← Chapters

အခြေတည်အဆင့်ဆိုရင်တောင် မရသေးဘူး

Vol. 9 Ch. 131

အခြေတည်အဆင့်ဆိုရင်တောင် မရသေးဘူး

Vol. 9 Ch. 131

အခန်း ၁၃၁ - အခြေတည်အဆင့်ဆိုရင်တောင် မရသေးဘူး

Translator – Than Toe Aung

ဖုန်ဟောက်ယွီသည် ပကတိချီစုဖွဲ့အဆင့်သို့ ရောက်ရှိခဲ့သည်မှာ အတန်ကြာခဲ့ပြီဖြစ်ပြီး အချိန်မရွေး အခြေတည်အဆင့်သို့ တက်လှမ်းနိုင်သော အနေအထားမှာ ရှိနေ၏။

သို့သော်လည်း ဆူဇီမိုနှင့် တိုက်ခိုက်နေစဉ်အတွင်းမှာ သူအဆင့်တက်လှမ်းရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဘူးပေ။

အဲ့ဒါက နည်းနည်းတော့ အလောတကြီးနိုင်ရာကျလေသည်။

အခြားသူများသာဆိုလျှင် ဤကဲ့သို့သော အခြေအနေမှာ အဆင့်တက်ဖို့ ကြိုးစားပါက ကျရှုံးကောင်းကျရှုံးသွားနိုင်၏။ သို့သော် ဖုန်ဟောက်ယွီကတော့ ခြားနား၏။ သူသည် စိတ်ဝိညာဉ်ရင်းမြစ်အရရော၊ ပါရမီအလားအလာအရရော ထိပ်တန်းမှာ ရှိနေ၏။

သူသည် ဒဏ်ရာရထားခဲ့သည် ဖြစ်သော်လည်း ချီတစ်ဖန်မွေးဖွားခြင်းဆေးလုံးနှင့် အခြေတည်ဆောက်ခြင်းဆေးလုံးတို့ကို တစ်ဆက်တည်း မျိုချပြီးနောက် သူသည် အခြေတည်အဆင့်ကို တက်လှမ်းနိုင်ဖို့ ယုံကြည်မှုကောင်းကောင်း ရှိလေသည်။

တောင်ထွတ်သခင်ငါးယောက်တို့ ငြင်းခုန်နေကြစဉ်မှာပင် အခြေတည်ဆောက်ခြင်းဆေးလုံး၏ ဆေးအဆီအနှစ်တို့က ဖုန်ဟောက်ယွီ၏ ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်သွားပြီး သူ၏ ဒန်ထျန်အတွင်းသို့ တိုးဝင်လာလေ၏။

အတွင်း၌.. သူ၏ ချီပင်လယ်သည် ဝရုန်းသုန်းကားနှင့် မတည်မငြိမ်ဖြစ်လာ၏။

ဆေးအဆီအနှစ်၏ အစွမ်းနှင့် ဖုန်ဟောက်ယွီ၏ ထိန်းချုပ်မှုတို့ ‌ပေါင်းစပ်လိုက်သောအခါ ကျယ်ပြောသောချီပင်လယ်သည် အလယ်သို့ စုဖွဲ့သိပ်သည်းလာ၏။

သူ့ခန္ဓာကိုယ်တွင်းရှိ ချီပင်လယ်သည် တစ်ဖြည်းဖြည်း ကျုံ့ဝင်လာ၏။

သို့သော်လည်း ထွက်ပေါ်လာသောအော်ရာကတော့ ကြောက်ခမန်းလိလိ ဖြစ်လာ၏။

ချီစုဖွဲ့အဆင့်နှင့် အခြေတည်အဆင့်အကြား ကွာဟချက်က အတော်လေးကို ကြီးမား၏။

ကျင့်ကြံခြင်းလမ်းကြောင်းတွင် အဆင့်ကြီးတစ်ဆင့် တက်လှမ်းတိုင်း.. လူတစ်ယောက်၏ ခွန်အားက သိသိသာသာ ပြောင်းလဲမှု ဖြစ်ပေါ်လာ၏။

ထို့ကြောင့်ပင် အဆင့်ကျော်တိုက်ခိုက်၍ အနိုင်ရရှိခြင်းမျိုးက တူညီသော ကျင့်ကြံမှုအတန်းအစားတစ်ခု အတွင်းမှာသာ ဖြစ်နိုင်လေသည်။ အဆင့်ကြီးတစ်ခု ကွာဟသွားတာနှင့် တစ်ဖက်လူကို အနိုင်ယူဖို့က မဖြစ်နိုင်လောက်အောင် ခက်ခဲသွားလေသည်။

ထို့ကြောင့်ပင် အဆင့်ကြီးတစ်ခုကို တက်လှမ်းပြီးတာနှင့် ကျင်ကြံသူများကို ဘွဲ့အမည်တစ်ခု ပြောင်းလဲ၍ ခေါ်ဝေါ်ရခြင်း ဖြစ်လေသည်။

ချီစုဖွဲ့အဆင့်မှာရှိသော ကျင့်ကြံသူများကို ချီစုဖွဲ့စစ်သည်တော်များဟု ခေါ်ကြ၏။

အခြေတည်အဆင့်မှာရှိသော ကျင့်ကြသူများကိုတော့ ကျင့်ကြံသူစစ်သည်တော်များဟု ခေါ်ကြလေသည်။

ရွှေအူတိုင်အဆင့်သို့ ရောက်သွားလျှင်တော့ ပကတိသက်ရှိဟု ခေါ်ဆိုသမုတ်ကြလေသည်။

ချီစုဖွဲ့မှုမှ အခြေတည်အဆင့်သို့ တက်လှမ်းသည့်အခါ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်ချီများသည် သိသာထင်ရှားစွာ အရည်အသွေး ပြောင်းလဲမှု ဖြစ်လာ၏။ ၎င်းသည် ချီအငွေ့အစား ချီအရည်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုသို့ဖြင့် ထိုသူပိုင်ဆိုင်သော ခွန်အားကလည်း ပို၍ သန့်စင်၊ သိပ်သည်း၊ အစွမ်းထက်လာလေသည်။

ချီသည် အရည်အခြေအနေသို့ ပြောင်းလဲသွားမှသာလျှင် ထိုသူက ကျင့်ကြံရေးလောကရှိ အစွမ်းထက်အားကောင်းသော စိတ်ဝိညာဉ်ပညာရပ်များကို လေ့လာသင်ယူထုတ်ဖော်နိုင်မည် ဖြစ်လေသည်။

ယခုအခါ ထိုပြောင်းလဲမှုက ဖုန်ဟောက်ယွီ၏ ကိုယ်တွင်း၌ ဖြစ်ပေါ်နေလေသည်။

တောင်ထွတ်သခင်ငါးယောက်သည် မည်သို့ပင် ငြင်းခုန်နေကြပါစေ.. ဖုန်ဟောက်ယွီ၏ အဆင့်ချိုးဖျက်တက်လှမ်းမှုကို ကြားဝင်မတားဆီးဖို့တော့ ဆင်ခြင်ဉာဏ်ရှိကြ၏။

အခြေတည်အဆင့်ကို တက်လှမ်းနေတုန်းသာ ကျရှုံးသွားခဲ့လျှင် ဖုန်‌‌ဟောက်ယွီ၏ ကျင့်ကြံမှုအခြေခံအုတ်မြစ်က ပျက်ဆီးပြီး ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။

ထိုအခါ သူတို့ဂိုဏ်းသည် ထိပ်တန်းပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရပေလိမ့်မည်။

စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် ဆူဇီမိုကလည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ ဖြစ်ပျက်နေသမျှကို စိမ်ပြေနပြေ ကြည့်နေ၏။

လူတိုင်းသည် အရူးမဟုတ်ကြပေ။ တစ်ကယ်တမ်း သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်ပါက ဖုန်ဟောက်ယွီက သေနှင့်နေလောက်ပေပြီ။

မည်သည့်ပြိုင်ဘက်ကမျှ သူ၏ရန်သူ အဆင့်တက်လှမ်းနေတာကို ဒီအတိုင်း ထိုင်ကြည့်နေကြမှာ မဟုတ်ပေ။

သူတို့သည် ထိုအခွင့်အရေးကို အမိအရ အသုံးချကာ တစ်ဖက်ရန်သူကို ချက်ချင်း သတ်ပစ်ဖို့ လုပ်ကြပေလိမ့်မည်။

သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေတာက ဆူဇီမိုသည် သူနှင့် လုံးဝမသက်ဆိုင်သောအရာကို ကြည့်နေရသလို လွန်မင်းစွာ အေးဆေးတည်ငြိမ်နေ၏။

အချိန်အတိုင်းအတာတစ်ခုက ကုန်ဆုံးသွား၏။

ဖုန်ဟောက်ယွီ၏ ဒန်ထျန်အတွင်းရှိ ချီပင်လယ်က ပျောက်ကွယ်သွားပြီး အရည်စက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ပို၍ ကြောက်စရာကောင်းသောအော်ရာက လူအုပ်ကြီးထဲသို့ ပျံလွင့်ထွက်ပေါ်လာ၏။

အရွယ်အစားအားဖြင့် ထိုစိတ်ဝိညာဉ်အရည်စက်က သေးငယ်သော်လည်း.. စွမ်းအားအရာမှာတော့ ၎င်းက ချီပင်လယ်ထက် အဆများစွာ ပိုလေသည်။

ဖုန်ဟောက်ယွီက သက်ပြင်းရှည်ကြီးချလိုက်၏။ သူသည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်သို့ ပြန်တက်လာသောအခါ သူ့အော်ရာက စူးရှပြတ်သားလာပြီး တိုက်ပွဲဝင်လိုစိတ်က အဆမတန်တိုးပွားလာ၏။ သူသည် လုံးဝ ပြောင်းလဲသွားလေပြီ။

ဖုန်ဟောက်ယွီက ပြုံးလိုက်ပြီး မေးလိုက်၏။

“ဆူဇီမို.. ဓါးပျံခြောက်လက်တောင် ထိန်းချုပ်လိုက်ရတာဆိုတော့ မင်းမှာ စိတ်ဝိညာဉ်ချီ ဘယ်သိပ်ကျန်တော့မလဲ.. ဟုတ်စ”

ဆူဇီမိုက ပြန်မဖြေဘဲ ဖုန်ဟောက်ယွီကို တိတ်တဆိတ်သာ ကြည့်နေလိုက်၏။

အခြားတစ်ဖက်မှာတော့ ဝမ်ရွှမ်းနှင့် ဖိုသီဖတ်သီအဖိုးအိုသည် အဆက်မပြတ် ငြင်းခုန်နေကြဆဲဖြစ်၏။

ဆူဇီမိုနှင့် ဖုန်ဟောက်ယွီ၏ တိုက်ပွဲမှသည် တောင်ထွတ်နှစ်ခု၏တိုက်ပွဲ ဖြစ်လာပေပြီ။

ဝမ်ရွှမ်းအတွက်တော့ ဆူဇီမိုအပေါ် တိုက်ခိုက်ခြင်းက တရားမျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေ အ‌ရေးမကြီးတော့ပေ။ ဖုန်ဟောက်ယွီသည် ဒီနှစ်စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်၊ သူယုံကြည်အားထားရဆုံးတပည့် ဖြစ်၏။

သူရှုံးလို့မရချေ။

ထိုအချိန်တွင် ဝမ်ရွှမ်းနားမလည်ခဲ့သည်မှာ သူ၏ အပြုအမူသည် တရားမမျှတမှုကို ရွံ့မုန်းသော ဆူဇီမို၏ နုလုံးသားကို ရန်စခဲ့မိပေပြီ။

“ခင်ဗျားက ဖုန်ဟောက်ယွီကို မရမက အနိုင်ရစေချင်နေမှတော့.. ကောင်းပြီလေ.. ကျုပ်ကလဲ သူ့ကို အရှုံးနဲ့ မိတ်ဆက်ပေးရတာပေ့ါ”

“ရှုံးရုံသက်သက်မကစေရဘူး.. ရုပ်ပျက်ဆင်းပျက်ကို ရှုံးနိမ့်သွားစေရမယ်”

ဖုန်ဟောက်ယွီသည် သူ့လက်ကို ဝေ့ယမ်းလိုက်သောအခါ စောစောက လွင့်ကျသွားခဲ့သော ဓါးပျံသည် အလင်းတန်းတစ်ခုလို ပျံသန်းလာပြီး သူ့အနားသို့ ပြန်လည်ရောက်ရှိလာ၏။

သူ၏ ဓါးပျံကို ဆင့်ခေါ်လိုက်သော အပြုအမူကပင် များစွာသောတပည့်များ၏ ရင်ကို တစ်လျှပ်လျှပ်ဖြစ်သွားစေ၏။

အရမ်းမြန်တာပဲ!

အခြေတည်အဆင့်သို့ ရောက်လာသောအခါ ဖုန်ဟောက်ယွီ၏ ဓါးပျံစေညွှန်မှု အမြန်နှုန်းသည် ယခင်ကထက် နှစ်ဆဖြစ်လာ၏။

ဖုန်ဟောက်ယွီ၏ လေဒြပ်စင်ကို ဆန်းကြယ်ဓါးသိုင်းနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် မည်သည့် ချီစုဖွဲ့စစ်သည်တော်မျှ သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်တော့မည် မဟုတ်ပေ။

ခုခံဖို့ကို အသာထား.. ရှောင်တိမ်းဖို့ပင် မဖြစ်နိုင်ပေ။

ဖိုသီဖတ်သီအဖိုးအိုက အေးစက်ခြောက်ကပ်စွာ ရယ်မောလိုက်၏။ သူသည် ဝမ်ရွှမ်းနှင့် ဆက်လက်ငြင်းခုန်မနေတော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဆူဇီမို.. ဘာမှဆက်တိုက်မနေနဲ့တော့.. သူတို့က အဲ့လောက်ထိ အရှက်မရှိ မရမက နိုင်ချင်နေမှတော့ အနိုင်ပေးလိုက်စမ်းပါကွာ.. ဘယ်သူနိုင်တယ် ဘယ်သူရှုံးခဲ့တယ်ဆိုတာ လူတိုင်းသိနေပြီးပါပြီ”

ထိုသို့ပြောပြီးနောက် ဖိုသီဖတ်သီအဖိုးအိုသည် ထိုင်ခုံမှ ထ၍ စိတ်ဝိညာဉ်ပြိုင်ပွဲစစ်ဘက်သို့ လျှောက်လာရင်း မှတ်ချက်ပြုလိုက်၏။

“ငါတော့ ဒီနေ့ အမြင်ကိုကျယ်သွားတာပဲဟေ့.. အခြေတည်အဆင့်တစ်ယောက်က ချီစုဖွဲ့အဆင့်ကလူကို မျက်နှာပြောင်တိုက်ပြီး တိုက်ခိုက်ရဲတယ်တဲ့.. တစ်ချို့လူတွေက အရှက်ဆိုတာဘာမှန်းတောင် မသိတော့ဘူးပဲကိုး”

ဝမ်ရွှမ်း၏ မျက်နှာက ပျက်ယွင်းသွား၏။

အခုနေ ဆူဇီမိုသာ ရှုံးနိမ့်ကြောင်း ဝန်ခံလျှင် သူသည် တိုက်ပွဲကို ဆက်လက်တိုက်ခိုင်းမှာ မဟုတ်ပေ။

ဖိုသီဖတ်သီအဖိုးအို၏ မှတ်ချက်စကားကို ကြားသောအခါ ဖုန်ဟောက်ယွီ၏ ပါးပြင်က ရှက်ရွံ့မှုဖြင့် လောင်မြိုက်လာ၏။

ရုတ်တရတ်ဆိုသလို.. ဆူဇီမိုက ရယ်မောပြီး မေးလိုက်၏။

“ဆရာ.. အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကို တိုက်ခိုက်ဖို့လုပ်တယ်ဆိုတာ ရှက်ဖို့ကောင်းတာ ဟုတ်ပါတယ်.. ဒါပေမယ့် အဲ့လိုလုပ်တာတောင် သူက ရှုံးသွားသေးတယ်ဆိုရင် ပိုပြီးတော့ အရှက်ကွဲမှာ မဟုတ်ဘူးလား”

“ဟမ်”

ဖိုသီဖတ်သီအဖိုးအိုက သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။ ဆူဇီမို ဘာကိုပြောချင်တာလဲ သူသေချာသဘောမပေါက်ပေ။

ဆူဇီမိုက လက်သီးကို ဆုပ်လိုက်၏။ သူ့မျက်လုံးများက တောက်ပလင်းလက်လာပြီး ကျယ်လောင်ရှင်းလင်းစွာ ‌အော်ပြောလိုက်၏။

“ဖုန်‌ဟောက်ယွီ.. ငါမင်းကို တစ်ခါတည်းပြောလိုက်မယ်.. မင်းဟာမင်း အခြေတည်တည်၊ မတည်တည်.. ငါ့ကိုတော့ နိုင်မှာ မဟုတ်ဘူး”

“တော်တော်လေကြီးတဲ့ကောင် သေပေတော့”

ဖုန်ဟောက်ယွီ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုက ပေါ်လာ၏။ သူသည် လက်နှစ်ဖက်ဖြင့် ဓါးသိုင်းတစ်ခုကို ထုတ်ဖော်လိုက်ပြီး အော်ငေါက်ဟိန်းဟောက်လိုက်၏။ သူ့ဓါးပျံက ရုတ်တရတ် အလင်းတန်းတစ်ခုလို လျှစ်ကနဲ ပြေးထွက်သွားပြီး ပုံရိပ်များစွာက အနောက်မှာကျန်ရစ်ခဲ့၏။

ဓါးချီက ‌ရေခဲတမျှ အေးစက်နေပြီး ဘေးကကြည့်နေသူများကိုပင် ကျောချမ်းသွားစေ၏။

“အား”

အံ့အားတစ်သင့်တုန်လှုပ်ရေရွတ်သံများက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာ၏။

ထိုတိုက်ကွက်က အရမ်းမြန်လွန်းလှ၏။

လူတိုင်းသည် လျှပ်စီးလက်သလို အလင်းရိပ်တစ်ခုသာ မြင်လိုက်ကြရပြီး ဓါးပျံက ဆူဇီမိုရှေ့သို့ ချက်ချင်းရောက်ချလာ၏။

သို့သော် နောက်တစ်ခဏ၌ လူတိုင်း၏ အာမေဋိတ်သံများက ရပ်တန့်သွားရ၏။

တောင်ထွတ်ငါးခုမှ တပည့်များကို အံ့အားသင့်တုန်လှုပ်သွားစေသည်မှာ ဆူဇီမိုသည် နဂိုရပ်နေသောနေရာကနေ ပျောက်ကွယ်သွားချေပြီ။

ဘုန်း!

ရုတ်တရတ်ဆိုသလို ပြိုင်ပွဲစင်ထက်မှ ကျယ်လောင်သောမြည်သံကြီးက ထွက်ပေါ်၏။ ဆူဇီမိုမူလရပ်နေခဲ့သော ကြမ်းပြင်တွင် ခြေရာတစ်ခုက ထင်ရှားစွာပေါ်လာပြီး ခင်းထားသော ကျောက်ပြားများက ကြေမွသွားကာ ဘေးပတ်ပတ်လည်တွင် ပင့်ကူအိမ်အက်ကွဲကြောင်းများက ပေါ်လာလေသည်။

လူတိုင်းအာရုံစိုက်ကြည့်လိုက်ကြ၏။

လေထဲတွင် အစိမ်းရောင်အရိပ်တစ်ခုက ဖုန်ဟောက်ယွီထံသို့ လျှပ်စီးလို အမြန်နှုန်းဖြင့် ပြေးဝင်သွားနေ၏။

လေထဲတွင် ထိုအစိမ်းရောင်အရိပ်နှင့် ဓါးပျံတို့ ပက်ပင်းတိုးသောအခါ ကျွတ်ဆတ်ဆတ်အသံတစ်ခုက ထွက်ပေါ်လာ၏။

ဓါးပျံကသာ ဆူဇီမိုကို ဖောက်ထွက်သွားလျှင် သွေးစက်များက ပန်းထွက်လာရမည်ဖြစ်ပြီး ထိုကဲ့သို့သော အသံထွက်ပေါ်လာစရာ အကြောင်းမရှိပေ။

သို့သော်လည်း ပြိုင်ပွဲစင်ပေါ်တွင် သွေးတစ်စက်မျှ ပေါ်မလာခဲ့ပေ။

သူရှောင်နိုင်သွားတာလား။

အခြေတည်အဆင့်တစ်ယောက်က ဂိုဏ်း၏ လျှို့ဝှက်ဓါးသိုင်းဖြင့် တိုက်ခိုက်လိုက်တာကို ဆူဇီမိုက တစ်ကယ်ကြီး ရှောင်နိုင်ခဲ့တာလား။

အဲ့ဒါဆိုရင်လည်း စော‌စောက အသံက ဘာလို့ထွက်လာရတာလဲ။

ဓါးပျံက အလွန်တရာ မြန်ဆန်ပြီး ဆူဇီမိုကလည်း ၎င်းထံသို့ ပြေးဝင်သွားခဲ့သောကြောင့် အဖြစ်အပျက်က တစ်စက္ကန့်အတွင်း ဖြစ်ပွားခဲ့ပြီး တောင်ထွတ်ငါးခုမှ တပည့်များသည် ရှင်းလင်းစွာ မြင်တွေ့လိုက်ရခြင်း မရှိခဲ့ပေ။

သို့သော်လည်း တောင်ထွတ်သခင်ငါးယောက်ကတော့ အားလုံးကို ရှင်းလင်းစွာ မြင်ခဲ့ရ၏။

ဖုန်ဟောက်ယွီက သူ့ဓါးပျံကို စေလွှတ်လိုက်ချိန်မှာပင် ဆူဇီမိုကလည်း သူရပ်နေရာ နေရာမှ ထွက်ခွာလိုက်ပြီး ဝင်လာသော ဓါးပျံဆီသို့ ခုန်ဝင်သွားခဲ့၏။

ဓါးပျံကို သူ့ကိုယ်ကို ဖောက်ဝင်တော့မည့်အချိန်မှာပင် ဆူဇီမိုသည် ရုတ်တရတ် အလွန်တရာ ထူးဆန်းစွာဖြင့် လေထဲမှာပင် ရှောင်တိမ်းလိုက်ပြီး ဓါးပျံက သူ့ဘေးမှ ပွတ်သီကာ ထွက်သွား၏။

ထိုအရာသည် တစ်စင်စီမီတာလောက်သာ ကွာဟ၏။

ကျွတ်ဆတ်ဆတ်အသံ ထွက်ပေါ်လာရသည်ကား.. ဓါးပျံသည် ဆူဇီမို၏ ခါးမှ ဂိုဏ်းတံဆိပ်ပြားကို ထိုးစိုက်လိုက်မိသောကြောင့် ဖြစ်လေသည်။

All Chapters