← Chapters

စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်

Vol. 9 Ch. 125

စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်

Vol. 9 Ch. 125

အခန်း ၁၂၅ - စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်

Translator – Than Toe Aung

အချိန်တွေက တစ်ဖြည်းဖြည်းဖြတ်သန်းသွားပြီးနောက် တစ်ရက်တာက ကုန်ဆုံးသွား၏။

တစ်နေ့တာလုံး ဝင်္ကပါဆယ်လွှာစေတီမှ ဝင်္ကပါလမ်းကြောင်းများက ခဏပြီးခဏ တစ်ဖျတ်ဖျတ်လင်းလက်နေ၏။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ထက်ရှိ အပေါ်ဆုံးစာတန်းတွင် နာမည်နေရာက လစ်လပ်နေဆဲဖြစ်၏။

ဝင်္ကပါဆယ်လွှာစေတီမှ နောက်ဆုံးတစ်ယောက် ပြန်ထွက်လာခဲ့တာတောင် ကျောက်စာတိုင်ပေါ်တွင် နာမည်များက ပြောင်းလဲမှုမရှိပေ။

အစီအရင်တောင်ထွတ်တွင် စုရုံး၍ လာရောက်စောင့်စားနေကြသော တပည့်များကို မပြောနှင့် တောင်ထွတ်လေးယောက်ပင်လျှင် အနည်းငယ် စိတ်ပျက်သွား၏။

“အဲ့လူက ဘယ်သူလဲကွာ.. ဘာလို့ သူက ဒီနေလဲ ပေါ်မလာရတာလဲ”

“အဲ့လူက နာမည်တွေ ဂုဏ်သတင်းတွေကို လုံးဝ စိတ်မဝင်စားတာများလား”

တပည့်များသည် စိတ်ပျက်လက်ပျက်နှင့် သိချင်စိတ်က ပြင်းပျနေကြ၏။

ရွှမ်ယီက မတ်တပ်ရပ်ပြီး ကြေငြာလိုက်၏။

“ရင်ဆိုင်ယှဉ်ပြိုင်ပွဲက ပြီးဆုံးပြီ.. အနိုင်ရသူကတော့ အစီအရင်တောင်ထွတ်က ကျုံးဝမ်ပဲ ဖြစ်ပါတယ်”

‌အောင်ပွဲခံသံများက ကျိုးတိုးကျဲတဲသာ ထွက်ပေါ်လာခဲ့၏။

ကျုံးဝမ် နံပါတ်တစ်နေရာကို ရရှိခြင်းမှာ လျှို့ဝှက်သော စိန်‌ခေါ်သူ ပေါ်ထွက်မလာသောကြောင့်သာ ဖြစ်သည်ကို လူတိုင်းသိထားကြလေသည်။

ထိုအချိန်တွင် ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို ကြည့်လိုက်ပြီး ခါးသက်စွာ ပြုံးလိုက်၏။

ဤနှစ် အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ဆိုသော သူ့ရဲ့ဂုဏ်ပုဒ်က ဟာသတစ်ခုလို ဖြစ်နေ၏။

တောင်ထွတ်ငါးယောက်က အရင်ဆုံး ထပြန်ဖို့ လုပ်လိုက်ကြ၏။

လေထဲတွင် ဝမ်ရွှမ်းက မချင့်မရဲနှင့် လှမ်းမေးလိုက်၏။

“ရွှမ်ယီ.. မင်းသွားလို့ မရသေးဘူး.. သူဘယ်သူလဲဆိုတာ ငါတို့ကို ပြောပြခဲ့ဦး”

ရွှမ်ယီက ပြုံးရုံသာပြုံး၍ ပြန်မဖြေပေ။ ခဏမျှ စဉ်းစားပြီးနောက် သူက ပြန်မေးလိုက်၏။

“တောင်ထွတ်ငါးခုရဲ့ ပြိုင်ပွဲပြီးရင် ဆူဇီမိုနဲ့ ဖုန်ဟောက်ယွီတို့ တိုက်ခိုက်ကြမယ့် တိုက်ပွဲနေရာအတွက် ဘယ်နေရာကို ‌ရွေးကြမလဲ”

“ဘယ်နေရာကိုရွေးရွေး အရေးမကြီးပါဘူး.. ရလဒ်က ပြောင်းသွားမှာမှ မဟုတ်တာ” ဝမ်ရွှမ်းက ထူးမခြားနားပုံစံနှင့် ပြောလိုက်၏။

ရွှမ်ယီက ခေါင်းခါလိုက်၏။

“ဒီပြိုင်ပွဲကို အားလုံးက အာရုံစိုက်ထားကြတာ.. တစ်ကယ်တမ်းပြောရရင် ဒီပြိုင်ပွဲရဲ့ တန်ပိုက တောင်ထွတ်ငါးခုရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွေအောက် လျော့မှာ မဟုတ်ဘူး.. ငါတို့ အဲ့ဒါကို နည်းနည်းလောက် အလေးထားပြီး စဉ်းစားကြရင်ကောင်းလိမ့်မယ်”

“ဆူဇီမိုကို စိတ်ဝိညာဉ်တောင်ထွတ်ဝင်ခွင့် ပိတ်ထားတာဆိုတော့ အဲ့က စိတ်ဝိညာဉ်ပြိုင်ပွဲစင်ကိုတော့ သုံးလို့ရမှာ မဟုတ်ဘူး.. ပြီးတော့ ဆူဇီမိုက နတ်ပန်းပဲတောင်ထွတ်က တပည့်ဆိုတော့ အဲ့မှာလုပ်ဖို့လဲ မသင့်တော်ဘူး.. အဲ့တော့ ငါတို့ စဉ်းစားဖို့ ကျန်တာက အစီအရင်တောင်ထွတ်၊ အဆောင်လက်ဖွဲ့တောင်ထွတ်နဲ့ နတ်ဆေးတောင်ထွတ်တို့ရဲ့ စိတ်ဝိညာဉ်ပြိုင်ပွဲစင်တွေထဲက တစ်ခုခုကို သုံးမှပဲရမယ်”

ရွမ်ယီက ရုတ်တရတ် ပြောလိုက်၏။

“အဲ့ဒါကို အစီအရင်တောင်ထွတ်မှာ ကျင်းပမယ်ဆိုရင်တော့ ဘယ်နှယ့်လဲ”

“ကောင်းပြီလေ” ဝမ်ရွှမ်းက ခေါင်းညိတ်လိုက်၏။

အခြား‌သောတောင်ထွတ်သခင်များကလည်း ကန့်ကွက်မှုမရှိကြသောကြောင့် ထိုကိစ္စက ပြေလည်သွား၏။

. . .

နှစ်စဉ်နှစ်တိုင်း.. စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲကို နောက်ဆုံးနေ့မှသာ ကျင်းပလေ့ရှိ၏။ ထိုပွဲသည် ကျင့်ကြံသူအားလုံး စိတ်ဝင်စားမှုအရှိဆုံး၊ တန်ဖိုးအထားရဆုံး ပြိုင်ပွဲဖြစ်သောကြောင့်ပင် ဖြစ်လေသည်။

အစီအရင်ဖြစ်စေ၊ အ‌ဆောင်လက်ဖွဲ့ဖြစ်စေ၊ လက်နက်သွန်းလုပ်ခြင်းဖြစ်စေ၊ ဆေးလုံး‌ဖော်စပ်ခြင်းဖြစ်စေ.. သူတို့၏ နောက်ဆုံး ရည်ရွယ်ချက်မှာ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ရည်ကို မြှင့်တင်ဖို့ပင် ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကသည် အသန်မာဆုံးလူများသာ ရှင်သန်နိုင်ပြီး စွမ်းအားအကြီးဆုံးသူများကသာ အုပ်စိုးခွင့်ရှိသော နေရာတစ်ခု ဖြစ်လေသည်။

ကျင့်ကြံရေးလောက၏ အစစ်အမှန် ရက်စက်ကြမ်းကြုတ်မှုက တောတွင်းရှိ သားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုထက်ပင် များစွာပိုလေ၏။ ထို့‌ကြောင့်ပင် တျဲယွဲ့က ဆူဇီမိုကို ကန်းလန်ရိုးမအတွင်း၌ တစ်နှစ်တာ လေ့ကျင့်စေခဲ့ခြင်းဖြစ်၏။

ယခုအခါ ဆူဇီမိုသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ခြေချရုံသာရှိသေးပြီး ထိုလောက၏ တစ်ကယ့် ခြိမ်းခြောက်မှု၊ ကောက်ကျစ်မှု၊ အကွက်ချကြံစည်မှုများနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ရခြင်း မရှိသေးပေ။

. . .

ပဉ္စမမြောက်နေ့.. စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲနေ့ ဖြစ်၏။

တောင်ထွတ်ငါးခုစလုံး၏ တပည့်အားလုံးနီးပါး ထိုနေရာသို့ ရောက်နေကြ၏။ တံခါးပိတ်ကျင့်ကြံနေကြသော အတွင်းစည်းတပည့်များစွာနှင့် အကြီးအကဲအချို့တောင် ထွက်ပေါ်လာကြ၏။

ဤပြိုင်ပွဲ၏ စည်းမျဉ်းက ရိုးရှင်း၏။ ပြိုင်ပွဲဝင်တပည့်များအားလုံးသည် မဲနှိုက်ကျရမည်ဖြစ်ပြီး မဲနံပါတ်တူသော တပည့်နှစ်ယောက်က ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်၏။ ထိုသို့ဖြင့်.. ရှုံးနိမ့်သူများကထွက်.. အနိုင်ရသူများက ထပ်မံမဲနှိုက်၍ တိုက်ခြင်းခြင်းများကို ဆက်တိုက်ပြုလုပ်သွားရမည်ဖြစ်၏။ နောက်ဆုံးတစ်ဦးတည်း ကျန်ခဲ့သောသူကား နံပါတ်တစ်ဖြစ်လေမည်။

ဖုန်ဟောက်ယွီသည် နတ်ပန်းပဲတောင်ထွတ်နှင့် နတ်ဆေးတောင်ထွတ်ပြိုင်ပွဲတွင် နှစ်ပွဲဆက် ရှုံးနိမ့်ထားခဲ့သော်လည်း စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲနေ့မှာတော့ သူသည် အားပေးမှုအရဆုံးသူ ဖြစ်နေ၏။

တစ်ချိန်တည်းမှာပင် တောင်ထွတ်ငါးယောက်ကလည်း သူ့ကို များစွာ မျှော်လင့်ထားကြ၏။

စင်ပေါ်တွင် သူ့ပြိုင်ဘက်နှင့် တိုက်ခိုက်ရသည့်အချိန်မှာလည်း ဖုန်‌ဟောက်ယွီက သူတို့မျှော်လင်ထားသလို အစွမ်းပြနိုင်ခဲ့၏။

သူသည် ပွဲစဉ်အစမှ အဆုံးထိ တောက်လျှောက်ဆက်တိုက် အနိုင်ယူခဲ့ပြီး မည်သူကမျှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပေ။

သူသည် ဆန်းကြယ်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်‌သော ဆန်းကြယ်ဓါးသိုင်းအား သင်ယူလေ့ကျင့်ထားသည်ကို များစွာသော တပည့်များကို သိထားကြသောကြောင့် .. သူတို့သည် စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲတွင် ထိုဓါးသိုင်း၏ ဂုဏ်ကျက်သရေ တစ်စွန်းတစ်စကို မြင်တွေ့ရမလားဟူသော အတွေးနှင့် မျှော်လင့်နေမိကြ၏။

သို့သော်လည်း ဖုန်ဟောက်ယွီက ၎င်းကို လုံးဝ အသုံးမပြုခဲ့ပါချေ။

ဖုန်ဟောက်ယွီအပြင် လမ့်ရိုကလည်း အတော်လေးကို ဖြုန်လောက်သည့် တိုက်ခိုက်ရည်ကို ပြသနိုင်ခဲ့၏။

သူမသည် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုမျှ ပိုင်ဆိုင်မှု မရှိသော်လည်း ဓါးထိန်းချုပ်မှုတွင် အတော်လေးကို ကျွမ်းကျင်ပိုင်နိုင်မှုရှိ၏။ သူမ၏ အင်းအိုင်လက်ဖွဲ့များနှင့်ပါ ထပ်ပေါင်းလိုက်သောအခါ သူမသည် စိတ်ဝိညာဉ်တောင်ထွတ်၏ သန်မာလှပါသည်ဆိုသော တပည့်အတော်များများကို အလှဲဖြိုနိုင်ခဲ့၏။

လမ့်ရို၏ ဓါးက အေးစက်ချမ်းတုန်သောအော်ရာကို သယ်ဆောင်ထား၏။ တစ်ယောက်ယောက်က နမော်နမဲ့နှင့် သူမ၏ဓါးနှင့် ထိတွေ့ခဲ့မိလျှင် ထိုသူတို့ကို နှင်းခဲအလွှာများက ဖုံးအုပ်သွားမည်ဖြစ်ပြီး သူတို့၏ လှုပ်ရှားနိုင်စွမ်းက လျော့ကျသွားလေသည်။

ထို့အပြင် ဖက်တီးလေးကလည်း လူတိုင်းကို အံ့အားသင့်စေခဲ့သည့်တစ်ယောက်ဖြစ်၏။

သူသည် ချီစုဖွဲ့မှုအဆင့်၉သာ ရှိသေးပြီး ဓါးပျံထိန်းချုပ်ကိုင်တွယ်ခြင်းတွင်လည်း သိပ်ပြီး‌ပိုင်နိုင်လှသည် မဟုတ်ပေ။

သို့သော်လည်း သူ့တွင် ဆူဇီမိုလက်ဆောင်ပေးထားသော အဆင့်နိမ့် စိတ်ဝိညာဉ်တူတစ်လက်ရှိပြီး သူ၏ ခန္ဓာမီးဆေးနည်းစနစ်နှင့် ထပ်ပေါင်းလိုက်သောအခါ.. သူနှင့် အနီးကပ်အနေအထားသို့ ရောက်သွားတာနှင့် ပကတိချီစုဖွဲ့စစ်သည်တော် အတော်များများသည် လက်မြောက်အရှုံးပေးရကုန်၏။

နောက်ဆုံး ဗိုလ်လုတိုက်ပွဲကို တက်လှမ်းနိုင်ခဲ့သူနှစ်ယောက်ကတော့ ဖုန်ဟောက်ယွီနှင့် လမ့်ရိုတို့ ဖြစ်၏။

လမ့်ရိုသည် မတူကွဲပြားသော အင်းအိုင်လက်ဖွဲ့များစွာကို ထုတ်သုံးနိုင်ခဲ့သော်လည်း.. ဖုန်ဟောက်ယွီ၏ ဓါးပညာက ပို၍ အသာရနေဆဲဖြစ်၏။

သူ့လေဒြပ်စင်ချီ၏ အကူအညီနှင့် ဖုန်ဟောက်ယွီ၏ ဓါးပျံက ပေါ့ပါးဖျတ်လတ် လှပကြော့ရှင်းနေပြီး ကြည့်ရှုသူများကို အမြင်ကျယ်စေခဲ့၏။

နေမဝင်ခင်မှာပင် စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲက ပြီးဆုံးသွား၏။

အားလုံး မျှော်လင့်ထားသည့် အတိုင်းပင်.. စိတ်ဝိညာဉ်‌တောင်ထွတ်၏ နံပါတ်တစ်ကား ဖုန်ဟောက်ယွီပင် ဖြစ်လေသည်။

လမ့်ရိုက ဒုတိယဖြစ်ပြီး.. ဖက်တီးလေးက တတိယနေရာကို ရယူနိုင်ခဲ့၏။

စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်အတွက် ဆုလာဒ်က အတော်လေးကို မက်လောက်စရာ ဖြစ်၏။ ဖုန်ဟောက်ယွီသည် စိတ်ဝိညာဉ်ကျောက်တုံးနှင့် တာဝန်ကျေပွန်အမှတ် များစွာတို့ကို ရရှိခဲ့ရုံသာမက.. သူသည် နတ်‌ဆေးတိုက်မှ ဆေးတစ်လုံး၊ လက်နက်တိုက်မှ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် အ‌ဆောင်လက်ဖွဲ့တိုက်မှ အဆင့်၁ အဆောင်တစ်ခုတို့ကို ‌ရွေးယူနိုင်ခဲ့လေသည်။

“ဟီးဟီး.. ကြည့်ရတာတော့ မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကတော့ စီနီယာအစ်ကိုဖုန် ဆုံးမတာ ခံရတော့မယ်ဟေ့”

“အမှန်ပဲ.. လမ့်ရိုနဲ့ စီနီယာအစ်ကိုလီတို့လို ပကတိချီစုဖွဲ့စစ်သည်တော်တွေတောင် စီနီယာအစ်ကိုဖုန်ကို မနိုင်ဘူးဆို‌မှတော့ .. ချီစုဖွဲ့အဆင့်၈ပဲရှိတဲ့ ဆူဇီမိုကို ထည့်ပြောနေစရာတောင် မလိုတော့ဘူး”

စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲပြီးနောက် မည်သူကမျှ ဆူဇီမို၏ဘက်ကနေ ယုံကြည်မှုမရှိကြတော့ပေ။

“အဲ့ကောင်ဖုန်ဟောက်ယွီက သက်တောင့်သက်သာနဲ့ကို နံပါတ်တစ်နေရာကို ယူသွားတာပဲ.. သူက ခွန်အားကုန်တောင် သုံးမသွားခဲ့ရဘူး” မီးခိုးရောင်ဆံပင်နှင့်လူငယ်က ရယ်မောပြောဆိုလိုက်၏။

ဝမ်ရွှမ်းက သူ၏ ဘဝင်ခိုက်မှုကို မထိန်းနိုင်ဘဲ ခေါင်းညိတ်၍ ပြောလိုက်၏။

“ငါ့ရဲ့ ဆုံးဖြတ်ချက်က ဘယ်‌တုန်းကမှ မမှားခဲ့ဖူးဘူး.. အဲ့လိုမှ မဟုတ်ရင် ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကို သူကြိုတင်သင်ယူနိုင်ဖို့ ငါကိုယ်တိုင် ဂိုဏ်းချုပ်ထံကို သွားပြီး ဘယ်ပြောခဲ့ပါ့မလဲ”

“တစ်ကယ်တမ်းပြောရမယ်ဆိုရင်လဲ ဖုန်ဟောက်ယွီလို လေစိတ်ဝိညာဉ်ရင်းမြစ်နဲ့သူက ဆန်းကြယ်ဓါးသိုင်းကို လေ့ကျင့်ဖို့ အသင့်တော်ဆုံးသူပဲ” အေးစက်စက်မျက်နှာထားနှင့် အမျိုးသမီးက ခေါင်းညိတ်ထောက်ခံလိုက်၏။

ဝမ်ရွှမ်းက ရယ်ချလိုက်၏။

“ဒီပွဲမတိုင်ခင်က ငါက ဖုန်ဟောက်ယွီကို ‌ပြောခဲ့တယ်.. ပြိုင်ပွဲကျရင် မင်း ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကို မသုံးရဘူးလို့.. အဲ့လိုမှ မဟုတ်ရင် သူက နံပါတ်တစ်ဖြစ်လာခဲ့ရင်တောင် တစ်ချို့က ရလဒ်ကို လက်ခံကြမှာ မဟုတ်ဘူး”

“မဆိုးဘူးပဲ .. ဟောက်ယွီက ငါ့ကို စိတ်မပျက်စေခဲ့ဘူး”

ဖိုသီဖတ်သီအဖိုးအိုက အသံတိတ်နေပြီး သူ့ပုံစံက အနည်းငယ် စိုးရိမ်ပူပန်ဟန်ပေါက်နေ၏။

ဖုန်ဟောက်ယွီက ပို၍ သန်မာလေလေ.. မနက်ဖြန်ပြိုင်ပွဲတွင် ဆူဇီမိုက ပို၍ ဆိုးဆိုးရွားရွား ရှုံးနိမ့်နိုင်လေဖြစ်သည်။

သူ၏ ချစ်လှစွာသော တပည့်လေး ဆူဇီမို ထိုသို့ ခံစားရမည်ကို သူမကြည့်ရက်နိုင်ပေ။

“ဝမ်ရွှမ်း.. ငါ့ကို မျက်နှာသာ နည်းနည်းလောက် ပေးပါလား.. မနက်ဖြန်ပြိုင်ပွဲကို ပယ်ဖျက်ဖို့ မင်းဖုန်ဟောက်ယွီကို ပြောပေးပါလား”  အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ဖိုသီဖတ်သီအဖိုးအိုကို ကောက်ကာငင်ကာ ထပြောလိုက်၏။

သူ၏ အဆင့်အတန်းအရ တပည့်တစ်ယောက်အတွက် ဤကဲ့သို့ တောင်းပန်အသနားခံမှုမျိုး အရင်က တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။

ရွှမ်ယီ၊ မီးခိုးရောင်ဆံပင်နှင့်လူငယ်နှင့် အေးစက်သောမျက်နှာထားနှင့်အမျိုးသမီးတို့က တိတ်ဆိတ်ပေးနေကြ၏။

ဤကဲ့သို့ ကိစ္စမျိုးက သူတို့ ဝင်ပါလို့ မသင့်လျော်ချေ။

ဝမ်ရွှမ်းက ခဏကြာ တိတ်ဆိတ်နေပြီးနောက် ပြန်ပြောလိုက်၏။

“လေးကြိုးက တင်ပြီးနေပြီပဲ.. ဒီကိစ္စမှာ ငါလုပ်နိုင်တာ မရှိတော့ဘူး”

“ဒါပေမယ့်.....”

ဖိုသီဖတ်သီအဖိုးအိုက ဆက်ပြောမလို့ စကားစလိုက်စဉ်မှာပင် ဝမ်ရွှမ်းက မျက်မှောင်ကြုတ်၍ ဖြတ်ပြောလိုက်၏။

“ဆူဇီမိုက နှစ်ကြိမ်ဆက်တောင် အနိုင်ရပြီးပြီ.. ဟောက်ယွီကတော့ တစ်ကြိမ်တော့ အနိုင်မယူရ‌တော့ဘူးလား.. မင်းတပည့်က မင်းအတွက် အရေးပါသလို.. ငါ့တပည့်ကလဲ ငါ့အတွက် ရတနာပဲ”

ထိုသို့ပြောပြီးတာနှင့် ဝမ်ရွှမ်းသည် သူတို့လေးယောက်ကို ချန်ထားခဲ့ကာ လှည့်ထွက်သွားလေတော့၏။

အိုးတိုးအမ်းတမ်းနှင့်ပင် ဖိုသီဖတ်သီအဖိုးအိုက သက်ပြင်းချလိုက်၏။

မီးခိုးရောင်ဆံပင်နှင့် လူငယ်က ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်၏။

“သူ့ကိုလဲ သွားပြီး အပြစ်တင်လို့ မရဘူးလေ.. ဝမ်ရွှမ်းက ဖုန်ဟောက်ယွီအပေါ်မှာ အိတ်သွန်ဖာမှောက် အားကုန်စိုက်ထုတ်ထားရတာ.. သူအရင်က ဘာမှ မပြောခဲ့ရင်တောင် ဖုန်ဟောက်ယွီရဲ့ နှစ်ပွဲဆက်ရှုံးနိမ့်မှုမှာ သိပ်တော့ ကျေနပ်လှမှာ မဟုတ်ဘူး.. ဒါက ပုံမှန်ပါပဲ ဖြစ်တတ်ပါတယ်”

ရွှမ်ယီက ဖိုသီဖတ်သီအဖိုးအို၏ ပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်၏။

“အဆင်ပြေမှာပါ.. ဆူဇီမို တစ်ခါတစ်လေ ခါးသီးမှုကို ခံစားရလိုက်ရရင်လဲ အဲ့ဒါက သူ့အတွက် မဆိုးပါဘူး.. ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အနာဂတ်အလားအလာကလဲ ဖုန်ဟောက်ယွီထက် ‌အောက်ကျစရာ အကြောင်းမရှိပါဘူး”

“ရှေ့ဆက်ရမယ့်လမ်းက ... အရှည်ကြီး ကျန်သေးပါတယ်လေ” ထိုစကားကို ပြောချိန်တွင် ရွှမ်ယီ၏ မျက်လုံးက လျှို့ဝှက်အသိရခက်စွာ ဖျတ်ကနဲလက်သွား၏။

All Chapters