မိုးကြိုးထစ်ချုန်း တောင်ချိုင့်ကြား
Vol. 9 Ch. 133
အခန်း ၁၃၃ - မိုးကြိုးထစ်ချုန်း တောင်ချိုင့်ကြား
Translator: Than Toe Aung
ဆူဇီမို၏ ကိစ္စနှင့်ပတ်သတ်၍ တောင်ထွတ်သခခင် ငါးယောက်စလုံးတွင် တူညီသောအတွေး ရှိကြ၏။
သူသည် ခန္ဓာမီးဆေးနည်းစနစ်တစ်ခုခုကို လေ့ကျင့်ထားမည်ဖြစ်ပြီး ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ အစောပိုင်း အခြေတည်အဆင့်တစ်ယောက်ကိုပင် ချေမှုန်းနိုင်သော အစွမ်းရှိလေသည်။
သို့သော်လည်း အခြားတစ်ဖက်က ကြည့်လျှင် ဖုန်ဟောက်ယွီသည် အခြေတည်အဆင့်သို့ တက်လှမ်းကာစဖြစ်ပြီး သူ့အခြေခံအုတ်မြစ်က တည်ငြိမ်မှု မရှိသေးပေ။ ထို့အပြင် သူသည် ဤသို့တိုက်ခိုက်ခံရမည်ကို မျှော်လင့်မထားခဲ့မိဘဲ အငိုက်မိခဲ့ရလေသည်။
ဤတိုက်ပွဲတွင် ဆူဇီမိုက အနိုင်ရခဲ့သော်လည်း သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်တိုက်ခိုင်းကြလျှင် အဖြေက တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ကြောင်း တောင်ထွတ်သခင်ငါးယောက် သိထားကြလေသည်။
အရင်ဆုံး သူတို့ သံသယ၀င်မိသည်မှာ ထိုခန္ဓာမီးဆေးနည်းစနစ်၏ ဇာတ်မြစ်ပင် ဖြစ်လေသည်။
ဤမျှအထိ ကြောက်စရာကောင်းသော နည်းစနစ်က အလွယ်တကူ သင်ယူနိုင်သော ပညာရပ်မျိုး မဟုတ်ပေ။ ၎င်းသည် ဆန်းကြယ်ဓါးသိုင်းလို ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း၏ လျှို့ဝှက်ပညာရပ်သာ ဖြစ်ရပေမည်။
ထိုသို့ဆိုပါက သူတို့သည် ဆူဇီမို၏ နောက်ခံနှင့် သရုပ်မှန်ကို သေချာစစ်ဆေးကြည့်ကြဖို့ လိုလာချေပြီ။
တစ်ခြားဂိုဏ်းတစ်ခုကများ ဆန်းကြယ်တောင်ထွတ်ကို ထောက်လှမ်းဖို့ သူ့ကိုလွှတ်လိုက်တာများလား။
သူသည် ဆန်းကြယ်တောင်ထွတ်ကို ၀င်ရောက်လာခဲ့သည်မှာ အခြားမကောင်းသော ရည်ရွယ်ချက်များ ရှိနေမလား။
ထိုသို့ဖြစ်ပါက ထိုအရာသည် မည်သည့်ဂိုဏ်းမျှ သည်းမခံနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။ သူတို့သည် သူလျှိုတစ်ယောက်ကို ဖော်ထုတ်နိုင်ခဲ့လျှင် ပေါ့လျှော့သောအပြစ်ဒဏ်မှာ ထိုသူ၏ ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဂိုဏ်းမှ ကန်ထုတ်ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။ ကြီးလေးသောပြစ်ဒဏ်အနေနှင့် ထိုသူကို နေရာမှာတင် ပွဲချင်းပြီး သတ်ပစ်ခဲ့လျှင်တောင် ဒါက ပုံမှန်သာဖြစ်လေသည်။
ဒုတိယတစ်ချက် တွေးစရာရှိသည်မှာ ထိုခန္ဓာမီးဆေးနည်းစနစ်သည် အထက်လမ်းဂိုဏ်းများ၏ နည်းစနစ်နှင့် မတူပေ။ ထို့အစား ၎င်းသည် သားရဲနည်စနစ်များနှင့် ပို၍ အတော်လေး နီးစပ်မှု ရှိလေသည်။
ဆူဇီမိုသည် ထိုသို့သားရဲလမ်းကြောင်းကို လျှောက်လှမ်းနေသူသာဆိုလျှင် ပိုလို့တောင် ခွင့်မလွှတ်သင့်ပေ။ သူ၏ ပါရမီအရည်အချင်း အလားအလာက အံ့ဩဘနန်း ဖြစ်ရသော်လည်း တောင်ထွတ်သခင်ငါးယောက်သည် သူ့ကို နေရာမှာတင် ပွဲချင်းပြီး သတ်ရပေလိမ့်မည်။
ထိုကဲ့သို့သောတစ်စုံတစ်ရာက ညှိနှိုင်းလို့ မရပေ။
အင်မော်တယ်များနှင့် သားရဲများသည် အစကတည်းက မတူညီသောလမ်းကို လျှောက်လှမ်းနေကြပြီး အတည်တကွ ပူးတွဲမတည်ရှိနိုင်သော ဖြစ်တည်မှုများ ဖြစ်ကြလေသည်။
သားရဲလမ်းစဉ်အား လျှောက်လှမ်းနေသူတစ်ယောက်အား ဂိုဏ်းထဲမှာ နေခွင့်ပေးပြီး အခြားသူများအား ထိခိုက်စေဖို့ အကောက်ကြံသွားမှာကို သူတို့ခွင့်ပြုနိုင်စရာ အကြောင်းမရှိပေ။
ထို့နောက် သူတို့သည် ဆူဇီမို ဂိုဏ်းထဲသို့ ရောက်ရှိခဲ့ချိန်မှစ၍ မူမမှန်မှုများကို ပြန်လည်စဉ်းစားမိလာကြ၏။ စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက ပြိုကျသွားခဲ့၏။ သူသည် ကြိုးကြာလေး၏ ဟန့်တားမှုကို ကျော်ဖြတ်၍ တောင်ထိပ်သို့ ရအောင်တက်နိုင်ခဲ့၏။ သူသည် အဟန့်အတားရှစ်ခု ၀င်္ကပါထဲက ထွက်ထွက်ချင်းမှာပင် ရွှမ်ယီကို ဓါးဖြင့် ခုတ်ပိုင်းခဲ့၏။ သူသည် ဂိုဏ်းသို့ရောက်လာပြီး မကြာမီမှာပင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ဖော်ထုတ်နိုင်ခဲ့၏... စသည်ဖြင့်...
“ဆူဇီမို မင်းငါတို့ကို ဘယ်လိုရှင်းပြချင်လဲ” အေးစက်စက် အမျိုးသမီးက မေးလိုက်၏။
ရွှမ်ယီ၏ မျက်လုံးထဲတွင် သနားသောအရိပ်အယောင်က ပေါ်လာ၏။
သူသည် အစက ဆူဇီမိုကို ဂိုဏ်း၏ ဒုတိယမြောက် ဓါးဝင်္ကပါသခင်ဖြစ်လာစေဖို့ အားခဲထားခဲ့၏။
သို့သော်လည်း ဓါးဝင်္ကပါသခင်တစ်ယောက်က သားရဲလမ်းစဉ်ပေါ်က တစ်စုံတစ်ယောက်ဖြစ်လို့တော့ မရချေ။
သားရဲများကို သတ်ဖြတ်ဖို့က အထက်လမ်းဂိုဏ်းသားများ၏ တာဝန်တစ်ရပ်ဖြစ်၏။ ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာရှိ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းများကို ပိုလို့တောင် လိုက်နာရပေဦးမည်။
ထို့အပြင် ဆူဇီမိုပြသခဲ့သော အစွမ်းအစ အရည်အချင်းများက မကြုံစဖူး အံ့ဖွယ်သရဲဖြစ်၏။
သူသာ သားရဲလမ်းစဉ်ကို လျှောက်လှမ်းနေသူဖြစ်လျှင် သူတို့သည် သူ့ကို အရှင်ထားခွင် မပြုနိုင်ပေ။
နောင်တစ်ချိန် သူသည် သားရဲလောက၏ စွမ်းအားကြီးသော တစ်စုံတစ်ယောက် ဖြစ်လာခဲ့လျှင် အထက်လမ်းဂိုဏ်းများ၏ မဟာရန်သူတော်ကြီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုသည်လည်း မည်သို့ရှင်းပြရမည် မသိတော့ပေ။
သို့သော်လည်း တောင်ထွတ်သခင်ငါးယောက်၏ အကြည့်များမှတစ်ဆင့်.. ထိုအရာကို သူကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူသည် ကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သူနားလည်လိုက်၏။
သေခြင်းရှင်းခြင်းကပ်ဘေး!
“ကျတော်...”
ဆူဇီမိုသည် စကားစပြောမလို့ ပါးစပ်ဟလိုက်စဉ်မှာပင်.. ကောင်းကင်အထက် တိမ်လွှာများကြားမှ ကြိုးကြာတစ်ကောင်၏ စူးရှကျယ်လောင်သောအသံက ထွက်ပေါ်လာ၏။
ရွှစ်..
တစ်ဟူးဟူး လေတိုးသံနှင့်အတူ ဧရာမတောင်ပံကြီးနှစ်ဖက်က ကောင်းကင်တစ်ဝက်လောက်ကို အုပ်မိုးသွားပြီး ကြီးမားသော အရိပ်ကြီးက သူတို့အပေါ် လွှမ်းခြုံကျလာလေသည်။
လူတိုင်း အလိုအလျောက် မော့ကြည့်လိုက်ကြ၏။
ဧရာမကြိုးကြာကြီးသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သူ့တောင်ပံများကို ခတ်လိုက်တိုင်း ဖုန်သဲများက နေရာတိုင်းတွင် လွင့်ပျံလာ၏။
လျှို့ဝှက်သော အစောင့်အရှောက်သားရဲက ရုတ်တရတ် ပေါ်လာခဲ့ပေပြီ။
ချီစုဖွဲ့အဆင့်များ၏ တိုက်ပွဲက ဂိုဏ်းထဲရှိ ဤမျှအထိ အရေးပါအရာရောက်သော ပုဂ္ဂိုလ်ကိုပါ သတိထားမိသွားစေမည်ဟု မည်သူမျှ ထင်မထားကြပေ။
တပည့်အများစု၏ မျက်လုံးထဲတွင် ကြိုးကြာကြီးသည် ဂိုဏ်းထဲတွင် လျှို့ဝှက်အဆန်းကြယ်ဆုံး တည်ရှိမှုဖြစ်လေသည်။ တွေ့ရမြင်ရခဲပြီး ကြိုးကြာကြီးက ဂိုဏ်း၏ သက်တမ်းထက်ပင် ပို၍အသက်ကြီးသည်ဟု ဆိုကြလေသည်။
မည်သို့ပင်ဆိုစေ.. သေချာတာတစ်ခုကတော့ ကြိုးကြာကြီး၏ အဆင့်အတန်းနှင့် ခွန်အားသည် တောင်ထွတ်သခင်ငါးယောက်ထက် များစွာသာလွန်သည်ဆိုတာပင်။
“နှုတ်ဆက်ပါတယ် စီနီယာ”
ကြိုးကြာရောက်လာသောအခါ ချက်ချင်းဆိုသလိုပင် တောင်ထွတ်သခင်ငါးယောက်က ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
လေထဲမှာ ဝဲနေရင်း.. ကြိုးကြာက လူအုပ်ကြီးထဲကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး ဆူဇီမိုအပေါ်တွင် အကြည့်က ရပ်တန့်သွား၏။ သူသည် ရုတ်တရတ် လူသားဘာသာစကားဖြင့် ပြောလိုက်၏။
“နတ်ပန်းပဲတောင်ထွတ်က ဆူဇီမို.. သူက ကျင့်ကြံနေရင်းနဲ့ ချီသွေဖယ်မှုဖြစ်သွားခဲ့တယ်.. သူ့ကို အပြစ်ပေးတဲ့အနေနဲ့ မိုးကြိုးထစ်ချုန်းတောင်ကြားမှာ သတိသံဝေဂရတဲ့အထိ အချုပ်ကျခံရမယ်”
လူတိုင်း အံ့သြမှင်တက်သွားကြ၏။
တောင်ထွတ်သခင်ငါးယောက်သည်လည်း ကြက်သေ,သေသွား၏။
တောင်ထွတ်သခင်ငါးယောက်ကို အံ့အားသင့်စေသည်မှာ ကြိုးကြာ၏ အသံနေအသံထားအရ ၎င်းသည် ဆူဇီမို၏ နောက်ခံနှင့် သရုပ်မှန်ကို လုံးဝသံသယမရှိသလိုပင်။ သူ့ကို မိုးကြိုးထစ်ချုန်းတောင်ကြားမှာ သတိသံဝေဂရရုံသာ အပြစ်ပေးခြင်း ဖြစ်လေသည်။
တစ်နည်းဖြင့် ဆူဇီမိုသည် မည်သည့် သားရဲကျင့်စဉ်ကိုမျှ ကျင့်ကြံခြင်းမရှိဟု ကြိုးကြာက သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်၏။ သူသည် ကျင့်ကြံနေရင်း အမှားတစ်ခုလုပ်မိသွားပြီး ချီသွေဖယ်မှုဖြစ်ပေါ်ခဲ့ရုံလောက်ပင်လား။
သို့သော် ဆူဇီမို၏ နောက်ခံနှင့် ကျင့်ကြံမှုနည်းစနစ်က သာမန်ပဲဆိုလျှင်လည်း သူ့ကို အပြစ်ပေးစရာ အကြောင်းမရှိပေ။ သူ့ကိုယ်သူ သတိသံဝေဂရစေဖို့ မိုးကြိုးထစ်ချုံးတောင်ကြားကို ပို့စရာ အကြောင်းမရှိပေ။
သူကသာ ဘာမှ မမှားလျှင် သံဝေဂရဆင်ခြင်စရာလည်း မလိုဘူးမဟုတ်လား။
ချီသွေဖယ်မှုသာဆိုလျှင် သူလုပ်ရမည်မှာ သူ့လိုဏ်ဂူတိုက်ခန်းထဲတွင် သတိလေးကပ်၍ ကျင့်ကြံပြီး အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် လုပ်ရုံပင် ဖြစ်လေသည်။
မိုးကြိုးထစ်ချုန်းတောင်ကြားဟူသော စကားကို ကြားရချိန်တွင် တောင်ထွတ်သခင်ငါးယောက်သည် ထူးဆန်းစွာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့သည် တစ်စုံတစ်ယောက်ကို တစ်ပြိုင်တည်း တွေးမိလိုက်ကြ၏။
ဂိုဏ်းမှ အစမ်းတပည့်များသည် မိုးကြိုးထစ်ချုန်းတောင်ကြားကို ကောင်းကောင်းသိကြ၏။
မိုးကြိုးထစ်ချုန်းတောင်ကြားသည် ဆန်းကြယ်တောင်ထွတ်နှင့် မဟူရာတောင်တန်းအကြားရှိ နေရာတစ်ခုဖြစ်၏။ ထူးဆန်းသော ပထဝီမြေပြင်အနေအထားကြောင့် တစ်နှစ်ပတ်လုံး မိုးချုန်းသံများ ပဲ့တင်ထပ်ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သော တောင်ကြားတစ်ခုက ဖြစ်တည်လာခဲ့၏။
၎င်းသည် ကျယ်ပြန့်သောနေရာတစ်ခုမဟုတ်ဘဲ ကျက်တီးခေါင်မြေတစ်ခုဖြစ်၏။
ထိုနေရာတွင် မိုးတွင်းအခါရောက်လျှင် မိုးကြိုးများက အဆက်မပြတ် သည်းထန်စွာ ပစ်ချလေ့ရှိ၏။
မိုးချုန်းသံများက အဆက်မပြတ်ထွက်ပေါ်နေသည့်အပြင် စိတ်ဝိညာဉ်ချီကလည်း ပါးလွှာသောကြောင့် ထိုနေရာတွင် ကျင့်ကြံဖို့မှာ လုံးဝမဖြစ်နိုင်ပေ။
မိုးကြိုးထစ်ချုန်းတောင်ကြားသို့ အပြစ်ပေးပို့လွှတ်ခံရသည်မှာ ဂိုဏ်းမှ ထုတ်ပယ်လိုက်သလိုပင်။
ဖက်တီးလေးသည် ရုတ်တရတ် တစ်စုံတစ်ရာကို အမှတ်ရလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“သွားပြီး သွားပြီကွာ.. နောင်ကြီးကို ငါပြောပါတယ်.. ကြိုးကြာလေးကို လွှတ်ပေးလိုက်ပါလို့.. အခုတော့သွားပြီ.. ကြိုးကြာကြီးက သူ့ကလေးအတွက် လက်စားချေဖို့ နောင်ကြီးကို အပြစ်ပေးတာပဲနေရမယ်”
ဖက်တီးလေးသည် ဆူဇီမိုနှင့် တစ်လနှင့် အတူသွားနေခဲ့သောကြောင့် ကြိုးကြာလေး ပိတ်မိနေတာကို သူသိလေသည်။
ဆူဇီမိုသည် ဂိုဏ်းကို စတင်ဝင်ရောက်ခဲ့တုန်းက ကြိုးကြာလေးအား အနိုင်ကျင့်ခဲ့တာကို အချို့တပည့်များသည် အမှတ်ရလာကြ၏။ ယခုအခါ စီနီယာကြိုးကြာက ကိုယ်တိုင်ရောက်လာပြီး ဆူဇီမိုကို အပြစ်ပေးဖို့ လုပ်သောအခါ သူတို့သည် အဖြစ်အပျက်များကို စပ်ဆက်ကြည့်လိုက်ကြ၏။
“ဟီးဟီး.. ဆူဇီမိုကတော့ ကံဆိုးတာပဲ.. သူက အခုမှ တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ဖြစ်မယ်ကြံရုံရှိသေးတယ်.. အရသာတောင် ကောင်းကောင်း မခံစားရသေးဘူး.. မိုးကြိုးထစ်ချုန်းတောင်ကြားထဲကို ပစ်ချခံရတော့မယ်” လူအုပ်ကြီးထဲမှ တပည့်တစ်ယောက်က ရယ်မောပြောဆိုလိုက်၏။
“အဲ့တော့ ဘာဖြစ်လဲ.. သူပြန်ရောက်လာတဲ့အခါ သူက ဆရာကြီး ဖြစ်နေဦးမှာပဲ”
“ဟမ့် စီနီယာကြိုးကြာပြောတဲ့စကားကို မင်းသေချာ မကြားလိုက်ဘူးလား” ထိုသူက ဆက်ပြောလိုက်၏။
“စီနီယာကြိုးကြာက သူ့ကို သတိသံဝေဂရတဲ့အထိလို့ပဲပြောတာ၊ အချိန်အတိအကျမပါဘူးလေ.. အဲ့တော့ စီနီယာကြိုးကြာရဲ့ ခွင့်ပြုချက်မရမချင်း ဆူဇီမိုက အဲ့ထဲမှာပဲ နေရတော့မှာ မဟုတ်ဘူးလား”
“သူက အဲ့လောက်ထိတော့ မရက်စက်လောက်ပါဘူးကွာ” အခြားတတည့်တစ်ယောက်က အလန့်တကြား ထပြောလိုက်၏။
ထိုလူက ပုခုံးတွန့်ပြီးပြောလိုက်၏။
“အဲ့ထဲမှာက ကျင့်ကြံလို့လဲရတာမဟုတ်ဘူး.. သူသာ အဲ့ထဲမှာ ဆယ်နှစ်လောက် အကျဉ်းချခံထားရရင်.. အဲ့ချိန်ကျရင် ငါတို့က အခြေတည်အဆင့်ရောက်လို့ အတွင်းစည်းတပည့်တောင် ဖြစ်နေလောက်ပြီ.. သူကတော့ ချီစုဖွဲ့မှုအဆင့်၉ပဲ ရှိနေဦးမှာပေါ့ မဟုတ်ဘူးလား”
သူ၏ စကားကို ကြားသောအခါ များစွာသော တပည့်များသည် တိတ်တဆိတ် ထိတ်လန့်သွားကြ၏။
ဆူဇီမိုကတော့ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် ဆိတ်ဆိတ်သာနေလေသည်။
သေချာတွေးကြည့်လျှင် စီနီယာကြိုးကြာက သူ့ကို အပြစ်ပေးဖို့အတွက် မိုးကြိုးထစ်ချုန်းတောင်ကြားသို့ စေလွှတ်ခြင်း မဟုတ်သည်ကို သူပြောနိုင်လေသည်။
၎င်းကသာ သူ့ကို တစ်ကယ်တမ်း အပြစ်ပေးချင်လျှင် ထိုသို့ လုပ်ပြီးသည်မှာ ကြာနေလောက်ပေပြီ။ ဘာအကြောင်းပြချက်မှ စောင့်နေစရာ မလိုပေ။
ထို့အပြင် ဆူဇီမိုသည် ရိုးတိုးရိပ်တိတ် ခံစားမိနေ၏။
စီနီယာကြိုးကြာက သူ့ကို ကယ်တင်နေခြင်း ဖြစ်သည်ကို..
၎င်းသာ ပေါ်မလာခဲ့လျှင် သူသည် အခုလောက်ဆို ကျင့်ကြံမှုအဆင့် ဖျက်ဆီးခံရပြီး ဂိုဏ်းမှ ကန်ထုတ်ခံနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော်လည်း အဲ့ဒီမှာ ဆူဇီမိုကို ဒွိဟဖြစ်စေသောတစ်ချက်လည်း ရှိသေး၏။
စီနီယာကြိုးကြာက သူ့ကို ကယ်တင်ချင်တာဆိုလျှင်လည်း ဘာလို့ သူ့ကို မိုးကြိုးထစ်ချုန်းတောင်ကြားသို့ ပို့မှာလဲ။
သူက ဘာဖြစ်ချင်နေတာလဲ။