← Chapters

သူက တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ပဲ

Vol. 9 Ch. 132

သူက တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ပဲ

Vol. 9 Ch. 132

အခန်း ၁၃၂ - သူက တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ပဲ

Translator – Than Toe Aung

ထိုအချိန်တွင် မည်သူမျှ ပြိုင်ပွဲစင်ပေါ်က ဖုန်ဟောက်ယွီ၏ ခံစားချက်ကို နားမလည်ခဲ့ကြပေ။

ဆူဇီမိုတစ်ယောက် သူ့ဆီသို့ ခုန်ဝင်လာသည်ကို တွေ့လိုက်ရသောအခါ.. ဖုန်ဟောက်ယွီ ခံစားမိသည်မှာ သူသည် လူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်.. လွန်စွာဆိုးယုတ်ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟူ၍ပင်။

သူသည် ဆူဇီမို၏ မျက်လုံးအနက်ထဲမှ နီရဲနေသောအရောင်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

ဆူဇီမို၏ မျက်နှာပေါ်တွင် သိပ်သည်းထူထည်းသော သွေးကြောများက ဖောင်းကြွလာ၏။ ၎င်းသည် သွေးပျက်ချောက်ချားဖွယ်ရာ မြင်ကွင်းဖြစ်လေသည်။

“အား”

ဖုန်ဟောက်ယွီသည် ဣန္ဒြေပင်မဆည်နိုင်တော့ဘဲ သူ၏ ငွေဒိုင်းကာကို ချက်ချင်းထုတ်ကာ သူ့ရှေ့မှ ကာလိုက်၏။

ဆူဇီမိုသည် ဖုန်ဟောက်ယွီ၏ရှေ့သို့ ‌ရောက်သောအခါ နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်၏။ ဝုန်းကနဲမြည်သံကြီးနှင့်အတူ စိတ်ဝိညာဉ်ပြိုင်ပွဲစင်တစ်ခုလုံးက တစ်သိမ့်သိမ့်တုန်အောင် လှုပ်ခါသွား၏။

ဝှစ်!

ဆူဇီမို၏ သွေးများသည် ထကြွလာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာအသံများ ထွက်ပေါ်လာသည်ကို အားလုံးကြားလိုက်ရ၏။

ရွှစ်!

ဆူဇီမိုသည် သူ့လက်ကို လေထဲတွင် မြှောက်လိုက်သောအခါ သူ့အင်္ကျီလက်မောင်းစများက အပိုင်းပိုင်း စုတ်ပြဲသွား၏။

ထို့နောက် အားလုံး၏ ရှေ့တွင် ပေါ်လာသည်မှာ လက်တစ်လျှောက်တွင် ယှက်လိမ်နေသော ဖောင်းကြွနေသည့် အစိမ်းရောင်သွေးကြောကြီးများ ဖြစ်လေသည်။

သူ့လက်သီးနှင့် ထိုးနှက်လိုက်သောအခါ သူ၏ အသားများက ပြန့်ကားကြီးမားလာပြီး တုန်လှုပ်ဖွယ်ရာအော်ရာတစ်မျိုးက ထွက်ပေါ်လာ၏။

ထိုအချိန်တွင် လူတိုင်းသည် ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။

ဖုန်ဟောက်ယွီသည် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဆူဇီမို၏ လက်သီးနှင့် ရင်ဆိုင်ရချိန်တွင် ကျားတစ်ကောင်နှင့် ရင်ဆိုင်နေရသော ယုန်လေးတစ်ကောင်လို ဖြစ်သွား၏။

ဘုန်း!

လက်သီးက ငွေဒိုင်းကာပေါ်သို့ ကျဆင်းသွားးပြီး ကမ္ဘာပြိုသလို ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။

အားလုံးသည် ပင့်သက်ကိုရှိုက်လိုက်ကြပြီး နုလုံးများက တစ်ဒိန်းဒိန်း ခုန်လာ၏။

ခရက်! ခရက်! ခရက်!

ထူးဆန်းသည် အသံများက ထွက်‌ပေါ်လာ၏။

ပထမဆုံး ဖုန်ဟောက်ယွီလက်ထဲက ငွေဒိုင်းကာပေါ်တွင် အက်ကွဲရာတစ်ခုက ပေါ်လာ၏။ ထို့နောက် တစ်ဖြည်းဖြည်းနှင့် ဒိုင်းကာတစ်ခုလုံးပေါ်တွင် အက်ကွဲကြောင်းများက ပြည့်နှက်သွား၏။

ကွဲကြေပျက်စီးသွားချေပြီ။

အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်က ဆူဇီမို၏ လက်သီးချက်ဖြင့် ကွဲကြေပျက်စီးသွားပေပြီ။

လူအုပ်ကြီးက ပတိပြတ် တိတ်ကျသွား၏။

လူတိုင်းသည် ကြောက်လန့်ဖွယ်ရာမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေကြပြီး အသက်ရှူဖို့ပင် မေ့နေကြ၏။

စိတ်ဝိညာဉ်ပြိုင်ပွဲစင်မှ ခပ်လှမ်းလှမ်းတွင် ဖုန်ဟောက်ယွီသည် မြေပြင်တွင် လေးငါးပတ်လိမ့်ထွက်သွားပြီး သွေးများကို အန်ထုတ်လိုက်၏။ ထို့နောက် သူ့မျက်နှာက ဖြူဆုတ်သွားပြီး မျက်လုံးများက မှိတ်ကျသွား၏။ သူသေပြီလား၊ ရှင်သေးလားပင် မသိရတော့ပေ။

တိုက်ပွဲက ဒီလိုပဲ အဆုံးသတ်သွားရသတဲ့လား။

အရာရာတိုင်းက အလွန်တရာ လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး လူတိုင်း အငိုက်မိသွားကြ၏။

အစက ဖုန်ဟောက်ယွီသည် အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက် အနိုင်ရတော့မည်ဟု အားလုံးက တွေးထင်ခဲ့ကြ၏။ သို့သော် အတုံ့အလှည့်က လျှင်မြန်စွာ ပြောင်းလဲသွားပြီး သူသည် ဆူဇီမို၏ လက်သီးချက်ဖြင့် ပြိုင်ပွဲစင်အောက်သို့ အရုပ်ကြိုးပျက် လွင့်ကျလာခဲ့လေသည်။

လူတိုင်း ပထမ သိလိုက်သည်မှာ ဆူဇီမိုသည် အလွန်အမင်း အစွမ်းထက်သော ခန္ဓာကြံ့ခိုင်မီးဆေးနည်းစနစ်တစ်ခုကို လေ့ကျင့်ထားသည်ဟုပင်။

သို့သော်လည်း ထိုခန္ဓာမီးဆေးနည်းစနစ်က ဘာလို့ သားရဲနည်းစနစ်နဲ့ သွားတူနေရတာပါလိမ့်။

ယခုအခါ ဆူဇီမို၏ သွေးများသည် တစ်ဖြည်းဖြည်း တည်ငြိမ်လာပြီဖြစ်၏။ သို့သော်လည်း ကျင့်ကြံသူများသည် စောစောကမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင်..

ဆူဇီမိုသည် သူ့ခေါင်းကို ငုံ့ထားပြီး သူသွေးများကို တည်ငြိမ်လာစေဖို့ ကြိုးစားနေ၏။

သူသည် သေချာဂရုစိုက်၍ ထိန်းချုပ်ခဲ့သော်လည်း ခြင်ဆီသန့်စင်ခြင်းမှ ထွက်ပေါ်လာသော သွေးသစ်များက ထိန်းချုပ်ဖို့ လွန်စွာခက်ခဲလေသည်။

ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် သားရဲသွင်ပြင်ကို သိသာထင်ရှားစွာ မထုတ်ဖော်ခဲ့မိပေ။

ထိုသို့ဆိုလျှင်တောင် သူ၏ ပုံစံက တောင်ထွတ်သခင်ငါးယောက်၏ အာရုံစိုက်မှုမှ မလွတ်ကင်းခဲ့ပေ။

နောက်တစ်ခဏ၌ တောင်ထွတ်သခင်ငါးယောက်သည် မတ်တပ်ထရပ်လိုက်ကြပြီး တည်တံ့သောမျက်နှာထားနှင့် ဆူဇီမိုကို သံသယမကင်းစွာဖြင့် စူးစမ်းအကဲခတ်ကြည့်လိုက်ကြ၏။

စိတ်ဝိညာဉ်ပြိုင်ပွဲစင်၏ အခြားတစ်ဖက်တွင် ရုတ်တရတ်ဆိုသလို တစ်ဖျတ်ဖျတ်တစ်လက်လက် အလင်းရောင်တစ်ခုက ထွက်ပေါ်လာပြီး လူတိုင်း၏ စိတ်အာရုံကို ထပ်မံဖမ်းစားသွား၏။

အလင်းရောင်က ဝင်္ကပါဆယ်လွှာကျောက်စာတိုင်မှ ထွက်ပေါ်လာခြင်းဖြစ်၏။

ရုတ်တရတ်ဆိုသလို ဝင်္ကပါဆယ်လွှာကျောက်စာတိုင်၏ ထိပ်ဆုံးစာတန်းမှာ ပြောင်းလဲမှုဖြစ်ပွားသွား၏။

အရင်က ကွက်လပ်နေရာမှာ အမည်တစ်ခုက ပေါ်လာ၏။ “ဆူဇီမို”

“ဆူဇီမို... ဆယ်လွှာကို ဖြတ်ကျော်နိုင်ခဲ့.. ကြာချိန် ၇ရက်နှင့် ၁၈နာရီ”

ထိုစာတန်းက လူတိုင်းကို စီစီညံညံဖြစ်ကုန်စေ၏။

“ဆူဇီမိုလား.. အဲ့ဒါက ဘာလို့ ဆူဇီမို ဖြစ်ရတာလဲ”

“အဲ့ အဲ့ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူးနော်.. ဝင်္ကပါဆယ်လွှာကျောက်စာတိုင်က တစ်ခုခုချို့ယွင်းသွားတာများလား”

“လျှို့ဝှက်တဲ့စိန်ခေါ်သူက ဆူဇီမိုလား”

တောင်ထွတ်ငါးခုမှ တပည့်များသည် တုန်လှုပ်သွားကြပြီး ရှင်းလင်းစွာ မတွေးတောနိုင်ကြတော့ပေ။

ရုတ်တရတ် တပည့်တစ်ယောက်က ထအော်လိုက်၏။

“ဟေ့ကောင်တွေ.. ကြည့်ကြစမ်း.. အဲ့မှာ ဆူဇီမိုရဲ့ ဂိုဏ်းတံဆိပ်ပြားမှတ်လား”

လူတိုင်းအောက်ဘက်ကို ကြည့်လိုက်ကြ၏။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ခြေတွင် အဆင့်နိမ့်ဓါးပျံတစ်လက်နှင့် ဂိုဏ်းတံဆိပ်ပြားတစ်ခု ရှိနေ၏။

ဓါးပျံက ဖုန်ဟောက်ယွီ၏ဟာ ဖြစ်ပြီး.. ဂိုဏ်းတံဆိပ်ပြားကတော့ ဆူဇီမို၏ဟာ ဖြစ်လေသည်။

“ငါသိပြီ”

တစ်စုံတစ်ယောက်က ရုတ်တရတ်ထအော်လိုက်၏။

“စောစောက သူတို့နှစ်ယောက် တိုက်ခိုက်ကြတုန်းက စီနီယာအစ်ကိုဖုန်ရဲ့ ဓါးပျံက ဂျူနီယာညီလေးဆူရဲ့ ဂိုဏ်းတံဆိပ်ပြားကို ထိသွားပြီး တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျောက်စာတိုင်ကို လာစင်ပြီးမှန်တာ ဖြစ်ရမယ်”

သို့သော် ထိုအခါမှပင် လူတိုင်းက ပို၍ တုန်လှုပ်ချောက်ချားသွားကြ၏။

ဆူဇီမိုက လျှို့ဝှက်တဲ့စိန်ခေါ်သူပဲ။

ဆိုလိုသည်မှာ ဆူဇီမိုသည် ဤနှစ်အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ပင် ဖြစ်လေသည်။

စိတ်ဝိညာဉ်တောင်ထွတ်သခင်က ဆူဇီမိုကို စိတ်ဝိညာဉ်တောင်ထွတ်သို့ ခြေမချဖို့ တားမြစ်ပိတ်ပင်ခဲ့သောကြောင့် သူသည် ထိုတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွင် ပါဝင်ခွင့်မရခဲ့ပေ။

သို့သော်လည်း ဆူဇီမိုသည် ဤနေ့တွင် စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်ဆိုသူကို အလဲထိုးပြခဲ့၏။

ထိုအရာက သူသည် စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်ဆိုလည်း ဟုတ်သည်ဟု သွယ်ဝိုက်ညွှန်းပြနေ၏။

ထို့ကြောင့် ဆူဇီမိုကို တောင်ထွတ်လေးခု၏ နံပါတ်တစ်ဟု ခေါ်ဆိုရပေတော့မည်။

ဆူဇီမိုအပေါ် လူတိုင်း၏ အမြင်က တစ်ဖြည်းဖြည်း ပြောင်းလဲသွားကြ၏။

ထိုကဲ့သို့သောသူမျိုးကို ပါရမီရှင်ဟူသော ဝေါဟာရဖြင့် ခေါ်ညွှန်းဖို့ မလုံလောက်တော့ပေ။

သူသည် မွန်းစတားတစ်ကောင်ဖြစ်၏။

ဖက်တီးလေးသည် လုံးဝမှင်တက်နေ၏။

ဆူဇီမိုသည် တစ်ခါက သူ့လိုဏ်ဂူတိုက်ခန်းထဲတွင် ဝင်္ကပါတွေကို ကျော်ဖြတ်ရတာက ဘာမှမဟုတ်ပါဘူးဟု ‌ပြောခဲ့ဖူးသည်ကို သူအမှတ်ရသွား၏။

ထိုစဉ်က သူသည် မကျေမနပ်ဖြစ်သွားပြီး ဆူဇီမိုကို နှိမ့်နှိမ့်ချချနေတတ်ဖို့ပင် ပြောခဲ့သေး၏။

“‌နောင်ကြီးက အရမ်းကို နှိမ့်ချလွန်းနေခဲ့ကိုး” ဖက်တီးလေးက အော်ငိုလိုက်၏။

သို့သော်လည်း ထိုအရာက ဆူဇိမို၏ အမှားမဟုတ်သည်ကို သူသိလေသည်။

ဆူဇီမိုက သူသည် လျှို့ဝှက်သောစိန်ခေါ်သူပါဟု ပြောခဲ့သေး၏။ သို့သော်လည်း ဖက်တီးလေးက သူ့ကို မယုံခဲ့ပဲ နောက်ပြောင်ပြောနေသည်ဟုပင် ထင်ခဲ့သေး၏။

အစီအရင်တောင်ထွတ်၏ ကျုံးဝမ်သည် ခါးသက်စွာ ရယ်‌မောလိုက်ပြီး တီးတိုး‌ရေရွတ်လိုက်၏။

“မင်းဘယ်သူလဲဆိုတာ ငါအများကြီးခန့်မှန်းခဲ့ဖူးတယ်.. မင်းက ဂိုဏ်းကိုရောက်တာတောင် တစ်နှစ်မပြည့်သေးတဲ့ တခြားတောင်ထွတ်က တပည့်တစ်ယောက်ဖြစ်လိမ့်မယ်လို့တော့ ငါလုံးဝ ထင်မထားခဲ့မိဘူးကွား..အာ”

လမ့်ရို၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်က ပေါ်လာပြီး သူမသည် စိတ်ထဲကနေ ကြိတ်ပြီး ရေရွတ်လိုက်၏။

“နောက်ထပ်နဲနဲလောက် ထပ်ကြာသွားရင်.. ရှင်က ကျမရဲ့ အစီအရင်တောင်ထွတ်ရဲ့ နံပါတ်တစ်ဆိုတဲ့ နေရာကိုပါ ထပ်ယူသွားတော့မှာ မဟုတ်လား”

များစွာသောတပည့်များကို အသာထား.. တောင်ထွတ်သခင်လေးယောက်ပင်လျှင် မှင်တက်သွားကြ၏။

ရွှမ်ယီကတော့ ထိုကိစ္စကို သိထားပြီးဖြစ်သောကြောင့် ထပ်ပြီး မအံ့သြတော့ပေ။

သို့သော်လည်း အခြားသောတောင်ထွတ်သခင်လေးယောက်ကတော့ မယုံကြည်နိုင်အောင် ဖြစ်နေ၏။

ဝမ်ရွှမ်းက ရွှမ်ယီကို တောင်းပန်သလို ကြည့်လိုက်၏။

အစတုန်းက သူသည် .. ရွှမ်ယီက ဂိုဏ်းစည်းမျဉ်းကို သွေဖယ်ပြီး ဆူဇီမိုကို ဆဋ္ဌဂံဓါးဝင်္ကပါအား ခွင့်ပြုချက်မရှိ ‌သင်ပေးခဲ့သည်ဟု အထင်မှားခဲ့၏။

ယခုအခါမှာတော့ ဆူဇီမိုသည် ၎င်းကို သင်ယူဖို့ အခွင့်ရှိလို့ ရွှမ်ယီက သင်ပေးခဲ့သည်ဆိုတာကို သူသဘော‌ပေါက်သွား၏။

ရုတ်တရတ် ဝမ်ရွှမ်းသည် အရေးကြီးသော တစ်စုံတစ်ရာကို အမှတ်ရသွား၏။ သူသည် လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဖုန်ဟောက်ယွီဘေးတွင် ပေါ်လာကာ စစ်ဆေးကြည့်လိုက်ပြီးနောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဖုန်ဟောက်ယွီသည် သတိလစ်နေရုံသာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရခြင်း မရှိ‌ပေ။

ဝမ်ရွှမ်းသည် သိုလှောင်အိတ်ထဲကနေ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဖုန်ဟောက်ယွီ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူသည် ပြိုင်ပွဲစင်ပေါ်က ဆူဇီမိုကို လောင်ကျွမ်းနေ‌သော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။

ယခုအခါ ဆူဇီမို၏ သွေးများသည် တည်ငြိမ်သွားပြီး အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်၏။

တောင်ထွတ်သခင်ငါးယောက် ဘာမျှ မပြောကြသေးသော်လည်း သူတို့သည် ဆူဇီမိုထံမှ ရှင်းလင်းချက်တစ်ခု တောင်းရပေမည်။

ထိုသို့မဟုတ်ပါက သူသည် တောင်ထွတ်လေးခု၏ နံပါတ်တစ်ဖြစ်ပြီး အံ့ဖွယ်သရဲ မွန်းစတားတစ်ကောင်ဆိုလျှင်တောင် သူတို့သည် သူ့ကို ဂိုဏ်းထဲမှာ ဆက်လက်မထားနိုင်ပေ။

All Chapters