက်၏။

တစ်ခုခု လွဲမှားနေတာကို တစ်ဖြည်းဖြည်းနှင့် သူသတိထားမိလာ၏။

ယခင်က ဖုန်ဟောက်ယွီသည် သူ့အပေါ် အလွန်အမင်း ရန်လိုစိတ်ရှိခဲ့၏။

သို့သော်လည်း နတ်ပန်းပဲတောင်ထွတ်နှင့် နတ်ဆေးတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲများအပြီး၌ ထိုရန်လိုစိတ်က သတ်ဖြတ်လိုစိတ်အဖြစ်သို့ ကူးပြောင်းသွားခဲ့၏။

ထိုအရာက သာမန်ဖြစ်တတ်တဲ့သဘောဟု ထင်ရသော်လည်း.. သေချာစဉ်းစားကြည့်လျှင် အနည်းငယ် ရယ်စရာကောင်းနေ၏။

အစကတည်းက ယခုအချိန်ထိ သူတို့နှစ်ယောက်အကြားတွင် နက်ရှိုင်းသော ရန်ငြိုးရန်စ အမုန်းတရား မရှိခဲ့ပေ။ ဒါက ယှဉ်ပြိုင်လိုစိတ်ကြောင့်ဟု ဆိုလျှင်တောင် ဖုန်ဟောက်ယွီက သူ့ကို သတ်ချင်ရလောက်သည်အထိ အသည်းအသန်ဖြစ်စရာ မလိုချေ။

စောစောတုန်းက ဖုန်ဟောက်ယွီသည် သူ့ကို လမ့်ရိုနှင့် ဝေးဝေးခွာနေဖို့ ပြောခဲ့၏။

ထိုသို့ပြောပြီးနောက် သူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖွင့်ထုတ်ပြခဲ့၏။ အဲ့ဒါက ယုတ္တိရှိသည်ဟု ထင်ရသော်လည်း သူသည် တစ်စုံတစ်ရာကို ဖုံးကွယ်ဖို့ ‌‌အကြောင်းပြချက်များ ဖန်တီးနေခြင်းဖြစ်မည်ဟု ဆူဇီမို ခံစားမိနေ၏။

ပြိုင်ပွဲနှစ်ခု၏ရလဒ်ရော၊ လမ့်ရိုရောက ဖုန်ဟောက်ယွီ သူ့ကို သတ်ချင်ရသည့် အကြောင်းရင်း မဟုတ်နိုင်ပေ။ ဒါဆို အကြောင်းရင်းက ဘာဖြစ်မလဲ။

ဖုန်ဟောက်ယွီက တစ်ခုခုကို ကွယ်ဝှက်ထားတာလား။

သို့မဟုတ် သူပဲ စိုးရိမ်စိတ် လွန်ကဲနေတာလား။ ဖုန်ဟောက်က ဆင်ခြင်တုံတရား မရှိသည့် စိတ်သဘောထား ကျဉ်းမြောင်းသောသူ တစ်ယောက်သာပဲလား။

ဆူဇီမိုက ခေါင်းခါလိုက်၏။

ဖုန်ဟောက်ယွီက ထိုသို့ စောက်ရူးနားကန်းလူမျိုးလည်း မဖြစ်နိုင်ပေ။

သူသည် အတန်ကြာ စဉ်းစားနေသော်လည်း အစဆွဲမထုတ်နိုင် ဖြစ်နေ၏။ နောက်ဆုံးတော့ လက်လျှော့လိုက်ပြီး သူ့ကျင့်ကြံမှုကို အဆင်မြှင့်တင်ဖို့ရာ တံခါးပိတ်ကျင့်ကြံဖို့ လုပ်လိုက်၏။

အစီအရင်တောင်ထွတ်၏ ပြိုင်ပွဲနေ့ကား မနက်ဖြန်ဖြစ်၏။

ပြိုင်ပွဲတည်နေရာကား ၀င်္ကပါဆယ်လွှာစေတီဖြစ်၏။ ပြိုင်ပွဲ၀င်သူများက စေတီကို စိန်ခေါ်ရမည်ဖြစ်ပြီး အထပ်အများဆုံးကို အမြန်ဆုံးနှင့် ရောက်ရှိနိုင်သူက နံပါတ်တစ် ဗိုလ်စွဲမည် ဖြစ်လေသည်။

ဆူဇီမိုသည် ထိုပြိုင်ပွဲတွင် ၀င်ပါဖို့ စိတ်ကူးမရှိပေ။

ပထမတစ်ချက်အနေနဲ့ သူ့မှာ အချိန်များစွာ သိပ်မရှိ‌တော့ဘဲ သူကျင့်ကြံမှုမြှင့်တင်ဖို့ အာရုံစိုက်ရပေမည်။

ဒုတိယအချက်အနေနှင့်.. စေတီ၏ ၀င်္ကပါများကို ဖြေရှင်းကျော်ဖြတ်ရခြင်းက စိတ်ဝိညာဉ်ချီများစွာကို မသုံးရသော်လည်း သူ၏ စိတ်စွမ်းအားကို အတော်လေး သုံးရ၏။ ၎င်းကို ပြန်လည်ဖြည့်တင်းဖို့ဆိုလျှင် နှစ်ရက်သာသာလောက် ပြန်စောင့်ရပေမည်။

သူအခုနေ လုပ်သင့်သည်မှာ ‌နောက်နှစ်ရက်အကြာတွင် ဖုန်သောက်ယွီနှင့် တိုက်ရမည့် တိုက်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ဖို့ပင်။

...

အခြားတစ်ဖက်မှာတော့ .. ဖုန်ဟောက်ယွီသည် သူ့လိုဏ်ဂူတိုက်ခန်းရှေ့သို့ ပြန်ရောက်ရူံသာ ရှိသေးသည်.. ခြောက်ကပ်ကပ် အက်ကွဲကွဲ အသံကြီးက သူ့နားထဲသို့ ရုတ်တရတ် တိုး၀င်လာလေသည်။ ထိုအသံက ယောက်ျားအသံလား၊ မိန်းမအသံလား ‌ပြောရခက်၏။

"ဖုန်ဟောက်ယွီ.. ဟိုကောင်လေးကို မင်းဘာလို့ စကားတွေအများကြီး လျှောက်ပြောနေရတာလဲ"

ထိုအသံက နက်ရှိုင်းဆိုးယုတ်နေပြီး ကြားရသူ၏ ဆံပင်မွှေးများကို ထောင်တက်သွားစေ၏။

ဖုန်ဟောက်ယွီသည် လှည့်ပတ်ကြည့်ရှုလိုက်‌သော်လည်း။မည်သူကိုမျှ မတွေ့ရချေ။

"မင်းငါ့ကို သံသယ၀င်စရာ မလိုပါဘူး.. ငါက မင်းကို လာရှာတယ်ဆိုမှတော့ မင်းရဲ့သရုပ်မှန်ကို ငါသိလို့ပဲပေါ့.. ငါက မင်းကို သတိပေးချင်ရုံပဲ.. သေချာဂရုစိုက်ပါ.. မင်းကိုယ်မင်း ထုတ်‌ဖော်မပြမိစေနဲ့ ပြီးတော့ မင်းရဲ့ အဓိကမစ်ရှင်က ဘာလဲဆိုတာ မမေ့ပါနဲ့"

အသံအနေအထားက နောက်တစ်ဖန် ပြန်လည် ပြောင်းလဲသွားပြန်၏။

ထိုအသံကို ကြားမှသာ ဖုန်ဟောက်ယွီသည် နောက်ဆုံးစိတ်သက်ရာ ရသွားပြီး လေများကို မှုတ်ထုတ်ကာ ရယ်မောလိုက်၏

"စီနီယာက အစိုးရိမ်လွန်နေတာပဲ၊ ကျုပ်က သူ့ကို လမ့်ရိုနဲ့ ခပ်ခွာခွာနေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာပါ၊ အဲ့ဒါမှပဲ ဆူဇီမိုက ကျုပ်သတ်ဖြတ်လိုစိတ်ရဲ့ အဓိကအကြောင်းရင်းက သူမပဲလို့ ထင်သွားမှာလေ"

"တစ်ဖက်လူကို အထင်မသေးမိစေနဲ့"

"နားလည်ပါပြီ" ဖုန်ဟောက်ယွီက နာခံစွာ ခေါင်းညိတ်လိုက်၏။

"အဲ့ဆူဇီမိုက ကြိုတွက်လို့ မရတဲ့ အန္တရာယ်ပဲ၊ ငါတို့ သူ့ကို အရှင်ထားလို့ မရဘူး"

ဖုန်ဟောက်ယွီက ခေါင်းငုံ့လိုက်ပြီး အသံနှိမ့်၍ ပြောလိုက်၏။

"အဲ့အတွက် မပူပါနဲ့ စီနီယာ၊ ကျုပ်တာ၀န် ထားလိုက်ပါ"

"စီနီယာ ခင်ဗျားက ဂိုဏ်းထဲမှာ ဘယ်သူဆိုတာ ကျုပ်သိလို့ မရဘူးလား" ခေတ္တမျှ ရပ်နားပြီးနောက် ဖုန်ဟောက်ယွီက မေးလိုက်ခြင်း ဖြစ်၏။

"အခု မင်းအဲ့ဒါကို သိစရာမလိုသေးဘူး၊ လိုအပ်လာရင် ငါပြောပြပါ့မယ်"

"ဟုတ်ကဲ့"

နောက်တစ်ခဏကြာသော်လည်း ထိုအသံက ထပ်မံထွက်ပေါ်မလာတော့ပေ။ တစ်ဖက်လူက ထွက်ခွာသွားပြီဆိုတာ ဖုန်ဟောက်ယွီ သိလိုက်၏။

ဖုန်ဟောက်ယွီသည် သူ၏ အ၀တ်အစားကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် လိုဏ်ဂူတိုက်ခန်းထဲသို့ ၀င်သွားလေတော့၏။

...

‌လေးရက်မြောက်နေ့ကား.. အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲနေ့ဖြစ်၏။

ယမန်နှစ်များက အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲနေ့များတွင် လူသိပ်စည်ကားလေ့ မရှိခဲ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲကျင်းပပုံက ၀င်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ဖို့သာ ဖြစ်လေသည်။ သည့်အရင်ကတည်းက ၀င်္ကပါဆယ်‌လွှာကျောက်စာတိုင်မှာ မှတ်တမ်းက ရှိနေပြီးသားဖြစ်လို့ ဘယ်သူက နံပါတ်တစ်ဖြစ်မလဲဆိုတာ လူတိုင်းက သိနေပြီးသားဖြစ်၏။

သို့သော် သည်နှစ်ကတော့ အရင်နှစ်တွေကနဲ့မတူ တစ်မူထူးခြားလေသည်။

လွန်ခဲ့တဲ့ သုံးလလောက်က လျှို့ဝှက်‌သော စိန်ခေါ်သူတစ်ယောက် ပေါ်လာခဲ့ပြီး ၀င်္ကပါဆယ်လွှာကျောက်စာတိုင်ထက်ရှိ သမိုင်းတစ်လျှောက် မှတ်တမ်းတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့လေသည်။

"... ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့.. ကြာချိန် ၇က်နှင့် ၁၈နာရီ"

၀င်္ကပါဆယ်လွှာကျောက်စာတိုင်၏ ထိပ်ဆုံးရှိ ထိုစာတန်းက လွန်စွာ မျက်စိစပါးမွှေးစူးချင်စရာ ကောင်းနေ၏။ သို့‌သော်လည်း စ်န်ခေါ်သူအမည်နေရာမှာတော့ ကွက်လပ်ဖြစ်နေဆဲဖြစ်၏။

လျှို့ဝှက်သော စိန်ခေါ်သူက မည်သူဆိုတာကို သိချင်စိတ်ဖြင့် လူတိုင်းသည် အစီအရင်တောင်ထွတ်တွင် စုဝေးလာကြ၏။

လူအများစု ထင်မိကြသည်မှာ.. ထိုလူက သူ့နာမည်ကို လျှို့ဝှက်ထားခဲ့ရသည့် အကြောင်းရင်းမှာ အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်‌ပွဲအခါကျမှ အားလုံးကို အံ့အားသင့်သွားအောင် လုပ်မလို့ ဟူ၍ပင်။

ထို့ကြောင့်ပင် မနက်‌အစောကြီးကတည်းက အစီအရင်တောင်ထွတ်တွင် များစွာသော အစမ်းတပည့်များဖြင့် ပြည့်ကျပ်နေကြပေပြီ။

တောင်ထွတ်သခင်ငါးယောက်သည်လည်း စောစီးစွာ ရောက်လာကြ၏။ သူတို့သည် အတန်းလိုက်ထိုင်နေကြပြီး စကားစမြည် ပြောနေလိုက်ကြ၏။

"ရွှမ်ယီ.. မင်းအခုချိန်ထိ ငါတို့ကို ပြောပြဖို့ အစီအစဉ် မရှိသေးဘူးလားကွ" ၀မ်ရွှမ်းက ရယ်မော၍ မေးလိုက်၏။

မီးခိုးရောင်ဆံပင်နှင့်လူငယ်ကလည်း လောဆော်လိုက်၏။

"ဟုတ်တယ်.. ဘာပဲဖြစ်ဖြစ် ငါတို့လဲ ဒီနေ့သိရတော့မှာဆိုတော့ မင်းပြောပြထားရင် ကြိုဆင်ပြင်ဆင်ထားလို့ ရတာပေါ့"

ရွှမ်ယီသည် လူအုပ်ကြီးထဲကို ဝေ့ကြည့်လိုက်၏။ ဆူဇီမိုကို သူမမြင်တွေ့ရချေ။ သူသည် ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။

"ထားလိုက်တော့.. အချိန်တန်ရင် မင်းတို့ကိုယ်တိုင် မြင်ရပါလိမ့်မယ်"

ဆူဇီက ထိုအရာကို မထုတ်ဖော်ပြချင်သေးမှတော့ ရွှမ်ယီကလည်း ပြောပြဖို့ ဆန္ဒမရှိတော့ပေ။

အစီအရင်တောင်ထွတ်၏ ကျုံး၀မ်က ၀င်္ကပါဆယ်လွှာကျောက်စာတိုင်ရှေ့သို့ ရောက်လာပြီး ပထမဆုံးစာတန်းကို ရှုပ်ထွေးရောယှက်နေသော ခံစားချက်များဖြင့် ကြည့်လိုက်၏။

"ဒီနေတော့ မင်းဘယ်သူလဲဆိုတာ ပြသတော့မယ် မဟုတ်လား"

သူသည် တီးတိုး ရေရွတ်လိုက်၏။

"မင်းဘယ်သူလဲဆိုတာ ငါသိပါရစေ.. အဲ့ဒါမှ ငါ့အရှုံးကို ကျေကျေနပ်နပ် လက်ခံနိုင်မှာ"

သိပ်မကြာမီ အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲက စတင်ခဲ့လေသည်။

၀င်္ကပါဆယ်လွှာစေတီကို စိန်ခေါ်မည့် တပည့်များကတော့ အထဲသို့ အတူတကွ ရောနှော၀င်သွားကြ၏။

တစ်ယောက်ယောက်ကများ သူ့ဂိုဏ်းတံဆိပ်ပြားကိုကိုင်ပြီး ၀င်္ကပါဆယ်လွှာကျောက်စာတိုင်ကို သွားထိလေမလားဟု အပြင်ဘက်မှလူများက မျှော်လင့်နေမိကြ၏။

ထိုသူ ပေါ်ထွက်တာသည်နှင့် တစ်ပြိုင်နက် အစီအရင်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲကို ဆက်လက်ကျင်းပစရာ မလိုတော့ပေ။ သေချာပေါက် ထိုသူသည်သာ အစီအရင်တောင်ထွတ်၏ နံပါတ်တစ် ဖြစ်လေသည်။

ထိုအချိန်မှာပင် ဆူဇီမိုသည် သူ့လိုက်ဂူတိုက်ခန်းအတွင်း တံခါးပိတ်ကျင့်ကြံနေပြီး ချီစုဖွဲ့မှုအဆင့်၉ကို တက်လှမ်းနိုင်ဖို့သာ ကြိုးပမ်းနေလေတော့သည်။

All Chapters