ဆဋ္ဌဂံဓါးဝင်္ကပါ
Vol. 9 Ch. 129
အခန်း ၁၂၉ - ဆဋ္ဌဂံဓါးဝင်္ကပါ
Translator – Than Toe Aung
ထိုစကားကို ကြားရသောအခါ ဆူဇီမိုက မတုန်မလှုပ် တည်ငြိမ်နေဆဲဖြစ်သော်လည်း .. အောက်ဘက်ရှိ လူအုပ်ကြီးကတော့ စိတ်လှုပ်ရှား တုန်လှုပ်စွာဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
“စီနီယာအစ်ကိုဖုန်က နောက်ဆုံးတော့ လျှို့ဝှက်ဓါးသိုင်းကို ထုတ်သုံးတော့မယ်ပေ့ါ”
“ငါကြားဖူးတာတော့ အဲ့ဒါက ဂိုဏ်းရဲ့ အဓိကလျှို့ဝှက်ပညာရပ်ကြီးသုံးခုထဲက တစ်ခု..ဆန်းကြယ်ဓါးသိုင်းတဲ့.. ငါတို့က ဆန်းကြယ်ဂိုဏ်းမှာ ရှိနေတာဆိုပေမယ့် အဲ့ဒါကို မြင်ရဖို့ မဖြစ်နိုင်သလောက်ပဲ”
“ဆန်းးကြယ်ဓါးသိုင်းက မဟာကျိုးအင်ပါယာတစ်ခုလုံးမှာတောင် ထိပ်တန်းစာရင်းဝင် ဓါးသိုင်းလေ.. နောက်ဆုံး ဒီနေ့တော့ အဲ့ဒါကို ငါတို့ မြင်ရတော့မှာပေ့ါ”
ယခုရှိနေကြသော လူအများစုသည် တောင်ထွတ်ငါးခု၏ အစမ်းတပည့််များ ဖြစ်ကြပြီး ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များ တစ်စွန်းတစ်စကိုပင် သူတို့ မမြင်တွေ့ဖူးခဲ့ကြပေ။ ယခု ထိုအခွင့်အရေးက ပေါ်ပေါက်လာပြီဖြစ်သောကြောင့် သူတို့မျက်လုံးများက မျှော်လင့်စောင့်စားရင်း အရောင်တောက်လာကြ၏။
ဖိုသီဖတ်သီအဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။ သူသည် ဝမ်ရွှမ်းကို ကြည့်လိုက်ပြီး အလေးအနက်ထား ပြောလိုက်၏။
“ငါတို့ ဒီတိုက်ပွဲကို ဒီနေရာမှာပဲ ရပ်လိုက်ကြရင် ကောင်းမယ်ထင်တယ်နော်.. နှစ်ဖက်စလုံးကို သရေလို့ သတ်မှတ်လိုက်ကြတာပေ့ါ”
မျှမျှတတပြောရလျှင် ဖုန်ဟောက်ယွီသည် ဆူဇီမိုနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးရပြီဆိုကတည်းက သူသည် ဦးစွာပထမ ရှုံးနိမ့်နေနှင့်ပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်အား သူတစ်ယောက်တည်းကိုသာ ပေးသင်ထားခဲ့သောကြောင့် ဖြစ်၏။
ဖိုသီဖတ်သီအဖိုးအိုက အပေးအယူသဘောတူညီမှု ရယူဖို့ ကြိုးစားကြည့်လိုက်၏။
ဝမ်ရွှမ်းက ခဏမျှ စဉ်းစားချင့်ချိန်နေပြီးနောက် ခေါင်းခါလိုက်၏။
“ကိစ္စက ဒီအခြေအနေရောက်လာပြီးမှတော့ အနိုင်အရှုံးက မကွဲပြားလို့ ဘယ်ဖြစ်ပါ့မလဲ”
“ဝမ်ရွှမ်း.. အဲ့ဒါက မင်းက ဖုန်ဟောက်ယွီကို အတင်းမရမက နိုင်စေချင်နေလို့လေ” ဖိုသီဖတ်သီအဖိုးအိုက အနည်းငယ် ဒေါသပါလာ၏။
“ဟုတ်တယ် အမှန်ပဲ”
ဝမ်ရွှမ်းက ဖိုသီဖတ်သီအဖိုးအိုက လှည့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏။
“မင်းတို့သုံးယောက်က ဆူဇီမိုကို တိတ်တိတ်လေး ကျိတ်ပြီး သင်ပေးနေခဲ့ကြတာလေ.. ဆေးပညာရော၊ ပန်းပဲပညာရော၊ ဝင်္ကပါပညာတွေရော.. ငါ အဲ့ဒါကို လျစ်လျူရှုပေးလို့ရတယ်.. ဒါပေမယ့် ဖုန်ဟောက်ယွီက ငါတို့ စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ တပည့်ပဲ.. ငါသူ့ကို ဒီတိုက်ပွဲမှာတော့ အရှုံးမခံနိုင်ဘူး.. ဒါက ငါ့တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာနဲ့လဲ သက်ဆိုင်တယ်”
“မင်း.. မင်းကွာ....” ဖိုသီဖတ်သီအဖိုးအိုက ချီတုံချတုံ ဖြစ်နေ၏။
ဝမ်ရွှမ်းက လက်ကာပြလိုက်၏။
“လူတွေအပေါ် ငါ့ရဲ အကဲဖြတ်ချက်က ဘယ်တုန်းကမှ မမှားယွင်းခဲ့ဖူးဘူး.. ဟောက်ယွီက ငါတို့ဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ.. ဘယ်လိုပြောပြော ဒီနေ့ဒီချိန်ထိတော့ ဂိုဏ်းတို့ဂိုဏ်းရဲ့ အမွေအနှစ်ပညာရပ်က ဆေးပညာလဲမဟုတ်ဘူး.. ပန်းပဲပညာလဲမဟုတ်ဘူး.. တိုက်ခိုက်ရေးပညာပဲ”
ထိုအချိန်မှာပင် ဖိုသီဖတ်သီအဖိုးအိုနှင့် ဝမ်ရွှမ်းတို့ ငြင်းခုန်နေကြသော စကားသံများထဲသို့ စင်ပေါ်မှ ဆူဇီမို၏ အသံက ကြားဖြတ်တိုးဝင်လာ၏။
“ဘာတဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ် ဟုတ်စ”
ဆူဇီမို ရယ်ချလိုက်၍ ခေါင်းခါလိုက်၏။
“ဖုန်ဟောက်ယွီ ဖုန်ဟောက်ယွီ.. အဲ့ဒါက မင်းရဲ့ နောက်ဆုံး အားကိုးအားထားဆိုရင်တော့ ဒီတိုက်ပွဲမှာ မင်းအနိုင်ရဖို့ မျှော်လင့်မနေနဲ့တော့”
လူတိုင်း တုန်လှုပ်မှင်တက်သွားကြ၏။
ဆူဇီမိုသည် ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကိုတောင် နည်းနည်းလေးမျှ မျက်နှာသာ မပေးဘဲ ဤကဲ့သို့ စကားကို ပြောထွက်လိမ့်မည်ဟူ၍ သူတို့ စဉ်းစားကြည့်လို့တောင် မရပေ။
သူက ဘာကို အထင်သေးနေတာလဲ.. ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကိုလား.. ဖုန်ဟောက်ယွီကိုလား။
ဆူဇီမိုမှာ ဘာအားကိုး ရှိနေတာလဲ။
“ဟားဟား...”
ဖုန်ဟောက်ယွီက အားရပါးရ ရယ်ချလိုက်၏။
“ဆူဇီမို.. ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းမသိသေးလို့ ပေါက်ကရတွေ လျှောက်ပြောနေတာပဲ.. ဒီနေ့တော့ မင်းကို အချိုးပြေသွားအောင် ငါဆုံးမပေးရတာပေ့ါ”
“သွား”
ဖုန်ဟောက်ယွီသည် စိတ်စွမ်းအင်များကို ဓါးပျံထဲသို့ ထိုးသွင်းလိုက်ရင်း ဓါးသိုင်းကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဓါးပျံက အဆက်မပြတ် တုန်ခါလာပြီးနောက် ရုတ်တရတ် လေထုကို ဆုတ်ဖြဲ၍ ထွက်ခွာလာကာ ၎င်း၏ အနောက်တွင် ပုံရိပ်များစွာက လှည့်စားလိုသောပုံစံနှင့် ပေါ်ပေါက်လာလေ၏။ ဘယ်ဟာက အစစ်၊ ဘယ်ဟာက ပုံရိပ်ယောင်ဆိုတာ ခွဲခြားဖို့ ခက်ခဲလှ၏။
ထိုအရာကို မြင်တွေ့သောအခါ ဝမ်ရွှမ်းက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်သည် တည်တံ့သွားပြီး ပြောလိုက်၏။
“ဆန်းကြယ်ဓါးသိုင်းမှာ သုံးဆင့်ခွဲထားတယ်.. ကြည့်ရတာတော့ ဖုန်ဟောက်ယွီက အဆင့်၁ အရိပ်သဏ္ဌာန်ကို ဒီလောက်မြန်မြန်နဲ့ တတ်သွားခဲ့တာပဲ”
“ဟောက်ယွီရဲ့ လေစိတ်ဝိညာဉ်ရင်းမြစ်က ဆန်းကြယ်ဓါးသိုင်းကို လေ့ကျင့်သင်ယူဖို့ အသင့်တော်ဆုံးပဲလေ.. အဲ့လိုမှမဟုတ်ရင် သူ့ရဲ့ ချီစုဖွဲ့မှုအဆင့်လေးနဲ့ အဲ့ဒါကို သင်ယူဖို့ ငါက ဂိုဏ်းချုပ်ကို ဘယ်သွားပြောပေးခဲ့ပါ့မလဲ” ဝမ်ရွှမ်းက ထူးမခြားနား ပြန်ပြောလိုက်၏။
စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင်...
ဆူဇီမိုသည် သူ့ဓါးပျံသုံးလက်ကို ပြန်ခေါ်လိုက်ပြီး သူ့ရှေ့တွင် ပျံဝဲနေစေလိုက်၏။ ထို့နောက် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ နောက်ထပ်ဓါးပျံသုံးလက်က ချက်ချင်း ထပ်မံထွက်ပေါ်လာလေသည်။
ထို့အပြင် ယခု ပေါ်လာသော ဓါးပျံသုံးလက်ကလည်း အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်ကုန်၏။
လူတိုင်း မှင်တက်သွားကြ၏။
အဆင့်နိမ့်ဓါးပျံ ခြောက်လက်တောင်!
ချီစုဖွဲ့စစ်သည်တော်များအတွက် ထိုပမာဏမှာ လုံးဝ မယုံကြည့်နိုင်ဖွယ်ရာဖြစ်၏။
“ဘာ..ဘာ..ဘာလဲကွာ”
“လခွမ်းပဲကွာ.. ဆူဇီမိုက အဆင့်နိမ့်ဓါးပျံတွေကို ပေါချင်းသောချင်း ထုတ်သုံးနေတာပဲကွ.. အဲ့လောက်များတဲ့ ဓါးပျံတွေ ဘယ်ကနေများ ကောက်ရလာသလဲကွာ”
တပည့်အများစုသည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့်သာ ငေးကြည့်နေကြ၏။
ယခင် ဆူဇီမိုသည် အဆင့်နိမ့်ဓါးပျံသုံးလက်ကို ထုတ်ပြလိုက်ကတည်းက သူတို့သည် အားကျနေကြပြီးဖြစ်၏။ ယခုတစ်ဖန် နောက်ထပ်သုံးလက်ကို ထုတ်ပြလိုက်သောအခါ သူတို့မှာ ပြောစရာစကားပင် မရှိတော့ပေ။
တစ်ချို့တပည့်များသည် ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး အဆင့်နိမ့်ဓါးပျံတစ်လက်ပင် ပိုင်ဆိုင်မှု မရှိကြပေ။ သူတို့သည် အချိန်များစွာက ဖြုန်းတီးခဲ့ကြသလိုပင်။ ယခု ဆူဇီမိုကတော့ ဂိုဏ်းသို့ရောက်တာ တစ်နှစ်ပင် မပြည့်သေးဘဲ ဓါးပျံခြောက်လက်တောင် ပိုင်ဆိုင်နေပေပြီ။
ထိုအခါမှသာ တပည့်အများစုသည် နားလည်လိုက်ကြ၏။
ထိုကဲ့သို့သော ထပ်တူညီနေသည့် ဓါးပျံခြောက်လက်က လက်နက်တိုက်ထဲမှာ မရှိပေ။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဆူဇီမိုသည် ထိုဓါးပျံများကို သူကိုယ်တိုင် သွန်းလုပ်ထားတာပင်။
“ရူးချင်စရာပဲဟေ့.. ဒီလိုမှန်းသာ ကြိုသိခဲ့ရင် .. ဂျူနီယာညီလေးဆူနဲ့ ရင်းနှီးအောင် ငါကြိုးစားခဲ့ပါတယ်ကွာ.. အဲ့ဒါဆို သူက ငါ့ကို အဆင့်နိမ့်လက်နက်တစ်ခုလောက် ပေးချင်ပေးခဲ့မှာ”
“ငါ့မှာသာ အဲ့လို ဓါးပျံခြောက်လက်ရှိရင် ဓါးသိုင်းတွေဘာတွေ သင်မနေတော့ဘူးကွာ.. ငါ့ရန်သူနဲ့တွေ့ရင် အဲ့ကောင်ကို သေတဲ့အထိ ဓါးပျံတွေနဲ့ ဖို့သတ်ပစ်လိုက်မယ်”
“ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောမနေဲ့ဟျောင့်.. စီနီယာအစ်ကိုဖုန်က ဂိုဏ်းရဲ့လျှို့ဝှက်ဓါးသိုင်းကို သင်ထားတာနော်.. အဲ့ဒါက ဓါးပျံခြောက်လက်ရှိရုံနဲ့ ခုခံလို့ရမယ့်ဟာ မဟုတ်ဘူး”
လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေကြသော်လည်း တောင်ထွတ်သခင်ငါးယောက်ကတော့ တိတ်ဆိတ်နေကြ၏။
ဖိုသီဖတ်သီအဖိုးအိုက တင်းကျပ်နေအောင် မျက်မှောင်ကုပ်ထား၏။
အဆင့်နိမ့်ဓါးပျံခြောက်လက်က တစ်ကယ် အံ့သြစရာ ဆိုသော်လည်း ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ရင်ဆိုင်ဖို့ရာမှာတော့ မဖြစ်နိုင်သေးပေး။
ဖိုသီဖတ်သီအဖိုးအို၏ စိုးရိမ်ပူပန်မှုကို မြင်ရပြီးနောက် မီးခိုးရောင်ဆံပင်နှင့်လူငယ်က နှစ်သိမ့်ပေးလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်.. ဒီကောင်လေးက ပန်းပဲပညာမှာတော့ တစ်ကယ် ပါရမီထူးကဲတာပဲ.. ငါတို့သူ့ကိုသာ သေချာပြုစုပျိုးထောင်ပေးရင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ အဆင့်သတ်မှတ်စာရင်းထဲတောင် ဝင်လောက်တယ်”
မီးခိုးရောင်ဆံပင်နှင့်လူငယ် ပြောချင်သည်မှာ ဆူဇိမိုသည် ဤတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့လျှင်တောင် ဂိုဏ်းထဲမှာ သူ၏ အဆင့်အတန်းက နိမ့်ကျလိမ့်မည် မဟုတ်ဆိုတာပင်။
မည်သို့ပင်ဆိုစေ.. လူတိုင်းမှာ သူတို့ကိုယ်ပိုင် အားသာချက်ကတော့ ရှိကြစမြဲပင် ဖြစ်လေသည်။
ဆူဇီမိုသည် ပန်းပဲနှင့် ဆေးပညာတွင် ထူးချွန်ပြီး ဖုန်ဟောက်ယွီကတော့ တိုက်ခိုက်ရေးမှာ တော်၏။ သူတို့နှစ်ယောက်စလုံးက အားသာချက်ကိုယ်စီနှင့်သာ ဖြစ်ကြလေသည်။
သို့သော်လည်း မည်သူမျှ မသိကြသည်မှာ ဘေးမှာရပ်နေသော ရွှမ်ယီသည် စိတ်ထဲမှာ တင်းကျပ်၍ အကြောအခြင်များက တောင့်တင်းနေပေပြီ။ သူသည် ဆူဇီမိုကို စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် မမှိတ်မသုန်စိုက်ကြည့်နေ၏။
“တစ်ကယ်တော့ ဓါးပျံခြောက်လက်က ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကို မခုခံနိုင်တာ ဟုတ်ပါတယ်.. ဒါပေမယ့်လဲ အဲ့ဒါကသာ....”
စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင်...
ဆူဇီမိုဆင့်ခေါ်လိုက်သော ဓါးပျံခြောက်လက်ကို မြင်သောအခါ ဖုန်ဟောက်ယွီ၏ အမူအယာက ခေတ္တခဏမျှ ပြောင်းလဲသွား၏။ သို့သော်လည်း ထိုပြောင်းလဲမှုက သိပ်မကြာလိုက်ဘဲ ပြန်လည်ပျောက်ကွယ်သွားပြီး အေးစက်စွာ ဖမ်းဟောက်လိုက်၏။
“ဆူဇီမို.. မင်းက တော်တော်အတာပဲ.. မင်းမှာဓါးပျံခြောက်လက်ရှိရုံနဲ့ ငါ့ဓါးကို ခုခံနိုင်မယ် ထင်နေတယ်ပေ့ါလေ”
“သွား”
ဖုန်ဟောက်ယွီ၏ မျက်လုံးထဲတွင် အေးစက်မှုများက ပေါ်လာ၏။ ဓါးပျံကို လေထုကို ဆုတ်ဖြဲ၍ ပြေးထွက်လာပြီး လိပ်ပြာလွင့်လောက်သည့် စွမ်းအင်ပေါက်ကွဲသံက ထွက်ပေါ်လာ၏။
ဓါး၏ နောက်တွင် ပုံရိပ်များက အတန်းလိုက်ကျန်နေခဲ့ပြီး ဘေးကကြည့်နေသူများကို အမြင်အာရုံ ရှုပ်ထွေးသွားစေ၏။
ဆူဇီမိုကတော တည်ငြိမ်နေဆဲဖြစ်ပြီး သူ့လက်များက ဆက်တိုက်လှုပ်ရှားဝေ့ယမ်းလိုက်သောအခါ လေထဲရှိ ဓါးပျံခြောက်လက်က ကူးလူးယှက်ဖြာသွားကာ လျှို့ဝှက်နက်နဲအသိရခက်သော လမ်းကြောင်းတစ်ခုကို ပုံဖော်သွား၏။
ရွှစ်.. ရွှစ်.. ရွှစ်!
ဓါးပျံခြောက်လက်က ပိုက်ကွန်တစ်ခုလို့ ယှက်ဖြာလှုပ်ရှားသွားသောအခါ ဓါးပျံများသွားရာ လမ်းကြောင်းတစ်လျှောက်တွင် စိတ်ဝိညာဉ်ချီစီးကြောင်းများက အတန်းလိုက်လှပကာ ကျန်ရစ်ခဲ့၏။
တြိဂံဓါးဝင်္ကပါမှသည် ဆဋ္ဌဂံဓါးဝင်္ကပါအဖြစ်သို့ ကူးပြောင်းသွားပေပြီ။
ဆဋ္ဌဂံဓါးဝင်္ကပါသည် တြိဂံဓါးဝင်္ကပါကို အဆင့်ထပ်မြှင့်လိုက်သော ဆင့်ကဲ့ပြောင်းလဲမှုပုံစံတစ်ခု ဖြစ်၏။ ၎င်းသည် တိုက်စစ်ရော၊ ခံစစ်ပါ အဖျက်အား၊ ခုခံအားက သိသိသာသာ ဆတိုးပွား မြင့်တက်လာ၏။
“အဲ့အဲ့ဒါ.. ဘာကြီးလဲဟ”
“အား.. ကြည့်ရတာ အဲ့ဒီဓါးဝင်္ကပါကနေ ဖြစ်လာတဲ့ ဆဋ္ဌဂံကြယ်ပုံသဏ္ဌာန်ကို ငါရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ”
“မြင်ဖူးမှာပေါ့ဟ.. အဲ့ဒါ တောင်ထွတ်သခင်ရွှမ်ယီရဲ့ အင်္ကျီလက်ပေါ်က တံဆိပ်အမှတ်အသားနဲ့ အတူတူပဲမဟုတ်ဘူးလား”
လူတိုင်း ပြိုင်တူလိုလို ရွှမ်ယီကို လှမ်းကြည့်လိုက်ကြ၏။
ယခုအခါ ရွှမ်ယီသည် မတ်တပ်ထရပ်နေပြီဖြစ်ပြီး စိတ်ခံစားချက်များက မြင့်တက်လာကာ ခေါင်းတစ်ဆတ်ဆတ်ညိတ်လိုက်၏။
“မိုက်တယ်.. မိုက်လိုက်တာကွာ.. မင်းက တစ်ကယ်ကြီး ဆဋ္ဌဂံဓါးဝင်္ကပါကို ကျွမ်းကျင်တတ်မြောက်သွားပြီပေါ့လေ”
ကျန်သော တောင်ထွတ်သခင်လေးယောက်စလုံး မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။
လက်ရှိ သူတို့ဂိုဏ်းထဲတွင် ဓါးဝင်္ကပါသခင်ကား တစ်ဦးတည်းသာရှိ၏။ သူက ရွှမ်ယီပင်။
ရွှေအူတိုင်အဆင့်များအနေနှင့် .. ဓါးဝင်္ကပါသခင်တစ်ယောက်ဖြစ်လာဖို့ မည်မျှ ခက်ခဲကြောင်း သူတို့ကောင်းကောင်းသိထားကြ၏။
ရွှမ်ယီ၏ အင်္ကျီလက်မောင်းပေါ်က ဆဋ္ဌဂံသဏ္ဌာန် အမှတ်အသားသည် သူ၏ ကိုယ်ပိုင်ပကတိ ဂုဏ်ယူဝင့်ကြွားမှုတစ်ခု ဖြစ်လေသည်။
ယခုအခါ ဆဋ္ဌဂံဓါးဝင်္ကပါက ထပ်မံပေါ်ပေါက်လာ၏။ လူတိုင်း အံ့သြတုန်လှုပ်သွားရသည်မှာ ၎င်းသည် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်၏ လက်တွင်းမှ ပေါ်ပေါက်လာခဲ့သောကြောင့် ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်ပေါ်ရှိ.... ဆန်းကြယ်နန်းတော်ထဲတွင်....
ဂိုဏ်းချုပ်လင်းယွမ်သည် ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရတ် မျက်လုံးဖွင့်လိုက်၏။ ထူးဆန်းသည် အလင်းရောင်က သူ့မျက်လုံးထဲတွင် ဖျတ်ကနဲတစ်ချက်လက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“ဆဋ္ဌဂံဓါးဝင်္ကပါပါ့လား”
အစီအရင်တောင်ထွတ်၏ အထက်ကောင်းကင်တိမ်လွှာကြားထဲတွင်.. ဧရာမတောင်ပံကြီးတစ်စုံကို ခပ်ရေးရေးမြင်နိုင်၏။ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် ဖြစ်ပျက်နေသမျှအရာရာကို မျက်လုံးကြီးတစ်စုံက တိတ်တဆိတ် လေ့လာအကဲခတ်ကြည့်နေ၏။
“ခိခိ.. ဒီကောင်လေးကတော့လေ.. မဆိုးဘူး.. လုံးဝကို မဆိုးဘူးပဲ”