ရှုံးပြီလား
Vol. 9 Ch. 130
အခန်း ၁၃၀ - ရှုံးပြီလား
Translator – Than Toe Aung
ဓါးပျံခြောက်လက်က ဆဋ္ဌဂံဓါးဝင်္ကပါကို ဖြစ်ပေါ်လာစေပြီး ဝင်္ကပါလမ်းကြောင်းများက တစ်ဖျတ်ဖျတ်တစ်လက်လက်တောက်ပကာ ဆူဇီမို၏ အရှေ့ကနေ ပိတ်ဆို့ကာကွယ်ထား၏။
ဖုန်ဟောက်ယွီ၏ တိုက်ခိုက်မှုက အလွန်တရာ မြန်ဆန်ပြီး သူ့ဓါးပျံမှ ပုံရိပ်များစွာက အဆုံးမရှိထွက်ပေါ်လာ၏။ ဓါးအစစ်က ဘယ်နားမှာဆိုတာ အမြင်အာရုံဖြင့် ဆုံးဖြတ်နိုင်ရန် လွန်စွာခက်ခဲ၏။
သို့သော်လည်း ဝင်္ကပါ၏ အားသာချက်က ဤနေရာတွင် အလုပ်ဖြစ်လေသည်။
ဓါးပျံခြောက်လက်ကနေ ဖြစ်ပေါ်လာသော ဝင်္ကပါအခင်းအကျင်းက ဆူဇီမို၏ တစ်ကိုယ်လုံး လွှမ်းခြုံ၍ ပိတ်ဆို့ကာကွယ်ပေးထား၏။
ဖုန်ဟောက်ယွီထံမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုက ဓါးဝင်္ကပါနှင့် ထိတွေ့မိသွား၏။
ကလန်!
ကျွတ်ဆတ်ဆတ်အသံက ထွက်ပေါ်လာပြီး ဖုန်ဟောက်ယွီ၏ ဓါးပျံက ဓါးပျံဝင်္ကပါထဲတွင် ပိတ်မိသွား၏။
နှစ်ဖက်စလုံးကို ခွန်အားးကို စိုတ်ထုတ်လိုက်ကြ၏။
“ဖောက်ထွက်စမ်းကွာ”
ဖုန်ဟောက်ယွီက ဓါးပျံကို ထိန်းချုပ်လိုက်ပြီး စိတ်ဝိညာဉ်ချီများကို အဆက်မပြတ် ပို့လွှတ်လိုက်၏။ သူ့မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်နေပြီး သူ့ခန္ဓာကိုယ်က တစ်ဆတ်ဆတ်တုန်ယင်နေ၏။ သူသည် ဆဋ္ဌဂံဓါးဝင်္ကပါ၏ ခံစစ်ကို ဖောက်ထွက်နိုင်ဖို့ ခွန်အားကုန် စိုက်ထုတ်အသုံးပြုနေရ၏။
ဓါးဝင်္ကပါ၏ အနောက်တွင် ဆူဇီမိုကတော့ ပုံမှန်အတိုင်း သက်တောင့်သက်သာပုံစံနှင့်ပင် ရှိနေ၏။ သူသည် လက်နှစ်ဖက်ကို ရှေ့သို့တွန်းလိုက်ပြီး ယှက်လိမ်လိုက်၏။
ဝင်္ကပါအလင်းက သိသိသာသာ တောက်ပလာ၏။
ချက်ခြင်းဆိုသလိုပင် ဆဋ္ဌဂံဓါးဝင်္ကပါက လည်ပတ်လာပြီးနောက် ဖုန်ဟောက်ယွီ၏ ဓါးပျံကို အဝေးသို့ ခတ်ထုတ်ပစ်လိုက်၏။
“ဖုန်ဟောက်ယွီ.. မင်းချည်းပဲတိုက်နေပြီး ငါကပြန်မတိုက်ဘူးဆိုရင် အဲ့ဒါက မလေးစားရာကျနေမှာပေ့ါ.. ဟုတ်တယ်မလား.. ကဲ မင်းပြောပြောနေတဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ဆိုတာကြီးက အဲ့ဒါကို ခုခံနိုင်ပါ့မလား ကြည့်ရသေးတာပေါ့”
ဆူဇီမိုသည် လည်ပတ်နေသော ဓါးဝင်္ကပါကို ရပ်တန့်လိုက်ပြီး လက်ညိုးဖြင့် အရှေ့သို့ စေညွှန်လိုက်၏။
လေထဲတွင်.. တစ်ဖျတ်ဖျတ်လင်းလက်နေသော ဆဋ္ဌဂံဓါးဝင်္ကပါက လေထုကို ဖြတ်သန်းသွားပြီး ဖုန်ဟောက်ယွီထံသို့ ပစ်ဝင်သွား၏။
တောင်ထွတ်ငါးခုမှ တပည့်များ၏ နုလုံးသည် တစ်ဒိန်းဒိန်းခုန်သွားပြီး အသက်ပင်ရဲရဲမရှူရဲဘဲ စိုက်ကြည့်နေကြ၏။
ဤလှုပ်ရှားကွက်အပြီး၌ တိုက်ပွဲရလဒ်က အဖြေထွက်လာနိုင်ကြောင်း အားလုံး နားလည်လိုက်ကြ၏။
ထိုအချိန်၌ တောင်ထွတ်သခင်ငါးယောက်၏ မျက်နှာသည်လည်း လုံးဝ တည်တံ့နေကြလေပြီ။
ဆဋ္ဌဂံဓါးဝင်္ကပါကား အဆင့်၂ ဝင်္ကပါဟု သတ်မှတ်ရပေမည်။ ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်က အစွမ်းထက်လှသော်လည်း ၎င်းသည် အဆင့်၁ သာ ရှိသေးပြီး အဆင့်၂ ဝင်္ကပါကို ထိပ်တိုက်ရင်ဆိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
ရွှေအူတိုင်အဆင့်များ၏ အမြင်အရ.. ဖုန်ဟောက်ယွီက အနိုင်ရဖို့ လုံးဝမဖြစ်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ဖုန်ဟောက်ယွီသည် သူ့ကိုယ်သူ ခုခံဖို့ကို မစဉ်းစားဘဲ သူ့ဓါးပျံကို ထိန်းချုပ်ကာ ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြင့် ဆူဇီမိုကို တိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် သူအနိုင်ရဖို့က ဖြစ်ကောင်းဖြစ်နိုင်သေး၏။
သို့သော်လည်း ထိုသို့လုပ်ဖို့အတွက် သေခြင်းရှင်းခြင်းကို လောင်းကြေးထပ်ကာ နောက်ဆံမတင်းသော ပကတိရဲဝံ့မှုကို လိုအပ်လေသည်။
ဖုန်ဟောက်ယွီ၏ အမူအယာက ဖျတ်ကနဲဆိုသလို ပြောင်းလဲသွား၏။
ကြောက်လန့်စရာစွမ်းအင်များ ဖြာထွက်၍ ဆဋ္ဌဂံဓါးဝင်္ကပါက သူ့ထံသို့ တုန်လှုပ်ဖွယ်ရာ ချည်းကပ်လာသောအခါ ဖုန်ဟောက်ယွီသည် မသိလိုက်မသိဖာသာနှင့်ပင် သူ့ကိုယ်သူ ကာကွယ်ဖို့ ရွေးချယ်လိုက်၏။
“သွား”
ဆန်းကြယ်ဓါးသိုင်းကို ထုတ်ဖော်၍ ဖုန်ဟောက်ယွီသည် ဆဋ္ဌဂံဓါးဝင်္ကပါကို ခုခံဖို့ ကြိုးစားလိုက်၏။
ဤသည်ကို မြင်သောအခါ ဝမ်ရွှမ်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
သူ ရှုံးသွားချေပြီ။
ဖုန်ဟောက်ယွီက ဆဋ္ဌဂံဓါးဝင်္ကပါကို ခုခံဖို့ ရွေးချယ်လိုက်ကတည်းက သူရှုံးနိမ့်သွားချေပြီ။
ဘုန်း!
ဓါးပျံနှင့် ဆဋ္ဌဂံဓါးဝင်္ကပါတို့ ထိတွေ့လိုက်သောအခါ ကျယ်လောင်စွာမြည်ဟည်း၍ ပေါက်ကွဲသွား၏။ မီးပွားမီးပန်းများက လွင့်စင်ထွက်လာပြီး အပူလှိုင်းများက ဖြာထွက်လာ၏။
ဓါးဝင်္ကပါကလည်း တုန်ခါသွားပြီး ပျက်ပြယ်လုနီးပါးဖြစ်သွား၏။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် ၎င်းက တည်ငြိမ်စွာ ပြန်လည်စုဖွဲ့သွား၏။
ဖုန်ဟောက်ယွီ၏ ဓါးပျံကတော့ ဘယ်ဆီဘယ်ဝယ်မသိ လုံးဝ လွင့်စင်ထွက်သွားပေပြီ။
ဆဋ္ဌဂံဓါးဝင်္ကပါသည် ခဏမျှ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ဆက်လက်ကျဆင်းလာ၏။
“အား”
ဤသည်ကို မြင်သောအခါ လူအုပ်ကြီးထဲမှ အမှတ်တမဲ့ အာမေဋိတ်သံများက ထွက်ပေါ်လာ၏။
မနေ့ကမှ လောလောလတ်လတ် ဗိုလ်စွဲခဲ့သော စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်ကြီးသည် ကောင်းကောင်းကြီး ရှုံးနိမ့်တော့မည်ဆိုတာ အားလုံးနားလည်လိုက်ကြ၏။
ထိုအချိန်မှာပင် ဖုန်ဟောက်ယွီသည် သိုလှောင်အိတ်ထဲမှ ချီတစ်ဖန်မွေးဖွားခြင်းဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်၏။ သူ့ငွေဒိုင်းကာကြီးကို ကိုင်ဆောင်ကာ ရှေ့သို့ အော်ဟစ်၍ ထိုးတက်သွား၏။
ကလန်! ကလန်! ကလန်!
ဆဋ္ဌဂံဓါးဝင်္ကပါက လည်ပတ်လာပြီး ငွေဒိုင်းကာကို ထပ်ကာထပ်ကာ ပစ်တိုက်လိုက်၏။
တစ်ချက်ပစ်တိုက်လိုက်တိုင်းတွင် ဖုန်ဟောက်ယွီသည် အနောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်ဆုတ်သွားရပြီး သူ့မျက်နှာက ဖြူဆုတ်လာကာ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာ၏။
ဘုန်း!
နောက်ဆုံးတွင် ဆဋ္ဌဂံဓါးဝင်္ကပါက ပျက်ပြယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဖုန်ဟောက်ယွီသည်လည်း လေထဲတွင် လွင့်စင်ထွက်သွား၏။ သူသည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်ကနေ ပြုတ်ကျသွားပြီး မြေပေါ်တွင် လေးငါးပတ်လိမ့်သွား၏။ သူ့အဝတ်များက ဆုတ်ပြဲ၍ ရွှံ့ဖုန်များလူးကာ အလွန်တရာ အရှက်တကွဲအကျိုးနည်းသည့် အနေအထားသို့ ကျရောက်သွား၏။
ဝမ်ရွှမ်းက သူ့မျက်လုံးကို မှိတ်ထား၏။
ဖိုသီဖတ်သီအဖိုးအိုက စိတ်သက်သာရာရသွားကာ သက်ပြင်းရှည်ကြီးချလိုက်၏။
လူအုပ်ကြီးက ယတိပြတ် တိတ်ဆိတ်ငြိမ်သက်သွား၏။
ခဏကြာပြီးနောက် ဖက်တီးလေးက လက်သီးလက်မောင်းတန်း၍ အော်ဟစ် အောင်ပွဲခံလိုက်၏။
ရွှမ်ယီနှင့် အခြားသူများလည်း အလွန်တရာ စိတ်လှုပ်ရှားနေကြ၏။
နတ်ပန်းပဲတောင်ထွတ်မှ တပည့်က စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်ကို အလဲထိုးချလိုက်ပေပြီ။ သူတို့ဂိုဏ်း၏ နှစ်ထောင်ချီသမိုင်းမှာပင် တစ်ခါမျှ မဖြစ်ခဲ့ဖူးသော အဖြစ်အပျက်ဖြစ်၏။
ထို့အပြင် အနိုင်ရသူက ရှုံးနိမ့်သူထက် ကျင့်ကြံမှုတစ်ဆင့်နိမ့်နေသေး၏။
စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များစွာသည် တိတ်ဆိတ်ငြိမ်သက်နေကြ၍ စိတ်ပျက်ညှိုးငယ်စွာဖြင့် သူတို့ဦးခေါင်းများကို ငိုက်စိုက်ထားကြ၏။ ဖုန်ဟောက်ယွီသည် မြေပြင်မှ တွားသွား၍ လူးလှိမ့်ထလာတာကို ကြည့်ပြီး သူတို့၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေကြ၏။
အဲ့ဒါသည် ယခုနှစ်က စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်က လုံလောက်အောင် သန်မာမှုမရှိသောကြောင့် မဟုတ်ပေ။
အခြားရှုထောင့်ကကြည့်လျှင် ယခုနှစ် စတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်သည် ယခင်နှစ်က နံပါတစ်ထက် များစွာပို၍ သန်မာလေသည်။ ဖုန်ဟောက်ယွီသည် ချီစုဖွဲ့မှုအဆင့်မှာပင် ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူတို့ကို အရှက်ခွဲဖို့အတွက် နတ်ပန်းပဲတောင်ထွတ်က ပို၍ ကြောက်စရာကောင်းသော တပည့်တစ်ယောက်ကို မွေးထုတ်ပေးခဲ့လေသည်။
ထိုသူသည် ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့တွင် ဆရာတစ်ဆူဖြစ်ရုံသာမက.. ဓါးဝင်္ကပါသခင်တစ်ယောက်ဖြစ်လာပြီး အဆင့်၂ ဓါးဝင်္ကပါကိုပင် ခင်းကျင်းနိုင်ကာ ဖုန်ဟောက်ယွီကို စင်အောက်သို့ ရိုက်ချနိုင်ခဲ့လေသည်။
ချီစုဖွဲ့စစ်သည်တော်များ၏ တိုက်ခိုက်မှုနည်းစနစ်များသည် ရိုးစင်းလွန်းလှသည် ပြောစမှတ်ပြုကြ၏။ သို့သော်လည်း ယခုတိုက်ပွဲတွင် နှစ်ဖက်စလုံးသည် သူတို့၏ ဝှက်ဖဲများကို တစ်ခုပြီးတစ်ခု ထုတ်သုံးခဲ့ကြကာ ပွဲ၏ တန်ပိုအတက်အကျနှင့် အလှည့်အပြောင်းများစွာကို ဖြစ်ပေါ်စေခဲ့၏။ ဤတိုက်ပွဲက များစွာသော တပည့်များကို အမြင်ကျယ်သွားစေခဲ့၏။
ဆူဇီမိုသည် သူ့ဓါးပျံများကို ပြန်သိမ်းလိုက်ပြီး သူ့အမူအယာက ပင်ပန်းနွမ်းနယ်ပုံကို ပြလာ၏။
ဓါးဝင်္ကပါများက လွန်စွာ အစွမ်းထက်သလို.. ဓါးပျံခြောက်လက်ကို ထိန်းချုပ်ရသည်ကား စိတ်ဝိညာဉ်ချီမြောက်များစွာကို သုံးစွဲရ၏။ ယခုအခါ သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်ချီများက ကုန်ခမ်းလု ဖြစ်နေပေပြီ။
“ဟီးဟီး ဟီးဟီး...”
ထိုအချိန်တွင် ကျောချမ်းစရာ ရယ်သံကြီးက စင်အောက်မှ ထွက်ပေါ်လာကာ လူအများ၏ စိတ်အာရုံကို ဆွဲဆောင်သွား၏။
“ငါ အခုထိ မရှုံးသေးဘူးကွ”
နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျှက်နှင့်ပင် ဖုန်ဟောက်ယွီသည် ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူ့အမူအယာက စိတ်ဖောက်ပြန်သွားသလိုဖြစ်နေပြီး သူ့မျက်လုံးများက ရူးသွပ်မှုဖြင့် ပြည့်နေ၏။
ဆူဇီမိုသည် ပြိုင်ပွဲစင်ပေါ်မှ ဆင်းတော့မည့်ဟန်ပြင်လိုက်စဉ်မှာပင်.. ထိုစကားသံကို ကြားလိုက်ရ၏။ သူသည် လှမ်းလက်စခြေလှမ်းကို ရပ်တန့်လိုက်ပြီး လှမ်းကြည့်လိုက်၏။
ဖုန်ဟောက်ယွီသည် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးလုံးတစ်လုံးကို သွန်ချယူလိုက်၏။ သူ့ခေါင်းကိုမော့၍ ထိုဆေးလုံးကို မျိုချလိုက်ပြီးနောက် အေးစက်စွာ အော်ပြောလိုက်၏။
“ဆူဇီမို မင်းဒီနေ့ သေချာပေါက် ရှုံးရမယ်”
“ဘာလဲဟ”
“ငါထင်တာတော့ အဲ့ဒါ အခြေတည်ဆောက်ခြင်းဆေးလုံးထင်တယ်”
“စီနီယာအစ်ကိုဖုန်က .. အခြေတည်အဆင့်ကို အတင်းဖိအားပေး တက်လှမ်းချင်နေတာများလား”
ထိုအရာကို မြင်သောအခါ ဖိုသီဖတ်သီအဖိုးအိုက မတ်တပ်ရပ်လိုက်ပြီး မှုန်ကုပ်စွာဖြင့် ပြောလိုက်၏။
“ဝမ်ရွှမ်း.. မင်းတပည့်ကို မင်းမတားတော့ဘူးလား.. ရင်ဆိုင်ယှဉ်ပြိုင်ပွဲက အဆင့်ကြီးတစ်ခုအတွင်းမှာရှိတဲ့ ကျင့်ကြံသူတွေပဲ လက်ရည်စမ်းရတာလေ.. ဖုန်ဟောက်ယွီသာ အခြေတည်အဆင့်ကို တက်လှမ်းပြီးမှ ဆူဇီမိုနဲ့ တိုက်ခိုက်မယ်ဆို.. အဲ့ဒါက ဘာသဘောလဲ”
ဝမ်ရွှမ်းသည် သူ့မျက်လုံးကို မှိတ်ထားပြီး ချီတုံ့ချီချဖြင့် စိတ်ထဲမှာ လွန်ဆွဲနေ၏။
ဖုန်ဟောက်ယွီသည် အခြေတည်အဆင့်နှင့် ဆူဇီမိုကို နိုင်ခဲ့လျှင်တောင် အဲ့ဒါက ဂုဏ်သိက္ခာရှိသော နိုင်ပွဲဖြစ်လိမ့်မှာ မဟုတ်ဘူးဆိုတာ သူသိလေသည်။
သို့သော်လည်း ဖုန်ဟောက်ယွီသည် ဤတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် စိတ်ဒဏ်ရာရသွားနိုင်ပြီး ပြန်လည်ကုစားဖို့ လွယ်ကူမှာ မဟုတ်တော့ပေ။
ဤတစ်ယောက်သည် သူစိတ်တိုင်းကျ ရွေးချယ်ထားသော တပည့်ဖြစ်ပြီး ဂိုဏ်း၏ အနာဂတ်ဟုပင် သတ်မှတ်ထားခဲ့လေသည်။
ဝမ်ရွှမ်းသည် ထိုအရာကို မခံစားနိုင်ပေ။
ရွှမ်ယီကပါ မနေနိုင်ဘဲ ဝင်ရောက်ဖျောင်းဖျလိုက်၏။
“ဒီတိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြပါတော့ကွာ.. အဲ့ဒါက စည်းမျဉ်းနဲ့ နည်းနည်း သွေဖယ်နေတယ်မလား”
ထိုစကားကို ကြားသောအခါ ဝမ်ရွှမ်းက ရုတ်တရတ် မျက်လုံးဖွင့်လိုက်ပြီး အော်ပြောလိုက်၏။
“ဘာစည်းမျဉ်းလဲ.. ဒါက တောင်ထွတ်ငါးခုရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲမှ မဟုတ်တာ.. ဒါက သူတို့ လူငယ်တွေကြားက ပုဂ္ဂိုလ်ရေးရန်စပဲ.. ဖုန်ဟောက်ယွီက အခြေတည်အဆင့်ဖြစ်သွားရင်တောင် ဒါက သူ့ရဲ့ကိုယ်ပိုင်ခွန်အားပဲ”
“ပြီးတော့ ရွှမ်ယီ.. ဆဋ္ဌဂံဓါးဝင်္ကပါက အဆင့်၂ ဝင်္ကပါပဲ.. မင်းက ဆူဇီမိုကို အဆင့်၂ ဝင်္ကပါကိုတောင် ကြိုသင်ပေးထားပြီးတော့ ဘာလို့ စည်းမျဉ်းတွေအကြောင်း လာပြောနေရတာလဲ”
ရွှမ်ယီက မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်၏။
“ငါ ဆူဇီမိုကို ဆဋ္ဌဂံဝင်္ကပါ သင်ပေးခဲ့တယ်ဆိုတာ သူ့မှာ သင်နိုင်တဲ့ အခွင့်ရှိလို့ပဲ”
တစ်ကယ်တော့ ရွှမ်ယီ၏ ဤစကားတွင် ဝင်္ကပါဆယ်လွှာစေတီကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ခဲ့သည့် စိန်ခေါ်သူက မည်သူဆိုတာ အရိပ်အမြွက်ပါသွားပြီးဖြစ်၏။
သို့သော်လည်း ယခုလို သွေးပူနေကြသည့် အခိုက်အတန့်တွင် ဝမ်ရွှမ်းရော၊ ဖိုသီဖတ်သီအဖိုးအိုပါ သိပ်အများကြီး မစဉ်းစားအားသောကြောင့် ရွှမ်ယီစကား၏ နောက်ကွယ်က အဓိပ္ပါယ်ကို သဘောမပေါက်ကြပေ။
ဝမ်ရွှမ်းက သူ့အင်္ကျီစကို ပင့်တင်လိုက်ရင်း ပြောလိုက်၏။
“အဲ့ဒီ ဆဋ္ဌဂံဝင်္ကပါကြောင့်သာ မဟုတ်ရင် ဆူဇီမိုက အခုလောက်ဆို ရှုံးနေလောက်ပြီ.. သူကိုယ်တိုင်က စည်းမျဉ်းကို အရင်ဖောက်ဖျက်ခဲ့မှတော့ ဖုန်ဟောက်ယွီက အခြေတည်အဆင့်တက်လှမ်းပြီး တိုက်ခိုက်မယ်ဆိုတော့ရော ငါက ဘာလို့ တားနေရဦးမှာလဲ”
“ဝမ်ရွှမ်း မင်းရူးသွားပြီလား”
ဖိုသီဖတ်သီအဖိုးအိုက မနေနိုင်တော့ဘဲ အေးစက်စက် ငေါက်ငမ်းလိုက်၏။
“ဖုန်ဟောက်ယွီက အခြေတည်အဆင့် တက်လှမ်းပြီးတော့ တိုက်မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ.. အဲ့ဒါဆို မင်းရော ဘာလို့ နိုးထဝိညာဉ်အဆင့်က ပကတိအရှင်နဲ့ သွားမတိုက်ကြည့်ရတာလဲ”
တောင်ထွတ်ငါးခုက တပည့်အားလုံး ကြက်သေ,သေကုန်ကြ၏။
တောင်ထွတ်သခင်များသည် ချီစုဖွဲ့စစ်သည်တော်များကြားက တိုက်ပွဲကြောင့် ငြင်းခုန်ရန်ဖြစ်နေကြပေပြီ။ ဒါက စောစောက တိုက်ပွဲထက်ပင် ပိုစိတ်ဝင်စားဖို့ ကောင်းနေသေး၏။ ဒါမျိုးက မြင်ရခဲသည် မဟုတ်ပါလား။
“ကဲကဲ တော်လောက်ပြီ.. အောက်က တပည့်တွေက ကြည့်နေကြပြီ ရှင်တို့မရှက်ဘူးလား.. ရှင်တို့ကိုယ်ရှင်တို့ အကြီးအကဲတွေဆိုတာလဲ သတိရကြဦး” အေးစက်စက် အမျိုးသမီးက မျက်မှောင်ကြုတ်၍ ဝင်ထိန်းလိုက်၏။