ဓါးပျံသုံးလက်
Vol. 9 Ch. 126
အခန်း ၁၂၆ - ဓါးပျံသုံးလက်
Translator – Than Toe Aung
ပြီးခဲ့သည့်နှစ်ရက်အတွင်း ဆူဇီမိုသည် အပြင်ဘက်တွင် လုံးဝပေါ်မလာခဲ့ပေ။ သူသည် တံခါးပိတ်ကျင့်ကြံနေပြီး ချီစုဖွဲ့မှုအဆင့်၉ သို့ တက်လှမ်းနိုင်ဖို့ ကြိုးစားနေ၏။
စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲအပြီးညတွင် ဆူဇီမိုသည် ဒုတိယမြောက် စိတ်ဝိညာဉ်ဆေးလုံးကို ထပ်မံစားသုံးလိုက်၏။
သူ့ခန္ဓာကိုယ်က ဝဲကတော့အသွင် ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ချီစီးကြောင်းများက သူ့ညာလက်မှတစ်ဆင့် သူ့ဒန်ထျန်ထဲသို့ အရူးအမူး တိုးဝင်လာကြ၏။
ဆူဇီမို၏ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်ချီများက ကျယ်ပြန့်လာပြီး ပင်လယ်ပြင်တစ်ခုလို ဖြစ်လ၏။
အတန်ကြာပြီးနောက် သူ့ခန္ဓာကိုယ်က ဆတ်ကနဲ တုန်ခါသွားပြီး သူ့မျက်လုံးနှစ်လုံးက ရုတ်တရတ် ပြူးကျယ်စွာ ပွင့်လာလေသည်။ အမှောင်ထုထဲတွင် တစ်လက်လက်တောက်နေသော အလင်းစက်နှစ်ခုက ပေါ်လာပြီး လျှင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။
ချီစုဖွဲမှု အဆင့်၉!
ဂိုဏ်းသို့ ဝင်ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပင် ဆူဇီမိုသည် နောက်ဆုံးမှာတော့ ချီစုဖွဲ့အဆင့်၉သို့ ရောက်ရှိနိုင်ခဲ့ပေပြီ။
သူ့ကျင့်ကြံမှု၏ အမြန်နှုန်းက ကျင့်ကြံရေးလောကတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင်တောင် နှေးသည်ဟု ဆိုလို့မရပေ။
ထိုအချိန်တွင် ဆူဇီမိုသည် သူ့ဒန်ထျန်အတွင်းရှိ ပြောင်းလဲမှုများကို သတိထားမိလိုက်ပြီး စိတ်ရှုပ်ထွေးသွား၏။
ချီစုဖွဲ့ခြင်းကျမ်းစာမှာ ဖော်ပြထားချက်အရ.. ပကတိချီစုဖွဲ့အဆင့်သို့ ရောက်မှသာလျှင် ထိုလူ၏ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်ချီများက သိသာထင်ရှားစွာ ပြောင်းလဲမှု ဖြစ်ပေါ်ပေလိမ့်မည်။
အခြားစကားလုံးနှင့် ဖော်ပြရလျှင် ပကတိအဆင့်သို့ ရောက်မှသာလျှင် ဒန်ထျန်အတွင်း၌ ချီပင်လယ်ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့်ပင် ချီစုဖွဲ့မှုအဆင့်၉မှ ပကတိအဆင့်သို့ တက်လှမ်းသည့်အခါ အချိန်၊ အရင်းအမြစ်နှင့် ခက်ခဲမှုတို့က သိသာထင်ရှားစွာ တိုး၍ လိုအပ်လာခြင်း ဖြစ်လေသည်။
ယခုအခါမှာတော့ ဆူဇီမိုသည် ချီစုဖွဲ့မှုအဆင့်၉သို့ တက်လှမ်းခါစသာရှိသေးသည်.. သူ့ဒန်ထျန်အတွင်း၌ ချီပင်လယ်က ဖြစ်ပေါ်လာပေပြီ။
ထိုအရာက ချီစုဖွဲ့မှုကျမ်းစားမှာ ဖော်ပြထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။
ဆိုလိုသည်မှာ ချီစုဖွဲ့မှုအဆင့်၉ ဖြစ်သော ဆူဇီမို၏ စိတ်ဝိညာဉ်ချီအရည်အသွေးသည်.. ပကတိချီစုဖွဲ့မှုအဆင့်ဖြစ်သော ဖုန်ဟောက်ယွီ၏ စိတ်ဝိညာဉ်ချီအရည်အသွေးထက် အောက်ကျလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ပြုံးလိုက်၏။ ရုတ်တရတ်ဆိုသလို.. သူသည် မနက်ဖြန်တိုက်ပွဲအတွက် ယုံကြည်မှု ရှိလာလေပြီ။
. . .
နောက်တစ်နေ့မနက်...
ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်းအတွင်းမှ ထွက်လာသောအခါ အပြင်မှာ သူ့ကိုစောင့်ဆိုင်းနေနှင့်ကြသော လူများစွာရှိနေ၏။
ဖက်တီးလေး၊ ရွှယ်ယိနှင့် နတ်ပန်းပဲတောင်ထွတ်မှ တပည့်များစွာသည် သူ့ကို စောင့်ဆိုင်းနေကြ၏။
“နောင်ကြီး.. ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ.. အာ.. ခင်ဗျားက ချီစုဖွဲ့မှုအဆင့်၉တောင် ရောက်နေပြီပဲ” ဖက်တီးလေး၏ မျက်လုံးက အရောင်တောက်သွား၏။
ဆူဇီမိုက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
“စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နံပါတ်တစ်က ဖုန်ဟောက်ယွီမလား” ဆူဇီမိုက မေးလိုက်၏။
လူတိုင်းက ခေါင်းညိတ်ပြလိုက်၏။
မနေ့က ဖုန်ဟောက်ယွီ၏ ပြုမူလှုပ်ရှားပုံများကို ပြန်လည်စဉ်းစားလိုက်မိကြသောအခါ.. လူတိုင်း၏ အမူအယာက တည့်တံ့သွားကြ၏။ သူတို့သည် ဆူဇီမိုကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြ၏။
လူတိုင်းအတွက်တော့.. ဆူဇီမိုက ချီစုဖွဲ့မှုအဆင့်၉ဆိုလျှင်တောင် သူနှင့် ဖုန်ဟောက်ယွီအကြား ခွန်အားကွာဟချက်က ကြီးမားလွန်း၏။
ဖက်တီးလေးက အသံနှိမ့်၍ ပြောလိုက်၏။
“ဖုန်ဟောက်ယွီက မနေ့က ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကို ထုတ်မသုံးတာတောင် နံပါတ်တစ်ကို ရခဲ့တယ်.. သူက ခွန်အားကုန် ထုတ်မသုံးခဲ့ဘူးဆိုတာ ရှင်းနေတာပဲ.. နောင်ကြီး သေချာဂရုစိုက်နော်”
“အို့.. အဲ့လောက်တောင် စွမ်းတယ်ပေါ့” ဆူဇီမိုက ရယ်မောလိုက်၏။
ရွှယ်ယိက ပြုံး၍ ပြောလိုက်၏။
“ဂျူနီယာညီလေးဆူ.. တိုက်ပွဲမှာ စိတ်ကို အရမ်းကြီးတင်ကျပ်မထားနဲ့.. မင်း တတ်စွမ်းသမျှတော့ အကောင်းဆုံး ကြိုးစားကြည့်ပေ့ါ.. မဟန်ဘူးထင်ရင်လဲ အရှုံးသားပေးလိုက်.. ဘာပဲဖြစ်ဖြစ် မင်းက တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ် ဖြစ်နေပြီးပြီပဲ”
“အဲ့ဒါဟုတ်တယ်.. အဲ့ဖုန်ဟောက်ယွီကို အနိုင်ပေးလိုက်ရတော့ရော ဘာဖြစ်လဲ.. ငါတို့ နတ်ပန်းပဲတောင်ထွတ်က တပည့်တွေက နဂိုတည်းက တိုက်ခိုက်ရေးကို အထူးပြုသင်ခဲ့ရတာမှ မဟုတ်တာ.. သူနိုင်သွားရင်တောင် ငါတို့အနေနဲ့ ဘာမှ သိမ်ငယ်နေစရာ အကြောင်းမရှိဘူး”
ဆူဇီမိုက ပြုံးလိုက်ပြီးနောက် မေးလိုက်၏။
“ဒီနေ့ တိုက်ပွဲရဲ့ ပွဲရုံက ဘယ်မှာတဲ့လဲ”
“အစီအရင်တောင်ထွတ်ရဲ့ စိတ်ဝိညာဉ်ပြိုင်ပွဲစင်” ဖက်တီးလေးက ပြန်ဖြေပေးလိုက်၏။
“အစီအရင်တောင်ထွတ်တဲ့လား” ဆူဇီမိုက တိုးတိုးရေရွတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသည့်သွင်ပြင်တစ်ခုက ဖြတ်ပြေးသွား၏။
လွန်ခဲ့တဲ့သုံးလ.. အစီအရင်တောင်ထွတ်မှ သူထွက်လာခဲ့ပြီးကတည်းက တစ်ခေါက်မျှ ပြန်မသွားရသေးပေ။
ဆူဇီမို၏ ထူးဆန်းနေသော အမူအယာကို အကဲခတ်လိုက်မိပြီး ဖက်တီးလေးက စိုးရိမ်တကြီးနှင့် အလောတကြီးမေးလိုက်၏။
“ဘာလို့လဲ နောင်ကြီး.. အစီအရင်တောင်ထွတ်မှာ မှားယွင်းနေတာ တစ်ခုခုရှိလို့လား”
“ဘာမှ မှားတာ မရှိပါဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်ပြီး ထပ်ရှင်းပြမနေတော့ပေ။ သူက လက်ဝေ့ပြလိုက်ပြီး ပြောလိုက်၏။
“သွားကြရအောင်.. စိတ်ဝိညာဉ်တောင်ထွတ်က နံပါတ်တစ်ကြီး ဘယ်လောက်တိုက်ခိုက်ရည်ရှိလဲဆိုတာ သွားစမ်းကြည့်ကြတာပေါ့”
. . .
ဤနေ့တွင် အစီအရင်တောင်ထွတ်က များစွာသောတပည့်များဖြင့် နောက်တစ်ကြိမ် အုန်းအုန်းကျွတ်ကျွတ် စည်ကားနေပြန်၏။
တောင်ထွတ်ငါးခုမှ အစမ်းတပည့်များအပြင်.. အတွင်းစည်းတပည့်များပါ ပွဲကြည့်ဖို့ ရောက်ချလာကြ၏။ ထိုအထဲတွင် ဆူဇီမိုနှင့် ရန်ငြိုးရန်စဖြစ်ခဲ့သော စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ချန်ယုလည်း ပါဝင်လေသည်။
တောင်ထွတ်သခင်ငါးယောက်စလုံးလည်း ရောက်လာကြ၏။
အစီအရင်တောင်ထွတ်၏ စိတ်ဝိညာဉ်ပြိုင်ပွဲစင်သည် ဝင်္ကပါဆယ်လွှာစေတီ၏ ဘေးတွင် တည်ရှိပြီး ဝင်္ကပါဆယ်လွှာကျောက်စာတိုင်နှင့်လည်း နီးကပ်လျက်ရှိ၏။
ဖုန်ဟောက်ယွီက မနက်စောစောကတည်းက ရောက်ရှိနေခဲ့၏။ သူသည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားမောက်မာစွာနှင့် ရပ်နေ၏။
သိပ်မကြာခင်မှာပင် ဆူဇီမိုနှင့် အခြားသူများသည် ဓါးပျံများကို စီးနင်း၍ ရောက်ချလာကြပြီး စိတ်ဝိညာဉ်ပြိုင်ပွဲကွင်းပြင်တွင် ဆင်းသက်လိုက်ကြ၏။
ဆူဇီမို၏ ရောက်ရှိမှုက များစွာသောလူများ၏ အကြည့်ကို ဆွဲငင်ယူဆောင်သွား၏။
“ခွိခွိ.. ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး သူဘာလို့ ပေါ်မလာတာပါလိမ့်လို့ ငါစဉ်းစားနေတာ.. ဘယ်ဟုတ်မလဲ သူက ချီစုဖွဲ့အဆင့်၉ရောက်အောင် အသည်းအသန် တံခါးပိတ်ကျင့်ကြံနေခဲ့တာကိုး”
ထိုစကားကို ပြောလိုက်သောသူ၏ လေသံက အံအားသင့်နေပုံမရဘဲ.. ထို့အစား လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နေ၏။
“သူ့ဟာသူ ချီစုဖွဲ့အဆင့်၉ ရောက်လာတော့ရော ဘာလုပ်လို့ရမှာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် သူက အရှက်ကွဲမှာပဲ”
“ဆူဇီမိုက သုံးကွက်အတွင်း ရှုံးနိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်ကွာ”
“ပြောမနေနဲ့.. စီနီယာအစ်ကိုဖုန်သာ တစ်ကယ်တိုက်ရင် အဲ့ဆူဇီမိုက တစ်ကွက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
လူအုပ်ကြီးထဲတွင် လှောင်ပြောင်ဝေဖန်ဆွေးနွေးသံများက ထွက်ပေါ်လာနေ၏။
ဆူဇီမိုသည် တောင်ထွတ်သခင်၏ နံပါတ်တစ်ဖြစ်လာခဲ့သော်လည်း သူ၏ ခွန်အားက သန်မာအားကောင်းသည်ဟု ပြောလို့မရပေ။ ဤတိုက်ပွဲတွင် မည်သူကမျှ သူ့ကို ပိုမတွက်ထားကြပေ။
စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များကတော့ ဆူဇီမို အရှက်တကွဲဖြစ်ဖို့ကို မျှော်လင့်စောင့်စားနေကြ၏။
အားလုံး၏ စူးစမ်းစပ်စုသော အကြည့်များအောက်မှာပင် ဆူဇီမိုသည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ထက်သို့ တက်လှမ်းသွား၏။
အစကတည်းက ဆူဇီမို၏ အမူအယာက အလွန်တရာ တည်ငြိမ်နေ၏။ သူ၏ မျက်လုံးများက ကြည်လင်ရှင်းသန့် အေးချမ်းနေ၏။
“ဟေး.. ဆူဇီမို.. မင်းသာ အခုနေ ဒူးထောက်တောင်းပန်ပြီး အသနားခံရင်.. စီနီယာအစ်ကိုဖုန်က မင်းကို သနားပြီး ခွင့်လွှတ်ပေးရင် ခွင့်လွှတ်ပေးမှာနော်”
လူအုပ်ကြားထဲမှ စွန်းထောင်က လှမ်းအော်လိုက်ပြီး ဟားတိုက်ရယ်မောလိုက်၏။ ထိုသူသည် ဆူဇီမို၏ လက်ပြန်တစ်ချက်ဖြင့် သတိလစ်သွားခဲ့သော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်၏။
ဆူဇီမိုက စွန်းထောင်ကို ဘေးတိုက်တစ်ချက် ဖျတ်ကနဲကြည့်လိုက်ပြီး ထူးမခြားပုံစံနှင့် ပြောလိုက်၏။
“ဘာလဲ.. နောက်ဆုံးတစ်ခေါက်က ငါမင်းကို ဆုံးမပေးထားတာ မလုံလောက်သေးဘူးလား”
ထိုမတော်တဆက စွန်းထောင်၏ အမြဲတမ်း အရှက်ရစရာ အဖြစ်အပျက်ဖြစ်၏။
ယခု ဆူဇီမိုက ထိုအဖြစ်အပျက်ကို အားလုံး၏ အရှေ့တွင် ထုတ်ပြောလိုက်သောအခါ စွန်းထောင်၏ မျက်နှာက ရှက်ရွံ့မှုဖြင့် နီလိုက်စိမ်းလိုက် ဖြစ်လာ၏။ သူသည် အံကိုကြိတ်၍ အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို.. အဲ့တုန်းက ကိစ္စကို ငါမင်းနဲ့ အခုထိ ကြေလည်အောင် မဖြေရှင်းရသေးဘူးနော်.. မင်းက အရင်ဆုံးလဲ ချောင်းမြောင်းတိုက်ခိုက်သေးတယ်.. အခုကျတော့ လူရှေ့သူရှေ့မှာ အရှက်မရှိ ကြွားလုံးထုတ်ရဲတယ်ပေါ့”
“ကြွားလုံးထုတ်တယ် ဟုတ်စ.. ဟားဟား...”
ဆူဇီမိုသည် ရယ်ချလိုက်ပြီး ခေါင်းခါလိုက်၏။
“မင်းလိုကောင်မျိုးကို ရိုက်နိုင်တာပဲ ငါက ကြွားလုံးထုတ်နေရဦးမှာလဲ”
ဆူဇီမို၏ လေသံမှ မထီတရီပမာမခန့် အထင်သေးမှုကို အားလုံးကို သိနိုင်၏။
ချက်ခြင်းဆိုသလို စွန်းထောင်၏ မျက်လုံးများက သွေးနီးရောင်သန်းလာပြီး အော်ပြောလိုက်၏။
“ဆူ.ဇီ.မို... မင်းမှာ တစ်ကယ်သတ္တိရှိရင် စင်ပေါ်မှာ ငါနဲ့ တိုက်ကြည့်လိုက်လေ.. ငါဘာကောင်လဲ မင်းကောင်းကောင်းသိသွားအောင် ပြပေးလိုက်မယ်”
ထိုအချိန်မှာပင် ဖက်တီးလေးက ဟက်ကနဲ လှောင်ရယ်လိုက်၏။
“မင်းအဲ့လောက် အစွမ်းထက်နေရင်လဲ ငါနဲ့ တိုက်မယ်လေ လာခဲ့”
စွန်းထောင်သည် ချက်ခြင်းပင် အမြီးကုပ်သွား၏။
စိတ်ဝိညာဉ်တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် ဖက်တီးလေးက သူ့အစွမ်းကို ကောင်းကောင်းပြခဲ့၏။ စွန်းထောင်သည် သူ၏ ပြိုင်ဘက် မဟုတ်ပေ။
“ကဲကဲ ကောင်းပြီ.. ဖုန်ဟောက်ယွီ.. ဆူဇီမို.. မင်းတို့.. စလို့ရပြီ”
ထိုအချိန်မှာပင် ဝမ်ရွှမ်းက ထအော်ပြောလိုက်ပြီး လူအုပ်ကြီးကို ငြိမ်သက်စေလိုက်၏။
စိတ်ဝိညာဉ်ပြိုင်ပွဲစင်ထက်တွင် .. ဖုန်ဟောက်ယွီသည် ဆူဇီမိုကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး သရော်တော်တော် ပြောလိုက်၏။
“ဆူဇီမို.. ဂျူနီယာညီလေးစွန်းပြောတာ ဟုတ်တယ်ကွ.. မင်းသာ အခုနေ အသနားခံ တောင်းပန်ရင် ငါမင်းကို ပုံမှန် လက်ရည်စမ်းသလိုပဲ တိုက်ပေးပါ့မယ်.. အဲ့လိုမှ မဟုတ်ဘဲ ငါတို့ တစ်ကယ်တမ်း တိုက်ကြပြီဆိုရင်တော့ ဓါးမှာက မျက်လုံးမပါတဲ့အတွက် ငါ့ကို ညှာတာမှုမရှိဘူးဆိုပြီး အပြစ်လာမတင်နဲ့ပေါ့”
ထိုစကားကို ကြားသောအခါ ဖိုသီဖတ်သီအဖိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်တော့ဘဲ ထုတ်ပြောလိုက်၏။
“ဂိုဏ်းသားအချင်းချင်း လက်ရည်စမ်းကြတဲ့အခါ .. တစ်ဖက်လူရဲ့ အသက်ကို ခြိမ်းခြောက်တဲ့စကားမျိုး ပြောခွင့်မရှိဘူး!”
ဖုန်ဟောက်ယွီက ရယ်မောလိုက်၏။
“သိပ်လဲစိတ်မပူပါနဲ့ တောင်ထွတ်သခင်.. ကျုပ်က ဂျူနီယာညီလေးဆူကို ကျင့်ကြံသူတစ်ယောက်က ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ သိသွားရအောင် သင်ခန်းစာကောင်းကောင်းလေးပဲ ပေးမှာပါ”
ထိုသို့ပြောပြိးတာနှင့် ဖုန်ဟောက်ယွီသည် သူ့သိုလှောင်အိတ်ကို ညင်သာစွာ ပုတ်လိုက်သောအခါ အဆင့်နိမ့်စိတ်ဝိညာဉ်ဓါးပျံတစ်လက်က ထွက်ပေါ်လာ၏။
သူ၏ ထိန်းချုပ်လှုပ်ရှားမှု မရှိပဲနှင့်ကို ဓါးပျံကို သူ့ကိုယ်က လှည့်ပတ်နေပြီး လေထဲတွင် ကခုန်နေ၏။ ထိုအရာက သူသည် ဓါးပျံထိန်းချုပ်ကိုင်တွယ်မှုတွင် ဘယ်လောက် ကျွမ်းကျင်မှုရှိကြောင်း ပြသနေခြင်းဖြစ်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုကလည်း သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ထုတ်ယူလိုက်၏။
လူတိုင်း အာရုံစိုက်ကြည့်လိုက်၏။
၎င်းသည်လည်း အဆင့်နိမ့် စိတ်ဝိညာဉ်ဓါးပျံပင် ဖြစ်လေသည်။
“သူအဲ့ဒါကို နတ်ပန်းပဲတောင်ထွတ်ရဲ့ နံပါတ်တစ်ဖြစ်တုန်းက ဆုအဖြစ် ရလာတာပဲ ဖြစ်ရမယ်”
“ဟုတ်တယ်.. နံပါတ်တစ်ရတဲ့သူက လက်နက်တိုက်ထဲက စိတ်ကြိုက်လက်နက်တစ်ခုကို ရွေးယူလို့ရတယ်.. ဒါက သူရွေးယူလာခဲ့တဲ့ တစ်ခုပဲ ဖြစ်ရမယ်”
“ဂျူနီယာညီလေးဆူက သိပ်ပြီး မစဉ်းစားတတ်ဘူးပဲ.. ငါသာ သူ့နေရာမှာဆိုရင် သေချာပေါက် ခုခံရေးလက်နက်တစ်ခုခုပဲ ရွေးယူခဲ့မှာ”
ဆူဇီမို၏ ဓါးပျံကို လက်ညိုးထိုးလိုက်ပြီး ဖုန်ဟောက်ယွီက လှောင်ရယ်လိုက်၏။
“မင်းမှာ အဆင့်နိမ့်လက်ဓါးပျံတစ်လက်ရှိနေတာနဲ့ပဲ.. ငါနဲ့ ယှဉ်တိုက်နိုင်ပြီလို့ တစ်ကယ်ကြီးထင်နေတာလား”
“မင်းပြောတာမှားတယ်”
ဆူဇီမိုက ထူးမခြားနားပုံနှင့် ပြန်ပြောလိုက်၏။
“အဲ့ဒါက တစ်လက်မဟုတ်ဘူး”
သူသည် ထိုသို့ ပြောပြီးတာနှင့် နောက်ထပ်ဓါးပျံနှစ်လက်က ဆူဇီမို၏ လက်ဝါးထဲတွင် ပေါ်လာ၏။