← Chapters

သူလဲပဲ ဒီနေရာမှာ ရှိခဲ့တာကိုး

Vol. 9 Ch. 135

သူလဲပဲ ဒီနေရာမှာ ရှိခဲ့တာကိုး

Vol. 9 Ch. 135

အခန်း ၁၃၅ - သူလဲပဲ ဒီနေရာမှာ ရှိခဲ့တာကိုး

Translator – Than Toe Aung

“ဒီတစ်ခါကထားတော့ ငါမင်းကို ခေါ်ထုတ်လာခဲ့ပြီ.. ဒါပေမယ့် နောက်တစ်ခါ အဲ့လိုဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ”

ဆံပင်အနီရောင်နှင့် အမျိုးသမီး၏ ‌မေးခွန်းက ဆူဇီမို၏ ပူပန်စိတ်များကို ပိုမိုမြင့်တက်လာစေခဲ့၏။

သူက မေးလိုက်၏။

“စီနီယာ.. ဘာလို့ ကျင့်ကြံသူတွေက သားရဲတွေအပေါ်မှာ အဲ့လောက်မုန်းနေရတာလဲဗျ.. ညှိနှိုင်းလို့တောင် မရဘူးဆိုတော့လေ”

ထိုစကားကို ကြားသောအခါ ဆံပင်အနီရောင်နှင့်အမျိုးသမီးသည် ခဏမျှ ငေးငိုင်သွား၏။ သူမ၏ မျက်လုံးများက အတိတ်ကာလကို လွမ်းဆွတ်တမ်းတဟန်ပေါက်သွားပြီး သက်ပြင်းချလိုက်၏။

“ဒီမျိုးနွယ်နှစ်ခုကြားက အမုန်းတရားက ဟိုးရှေးပဝေသဏီထဲက စခဲ့တာပဲ.. ပြောရမယ်ဆိုရင်တော့ ကမ္ဘာဦးခေတ်ကတည်းကပေ့ါ”

“ကမ္ဘာဦးခေတ်လား”

ထိုစကားလုံးကို ဆူဇီမိုကြားဖူးသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး သူပုံစံက စိတ်ရှုပ်ထွေးနောက်ကျိသွား၏။

ကမ္ဘာဦးခေတ်.. ထိုစကားလုံးမှ တိတ်ဆိတ်ခြောက်ကပ်၍ အညှာတာမဲ့ရက်စက်တတ်သော အော်ရာများက လွင့်ပျံလာပြီး အချိန်ကာလ၏ လောကဓံတိုက်စားမှုများနှင့် ထုံမွမ်းနေလေ၏။

ဆံပင်အနီရောင်နှင့်အမျိုးသမီးသည် စိတ်ခံစားချက်များ မြင့်တက်လာပုံရပြီး တီးတိုးပြောလိုက်၏။

“အဲ့ဒါက ကြီးကျယ်ခမ်းနားခဲ့တဲ့ ခေတ်တစ်ခုဖြစ်ပြီး သက်တမ်းလည်း အတော်ရှည်ကြာခဲ့တယ်.. အဲ့ဒီမှာ များစွာသော သက်ရှိအမျိုးအစားတွေ ပေါ်ပေါက်မွေးဖွားခဲ့ပြီးတော့ လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်ပေါင်း ထောင်ပေါင်းများစွာက ရှိခဲ့တယ်.. ဒါပေမယ့်လဲ လူသားမျိုးနွယ်တွေအတွက်တော့.. အင်း.. အနှိမ်ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်မှုတွေများစွာနဲ့ ကြောက်ရွံ့ထိတ်လန့်စရာကာလတစ်ခု ဖြစ်ခဲ့တယ်”

ဘာကြောင့်ရယ်မသိ.. မမြင်ရသောအော်ရာတစ်ခုက မွန်းကျပ်ဖွယ်ရာ ဖျစ်ညှစ်ထားသလို သူ့ရင်ဘတ်က တင်းကျပ်ခဲလာလေ၏။

ဒါတောင် သူသည် ထိုအချိန်ကာလအကြောင်းကို စီနီယာကြိုးကြာထံမှတစ်ဆင့် ကြားရရုံသာ ရှိသေးလေသည်။

ထိုကာလမှာသာ သူမွေးဖွားခဲ့လျှင် မည်မျှ ဆိုးရွားသော ကပ်ဘေးများကို ရင်ဆိုင်ရမလဲ စဉ်းစားကြည့်ဖို့ပင် ခက်ခဲ၏။

ဆူဇီမို၏ မူမမှန်မှုကို အာရုံခံစားမိလိုက်ပြီး ဆံပင်အနီရောင်နှင့် အမျိုးသမီးက သတိပြန်ဝင်လာကာ ခေါင်းခါလိုက်၏။

“ငါတို့ အဲ့ဒါကို ထပ်မပြောတော့ရင်ကောင်းမယ်.. မင်းသိထားဖို့က ကမ္ဘာဦးခေတ်ပြီးတဲ့နောက် ထျန်ဟွမ်ပြည်မကြီးက နောက်ထပ်ရှေးခေတ်တစ်ခုကို ဖြတ်သန်းလာခဲ့ပြီးမှ နောက်ဆုံး ဒီအခြေအနေထိ ‌ရောက်လာခဲ့တာပဲ.. ခေတ်ကာလနှစ်ခုကို ဖြတ်သန်းပြီးတဲ့နောက် မျိုးနွယ်စုနှစ်ခုကြားက အမုန်းတရားက ခိုင်မာအမြစ်တွယ်ပြီးတော့ သူတို့ မျိုးဆက်တွေရဲ့ အသွေးအသားအရိုးထဲအထိ စိမ့်ဝင်သွားခဲ့တာပဲ.. အဲ့ဒါကို အခုမှ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး အတွေးတစ်ချက်ဖြင့် သူကမေးလိုက်၏။

“စီနီယာ.. ခင်ဗျားက ကျတော့်ကို ဒီနေရာကို ခေါ်လာခဲ့တယ်ဆိုတာ ကျတော့်ကိုယ်ထဲက ပဋိပက္ခကို ဖြေရှင်းဖို့ စီနီယာမှာ နည်းလမ်းရှိလို့လား”

“အင်း ငါ့မှာ တစ်ခုတော့ရှိတယ်.. အဲ့ဒါက အလုပ်ဖြစ်မလား၊ မဖြစ်မလားတော့ ငါလဲမသိသေးဘူး”

အနီရောင်ဆံပင်နှင့်အမျိုးသမီးက ဆက်ပြောလိုက်၏။

“အရင်တုန်းက ဂိုဏ်းထဲမှာ ထိပ်တန်းပါရမီရှင်တစ်ယောက် ပေါ်လာခဲ့ဖူးတယ်.. သူ့ရဲ့ အရည်အချင်းတွေက မင်းနဲ့ဆင်တူတယ်.. အားလုံးက သူ့ကို ဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်လို့ သတ်မှတ်ခဲ့ကြပေမယ့်.. နောက်ဆုံးမှာတော့ သူက ဂိုဏ်းကို သစ္စာဖောက်ပြီး နတ်ဆိုးလမ်းကြောင်းပေါ်ကို ရောက်သွားခဲ့တယ်.. အဲ့ကတည်းက ဘယ်တော့မှ ပြန်မလာတော့ဘူး”

“သူက မိစ္ဆာကျင့်ကြံသူလား” ဆူဇီမိုက အံ့အားသင့်စွာ မေးလိုက်၏။

“မဟုတ်ဘူး”

အနီရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းခါလိုက်၏။

“သူရဲ့ စိတ်နေစရိုက်က ခွတီးခွတိုက်နိုင်ပြီးတော့ သူ့ရဲ့ နည်းလမ်းတွေကသာ နဲနဲ အစွန်းရောက်နေတာ.. သူက နတ်ဆိုးလမ်းကြောင်းပေါ်ကို ရောက်နေတာကို ဂိုဏ်းကသိသွားပြီးတဲ့နောက် သူ့ကိုယ်သူ သတိသံဝေဂနောင်တရဖို့အတွက် ဒီနေရာမှာ အချုပ်ချထားခဲ့တယ်.. အံ့အားသင့်စရာပဲ.. ဒီနေရာက မိုးကြိုးထစ်ချုန်း အသံတွေက သူ့ကိုယ်ထဲက နတ်ဆိုးချီတွေကို ဖယ်ထုတ်ပေးနိုင်ခဲ့တယ်”

ဆူဇီမိုက မေးလိုက်၏။

“စီနီယာဆိုလိုတာက မိုးကြိုးရဲ့ အကူအညီနဲ့ ကျတော့်ကိုယ်ထဲက သားရဲချီတွေကို ဖယ်ထုတ်နိုင်မယ်လို့ ပြောချင်တာလား”

အနီရောင်ဆံပင်နှင့်အမျိုးသမီးက ခေါင်းညိတ်လိုက်၏။

ခဏမျှ ရပ်နားလိုက်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ဒါပေမယ့်လဲ.. မင်းကျင့်ကြံနေတဲ့ သားရဲနည်းစနစ်ကို အရမ်းကို စွမ်းအားကြီးလွန်းတယ်.. အဲ့ဒါ အလုပ်ဖြစ်၊ မဖြစ်ဆိုတာ ငါလဲ သေချာမပြောတတ်ဘူး”

“ဒါပေမယ့် ကျတော်က မိုးကြိုးကို ဘယ်လိုအသုံးချရမှာလဲ.. ကျတော်မှ ဘာမှ မသိတာ”

“ငါလဲ မသိဘူးလေ”

ဆူဇီမိုသည် ဆွံ့အသွား၏။

သူသည် ဒီနေရာမှာ ထိုင်ပြီး တစ်ဝုန်းဝုန်း ပစ်ချနေသော မိုးကြိုးသံများကို နားထောင်ရုံနှင့် သူ့ခန္ဓကိုယ်ထဲက သားရဲချီတွေက ရှင်းလင်းသွားမှာလား။

အနီရောင်ဆံပင်နှင့် အမျိုးသမီးက နောက်တစ်ဖန် ထပ်၍ပြောလိုက်၏။

“မိုးကြိုးဆိုတာက အားမာန်အပြင်းထန်ဆုံး စွမ်းအင်အမျိုးအစားပဲလေ.. အဲ့ဒါက နတ်ဆိုးတွေ၊ သားရဲတွေကို ဖိနှိမ်ရာမှာ အရမ်းအလုပ်ဖြစ်တယ်.. တောကောင်တွေဟာ သဘာဝအားဖြင့် မီးကို ကြောက်ကြပြီးတော့ သားရဲတွေကတော့ မိုးကြိုးကို ကြောက်ကြတယ်.. မိုးကြိုးက စွမ်းအားအတော်များများရဲ့ အထက်မှာ ရပ်တည်နိုင်စွမ်းရှိတယ်”

ဆူဇီမိုသည် အကြမ်းဖျင်း နားလည်သွား၏။

စီနီယာကြိုးကြာပြောချင်သည်မှာ သူသည် မိုးကြိုးစွမ်းအားကို အသုံးချ၍ သူ့ကိုယ်ထဲက ပဋိပက္ခကို ဖြေရှင်းရမည်ဟူ၍ပင်။

ထိုအရာသည် သူမက သူ့အတွက် ထောက်ပံ့ကူညီပေးနိုင်သော လမ်းညွှန်မှုတစ်ခုသာ ဖြစ်လေသည်။ ဖြေရှင်းနိုင်မလား၊ မနိုင်မလားကတော့ သူမလည်း မသိပေ။

ထိုအချိန်မှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို သတိရသွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

နတ်ပန်းပဲ‌တောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲအပြီး၌ သူသည် ဆန်းးကြယ်ရွှေပိုးချပ်ဝတ်ကို ရလာခဲ့၏။

ဖိုသီဖတ်သီအဖိုးအို ပြောခဲ့ပုံအရ.. ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ ပိုင်ရှင်ဟောင်းသည် အရင်တစ်ချိန်က ဂိုဏ်းထဲတွင် ကြောက်စရာကောင်းအောင် စွမ်းအားကြီးသော သက်ရှိ ဖြစ်ခဲ့ဖူး၏။ သူသည် အခြေတည်အဆင့်နှင့် ရွှေအူတိုင်အဆင့်များတွင် ပြိုင်ဘက်ကင်းခဲ့လေသည်။

သို့သော်လည်း ထိုအချိန်က ဖိုသီဖတ်သီအဖိုးအိုသည် ထိုလူအကြောင်းကို သိပ်ပြောပြချင်ပုံမရဘဲ အချက်အလက်များကို ထိန်ချန်ခဲ့၏။

ရုတ်တရတ် ဆူဇီမိုက မေးလိုက်၏။

“စီနီယာ.. ခင်ဗျားပြောခဲ့တဲ့ ပါရမီရှင်က တစ်ခါက မူလစိတ်ဝိညာဉ်လက်နက်ဖြစ်ခဲ့ဖူးတဲ့ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ခဲ့တဲ့သူလား”

“ဟမ့်”

အနီရောင်ဆံပင်နှင့်အမျိုးသမီး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုက ပေါ်လာပြီး မေးလိုက်၏။

“မင်းတောင် သူ့ကို သိတယ်ပေ့ါ”

ဒါပဲလေ!

ဖိုသီဖတ်သီအဖိုးအိုပြောခဲ့သော ကြောက်စရာကောင်း‌သောသက်ရှိနှင့် စီနီယာကြိုးကြာပြောသည့် ပါရမီရှင်က တစ်ယောက်တည်းပင်။

“စီနီယာ.. အဲ့လူအကြောင်း ကျုပ်ကို ပြောပြလို့မရဘူးလား”

ဆူဇီမိုသည် ရုတ်တရတ် ထိုလူအပေါ် သိချင်စိတ်ပြင်းပျလာ၏။

“သိပ်အများကြီး ပြောစရာ မရှိပါဘူး”

အနီရောင်ဆံပင်နှင့်အမျိုးသမီးက ရယ်မောပြောလိုက်၏။

“ဂိုဏ်းက အဟန့်အတားရှစ်ခု ဝင်္ကပါကို စတင်ခင်းကျင်းခဲ့တဲ့ အချိန်ကတည်းက.. မင်းက အဲ့ဒါကို တောင့်ခံနိုင်ခဲ့တဲ့ ဒုတိယမြောက်လူပဲ.. ပထမကတော့ သူပေ့ါ”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။ ဤသည်ကို ဖိုသီဖတ်သီအဖိုးအိုထံမှ သူကြားသိခဲ့ရပြီး ဖြစ်လေသည်။

သူက အဲ့ဒါကို ဘယ်လိုမျိုး တောင့်ခံခဲ့သလဲ မင်းသိလား” အနီရောင်ဆံပင်နှင့် အမျိုးသမီးက မေးလိုက်၏။

“မသိဘူးလေ”

“အဟန့်အတားရှစ်ခုဝင်္ကပါက ပုံရိပ်ယောင်ဝင်္ကပါပဲ.. အဲ့ထဲမှာဆိုရင် မင်းက မရေမတွက်နိုင်တဲ့လူတွေနဲ့ တွေ့ရလိမ့်မယ်.. အဲ့လူတွေထဲက အတော်များများကတော့ မင်းရဲ့ချစ်ခင်ရတဲ့ ညီအစ်ကို၊ မောင်နှမ ဆွေမျိုးတွေပဲ.. အဟန့်အတားရှစ်ခုဝင်္ကပါထဲမှာဆိုရင်.. မင်းက သေခြင်း၊ ရှင်ခြင်း၊ နာခြင်း၊ အိုခြင်း.... ကပ်ဘေးပေါင်းစုံကို တွေ့ကြုံခံစားရလိမ့်မယ်.. အဲ့လူကတော့....”

ထိုနေရာအရောက်တွင် အနီရောင်ဆံပင်နှင့်အမျိုးသမီးက ဆက်မပြောသေးဘဲ ခဏရပ်လိုက်၏။

“သူက ပုံရိပ်ယောင်ဝင်္ကပါထဲမှာ သူတွေ့ခဲ့ရသမျှ လူတိုင်းကို အကုန်သတ်ပစ်ခဲ့တယ်လေ”

“အာ”

ဆူဇီမိုသည် တုန်လှုပ်သွားပြီး အံ့အားတစ်သင့်ရေရွတ်လိုက်၏။

အဟန့်အတားရှစ်ခုဝင်္ကပါအတွင်းရှိ အရာရာတိုင်းသည် ပကတိအသက်ဝင်လှပြီး လုံးဝအစစ်အမှန်ဟု ထင်ရလေသည်။ ထိုအထဲတွင် ကျရောက်သွားသောသူက သူသည် ပုံရိပ်ယောင်လောကထဲ ရောက်နေသည်ဆိုတာကို နားလည်မှာ မဟုတ်ပေ။

သို့စေကာမူ.. ထိုလူက ပုံရိပ်ယောင်ဝင်္ကပါအတွင်းရှိ လူတိုင်းကို သတ်ပစ်ခဲ့သည်ဆိုတော့ကာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

“သူက သူ့ကိုယ်သူ ပုံရိပ်ယောင်လောကထဲ ရောက်နေတယ်ဆိုတာ သိနေလို့များ ဖြစ်မလား” ဆူဇီမိုက မေးလိုက်၏။

“အဲ့ဒါ‌တော့ ငါလဲမပြောတတ်ဘူး”

အနီရောင်ဆံပင်နှင့်အမျိုးသမီးက ခေါင်းခါလိုက်၏။

“ဒါပေမယ့်လဲ.. အဲ့တုန်းက သူက ချီစုဖွဲ့မှုတောင် မရှိသေးတာဆို‌တော့ အဲ့ဒါကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

“ထားလိုက်တော့.. အဲ့ဒါက ဂိုဏ်းရဲ့ အတိတ်မှာ ကျန်နေခဲ့ပြီပဲ.. အများကြီး လျှောက်တွေးမနေနဲ့”

အနီရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်၏။

“ငါထင်တာ မမှားဘူးဆိုရင် မင်းက အနာဂတ်မှာ အင်မော်တယ်နဲ့ သားရဲလမ်းစဉ် နှစ်ခုစလုံးကို လျှောက်လှမ်းချင်နေတာပဲ.. အဲ့ဒါက ဘယ်သူမှ မလျှောက်ဖူးသေးတဲ့လမ်းဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်ဘူး.. အခုမင်းကိုယ်ထဲက ပဋိပက္ခက အစပဲရှိသေးတယ်.. မင်းကျင့်ကြံမှုအဆင့်မြင့်လာတာနဲ့အမျှ အနာဂတ်မှာ ပြဿနာတွေအများကြီးနဲ့ မင်းရင်ဆိုင်ရမှာပဲ.. အား”

ဆူဇီမိုသည်လည်း ဤအရာကို သတိထားမိပါ၏။

ယခုအခါတွင် သူ၏ သားရဲကျင့်စဉ်ကို စွန့်လွှတ်လိုက်ခြင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုကျင့်ကြံခြင်းနည်းစနစ်က သူ့အတွက် အဓိပ္ပါယ်များစွာရှိ၏။

ထိုအရာသည် သူ့ဘဝကို ပြောင်းလဲပေးလိုက်သော နည်းစနစ်ဖြစ်၏။ တိတိကျကျပြောရလျှင် သူနှင့် ပတ်သတ်ဆက်နွယ်နေသော လူများစွာ၏ ကံကြမ္မာကိုပါ ပြောင်းလဲပေးနိုင်ခဲ့၏။

ထိုထက်ပိုအရေးပါသည်မှာ တျဲယွဲ့က ထိုအရာအား သူ့ကို ကိုယ်တိုင်သင်ကြားပေးခဲ့၏။

တျဲယွဲ့အကြောင်းစဉ်းစားလိုက်မိသောအခါ ဆူဇီမိုသည် သူမကို သူရှေ့ရှိ အနီရောင်ဆံပင်နှင့် လှပနေသော အမျိုးသမီးနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။

တျဲယွဲ့သည်လည်း သားရဲမျိုးနွယ်ပင် ဖြစ်ရပေမည်။

သူတို့နှစ်ယောက်စလုံးကို လူသားအသွင်ကို ဖန်ဆင်းနိုင်စွမ်းရှိသော်လည်း မည်သူ၏ ကျင့်ကြံမှုအဆင့်က ပိုမြင့်သလဲဆိုတာ ဆူဇီမို မသိပေ။

“စီနီယာ.. လူတစ်ယောက်က စိတ်ဝိညာဉ်ရင်းမြစ်မပါဘဲ မွေးဖွားလာခဲ့မယ်ဆိုရင်.. ခင်‌ဗျားအနေနဲ့ သူ့ကိုယ်ထဲမှာ စိတ်ဝိညာဉ်မျိုးစေ့တစ်ခု ချပေးနိုင်လား” ဆူဇီမိုသည် တိုက်ရိုက်မမေးဘဲ သွယ်ဝိုက်မေးခွန်းတစ်ခုဖြင့် အကဲစမ်းကြည့်လိုက်၏။

“စိတ်ဝိညာဉ်ရင်းမြစ်ကို မွေးစေ့ချဖို့လား”

အနီရောင်ဆံပင်နှင့် အမျိုးသမီးက ပြုံးလိုက်၏။

“အဲ့ဒါက ငါမှ မဟုတ်ဘူး.. ထျန်ဟွမ်ကမ္ဘာကြီးတစ်ခုလုံးမှာတောင် အဲ့လိုလုပ်နိုင်တဲ့သူ ဘယ်သူ့မှ မရှိဘူး.. စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာ လူတစ်‌ယောက်နဲ့အတူ မွေးဖွားလာတတ်တဲ့အရာပဲ.. မင်းမှာ အဲ့ဒါရှိရင်ရှိတယ်ပေါ့.. မရှိဘူးဆိုလဲ မရှိဘူးပေ့ါ.. စိတ်ဝိညာဉ်ရင်းမြစ်ပါလာ၊ မလာဆိုတာ မင်းရဲ့ အရင်ဘဝက အတိတ်ကံအပေါ်မှာ မူတည်တယ်.. တစ်စုံတစ်ယောက်ကိုယ်ထဲကို စိတ်ဝိညာဉ်ရင်းမြစ်ထည့်ပေးဖို့ဆိုတာ.. အဲ့ဒါက ကောင်းကင်ကို ဖီဆန်ပြီးတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးချင်နေတာနဲ့ တူနေမှာပေါ့.. ဒီကမ္ဘာမှာ ဘယ်သူကများ အခြားလူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါ့မလဲ”

အနီရောင်ဆံပင်နှင့် အမျိုးသမီးက ထပ်မံလှောင်ရယ်လိုက်၏။

“ပကတိ စွမ်းအားအကြီးဆုံး အင်မော်တယ်တောင် အဲ့ဒါကို မလုပ်နိုင်ဘူး”

All Chapters