နောက်ထပ်ရာထူးတိုးခြင်း ( ၂ )
Vol. 19 Ch. 285
ကျန်းစန်း ကြားသောအခါ သက်ပြင်းရှိုက်လိုက်သည်။ ရွှီချင်းက ယခင်နှင့် မတူတော့ကြောင်း ခံစားလိုက်ရပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို ရင်ဆိုင်ရန် ရွှီချင်းမှာ အမှန်တကယ် တွေးနေခြင်း ဖြစ်သည်။ ရွှီချင်း၏အဆိပ်ကို ထပ်တွေးမိသောအခါ သူ အလိုလို နောက်ဆုတ်သွားသည်။
ခေါင်းဆောင်သည်လည်း မျက်လုံးများ ပြူးကျယ်သွားသည်။ ရွှီချင်း၏ စကားလုံးများက အလွန် အေးစက်ပြီး စိုးရိမ်ပူပန်နေသည့်အရိပ်အငွေ့များ ရှိမနေသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုကို သူ မှတ်မိလိုက်ပြီး ခြောက်ကပ်ကပ်ချောင်းဟန့်၍ ဆေးလုံးတစ်လုံးကို ထုတ်၍ စိုးရိမ်တကြီး မျိုချလိုက်သည်။
“ ဖြည်းဖြည်းချင်း လေ့လာကြည့်လို့ရပါတယ်ကွ။ ငါ စီးပွားရေးကိစ္စလေး ပြောဦးမယ်။ အခု ငါက အသိဉာဏ်ဌာနရဲ့ ဌာနမှူးတစ်ယောက်ဖြစ်လာသလို ရွှီချင်းကလည်း လူဆိုးထိန်းဌာနရဲ့ ဌာနမှူးတစ်ယောက် ဖြစ်နေပြီ။ အဲဒီဌာနနှစ်ခုက အရင်တုန်းက ဘာမှအထိအတွေ့အဆက်အဆံမရှိပေမဲ့ အခု ငါတို့က တစ်မိသားစုတည်းတွေပဲ ”
“ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်။ အဲဒီဌာနနှစ်ခုက ငါတို့အုပ်ချုပ်မှုအောက်မှာ ရှိတော့ အောင်မြင်မှုနည်းနည်းပါးပါး တည်ဆောက်ရမယ်။ အဲဒီဌာနနှစ်ခုနဲ့ သတ္တမမြောက်တောင်ထိပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင်လုပ်ပြီး စစ်ပွဲမပြီးခင် တောင်သခင်တစ်ယောက်ရဲ့ အာဏာမျိုး ခံစားကြမယ် ”
“ ဒါဆိုရင် စစ်ပွဲကြီးပြီးလို့ အဘိုးကြီးနဲ့ တခြားသူတွေ ပြန်ရောက်လာခဲ့ရင်တောင် ခဏလောက် ငါတို့ကို ဘာမှလုပ်နိုင်ဦးမှာ မဟုတ်ဘူး။ အဲဒါက နောင်ကျရင် ကိစ္စကြီးတွေလုပ်တဲ့အခါ ပိုလွယ်သွားမှာပဲ ”
ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ ခေါင်းဆောင် … ကျနော် အဆိပ်အကြောင်း လေ့လာချင်လို့ ခဏလောက် အခန်းပိတ်ကျင့်ကြံချင်တယ် ”
“ အဆိပ်အကြောင်းလေ့လာဖို့ မင်း ပိုက်ဆံလိုနေတယ်မလား ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။
“ အခု ကျွန်တော့်မှာ အလုံအလောက်ရှိတယ် ”
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။
“ စမ်းသပ်ဖို့ လူကော လိုတယ်မလား။ အဆိပ်ကို စမ်းချင်ရင်တော့ မင်း လူရှာရမှာပဲ။ ဟုတ်တယ်ဟုတ် ”
ခေါင်းဆောင်က အလျော့မပေးဘဲ ပန်းသီးကို စားရင်း ပြောလိုက်သည်။
“ အခု ကျွန်တော့်မှာ အလုံအလောက် ရှိနေပါပြီ ”
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။
ခေါင်းဆောင်မှာ အနည်းငယ် စိတ်ပျက်သွားသည်။ ရွှီချင်းကို အလွယ်တကူ အရူးလုပ်၍ မရတော့ကြောင်း သူ ခံစားလိုက်ရသည်။ ဂိုဏ်းသို့ စရောက်သည့်အချိန်က သူ လုပ်ချင်ကလို အရူးလုပ်၍ ရနိုင်ခဲ့သည့်ရွှီချင်း မဟုတ်တော့ပေ။
သူ့စိတ်ထဲ အတွေးပေါင်းသောင်းခြောက်ထောင် ပေါ်လာသည်။ ရွှီချင်းကို သူ့အစီအစဉ်ထဲ မည်သို့ ဆွဲသွင်းရမည်ကို စဉ်းစားတွေးတောနေစဉ် ရွှီချင်း၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ ပိုးကောင်နက်လေးများကို ဖော်စပ်ရာတွင် အဓိကအချက်ကို သူ တွေးမိလိုက်ပြီး ဆတ်ခနဲ ထရပ်လိုက်သည်။
“ ခေါင်းဆောင်၊ အစ်ကိုကြီးကျန်းစန်း၊ ကျနော် သွားလိုက်ဦးမယ်။ ကျနော်တို့ အားရင် ထပ်ဆုံတာပေါ့ ”
ရွှီချင်းသည် လက်နှစ်ဖက်ဆုပ်၍ သူ့မှော်သင်္ဘောဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ အခန်းထဲသို့ ဝင်ပြီးနောက် အကာအကွယ်အလွှာကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး ဆေးပင်အများအပြားကို ထုတ်လိုက်သည်။ ပြီးသည်နှင့် ပိုးကောင်နက်များစွာ ထည့်ထားသော ပုလင်းကို ထုတ်လိုက်ပြီး သူ တွေးမိသည့်ဆေးညွှန်းနှင့် ၎င်းတို့ကို ရောစပ်လိုက်သည်။
မှော်သင်္ဘောအပြင်ဘက်တွင် ကျန်းစန်းနှင့် ခေါင်းဆောင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ခေါင်းဆောင်၊ ကျုပ်တို့ ဒီနေရာကနေ ထွက်သွားကြတော့မလား။ ဒီနေရာက နည်းနည်း မလုံခြုံတော့သလို ကျုပ် ခံစားနေရတယ် ”
ကျန်းစန်းက ချီတုံချတုံဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ ဘာကို တွေးကြောက်နေတာတုံး။ ငါ … ”
ခေါင်းဆောင် ပြောလိုက်သည့်အချိန်မှာပင် ရွှီချင်း၏မှော်သင်္ဘောဆီမှ ဝုန်းခနဲ မြည်ဟည်းသံ လွင့်ပျံလာပြီး အထဲမှ အဆိပ်မြူများ တဟုန်းဟုန်း ထွက်လာသည်။ ကံကောင်းထောက်မ၍ အကာအကွယ်အလွှာက တားဆီးထားသောကြောင့် အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်း မရှိပေ။
ခေါင်းဆောင်သည် အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ထရပ်ကာ တဟားဟား ရယ်မောလိုက်သည်။
“ ကျန်းစန်း သွားကြမယ်။ မင်းရဲ့ သယ်ယူပို့ဆောင်ရေးဌာနကို ငါ မရောက်တာကြာပြီ။ မင်းဆီမှာ ဆက်သောက်ကြတာပေါ့ ”
ကျန်းစန်းသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး နှစ်ယောက်သား ခပ်သုတ်သုတ်ဖြင့် ထွက်သွားကြသည်။
သူတို့ ထွက်သွားပြီး မရှေးမနှောင်းမှာပင်။ ရွှီချင်း၏အခန်းထဲမှ တဝုန်းဝုန်းမြည်သံများ လွင့်ပျံလာသည်။
ရွှီချင်းသည် အမှန်ပင် ပိုးကောင်နက်များအား အသုံးချရမည့်နည်းကို လေ့လာနေခြင်းဖြစ်သည်။ ယင်းသည် ယခု သူ့မှာ ရှိသည့် တစ်ခုတည်းသော ရွှေအမြုတေအဆင့်အစွမ်းနှင့် ပစ္စည်းဖြစ်သည်။ မူလက ယင်းကို ဝှက်ဖဲအဖြစ် အသုံးချရန် စီစဉ်ထားပါသော်လည်း ဝတ်စုံနက်မိန်းကလေးနှင့် ဖြစ်ရပ်တွင် သူ့ကို စိတ်ပျက်သွးာစေခဲ့သည်။
ညတစ်ည ကုန်လွန်သွားသည်။ သူသည် တစ်ညလုံး အပင်များနှင့် အဆိပ်များကို သုံး၍ ပိုးကောင်နက်များ၏ အစွမ်းအပြည့်အဝကို ထုတ်သုံးနိုင်ရန် ကြိုးစားစမ်းသပ်နေခဲ့သည်။
သို့သော်လည်း သူ ကျရှုံးခဲ့ရသည်။ ရွှေအမြုတေအဆင့်ရေဘဝဲကြီး၏ အသားပိုင်းသည်သာ ပိုးကောင်နက်များကို အတော်လေး အစွမ်းထက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
“ ဒါပေမဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အသွေးအသားနဲ့မှ သုံးလို့ရရင် ဒီအဆိပ်ပိုးကောင်တွေက ဘာအသုံးဝင်တော့မှာလဲ။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်မယူနိုင်ဘဲ ရွှေအမြုတေအဆင့်ကျင့်ကြံသူရဲ့ အသွေးအသားကို ကျွေးနေရတာ မဟုတ်သေးဘူး။ အဲဒါကို ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို ချောက်ချားသွားစေနိုင်မဲ့ ဝှက်ဖဲအနေနဲ့ ငါ သုံးချင်တာ။ ငါ မှန်ကန်တဲ့နည်းလမ်းမတွေ့သေးတာလည်း ဖြစ်လောက်မှာပါ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဘေးမှ ဆေးကျမ်းကို ထုတ်လိုက်သည်။ ထိုဆေးကျမ်းသည် သမားတော်ကြီးပိုင် ထွက်မသွားခင် သူ့ကို ပေးခဲ့သည့် ဆေးကျမ်းဖြစ်သည်။
ရွှီချင်းသည် ထိုဆေးကျမ်းကို အမြဲတန်ဖိုးထားခဲ့ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်လောက် ဖတ်ရှုခဲ့ပြီး ဖြစ်သည်။ ဆေးကျမ်းထဲရှိ စာရွက်များအားလုံး ကြိမ်ဖန်များစွာ အသုံးပြု၍ နွမ်းကြေနေပေရာ သူသည် အသုံးပြုသည့်အခါတိုင်း အလွန် ဂရုစိုက်သည်။
ယင်းသည် သမားတော်ကြီးပိုင် ချန်ထားခဲ့သည့် လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်က သမားတော်ကြီးပိုင်အပေါ် ရွှီချင်း၏ ကျေးဇူးတင်ခြင်းကိုလည်း ဆောင်ကြဉ်းပေးသည်။
သမားတော်ကြီးပိုင်ကို သူ၏ပထမဆုံးလက်ဦးဆရာအဖြစ် ဆိုနိုင်သည်။ အဆိပ်တာအို၌ စဉ်ဆက်မပြတ် တိုးတက်လာခြင်းနှင့် အပင်နှင့်အသီးအရွက်တာအိုကို ဉာဏ်အလင်းပွင့်ခဲ့ရာတွင် သမားတော်ကြီးပိုင်က အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သမားတော်ကြီးပိုင်သာမရှိခဲ့လျှင် ရွှီချင်းသည် အပင်နှင့်အသီးအရွက်အကြောင်းကို နကန်းတစ်လုံးမှ သိမည်မဟုတ်သလို အဆိပ်တာအိုသည်လည်း သူ၏ အရေးပါသောနည်းလမ်းတစ်ခု ဖြစ်လာမည် မဟုတ်ပေ။
“ သမားတော်ကြီးပိုင် ဘယ်လိုနေလဲ မသိဘူး ”
ရွှီချင်းသည် သက်ပြင်းရှည်ကြီးချလိုက်၏။ အခြေတည်အဆင့်သို့ ရောက်ပြီးနောက် သမားတော်ကြီးပိုင်အကြောင်းကို သူ စုံစမ်းမေးမြန်းခဲ့သည်။ သို့သော် သမားတော်ကြီးပိုင်က အချိန်တိုင်း နေရာအနှံ့ သွားလာနေတတ်ပြီး ကျစ်ထူကို ပြန်လာသည့်အချိန်မှာ အလွန် တိုတောင်းသည်။
ရွှီချင်းသည် သူ့အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆေးကျမ်းကို အသာဖွင့်၍ သူ့အတွေးများကို ယောက်ယက်ခတ်သွားစေနိုင်သည့် သဲလွန်စများကို ရှာဖွေလိုက်သည်။
“ ပိုးမွှားတာအိုနဲ့ ဆေးတာအိုက မတူသလိုရှိပေမဲ့ ပင်ကိုယ်အရည်အသွေးတွေက ဆင်တူတယ်လို့ သမားတော်ကြီးပိုင် တစ်ခါ ပြောခဲ့ဖူးတယ်။ အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ပေါင်းစပ်အသုံးပြုလို့ရတယ် ”
ရွှီချင်း ငြိမ်သက်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်က စာအုပ်ထဲရှိ ဆေးစာအုပ်၏ ဖော်ပြချက်အပေါ် ရောက်သွားသည်။
“ စတုတ္ထမြောက်ညဉ့်သစ်ခွ ”
ရွှီချင်း၏ မျက်နှာတွင် လေးလေးနက်နက်စဉ်းစားတွေးတောနေသည့်အမူအရာတစ်ခု ပေါ်လာသည်။ ယင်းသည် ကျင့်ကြံသူများအတွက် အသုံးမဝင်ဘဲ ရက်စက်ကြမ်းကြုတ်သောသားရဲများ ကြိုက်နှစ်သက်သည့်ဆေးပင်ဖြစ်သည်။ စိတ်အားတက်ကြွခြင်းမရှိသော သားရဲများ ထိုအပင်ကို စားလိုက်ပါက ဉာဏ်ကောင်းလာသည်။ ယင်းသည် အသွင်ပြောင်းဆေးဖော်စပ်ရာတွင် အရေးပါသော အခြေခံပစ္စည်းတစ်မျိုး ဖြစ်သည်။
“ ငါ ကြိုးစားကြည့်မယ် ”
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး မှော်သင်္ဘောထဲမှ ထွက်လာကာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ဆေးဆိုင်သို့ ဦးတည်သွားလိုက်သည်။ သူ ရောက်လာသည့်အတွက်ကြောင့် ဆိုင်ထဲရှိ လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဆိုင်ရှင်က ရွှီချင်း၏ တောင်းဆိုချက်ကို ကြားသောအခါ ချက်ချင်းပင် ပြင်ဆင်ပေးလိုက်သည်။
မကြာခင် ရွှီချင်းသည် သိုလှောင်အိတ်တစ်အိတ်နှင့်အတူ ထွက်လာသည်။ သူ့မျက်လုံးများထဲတွင် နာကျင်နေသည့်အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။
“ ဒါက ဘာလို့ ဒီလောက်ဈေးကြီးနေရတာတုံး ”
ထိုသိုလှောင်အိတ်ထဲတွင် စတုတ္ထမြောက် ညဉ့်သစ်ခွပင်သာမက သားရဲများကို မွေးမြူခြင်းနှင့် ဆက်စပ်နေသည့် ဈေးတွင်ဝယ်၍ ရသမျှ ဆေးပင်အားလုံးနှင့် အဆိပ်မြက်ပင်များလည်း ရှိသည်။
တချို့ဆေးပင်များက ဈေးဆိုကြီး တချို့ဆေးပင်များက ဈေးခေါင်ခိုက်နေသည်။
သို့သော်လည်း ယခုတွင် ထိုအကြောင်းကို ဂရုမစိုက်နေတော့ပေ။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် နည်းလမ်းတစ်ခု သူ့မှာ ရှိနေပြီဟု သူ ခံစားနေရသည်။ ထို့ကြောင့် မှော်သင်္ဘောဆီသို့ ပြန်ရောက်ပြီးနောက် ထပ်မံ၍ ကြိုးစားလေ့လာလိုက်သည်။
ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားသည်။
ထိုခုနစ်ရက်တာအတောအတွင်း ချီရွှဲ့ထုံဂိုဏ်း၏ သတ္တမမြောက်တောင်ထိပ်ရှိ ဂိုဏ်းသားအားလုံး ကျီးလန့်စာစားဖြစ်နေကြသည်။ အသိဉာဏ်ဌာန၏ ဌာနမှူးအသစ်ဖြစ်သော ချန်အားညိုက ရုံးခန်းကို တာဝန်ယူပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ သစ္စာဖောက်များကို ဖမ်းဆီးချင်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ကင်းလှည့်ဌာန၏ ပူးပေါင်းပါဝင်ခြင်းနှင့်အတူ ဌာနတိုင်း စစ်ဆေးခံကြရလေသည်။ အခြေတည်အဆင့်ကျင့်ကြံသူများသည်ပင် စစ်ဆေးခံကြရသည်။
အချိန်အတိုင်းအတာတစ်ခုအထိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားအားလုံး၏ အမြင်၌ ခေါင်းဆောင်က ခွေးရူးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူ့အဆင့်အတန်းက မြင့်မားလွန်းနေ၍ ဂိုဏ်းသားများမှာ ခေါင်းငုံ့ကာ ရှာဖွေခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ရွှီချင်းမှာ ထိုခုနစ်အတွင်း မရေမတွက်နိုင်သော ဆေးပင်များကို စမ်းသပ်နေခဲ့သည်။ နောက်ဆုံးတွင် ပိုးကောင်နက်များကို ကြီးထွားစေနိုင်သော ဆေးပင်ခုနစ်ပင်ကို ရှာတွေ့ခဲ့သည်။
သို့သော်လည်း ယင်းမှာ မလုံလောက်သေးပေ။ ထိုပိုးကောင်နက်များကို အမှန်တကယ် မွေးမြူချင်ပြီး ၎င်းတို့ကို ဆက်လက်ကြီးထွားစေမည်ဆိုပါက အသွေးအသားများ လိုအပ်နေသေးသည်ကို သူ သိသည်။
“ ဒါပေမဲ့ ဒီဆေးပင်တွေနဲ့သာဆိုရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေရဲ့ အသွေးအသားကို ငါ မလိုတော့ဘူး ”
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ နေဝင်ရီတရောအချိန်၌ သူသည် ရွှမ်ဌာနခွဲရှိ မြေအောက်အကျဉ်းထောင်သို့ သွားလေသည်။
ခေါင်းဆောင်က အဆိပ်စမ်းသပ်ရန်လူလိုအပ်သလား မေးမြန်းစဉ်အခါက သူ့မှာ အလုံအလောက်ရှိကြောင်း ဖြေခဲ့သည်။ သူ့အတွက် အဆိပ်စမ်းသပ်မည့်သူများမှာ ရွှမ်ဌာနခွဲမှ အကျဉ်းသားများ ဖြစ်ပေသည်။
အကျဉ်းချခံထားရသူအားလုံးနီးပါး မကောင်းမှုများစွာ ကျူးလွန်ခဲ့ကြသည့် ရာဇဝတ်ကောင်များ ဖြစ်ကြသည်။ ထိုအကျဉ်းသားများထဲတွင် ညဉ့်ငှက်အဖွဲ့ဝင်များလည်း ပါသည်။ ထိုအကျဉ်းထောင်၌ အခြေတည်အဆင့်ကျင့်ကြံသူများစွာပင် ရှိသည်။ ထိုအကျဉ်းသားများအနက် အများစုက လူသားမဟုတ်သော မျိုးနွယ်ဝင်များဖြစ်ပြီး လူသားအနည်းအကျဉ်းသာ ရှိသည်။
“ လူဆိုးထိန်းဌာန တည်ထောက်ကတည်းက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်မှ မဖမ်းနိုင်သေးတာ နှမျောစရာပဲ။ နောက်ကျ အခါအခွင့်သင့်ရင် နည်းနည်းလောက် အသက်ရှင်လျက် ဖမ်းဆီးထားရမယ် ”
ရွှီချင်းမှာ အလွန် သဘောကျနေပြီး သူ့စိတ်ထဲ ရဲတင်းသောအတွေးတစ်စ ပေါ်လာသည်။