ဆက်ခံသူဆိုတာ
Vol. 19 Ch. 283
“ ဖမ်းဆီးကြမယ်ပေါ့ ”
ဝတ်စုံနက်မိန်းကလေးက တဟားဟား ရယ်မောလိုက်သည်။ သို့သော် ထိုရယ်မောသံ ထွက်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ မရေမတွက်နိုင်သော ချောင်ကြိုချောင်ကြားများမှ အသံများ သံပြိုင်ထွက်လာသည်။
“ အမိန့်ကို နာခံပါတယ် ”
ထိုအသံများ ဟိန်းထွက်လာပြီးနောက် နေရာအသီးသီးမှ လူရိပ်များ ပြေးထွက်လာကြသည်။ စုစုပေါင်း လူတစ်ထောင်ကျော်ရှိပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။
“ ဘာမှမဟုတ်တဲ့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေကများ ရာရာစစ ငါ့ကို တားဆီးချင်နေတယ်ပေါ့။ ဖြုံသွားအောင် နည်းနည်းလောက် သတ်ပြရတော့မှာပဲ ”
ဝတ်စုံနက်မိန်းကလေး၏ မျက်လုံးများထဲ လူသတ်ချင်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမ၏ကိုယ်ထဲမှ သက်စောင့်မီးလုံးသုံးလုံး ချက်ချင်း တောက်လောင်လာပြီး ကောင်းကင်ယံသို့တိုင်အောင် အလင်းများ ဖြာထွက်သွားသည်။ သူမ၏ အမြန်နှုန်းသည်လည်း တမုဟုတ်ချင်း မြင့်တက်သွားပြီး လေထဲသို့ ပျံတက်သွားကာ ပြေးထွက်လာကြသော လူဆိုးထိန်းဌာနမှ ဂိုဏ်းသားများထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ရွှီချင်းသည် အေးတိအေးစက် လှမ်းကြည့်လိုက်ပြီး ဂိုဏ်းတံဆိပ်ပြားကို မြှောက်လိုက်သည်။
“ တခြားဒေသက ကျင့်ကြံသူတွေကို ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ ပျံသန်းလို့မရအောင် ဂိုဏ်းရဲ့မန္တန်အစီအရင်ကြီးကို ဒီနေရာကို ချုပ်နှောင်ပေးဖို့ လူဆိုးထိန်းဌာနရဲ့ လက်ထောက်ဌာနမှူးဖြစ်တဲ့ ကျွန်တော်ရွှီချင်း တောင်းဆိုပါတယ် ”
ရွှီချင်း၏ စကားဆံးုသွားသောအခါ အရပ်မျက်နှာအနှံ့မှ ခေါင်းလောင်းသံများ တဒေါင်ဒေါင် လွင့်ပျံလာသည်။ ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး ဤနေရာကို ပိတ်လှောင်လိုက်ရာ လေပေါ် ပျံနေသည့်ဝတ်စုံနက်မိန်းကလေးမှာ မျက်နှာပျက်သွားသည်။
ဘုန်း …
သူမ၏ခန္ဓာကိုယ်ကို ကြီးမားသော အားတစ်ခုဖြင့် မြေပြင်ပေါ်သို့ အတင်းအကြပ် ဖိနှိပ်ခြင်း ခံလိုက်ရသည်။ ထိုအားကြီးကြောင့် လေပေါ်သို့ ပျံတက်ရန် အလွန်ခက်ခဲသွားရပြီး သူမ၏ကိုယ်ထဲရှိ သက်စောင့်မီးတောက်များသည်ပင် ယိမ်းခါလာသည်။
“ အတင့်ရဲလှချည်လား ”
မိန်းကလေးမှာ ဖိနှိပ်ခံထားရပါသော်လည်း မျက်လုံးများထဲမှ လူသတ်ချင်စိတ်မှာ လျော့မသွားဘဲ တိုး၍သာ လာနေပြီး ဒေါသတကြီး အော်ဟစ်နေသည်။
ရွှီချင်း လိမ်ပြောခြင်း မဟုတ်ပေ။ အစောပိုင်းက ထိုမိန်းကလေး မောက်မာဝင့်ကြွားစွာ ပြုမူနေသည်ကို တစ်ယောက်မှ မဟန့်တားခဲ့ကြသည်မှာ ချီရွှဲ့ထုံဂိုဏ်း၏ အမိန့်ဥပဒေများက အလွန် တင်းကြပ်သောကြောင့် ဖြစ်သည်။ ထိန်းမနိုင်သိမ်းမရ အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့သလောက်ပင်။ အဆင့်နိမ့်ဌာနများက ကိစ္စတစ်ခုခုကို မဖြေရှင်းနိုင်၍ အထက်သို့ မတင်ပြမချင်း အဆင့်မြင့်ဌာနများက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
ရံဖန်ရံခါ ချွင်းချက်များမှလွဲ၍ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးကို ထိုစည်းမျဉ်းစနစ်အား အခြေခံ၍ လည်ပတ်ထားခြင်း ဖြစ်သည်။
“ ဒီနေရာမှာ မျက်နှာစိမ်းကျင့်ကြံသူတွေကို သက်စောင့်မီးလုံးနှစ်လုံး ထွန်းခွင့်မပြုဘူး ”
ရွှီချင်းသည် ဒေါသအမျက်ချောင်းချောင်းထွက်နေသော မိန်းကလေးကို အေးတိအေးစက် ကြည့်လိုက်သည်။ လူဆိုးထိန်းဌာန၏ အခွင့်အာဏာ၊ ဆက်ခံသူတစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်တို့နှင့်အတူ သူသည် ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားဟန်တူသည်။
ယခုလို သူ လုပ်နေရသည့်အကြောင်းရင်းမှာ ဤနေရာကို အာရုံစိုက်နေသည့် အကြည့်ပေါင်းများစွာကို သူ အာရုံရနေသောကြောင့် ဖြစ်သည်။ တိုက်ခိုက်ရင်း သူ့လျှို့ဝှက်ချက်များကို ထုတ်မပြချင်ပေ။
သူ့အသံ ဟိန်းထွက်သွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီး ချက်ချင်း တဝုန်းဝုန်း မြည်ဟည်းလာပြီး မမြင်နိုင်သော အားတစ်ခုက ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ကို လွှမ်းခြုံသွားပြန်သည်။ ဝတ်စုံနက်မိန်းကလေးမှာ တတိယမြောက်သက်စောင့်မီးလုံး ချက်ချင်း ငြိမ်းသွား၍ ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။
ဒုတိယမြောက်သက်စောင့်မီးလုံးသည်လည်း အတင်းအကြပ် ငြှိမ်းသက်ခြင်း ခံလိုက်ရသည်။
သက်စောင့်မီးလုံးတစ်လုံးတည်းသာ တဟုန်းဟုန်း တောက်လောင်နေသည်။ ထိုကဲ့သို့ ဖိနှိပ်ခံလိုက်ရခြင်းကြောင့် ဝတ်စုံနက်မိန်းကလေးမှာ တန်ပြန်ဒဏ်ခံလိုက်ရပြီး သွေးတစ်ပွက်အန်သွားသည်။ သို့သော်လည်း နဖူးကြောကြီးများ ထောင်ထနေဆဲဖြစ်ပြီး မျက်လုံးများထဲတွင် လူသတ်ချင်သည့်အရိပ်အယောင်များ ရှိနေဆဲပင်။
သူမက အရူးအမူး ရုန်းကန်လိုက်သည်။
ထိုအချိန်၌ ရွှီချင်း လှုပ်ရှားလိုက်လေသည်။ သက်စောင့်မီးအိမ်ကို အရိပ်ဖြင့် ဖုံးကွယ်လိုက်ပြီး သူက သက်စောင့်မီးလုံးနှစ်လုံးကို ထွန်းညှိကာ အရှိန်တင်လိုက်သည်။ မိန်းကလေး၏ရှေ့သို့ တမုဟုတ်ချင်း သူ ရောက်သွားပြီး ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်သည်။
မိန်းကလေး၏ ညာဖက်ပါးပြင် ယောင်ကိုင်းသွားပြီး သွားများစွာ ကျွတ်ကျကာ သွေးအများအပြား အန်ထုတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည်လည်း ဘေးရှိ အဆောက်အအုံကို ဝင်ဆောင့်သွားသည်။
ရွှီချင်းက ရှေ့တစ်လှမ်း တိုးလိုက်ရာ ချက်ချင်းပင် မိန်းကလေး၏ ရှေ့သို့ ရောက်သွားပြီး သူမ၏ကိုယ်ပေါ် နင်းလိုက်သည်။
မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ဆွဲပြားမှာ ဖျတ်ခနဲ ဝင်းလက်သွားပြီး အကာအကွယ်အလွှာပေါ်လာကာ ရွှီချင်း၏ ညာခြေကို တားဆီးလိုက်သည်။
မိန်းကလေးမှာမူ ထိုအခြေအနေကို အခွင့်အရေးယူ၍ ခပ်လှမ်းလှမ်းသို့ အလျင်အမြန် တွားသွားလိုက်သည်။ သူမ၏ မျက်နှာမှာ ကြောက်စရာကောင်းနေပြီး မျက်လုံးများက ရူးသွပ်ခြင်းများဖြင့် ပြည့်နေသည်။ သူမက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ဆွဲပြားကို ဖျက်ဆီးလိုက်သည်။
“ မျက်နှာစိမ်းကျင့်ကြံသူတွေ ဘာဓမ္မအသုံးအဆောင်နဲ့ ဓမ္မရတနာကိုမှ အသုံးပြုခွင့်မရှိဘူး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး မန္တန်အစီအရင်ကြီး ထပ်မံဆင်းသက်လာသည်။
မိန်းကလေး၏ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာ ပျက်စီးသွားသည်။ သူမ၏ကိုယ်မှ သွေးများ ဖွာခနဲ ပန်းထွက်လာပြီး သူမသည် အော်ဟစ်ညည်းညူလိုက်ရင်း ရွှီချင်းကို မမှိတ်မသုန် ကြည့်လိုက်သည်။
“ နင် အစွမ်းရှိရင် ကောင်းကောင်း တိုက်ခိုက်လေ ”
“ အရူးမ ”
ရွှီချင်းသည် ဝတ်စုံနက်မိန်းကလေးရှေ့သို့ တမုဟုတ်ချင်း ရောက်သွားသည်။ နောက်ထပ်ပါးရိုက်ချက်နှင့်အတူ ထိုမိန်းကလေး လွင့်သွားပြန်သည်။ သူမ၏သွားအများအပြား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူမသည် မြေပြင်ပေါ်သို့ ရောက်သည်နှင့် ကျောက်စိမ်းပေလွှာကို ထုတ်၍ ဖျက်ဆီးလိုက်သည်။ ရုတ်တရက် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ဖြာထွက်လာသည်။
“ မျက်နှာစိမ်းကျင့်ကြံသူတွေ တည်နေရာရွှေ့ပြောင်းခြင်းကို တားမြစ်တယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင် ထပ်မံအသက်ဝင်လာပြီး တည်နေရာရွှေ့ပြောင်းသည့် အရိပ်အခြေအားလုံးကို ဖျက်ဆီးလိုက်သည်။ ဝတ်စုံနက်မိန်းကလေးမှာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေပြီး ရန်တွေ့ရန် ပြင်လိုက်စဉ်မှာပင် ရွှီချင်းသည် သူမရှေ့သို့ ရိပ်ခနဲ ရောက်လာပြီး ပါးရိုက်လိုက်ပြန်သည်။
ဝတ်စုံနက်မိန်းကလေးမှာ သွေးများ ပို၍ အန်လာပြီး တစ်ကိုယ်လုံး တုန်ရီလာသည်။ သို့သော် ကြောက်စရာကောင်းသော အမူအရာဖြင့် ရှိနေဆဲဖြစ်ပြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေဆဲပင်။ သူမသည် အသက်သေသွားသည့်တိုင်အောင် ဦးညွှတ်မည် မဟုတ်ပေ။
ရွှီချင်းသည် မိန်းကလေးကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ သူ့စည်းမျဉ်းက သူ့အသက်ကို ခြိမ်းခြောက်လာသည့်အရာမှန်သမျှ လက်စတုံးပစ်ရန် ဖြစ်ပါသော်လည်း သူက အရူးတစ်ယောက် မဟုတ်ပေ။
လူများစွာ ရှေ့တွင် သတ်ဖြတ်လိုက်ပြီး ဒုက္ခများကို ဖိတ်ခေါ်လိုက်သည်မှာ စည်းမျဉ်းမဟုတ်ပေ။ အသိဉာဏ်ကင်းမဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် လူသတ်ချင်စိတ်များကို သူ ချုပ်တည်းထားပြီး မိန်းကလေးကို ပါးရိုက်လိုက်ပြန်သည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ မိန်းကလေးမှာ သွေးများ ထပ်မံပန်းထွက်သွားပြီး သူမ၏ကိုယ်ထဲမှ တစ်လုံးတည်းကျန်သော သက်စောင့်မီးလုံး ငြိမ်းသက်သွားသည်။ ထို့နောက် ပင်းထန်သော ဒဏ်ရာများကြောင့် သတိလစ်သွား၏။
သူမ၏ဒဏ်ရာများသည် အစောပိုင်းက သူမ သတိလစ်အောင် တိုက်ခိုက်ခဲ့သည့် ဂိုဏ်းသားများ၏ ဒဏ်ရာအဆင့်နှင့် တူညီသည်။
ယင်းနောက် ရွှီချင်းသည် မတ်တတ်ရပ်၍ မိန်းကလေး၏ ဆံပင်ကို ဆွဲလိုက်ပြီး ခေါင်းလှည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဓမ္မအချုပ်အနှောင်ကွင်းတွေ ”
ရုတ်တရက် လူဆိုးထိန်းဌာနမှ လူရိပ်ဒါဇင်ကျော် သူ့နောက်သို့ ရောက်လာသည်။ သူတို့က ရွှီချင်းကို လေးစားကြည်ညိုသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့က မိန်းကလေး၏အနီးသို့ ရောက်သွားပြီးနောက် လက်ကောက်ကဲ့သို့ ပစ္စည်းများကို အလျင်အမြန် ထုတ်လိုက်ကြပြီး မိန်းကလေး၏ လက်များပေါ်သို့ ဖိချလိုက်သည်။
မိန်းကလေးမှာ ချက်ချင်း နိုးလာသည်။ သူမက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူမ၏လက်ပေါ်ရှိ ဓမ္မကွင်းများ ချက်ချင်း ပျက်စီးသွားသည်။
မိန်းကလေးက တဟားဟား ရယ်မောလိုက်သည်။
“ ရွှီချင်း၊ ငါ နင့်ကို မှတ်ထားတယ်။ ငါ့ကို ဘယ်သူမှ ဒီလောက်အထိ မလေးမစားမလုပ်ဝံ့ဘူး။ နင်က ပထမဆုံးပဲ ”
မိန်းကလေး၏ စကားဆုံးသည်နှင့် ရွှီချင်းသည် မျက်နှာသေဖြင့် လျှောက်သွားပြီး မိန်းကလေးကို ပါးရိုက်လိုက်ပြန်သည်။
မိန်းကလေး၏ခေါင်းမှာ မြေပြင်နှင့် မိတ်ဆက်သွားပြီး အမှန်တကယ် သတိလစ်သွားတော့သည်။
“ ကွင်းဆယ်ကွင်းသုံးလိုက် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုကွင်းများကို လူဆိုးထိန်းဌာနက မျက်နှာစိမ်းကျင့်ကြံသူများအတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ကွင်းနှစ်ကွင်းက သက်စောင့်မီးလုံးတစ်လုံးကို ဖိနှိပ်နိုင်ပြီး ကွင်းဆယ်ကွင်းက သက်စောင့်မီးလုံးသုံးလုံးကို ချုပ်နှောင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသည်။
ယခင်က လူဆိုးထိန်းဌာန၏ ဌာနမှူးတစ်ယောက်က မျက်နှာစိမ်းကျင့်ကြံသူတစ်ယောက်ကို ထိုကွင်းဖြင့် ချုပ်နှောင်ခဲ့ဖူးသည်။
မကြာခင် သတိလစ်နေသော ဝတ်စုံနက်မိန်းကလေး၏ ခန္ဓာကိုယ်တွင် ကွင်းဆယ်ကွင်း တပ်ဆင်လိုက်ပြီ ဖြစ်သည်။
“ သူ့ကို ရွှမ်ဌာနခွဲဆီပို့လိုက်။ ငါ့အမိန့်မရဘဲ ဘယ်သူမှ သူ့ကို လွှတ်မပေးနဲ့ ”
ရွှီချင်းသည် တည်ငြိမ်နေသည်။ သူ့အသံ လွင့်ပျံသွားပြီးနောက် လူဆိုးထိန်းဌာနမှ ဂိုဏ်းသားများစွာ ရောက်လာကြပြီး မိန်းကလေးကို အဝေးသို့ သယ်သွားရန် ပြင်လိုက်ကြသည်။
ထိုအချိန်၌ အဝေးရှိ ကောင်းကင်ပြင်မှ လေဟုန်ခွင်းသံ ထွက်ပေါ်လာပြီး အသံတစ်သံ လွင့်ပျံလာသည်။
“ ဂိုဏ်းတူမောင်လေးရွှီချင်း၊ ဒီကိစ္စကို ချွင်းချက်အနေနဲ့ ထားပေးလို့ရမလား ”
ရွှီချင်း ခေါင်းမော့ကြည့်လိုက်ရာ ဝေဟင်ပြင်၌ လျင်မြန်စွာ ရောက်လာသော အရပ်ရှည်ရှည်နှင့် ဒုတိယမင်းသမီးကို မြင်လိုက်ရသည်။ သူမ၏ကိုယ်ပေါ်တွင် ချုပ်နှောင်ခံထားရသည့် လက္ခဏာများ ရှိနေဆဲပင်။ ယင်းအချက်အရ အစောပိုင်းက ချုပ်နှောင်ခံထားရသည်ဖြစ်၍ ဝတ်စုံနက်မိန်းကလေးကို သူမ မဟန့်တားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
“ ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်ပြီး မနီးမဝေးရှိ ဟွမ်ရန်ကို ကြည့်လိုက်သည်။
ဟွမ်ရန်က ဒုတိယမင်းသမီးကို ကြည့်ကာ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်မ၊ ရွှီချင်းက ကျနော့်ကို ကူညီနေတာ ”
ဒုတိယမင်းသမီးမှာ တစ်ခုခုပြောချင်နေပါသော်လည်း ချီတုံချတုံဖြစ်သွားသည်။ သူမက ဟွမ်ရန်ကို ကြည့်လိုက်ပြီးနောက် အဝေးသို့ သယ်ဆောင်ခြင်းခံနေရသည့် ဝတ်စုံနက်မိန်းကလေးကို ကြည့်လိုက်သည်။ သူမ ဝေခွဲမရ ဖြစ်နေ၏။
“ မောင်လေးရွှီချင်း … သူ သေသွားရင် ဘိုးဘေး အကြပ်ရိုက်သွားမှာနော် ”
ထိုစကားများထဲတွင် မည်သည့်ခြိမ်းခြောက်သည့်အရိပ်အယောင်မျှ ပါဝင်မနေဘဲ ဝေခွဲမရဖြစ်ခြင်းနှင့် သတိပေးခြင်းတို့သာ ကိန်းအောင်းနေသည်။
“ သူက ဂိုဏ်းစည်းကမ်းတွေကို ဖောက်ခဲ့ပေမဲ့ တစ်ယောက်မှ မသတ်ခဲ့လို့ အသက်သေတဲ့အထိ အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကျဉ်းချတော့ ခံရမှာပါ။ ဒါ ဂိုဏ်းရဲ့စည်းမျဉ်းပါ ”
ရွှီချင်းက ညင်သာစွာ ပြောလိုက်သည်။
ဒုတိယမင်းသမီးက ခေါင်းညိတ်ပြလိုက်သည်။
“ သူ မသေရင် ကိစ္စမရှိပါဘူး။ ငါလည်း သူ့ကြောင့် နည်းနည်းစိတ်ရှုပ်နေရတာ။ ဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ် မောင်လေးရွှီချင်း ”
ထိုသို့ပြောပြီးသည်နှင့် ဒုတိယမင်းသမီးကို ဟွမ်ရန်ကို ကြည့်လိုက်သည်။ သူမက တဖြည်းဖြည်း လျှောက်သွားရင်း အကြည့်က နူးညံ့ပျော့ပျောင်းလာသည်။
သူတို့နှစ်ယောက် အဆင်ပြေသွားသည်ကို မြင်၍ ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး နေရာမှာပင် တိတ်ဆိတ်စွာ ရပ်၍ စောင့်နေသည်။
မကြာခင် ဟွမ်ရန်သည် လက်နှစ်ဖက်ကိုဆုပ်ပြကာ ထွက်သွားသည်။ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လာ၏။
ရွှီချင်းသည် တိတ်တဆိတ် စောင့်နေသည်။ ယခုတစ်ခေါက် သူ လှုပ်ရှားခဲ့ခြင်းမှာ ဟွမ်ရန်ကြောင့်သာမက ထိုဝတ်စုံနက်မိန်းကလေးက သူ့ကို ရန်စခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ ယင်းအပြင် ဆက်ခံသူဆိုသည့်ဂုဏ်ပုဒ်က ချီရွှဲ့ထုံဂိုဏ်းထဲ၌ သူ့အား မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သည်ကိုလည်း သူ မြင်ချင်သည်။
မကြာခင် ဝေဟင်မှ လူတစ်ယောက် လျှောက်လာသည်။ ထိုလူမှာ အပြာရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏ ရွှေအမြုတေအဆင့် အငွေ့အသက်များမှာ အလွန် အားကောင်းသည်။ သူ ရောက်လာသည်နှင့် အရပ်မျက်နှာအနှံ့သို့ ဖိအားများ သက်ရောက်လာသည်။
ရွှီချင်းသည် ခေါင်းငုံ့၍ လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။
“ အကြီးအကဲကို နှုတ်ဆက်ပါတယ် ”
ထိုအဘိုးအိုကို ရွှီချင်းမသိပါသော်လည်း ထိုကဲ့သို့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ထိုကဲ့သို့ ဖိအားကို ထုတ်လွှတ်နေသည့််လူမှာ အကြီးအကဲတစ်ယောက်သာ ဖြစ်ရပေမည်။
အဘိုးအိုသည် လေထဲတွင် ရပ်၍ ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ ပြောလိုက်သည်။
“ ရွှီချင်း … ဆဋ္ဌမမြောက်သခင်ကြီးက ဒီကိစ္စကို မင်း ဘယ်လိုလုပ်မလဲဆိုပြီး ငါ့ကို မေးခိုင်းလိုက်တယ် ”
“ ကျုပ် သူ့ကို သတ်လို့ရလား ”
ရွှီချင်းက မေးလိုက်သည်။
“ မရဘူး။ ဒီမိန်းကလေးက ပြဿနာရှာတယ်ဆိုပေမဲ့ သူ့အပြစ်က သေရလောက်တဲ့အထိ မဟုတ်ဘူး။ ပြီးတော့ သူ့အဘွားကလည်း ဘိုးဘေးနဲ့ ရင်းနှီးတယ် ”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။
“ ဂိုဏ်းရဲ့စည်းမျဉ်းတွေအရ ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ပြီး ကျူးကူဂူထဲမှာ သုံးနှစ် ပိတ်ထားရပါမယ် ”
ဆဋ္ဌမမြောက်တောင်မှ အကြီးအကဲသည် ထိုစကားကို ကြား၍ ပြုံးလိုက်သည်။ ရွှီချင်း၏ ရည်ရွယ်ချက်များကို သူ ကောင်းစွာ မြင်နေပြီး ထိုမိန်းကလေးက အရင်ဆုံး ရန်စခဲ့သည်ကို သူ သိသည်။ ရွှီချင်းသာ ဆက်ခံသူစာရင်းထဲတွင် ပါဝင်မနေပါက သူ ထိုမျှ သဘောကောင်းနေမည် မဟုတ်ပေ။
သို့သော် ဆက်ခံသူစာရင်းထဲ ဝင်ရောက်သွားခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ အနာဂတ်မျိုးစေ့ ဖြစ်သွားပြီဟု အဓိပ္ပာယ်ရသည်။ ထိုကဲ့သို့ လူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ အရှက်ခွဲခွင့်ပြုမည်မဟုတ်ပေ။ အထူးသဖြင့် သူတို့၏ စွမ်းဆောင်မှုများကြောင့် သူတို့ကို ဘိုးဘေးက အလွန် ကျေးဇူးတင်နေသော ယခုလို အခါမျိုးတွင် ဖြစ်သည်။
ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ဖြစ်၍ ဂိုဏ်းထဲရှိ အပြင်လူများမှ ရန်စခြင်းကို ခွင့်မပြုပေ။
“ မင်း သင့်တော်သလို လုပ်လိုက်။ ဒါပေမဲ့ ကျင့်ကြံခြင်းကို မဖျက်ဆီးဖို့တော့ မမေ့နဲ့ ”
ယင်းနောက် ရွှေအမြုတေအဆင့်အကြီးအကဲ လှည့်ထွက်သွားသည်။
ရွှီချင်းသည် လေးစားစွာဖြင့် လက်နှစ်ဖက်ဆုပ်လိုက်သည်။ ထိုအကြီးအကဲထွက်သွားပြီးနောက် သူ၏ဆိပ်ကမ်းသို့ ပြန်လျှောက်လာသည်။ တချိန်တည်းမှာပင် သူ လုပ်ခဲ့သည့်ကိစ္စအပေါ် အကျိုးနှင့်အပြစ် ဆန်းစစ်ကြည့်လိုက်သည်။
ဝတ်စုံနက်မိန်းကလေးကို ပို၍ အမုန်းပွားအောင် လုပ်လိုက်ခြင်းနှင့် ထိုမိန်းကလေး၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်ကို သတိထားမိအောင် လုပ်လိုက်သလို ဖြစ်သွားသည်မှလွဲ၍ တခြားဆိုးကျိုး မရှိပေ။
ထိုအစား သူ အတော်လေး အကျိုးရှိလိုက်သည်။ ဟွမ်ရန်၏ကိစ္စကို ဘေးဖယ်ထားမည်ဆိုပါက အရေးကြီးဆုံးမှာ ချီရွှဲ့ထုံဂိုဏ်းထဲ၌ ဆက်ခံသူတစ်ယောက်၏ တန်ဖိုးကို သူ သိလိုက်ရခြင်း ဖြစ်သည်။
“ ကြည့်ရသလောက် ချီရွှဲ့ထုံဂိုဏ်းက ဆက်ခံသူစာရင်းထဲ ပါတဲ့သူတွေကို သိပ်တန်ဖိုးထားတဲ့ပုံပဲ ”
ရွှီချင်းသည် ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အတွေ့အကြုံများကို ပြန်စဉ်းစားကြည့်လိုက်ပြီး အတွေးများထဲ နစ်မြောသွားသည်။ သတ္တမမြောက်တောင်ပေါ်မှာ သူ့ကို လမ်းပြပေးခဲ့သော ကျန်းယွင်ရှစ် ပြောခဲ့သည့်စကားများကို သူ ပြန်တွေးမိလိုက်သည်။
ထိုအချိန်က သာမန်ဂိုဏ်းသားများမှာ အဆိပ်ကောင်များကို မွေးမြူသကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်မှာ မွေးမြူခြင်းခံရပြီး တောင်ပေါ်ရှိ ဂိုဏ်းသားများမှာ လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ကျန်းယွင်ရှစ်က ပြောခဲ့သည်။
ကြည့်ရသည်မှာ ကျန်းယွင်ရှစ်၏ အဆင့်အတန်းဖြင့် ဆက်ခံသူအကြောင်းကို မသိခြင်း ဖြစ်တန်ရာသည်။ ယခု ရွှီချင်း၏ အမြင်အရ ဆက်ခံသူသည် ချီရွှဲ့ထုံဂိုဏ်း၏ အစစ်အမှန်ဂိုဏ်းသားတစ်ယောက်နှင့် ဆင်တူသည်။
“ ဂိုဏ်းကို သစ္စာဖောက်သလိုမျိုး လုပ်ရပ်တွေ ငါ မလုပ်သေးသရွေ့ ဂိုဏ်းထဲမှာ ငါ ဘေးကင်းတယ် ”
ရွှီချင်း ရေရွတ်လိုက်သည်။ တချိန်တည်းမှာပင် ဆက်ခံသူဖြစ်ရခြင်း၏ အားနည်းချက်ကိုလည်း သူ နားလည်လိုက်သည်။ ထိုအားနည်းချက်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် သူ၏ ဆက်နွှယ်မှုက အလွန် နက်ရှိုင်းလာခြင်း ဖြစ်သည်။
ယင်းသည် စိတ်ခံစားချက်ဖြင့် ချည်နှောင်ထားခြင်းမဟုတ်ဘဲ ဂုဏ်အဆင့်အတန်း၊ အပြင်လူများ၏ အမြင်တို့ဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။