ဖုံးဖိထားသော်လည်း ပေါ်သွားပြီ
Vol. 9 Ch. 134
အခန်း ၁၃၄ - ဖုံးဖိထားသော်လည်း ပေါ်သွားပြီ
Translator – Than Toe Anug
တောင်ထွတ်သခင်ငါးယောက်သည် စိတ်ရှုပ်သွားကြသော်လည်း ဂိုဏ်း၏ လျှို့ဝှက်အစောင့်အရှောက်သားရဲက ကိုယ်တိုင်လာရောက်၍ ချမှတ်လိုက်သော ဆုံးဖြတ်ချက်အပေါ် သူတို့ မေးခွန်းမထုတ်ရဲကြပေ။
ကြိုးကြာသည် သူ၏ တောင်ပံများကို တစ်ဖြန်းဖြန်းရိုက်ခတ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွား၏။ မည်သူမျှ သေချမသိလိုက်ခင်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်သည် မြေပြင်မှ အထိန်းအချုပ်မဲ့စွာ မြောက်တက်သွားပြီး တစ်ခဏအတွင်းမှာပင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ကြိုးကြာကြီးထွက်သွားပြီးနောက် တောင်ထွတ်သခင်ငါးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဆန်းကြယ်တောင်ထွတ်ဆီသို့ အပြေးနှင်သွားကြ၏။
ဖြစ်ပျက်ခဲ့သော အခြင်းအရာများနှင့် ပတ်သတ်၍ သူတို့သည် ဂိုဏ်းချုပ်ကို သတင်းပို့ရပေမည်။
တောင်ထွတ်သခင်ငါးယောက်သည် ထွက်ခွာသွားကြသော်လည်း တပည့်များအားလုံးသည် မထွက်ခွာကြသေးဘဲ ပြီးခဲ့သော အဖြစ်အပျက်များနှင့် ပတ်သတ်၍ အာပေါင်အာရင်းသန်သန် ဆွေးနွေးငြင်းခုန်နေကြလေ၏။
“စီနီယာကြိုးကြာက တစ်ကယ်အံ့ဖွယ်ပဲဟေ့.. သူက လူသားဘာသာစကားကို နားလည်ရုံတင်မကဘူး.. လူလိုပါ ပြောတတ်တယ်ဟ”
“ငါကြားဖူးတာတော့ သားရဲတွေက အဆင့်တစ်ခုကို ရောက်သွားခဲ့ရင် လူသားဘာသာစကားကို ပြောနိုင်တယ်တဲ့”
“ဒါတင်ဘယ်ကမလဲ.. တစ်ကယ့်စွမ်းအားကြီးသွားတဲ့သားရဲတွေက လူသားသွင်ပြင်ကိုတောင် ပြောင်းလဲဖန်ဆင်းနိုင်တယ်တဲ့.. အသွေးအမွေးကအစ လုံးဝချွတ်စွတ်နော်.. တစ်ကယ့် လူသားအတိုင်းပဲ”
များစွာသောတပည့်များသည် ဂိုဏ်းသို့ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်လောက်သာ ရှိကြသေးပြီး လျှို့ဝှက်အစောင့်အရှောက်သားရဲကို သူတို့မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် စပ်စုစူးစမ်း၍ သူတို့သိရာထင်ရာကို ဆွေးနွေးနေကြ၏။
“အာ.. ဒီတစ်ခါတော့ စီနီယာအစ်ကိုဖုန်က အကြီးကြီး ထိုးနှက်ခံလိုက်ရတာပဲဟေ့.. သူက သူ့ကိုယ်သူ တောင်ထွတ်သုံးခုရဲ့ နံပါတ်တစ်ဖြစ်ရမယ်ဆိုပြီး ကြွေးကြော်ခဲ့တာ.. အခုတော့ နံပါတ်တစ်ဆိုလို့ စိတ်ဝိညာဉ်တောင်ထွတ်တစ်ခုပဲ သူ့အတွက်ကျန်တော့တယ်”
“စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နံပါတ်တစ်လား.. ဟုတ်ပါ့မလားကွာ.. အခု သူက ဂျူနီယာညီလေးဆူကို ရှုံးသွားတယ်ဆိုတော့.. သူတင်မကဘူး.. စိတ်ဝိညာဉ်တောင်ထွတ်ပါ အကြီးကြီးထိုးနှက်ခံလိုက်ရတာပဲ”
“အမှန်ပဲ.. ဒီ့အရင်က တောင်ထွတ်သခင်က ဂျူနီယာညီလေးဆူကို စိတ်ဝိညာဉ်တောင်ထွတ်ကို ခြေမချဖို့ တားမြစ်ခဲ့လို့သာပေ့ါ.. အခုလဲ သူက စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နံပါတ်တစ်ကို လှဲချလိုက်ပြီဆိုတော့... စဉ်းစားကြည့်စမ်း”
“ပြောရမယ်ဆိုရင် သူက တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ပေ့ါ.. လျှို့ဝှက်တဲ့စိန်ခေါ်သူက ဂျူနီယာညီလေးဆူတဲ့ကွာ.. ဘယ်သူကများ တွေးမိမှာလဲ.. အား”
. . .
ပင်မဆန်းကြယ်တောင်ထွတ်.. ဆန်းကြယ်နန်းတော်။
တောင်ထွတ်သခင်ငါးယောက်သည် တစ်ပြိုင်နက်တည်း ရောက်ချလာကြ၏။ နန်းတော်ထဲရှိ အမြင့်ဆုံးနေရာတွင် ထိုင်နေသော ဂိုဏ်းချုပ်လင်းယွမ်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး အေးဆေးစွာ အနားယူနေသလိုပင်။
ဝမ်ရွှမ်းက လက်သီးဆုပ် ဂါဝရပြုလိုက်၏။
“ဂိုဏ်းချုပ်.. ဒီနေ့ ဆူဇီမိုနဲ့ ဖုန်ဟောက်ယွီက စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှာ တိုက်ခိုက်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့...”
“ငါသိတယ်”
ဝမ်ရွှမ်းက သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ဂိုဏ်းချုပ်လင်းယွမ်က ဖြတ်ပြောလိုက်၏။
လင်းယွမ်က သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူ့မျက်လုံးများက လျှို့ဝှက်နက်နဲအသိရခက်သော ကြယ်များလိုပင်။ သူသည် အသံခပ်နိမ့်နိမ့်ဖြင့်ပင် ပြောလိုက်၏
“အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကြိုးကြာမှာ သူ့အစီအစဉ်နဲ့သူ ရှိတယ်”
“ဂိုဏ်းချုပ်.. ဆူဇီမိုရဲ့ ခန္ဓာမီးဆေးနည်းစနစ်က သိပ်တော့မရိုးဘူးနော်.. မဟာကျိုးအင်ပါယာက ဂိုဏ်းကြီးငါးဂိုဏ်းထဲမှာ တောင်ပိုင်းတောင်တန်းဂိုဏ်းက ခန္ဓာမီးဆေးနည်းစနစ်အရာမှာ ဆရာတစ်ဆူပဲ.. ဆူဇီမိုက သားရဲလမ်ကြောင်းကို လျှောက်လှမ်းနေတာ မဟုတ်ဘူးဆိုရင် သူက တောင်ပိုင်းတောင်တန်းဂိုဏ်းက လျှို့ဝှက်ပညာရပ်ကို လေ့ကျင့်ထားတာပဲဖြစ်ရမယ်” မီးခိုးရောင်ဆံပင်နှင့်လူငယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“အဲ့ဒါတော့ ငါလဲ မသိဘူး”
ဂိုဏ်းချုပ်လင်းယွမ်က ခေါင်းခါလိုက်၏။
“ဒါက... “
တောင်ထွတ်သခင်ငါးယောက်သည် ဘာဆက်ပြောရမည်မသိ ဖြစ်ကုန်၏။
ဝမ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်၏။
“ဂိုဏ်းချုပ်.. ဘယ်လိုပဲဖြစ်ဖြစ်.. စီနီယာကြိုးကြာကလဲ သားရဲမျိုးနွယ်ပဲဆိုတော့....”
“ဟမ့်”
လင်းယွမ်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့အကြည့်က စူးရှပြတ်သားလာ၏။ သူသည် မျက်စိကို မှေးကျဉ်း၍ ကြည့်လိုက်ပြီး ခပ်ဆတ်ဆတ် မေးလိုက်၏။
“ဝမ်ရွှမ်း.. မင်းက ဘာကိုပြောချင်နေတာလဲ”
လင်းယွမ်ထံမှ ထွက်ပေါ်လာသော ဖိနှိမ်ထားသည် အော်ရာကြောင့် ဝမ်ရွှမ်း၏ မျက်နှာသည့် ဖြူလျော့လာပြီး ဆက်လက်ပြောဆိုရဲခြင်း မရှိတော့ပေ။
ဆန်းကြယ်နန်းတော်ထဲတွင် လေထုဖိအားက ရုတ်တရတ် မြင့်တက်လာကာ မွန်းကျပ်အေးစက်လာ၏။
ခဏကြာပြီးနောက် ရွှမ်ယီက ပြောလိုက်၏။
“ဂိုဏ်းချုပ်.. ဝမ်ရွှမ်းက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါဘူး.. အဲ့ဒါက ဆူဇီမိုရဲ့ အပြုအမူက ကျုပ်တို့အတွက် အတိတ်ကာလက လူတစ်ယောက်ကို အမှတ်ရလာစေလို့ပါ.. တစ်ကယ်လို့ ဆူဇီမိုကသာ သူ့လိုပဲဆိုရင် ကျုပ်တို့ အခုချိန်ကစပြီး သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေမှ ဖြစ်တော့မယ်ထင်တယ်”
“မင်းတို့ အဲ့ဒါကို စိုးရိမ်နေစရာ မလိုပါဘူး.. ကြိုးကြာက ကြည့်ပြီးစီစဉ်ပါလိမ့်မယ်”
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် လင်းယွမ်က ဆက်လက်ပြောလိုက်၏။
“ကြိုးကြာက သားရဲဆိုပေမယ့်လဲ.. သူက ငါတို့ရဲ့ တည်ထောင်သူဂိုဏ်းချုပ်နဲ့အတူ ကျင့်ကြံရေးလောကမှာ ခြေဆန့်သွားလာပြီး လွှမ်းမိုးခြယ်လှယ်ခဲ့ကြတာ.. နောက်ပိုင်းမှသာ သူတို့နှစ်ယောက် တိုင်ပင်ပြီး ဆန်းကြယ်ဂိုဏ်းကို တည်ထောင်ခဲ့ကြတာ.. မင်းတို့ သူ့ကို သံသယမဝင်သင့်ဘူးကွ”
“ပြီးတော့ မင်းတို့သိလား.. ကြိုးကြာကသာ ငါတို့ဂိုဏ်းကို စောင့်ရှောက်မနေဘူးဆိုရင် ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာအတွင်း ဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင်လိမ့်မယ်လို့ မင်းတို့ထင်လား”
ထိုစကားကိုကြားသောအခါ တောင်ထွတ်သခင်ငါးယောက်စလုံး တုန်လှုပ်သွားကြ၏။
စီနီယာကြိုးကြာက ဂိုဏ်းအတွင်း၌ အထူးမြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုတာ သူတို့သိခဲ့ကြသည်မှာ ကြာပေပြီ။
လူသားများနှင့် သားရဲများသည် မတူညီသော မျိုးနွယ်များ ဖြစ်ကြပြီး သူတို့၏ ရည်မှန်းချက်များကလည်း မတူညီကြပေ။ သူတို့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုသည်မှာ ပုံမှန်မဟုတ်သော ထူးခြားမှုဖြစ်လေသည်။
သို့သော်လည်း စီနီယာကြိုးကြာက ဂိုဏ်းအတွက် ဤမျှအထိ အရေးပါလိမ့်မည်ဟူ၍တော့ သူတို့ မထင်ခဲ့မိကြပေ။
“ကဲ မင်းတို့ ပြန်လို့ရပြီ”
လင်းယွမ်က လက်ဝေ့ပြလိုက်၏။
တောင်ထွတ်သခင်ငါးယောက် ပြန်သွားကြသောအခါ လင်းယွမ်၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါက်သွား၏။ သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတို့က ပေါ်ပေါ်လာ၏။
. . .
မမြင်ရသော စွမ်းအင်များက လွှမ်းခြုံ၍ ခေါ်ဆောင်သွားပြီးနောက် ဆူဇီမိုသည် သိပ်မကြာမီ တောင်ချိုင့်ကြားတစ်ခုထဲသို့ ရောက်ရှိလာ၏။
မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီးနောက် သူသည် အကဲခတ်ကြည့်လိုက်၏။ ဘေးပတ်ပတ်လည်တွင် တောင်တန်းများက ဝန်းရံထားပြီး ဤနေရာသည် စွန့်ပစ်နယ်မြေတစ်ခုနှင့် တူနေလေသည်။
ဂျိန်း.. ဂျလိန်း.. ဂျိမ်းး ဂျိမ်း.. ဒုန်း ဝုန်း ဝုန်း...
တောင်ကြားထဲတွင် နားကွဲမတတ် မိုးချုန်းသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ဤတောင်ကြားထဲတွင် စိတ်ဝိညာဉ်ချီကလည်း လွန်စွာ နည်းပါး၏။ မိုးချုန်းသံများ၏ နှောင့်ယှက်မှုနှင့် ထပ်ပေါင်းပါက ဤနေရာမှာ ကျင့်ကြံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူသာ ဒီနေရာမှာ နေရလျှင် တစ်နေ့တာက တစ်နှစ်တာ ကြာနေသည်ဟု ထင်နေရပေမည်။
ဆူဇီမိုကို မြေပြင်ပေါ်သို့ ချပေးပြီးနောက် ကြိုးကြာကြီးသည် လေထဲတွင် လှည့်ပတ်ကာ ရုတ်တရတ် အောက်သို့ ဆင်းသက်လိုက်၏။ သူသည် မြေပြင်သို့ ရောက်သောအခါ ပဉ္စလက်ဆန်ဆန်ပင် လွန်စွာလှပသော အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ သူမ၏ အနီရောင် ဆံနွယ်များက ရစ်ခွေနေပြီး လွန်စွာတင့်တယ်လှပ ကျက်သရေရှိနေ၏။
ဆူဇီမိုသည် နေရာမှာပင် လုံးဝမှင်တက်နေ၏။
သူ့ရှေ့မှ အနီရောင်ဆံပင်နှင့် အမျိုးသမီးက လူသားအစစ်တစ်ယောက်နှင့် လုံးဝ မခြားနားပေ။ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့သာ မဟုတ်လျှင် ဆူဇီမိုသည် ထိုအရာကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
သူမသည် လက်တစ်ချက်ဝေ့ယမ်းလိုက်ရုံနှင့် သူတို့၏ ဘေးပတ်ပတ်လည်တွင် အကာအရံတစ်ခုကို ဖြစ်ပေါ်လာစေပြီး အပြင်ဘက်မှ ထွက်ပေါ်လာနေသော မိုးကြိုးသံများကို ပိုင်းခြားထားလိုက်၏။
“ငါမင်းကို ဘာလို့ ဒီနေရာကို ခေါ်လာခဲ့သလဲ မင်းသိလား” သူမသည် ဆူဇီမိုကို နူးညံ့သိမ့်မွေ့စွာကြည့်၍ မေးလိုက်၏။
“ကျတော်မသိပါဘူး” ဆူဇီမိုက ခေါင်းခါလိုက်၏။
အနီရောင်ဆံပင်နှင့် အမျိုးသမီးနောက်ထပ်ပြောလိုက်သော စကားလုံးက ဆူဇီမိုကို ထိတ်လန့်တကြား ဖြစ်သွားစေ၏။
“မင်းကျင့်ကြံနေတဲ့ သားရဲကျင့်စဉ်က အရမ်းကို စွမ်းအားကြီးတာပဲ” အနီရောင်ဆံပင်နှင့် အမျိုးသမီးက တုန်လှုပ်ဖွယ်ရာ ပြောလိုက်၏။
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး သူ့ရင်က တစ်ဒိန်းဒိန်းခုန်လာ၏။ မသိလိုက်မသိဖာသာနှင့်ပင် သူသည် ခေါင်းငုံ့ထားလိုက်ပြီး သူ့မျက်လုံးထဲက တုန်လှုပ်မှုကို ဖုံးဖိဖို့ ကြိုးစားလိုက်ကာ စိတ်ထဲကနေ တွေးနေမိ၏။
‘စီနီယာကြိုးကြာက ဘာကို ပြောချင်နေတာပါလိမ့်’
‘သူက ငါ့ကို စိတ်စမ်းနေတာလား.. တစ်ခုခုကိုများ ရှာတွေ့သွားတာလား’
ဆူဇီမိုခေါင်းထဲတွင် အတွေးများစွာက ယောက်ယက်ခတ်နေပြီး နေရာမှာပင် ငူငူကြီးရပ်နေမိ၏။
“တစ်ကယ်လို့ ငါက မင်းကို စိတ်စမ်းနေတာဆိုရင်တောင် မင်းရဲ့အမူအယာကနေ ငါလိုချင်တဲ့အဖြေကို ရသွားပြီလေ”
အနီရောင်ဆံပင်နှင့်အမျိုးသမီးက ရယ်မောလိုက်၏။
“မပူပါနဲ့.. ငါမင်းကို ဒီကို ခေါ်လာတယ်ဆိုမှတော့ မင်းရဲ့လျှို့ဝှက်ချက်ကို ဘယ်ထုတ်ဖော်ပါ့မလဲ”
ဆူဇီမိုက မေးလိုက်၏။
“စီနီယာက ဘယ်တုန်းထဲကများ သိခဲ့တာလဲ”
“လွန်ခဲ့တဲ့နှစ်ဝက်လောက်ကပေ့ါ.. စိတ်ဝိညာဉ်တောင်ထွတ်မှာ တပည့်တစ်ယောက်ကို မင်းလက်ပြန်ရိုက်ချလိုက်တဲ့အချိန်ပေ့ါ.. အဲ့တုန်းက ခဏလေးဆိုရင်တောင် မင်းရဲ့သားရဲသွေးအော်ရာက ထွက်ပေါ်လာခဲ့တယ်လေ.. အခြားသူတွေကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်.. ငါ့လိုမျိုး သားရဲကတော့ အဲ့လိုအော်ရာမျိုးနဲ့ သိပ်ကို ရင်းနှီးကျွမ်းဝင်တာပေ့ါ” အနီရောင်ဆံပင်နှင့် အမျိုးသမီးက ရှင်းပြလိုက်၏။
ခဏမျှ ရပ်နားလိုက်ပြီးနောက် သူမက ဆက်ပြောလိုက်၏။
“မင်းက အခုချိန်ထိတော့ လူသားတစ်ယောက်ပါပဲ.. ဒါပေမယ့် မင်းကိုယ်ထဲမှာ အသစ်ထွက်ပေါ်လာတဲ့သွေးတွေက မင်းရဲ့မူလသွေးတွေနဲ့ အပြီးသတ်ဖလှယ်ပြီးသွားတဲ့အခါကျရင်တော့ .... မင်းရဲ့ လူသားသွင်ပြင်က ပျောက်ဆုံးသွားလိမ့်မယ်”
ဆူဇီမိုသည် အသံတိတ်နေ၏။
ထိုအရာကို သူလည်းပဲ နားလည်ခဲ့၏။ သူသည် အန္တိမနတ်ဆိုးသားရဲကျင့်စဉ်ကို လေ့ကျင့်ချင်သော်လည်း သားရဲတစ်ကောင်အဖြစ် ပြောင်းလဲဖို့တော့ ဆန္ဒမရှိပေ။
သူ့ရဲ့စိတ်ကို ဖတ်မိသွားသလို အနီရောင်ဆံပင်နှင့်အမျိုးသမီးက ထပ်ပြောလိုက်၏။
“မင်းအခုနေ အဲ့ဒီသားရဲကျင့်စဉ်ကို ရပ်တန့်လိုက်မယ်ဆိုရင်တောင် မင်းရဲ့ ခန္ဓာကိုယ်က သားရဲသွေးနဲ့ ရောနှောပြီးနေပြီ.. မင်းသတိတစ်ချက်လွတ်တာနဲ့ အဲ့ဒါက ပေါ်လာမှာပဲ.. အဲ့ဒီအခါ ဘာတွေဖြစ်လာမလဲဆိုတာ ငါဆက်ပြောစရာ မလိုလောက်ဘူးထင်ပါရဲ့”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သူသာ သားရဲတစ်ကောင်ဆိုတာ သူတို့သိသွားခဲ့လျှင်.. ဂိုဏ်းက သူ့ကို သတ်ချင်သတ်.. မဟုတ်ရင်လည်း တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်တောကောင်အဖြစ် သွေးသစ္စာကျိန်ဆိုခိုင်းပေလိမ့်မည်။
သူသည် ဂိုဏ်းမှ ထွက်ပြေးနိုင်ခဲ့လျှင်တောင် ဆူဇီမိုသည် ကျင့်ကြံရေးလောကထဲတွင် ခြေဆန့်သွားလာဖို့ မဖြစ်နိုင်တော့ပေ။