မိန်းကလေးကို ခြောက်လှန့်ရန် ဆိတ်အား သတ်ခြင်း
Vol. 19 Ch. 286
ထိုအတွေးနှင့်အတူ ရွှီချင်းသည် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ရွှမ်ဌာနခွဲသို့ လျှောက်သွားသည်။
ညသန်းခေါင်ယံသို့ ရောက်နေပြီဖြစ်သည်။ ထိုအတောအတွင်း အသိဉာဏ်ဌာန၏ ရူးသွပ်မှုကြောင့် လူအားလုံး အထိတ်တလန့် ဖြစ်နေကြသည်။ လောင်းကစားရုံများ၏ စီးပွားရေးကိုလည်း ထိခိုက်သွားခဲ့သည်။ လူများမှာ ပျော်ပါးရန် စိတ်မပါကြတော့သည် မဟုတ်ပါလား။
ချီရွှဲ့ထုံဂိုဏ်း၏ စည်းမျဉ်းသတ်မှတ်ထားသည့်နည်းလမ်းက သစ္စာဖောက်များစွာ ပေါ်ပေါက်လာစေခြင်း ဖြစ်သည်။
ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားများကို အဆိပ်ကောင်များကို မွေးသကဲ့သို့ မွေးမြူခဲ့ခြင်းကြောင့် ဂိုဏ်းအပေါ် သံယောဇဉ်မတွယ်တော့သလို ဂိုဏ်းကလည်း ထိုသည်ကို အလိုမရှိပေ။ အရာအားလုံး အကျိုးအမြတ်ပေါ်သာ အခြေခံထားသည်။
ယင်းအပြင် အခြေတည်အဆင့်ကျင့်ကြံသူများကိုလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားသည်။ အခြေတည်အဆင့်ကျင့်ကြံသူများသည် အကျိုးအမြတ်အတွက် သူတို့ သိသည့်သတင်းအချက်အလက်များ ရောင်းချလိုက်ရသည့်အပေါ်မှာလည်း စိတ်ခံစားချက်များ မဖြစ်ပေ။
ထိုသို့ သတင်းအချက်အလက်များ ရောင်းချရာတွင် တန်ကြေးတစ်ခုတော့ ရှိပေသည်။
သို့သော် ထိုကိစ္စများကို ရွှီချင်း စိတ်မဝင်စားပေ။ သူသည် အမှောင်ထုထဲ လျှောက်လာရင်း သူ့နောက်မှ လိုက်ပါနေသော လူအလေးကို ဂရုမထားဘဲ ချောင်ကျသောနေရာများစွာကို ကျော်ဖြတ်လာသည်။
ထိုသို့ဖြင့် ရွှမ်ဌာနခွဲသို့ သူတို့ ရောက်လာကြသည်။
ရွှမ်ဌာန၏ ဝင်ပေါက်၌ အစောင့်အရှောက်ဂိုဏ်းသားနှစ်ယောက်သည် ရွှီချင်းကို မြင်သောအခါ သူတို့မျက်လုံးများထဲ ရူးသွပ်ခြင်းများ ဝင်ရောက်လာသည်။ သူတို့က ခေါင်းများကို ငုံ့လိုက်ကြပြီး ဒူးထောက်လိုက်ကြသည်။
“ ဌာနမှူးကို နှုတ်ဆက်ပါတယ် ”
သူတို့အတွက် ‘ ရွှီချင်း ’ ဆိုသောနာမည်က ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အစက ရွှီချင်းသည်လည်း လူဆိုးထိန်းဌာန၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့သည်။ ထို့နောက် တစ်နှစ်အတွင်း အခြေတည်အဆင့်သို့ ရောက်သွားခဲ့ပြီး လအနည်းငယ်အကြာတွင် သက်စောင့်မီးလုံးတစ်လုံးကို အသက်သွင်းနိုင်ခဲ့ကာ ( ၂ ) နှစ်မပြည့်ခင်မှာပင် သက်စောင့်မီးလုံးနှစ်လုံးပိုင်ရှင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာပင် မိုးမြေတုန်ဟီးစေသော ကိစ္စကြီးတစ်ခု လုပ်ခဲ့သည်။
မကြာသေးခင်က တုံယုံကျွန်း၏ မင်းသမီးလေးကိုလည်း အနိုင်ယူခဲ့သည်။ ယခုအချိန်၌ ထိုမင်းသမီးလေးကို ရွှမ်ဌာနခွဲ၏ အကျဉ်းထောင်တွင် အကျဉ်းချထားဆဲဖြစ်သည်။ ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်းသည် လူဆိုးထိန်းဌာနရှိ မရေမတွက်နိုင်သော ဂိုဏ်းသားများ၏ လေးစားကြည်ညိုရာ ဖြစ်လာသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြကာ ဖြတ်လျှောက်လာသည်။ ရွှမ်ဌာနခွဲသို့ ရောက်ပြီးနောက် အကျဉ်းထောင်သို့ သူ တိုက်ရိုက်သွားလိုက်သည်။
ရွှမ်ဌာနခွဲ၏ အကျဉ်းထောင်ကို မြေအောက်တွင် တည်ဆောက်ထားပြီး အထပ်တစ်ထပ်သာ ရှိသည်။
ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်စေ၊ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်စေ သို့မဟုတ် ထူးခြားသော ကျင့်ကြံသူများဖြစ်စေ အားလုံးကို ပထမထပ်တွင် အကျဉ်းချထားသည်။ ထိုနေရာတွင် သံတိုင်များ ရာချီ၍ ရှိပြီး မန္တန်အစီအရင်အမြောက်အမြားနှင့် အချုပ်ခန်းများစွာ ရှိသည်။
တချိန်တည်းမှာပင် ကြမ်းတမ်းသော ပတ်ဝန်းကျင်အနေအထားအရ ထိုနေရာရှိအနံ့အသက်များမှာ မနှစ်မြို့စရာကောင်းသည်။ ဖုန်နံ့၊ သေးနံ့၊ ချီးနံ့များ ရောနှောသွားသောအခါ မည်သူ့ကိုမဆို ပျို့အန်သွားစေရန် လုံလောက်သည်။
အကျဉ်းသားအများစုက လူသားမဟုတ်သောမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ၎င်းတို့အနက် ရွှီချင်း ဖမ်းခဲ့သူ တစ်ယောက်မှ မပါပေ။
ရွှီချင်းက ခေါင်းများကိုသာ ယူသည့်အတွက်ကြောင့် ဖြစ်သည်။
ရွှီချင်း ရောက်လာခြင်းသည် ထိုလူသားမဟုတ်သောမျိုးနွယ်ဝင်များကို ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရွှီချင်းကို မြင်သောအခါ တချို့က သွားများကို ဖြဲ၍ ရယ်မောလိုက်ကြပြီး တချို့က တံတွေးများဖြင့် ထွေးလိုက်ကြကာ တချို့က အရှက်ကင်းမဲ့ဖွယ် ပုံစံများ လုပ်ပြလိုက်ကြသည်။
သူတို့က အသက်သေသွားမည်ကို မကြောက်ပေ။
ဤနေရာတွင် အကျဉ်းချခံလိုက်ရခြင်းသည် အလင်းရောင်ကို နောက်ထပ်မြင်ခွင့်ရရန် မသေချာတော့သည်ဖြစ်ရာ သေရမည်ကို သူတို့ မကြောက်တော့ပေ။ ထိုအကျဉ်းသားများထံမှ ထူးထူးဆန်းဆန်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ရွှီချင်းသည် ခပ်လှမ်းလှမ်းတစ်နေရာမှ ဝတ်စုံနက်မိန်းကလေး၏ အသံကိုပင် ကြားလိုက်ရသည်။
“ ရွှီချင်း … နင် အသေဆိုးနဲ့ သေမှာ။ ငါ ထွက်လာရင် နင့်ဗိုက်ကို ဖောက်မယ်။ ပြီးရင် နင့်နှလုံးသားကို ထုတ်ပြီး အစိမ်းလိုက်စားပြမယ် ”
ရွှီချင်းသည် ထိုရာဝဇတ်ကောင်များ၏ အမျိုးမျိုးသောအပြုအမူများကို ဂရုမစိုက်ပေ။ သူက လှည့်၍ အပြင်ဘက်တွင် ရပ်နေသော လူအလေးကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ ခဏနေလို့ အထဲက ဘာအသံပဲကြားရကြားရ ဝင်မနှောင့်ယှက်နဲ့ ”
လူအလေးက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ အပြင်ဘက်ရှိ လူဆိုးထိန်းဌာန၏ တခြားအဖွဲ့ဝင်များသည်လည်း လေးနက်သောအမူအရာများဖြင့် ရှိနေကြသည်။
ရွှီချင်းသည် နောက်ထပ်မပြောတော့ဘဲ အကျဉ်းခန်းတံခါးကို ပိတ်လိုက်သည်။
တံခါးပိတ်သွားသည်နှင့် အထဲမှ အော်ဟစ်သံများ ပို၍ပင် ကျယ်လောင်လာသည်။
“ အဲဒါ ယောက်ျားခန္ဓာကိုယ်နဲ့ မိန်းမရုပ်ရည်ရှိတဲ့လူသားမလား။ ဟဲ ဟဲ ဒီလိုမျိုးမှ ငါက ကစားချင်တာ။ သူ့ကို ကြည့်ရုံနဲ့ စိတ်တွေကြွလာတာပဲ ”
“ လာ လာ လာ လူသားလေး၊ ငါ့ဟာ ငုံလှည့်စမ်း ”
“ အခြေတည်အဆင့်နဲ့ တက်မလာနဲ့။ သတ္တိရှိရင် ငါ့ကို သတ်ပစ်လိုက် ”
“ ဆရာလေး၊ သူတို့ပြောတာ နားမထောင်ပါနဲ့။ ကျုပ်ကိုသာ ကယ်ပေးပါ ဆရာလေး။ ကျုပ် လျှို့ဝှက်ချက်ကြီးတစ်ခု သိထားပါတယ် ”
တချိန်တည်းမှာပင် ဝတ်စုံနက်မိန်းကလေးကို ထည့်ထားသည့်အကျဉ်းခန်းထဲ၌ ဝတ်စုံနက်မိန်းကလေးသည် ဆတ်ခနဲ ထလာပြီး သံတိုင်များကို ဆုပ်လိုက်သည်။ မန္တန်အစီအရင်ကြောင့် သူမ၏ လက်များ တဖျစ်ဖျစ်မြည်ကာ နာကျင်နေပါသော်လည်း သူမ ဂရုမစိုက်ပေ။
သူမက ရူးသွပ်နေသော မျက်ဝန်းများဖြင့် ရွှီချင်းကို စူးစိုက်ကြည့်၍ ချောက်ချားစရာကောင်းစွာ ရယ်မောလိုက်သည်။
“ ငါ နင့်ကို အကြိမ်ပေါင်း ( ၂၇၃၇၈၅၆ ) အထိ ကျိန်စာတိုက်ထားတယ် ရွှီချင်း ”
ရွှီချင်းသည် ဘေးပတ်လည်ရှိ အကျဉ်းခန်းများကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က တင်ပါးကို သူ့ဘက်လှည့်၍ လှုပ်ယမ်းနေနသော ဆိတ်ခေါင်းနှင့် ကျင့်ကြံသူအပေါ် ရောက်သွားသည်။
ထိုဆိတ်ခေါင်းကျင့်ကြံသူသည် ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံးအနက်ရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော အခြေတည်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပါသော်လည်း သူက အလွန် စိတ်တက်ကြွနေသည်။ ရွှီချင်းက ကြည့်နေသည်ကို မြင်၍ ဆိတ်ခေါင်းက နှုတ်ခမ်းကို လျာဖြင့် သပ်လိုက်သည်။
“ ငါ့ကိုလား။ လာလေ လာလာ ငါ့ကိုရွေး ငါ့ကိုရွေး။ အရင်က လူသားတွေ မရေမတွက်နိုင်လောက်အောင် ငါ စားခဲ့တာ။ မင်းလို အချောလေးတစ်ယောက်ကို ငါ မြည်းကြည့်ချင်တယ် ဟီး ဟီး ”
ရွှီချင်းသည် ခေါင်းညိတ်ကာ လေကို ဖမ်းဆုပ်လိုက်ရာ ဆိတ်ခေါင်း ရှိနေသည့် အကျဉ်းခန်းတံခါး ချက်ချင်း ပွင့်သွားသည်။ ကြီးမားသောအားအင်တစ်ခုက ဆိတ်ခေါင်းကို ရွှီချင်းဆီသို့ ဆွဲခေါ်သွားသည်။
နောက်ဆုံးတွင် ဆိတ်ခေါင်းမှာ လေထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသည်။ ဆိတ်ခေါင်းက ရူးသွပ်နေသည့်မျက်လုံးများဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ ၎င်းက စကားပြောရန် ပြင်လိုက်စဉ် ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး အဆိပ်မှုန့်များကို ပက်လိုက်ရာ ဆိတ်ခေါင်း၏ ပတ်လည်ကို အဆိပ်များ ဖုံးလွှမ်းသွားပြီး ဆိတ်ခေါင်း၏ကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။
“ အဆိပ်လား။ ဘာများစွမ်းလို့တုံး။ ငါ … ”
ဆိတ်ခေါင်းမှာ စကားပင်မဆုံးသေးခင် တစ်ကိုယ်လုံး တုန်ရီလာသည်။ သို့သော် သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
“ ဇိမ်ရှိလိုက်တာကွာ ”
ရွှီချင်းသည် လျစ်လျူရှုလိုက်ပြီး ဂရုတစိုက်ကြည့်ရှုလိုက်သည်။ ဆိတ်ခေါင်း၏ တစ်ကိုယ်လုံး ပို၍ ပြင်းထန်စွာ တုန်ရီလာပြီး ဒွါရခုနစ်ပါးမှ သွေးများ ထွက်လာသောအခါတွင် ရွှီချင်းသည် ပိုးကောင်နက်ပုလင်းကို ထုတ်လိုက်ပြီး ပုလင်းကိုဖွင့်၍ ပိုးကောင်နက်အနည်းငယ်ကို ပက်လိုက်သည်။
ထိုပိုးကောင်နက်များက ဆိတ်ခေါင်း၏ကိုယ်ထဲ ချက်ချင်းဝင်သွားသည်။
နာကျင်မှုကြောင့် ဆိတ်ခေါင်း၏ မျက်လုံးများ နီမြန်းလာပါသော်လည်း သူ့မျက်နှာပေါ်တွင် ရူးသွပ်ခြင်းများ ရှိနေဆဲပင်။ သို့သော် အနီးကပ်ကြည့်ပါက ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ အမြစ်တွယ်နေသည်ကို မြင်ရပေမည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှာ အနည်းငယ် ခြောက်ကပ်လာသည်။ ၎င်းကိုယ်ထဲသို့ ဝင်ရောက်သွားသော ပိုးကောင်နက်များ အပြင်သို့ ပျံထွက်လာပြီး ထိုပိုးကောင်နက်များကို ရွှီချင်း စစ်ဆေးကြည့်လိုက်သည်။ ဆိတ်ခေါင်းမှာမူ မြေပြင်သို့ ကျသွားသည်။ ၎င်း၏တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပါသော်လည်း ၎င်း၏မျက်နှာပေါ်တွင် ပို၍ ပြင်းထန်သော ရူးသွပ်ခြင်းများ ရှိနေသည်။
“ ဒါပဲလား ”
ရွှီချင်းသည် နားမကြားသည့်အလား ပိုးကောင်နက်များကိုသာ ကြည့်နေသည်။ ပိုးကောင်နက်များ၏ အရှိန်အဝါက အနည်းငယ် သိပ်သည်းလာဟန်ရှိပါသော်လည်း ယင်းမှာ အနည်းအကျဉ်းသာ ဖြစ်သည်ကို သူ သိလိုက်ရသည်။
ယင်းကြောင့် ရွှီချင်းမှာ အတန်ငယ် စိတ်ရှုပ်ထွေးသွားရသည်။ ယခင်သူ၏လေ့လာမှုများအရ ဆေးပင်ခုနစ်မျိုးကို အသက်ရှင်နေသော အသွေးအသားထဲ ပေါင်းစပ်လိုက်သည့်အခါ ပိုးကောင်နက်များကို ပို၍ အစွမ်းထက်အောင်လုပ်ပေးနိုင်သည်။ သို့သော်လည်း ယခု တိုးတက်နှုန်းမှာ သူ မျှော်မှန်းထားသည်နှင့် မကိုက်ညီပေ။
“ ဘယ်နေရာမှားသွားလဲ ငါ ကြည့်ရမယ် ”
ရွှီချင်းသည် ရေရွတ်လိုက်ပြီး ဆိတ်ခေါင်း၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ဆိတ်ခေါင်းက ရွှီချင်းကို လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် ရွှီချင်းက မျက်နှာသေဖြင့် ဓားမြှောင်ကို ထုတ်ကာ ဆိတ်ခေါင်း၏ ဗိုက်ကို ခွဲလိုက်သည်။ ထို့နောက် ဆိတ်ခေါင်းကို ကိုယ်တွင်းအင်္ဂါများကို မွှေနှောက်ရှာဖွေလိုက်လေသည်။
လှောင်ပြောင်သရော်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် အထိတ်တလန့် အော်ဟစ်သံများ အကျဉ်းထောင်တစ်ခုလုံး ပျံ့လွင့်သွားသည်။ သို့သော်လည်း ထိုစူးစူးဝါးဝါးအော်ဟစ်သံများမှာ တခဏလေးအတွင်း အားနည်းလာသည်။
ဘေးပတ်လည်ရှိ အကျဉ်းခန်းများမှ အသံပေါင်းစုံ တိခနဲ ရပ်သွားသည်။ အကျဉ်းသားအများစုက တည်ငြိမ်စွာ လေ့လာနေသော ရွှီချင်းကို စိုးရိမ်ကြောင့်ကြသောအကြည့်များဖြင့် ကြည့်လာကြသည်။
ခဏအကြာ ဆိတ်ခေါင်းကို အရှင်လတ်လတ် ခွဲစိတ်လေ့လာခဲ့ပြီးပြီဖြစ်သော ရွှီချင်းမှာ အတွေးနက်သွားသည်။ ထို့နောက် လေထဲကို ဖမ်းဆုပ်လိုက်ပြန်ရာ သူ့ကို တံတွေးဖြင့် ထွေးခဲ့သည့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆုပ်မိလိုက်သည်။
ထိုသူမှာ ရေသူမမျိုးနွယ်ဝင်တစ်ယောက်ပင်။
၎င်း၏မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများ သိသိသာသာ ပေါ်လွင်နေပြီး ၎င်း၏အသက်ရှူသံများ မြန်ဆန်နေသည်။ ၎င်းက စကားပြောရန်ပြင်လိုက်စဉ်မှာပင် အဆိပ်မှုန့်များကို ပက်လိုက်ပြီး ပိုးကောင်နက်များကို ထုတ်လိုက်ပြန်သည်။
ခဏအကြာ စူးစူးဝါးဝါးအော်ဟစ်သံများ ပေါ်လာပြီး တူညီသောဖြစ်ရပ် ဖြစ်ပျက်လာသည်။ ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး စစ်ဆေးရန် ရေသူမ၏ခန္ဓာကိုယ်ကို ခွဲလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ အကျဉ်းထောင်ထဲရှိ အကျဉ်းသားများအားလုံး၏ ဆူဆူညံညံအသံများ ရပ်သွားသည်။ သူတို့၏အသက်ရှူသ့များ မြန်ဆန်လာကာ သူတို့မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများ ပေါ်လာသည်။
သေရမည်ကို သူတို့မကြောက်ပါသော်လည်း အရှင်လတ်လတ်ခွဲစိတ်လေ့လာခံရမည့်အဖြစ်မျိုးသည် သူတို့တစ်ခါမှ မတွေးထားခဲ့သောအရာဖြစ်သည်။ ယင်းအပြင် တခြားလူများ၏ အဖြစ်အပျက်များကို မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ ကြောက်ရွံ့စိတ်များ ပို၍ပင် တိုးလာတော့သည်။
ထိုကြောက်ရွံ့စိတ်များသည် ရွှီချင်းကို ကြည့်မိသောအခါ ပို၍ တိုးလာသည်။ သူသည် လေ့လာရာတွင် စိတ်ကို လုံးလုံးလျားလျား နစ်မြှုပ်ထားသည်။ သူသည် စဉ်းစားတွေးတောပြီးနောက် ရာဇဝတ်သားများကို ဖမ်းဆုပ်ကာ ဗိုက်ကိုခွဲသည်။ မြေပြင်တွင် သွေးမျိုးစုံပေါင်းစပ်ရောနှောသွားပြီး သွေးရေကန်ပမာ ဖြစ်လာသည်။
နောက်ဆုံး၌ တချို့အကျဉ်းသားများမှာ စိတ်နှလုံးချုံးချုံးကျသွားပြီး ချောင်များတွင် ပုန်းကွယ်နေကြသည်။ ရွှီချင်းကို ကြည့်သည့် သူတို့၏အကြည့်များထဲတွင် မနှိုင်းယှဉ်လောက်အောင် အကြောက်တရားများ ကြီးစိုးနေ၏။
ဝတ်စုံနက်မိန်းကလေးသည်ပင် သုံးဆယ့်လေးယောက်မြောက်ရာဇဝတ်သားအား ရွှီချင်းမှ အရှင်လတ်လတ်ရင်ခွဲသည်ကို မြင်ပြီးနောက် ကျိန်ဆဲခြင်း ရပ်သွားသည်။ သူမ၏ခန္ဓာကိုယ် မသိမသာ တုန်ရီလာပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
တစ်ညတာ ကုန်လွန်သွားသည်။
မနက်ခင်းစောစောတွင် ရွှီချင်း ထွက်သွားသည်။
ထိုညက အကျိုးကျေးဇူးများစွာ သူ ရခဲ့ပြီး သူ့စိတ်ထဲ အကြံများစွာ ရှိနေပြီဖြစ်သည်။ သူ ထွက်သွားပြီးနောက် လူဆိုးထိန်းဌာနမှ ဂိုဏ်းသားများ အကျဉ်းခန်းထဲသို့ ဝင်လာပြီး မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။
ဤနေရာက အမှန်ပင် လူသတ်ကွင်းတစ်ကွင်း ဖြစ်သွားခဲ့ပေသည်။
သို့သော်လည်း သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အကျဉ်းထောင်ကို သန့်ရှင်းဆေးကြောမနေတော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုရာဇဝတ်ကောင်များသည် သနားရန် မထိုက်တန်သောကြောင့် ဖြစ်သည်။ သူတို့က အပြစ်ကင်းသောလူသားများစွာကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့အတွက် အဓမ္မပြုကျင့်ခြင်းနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းမှာ ပုံမှန်သာဖြစ်ပြီး တချို့သူများက လူသားများကိုပင် အစားအစာအတွက် မွေးမြူကြသည်။
သူတို့ကို အသက်ရှင်ခွင့်ပေးထားရခြင်းမှာ အလိုရှိသည့်အခါ အသေခံတပ်သားအဖြစ် အသုံးချရန် ဖြစ်သည်။
လူဆိုးထိန်းဌာနမှထွက်လာပြီးနောက် ရွှီချင်းသည် ဆေးဆိုင်သို့ ချက်ချင်း သွားလိုက်ပြီး ဆေးပင်များနှင့် အဆိပ်မြက်ပင်များစွာကို ဝယ်ယူလိုက်သည်။ ထို့နောက် ဆက်လက်လေ့လာရန် သင်္ဘောဆီသို့ ပြန်သွား၏။ ညသန်းခေါင်ယံသို့ ရောက်သောအခါတွင် အကျဉ်းထောင်သို့ သူ ထပ်သွားလိုက်သည်။
ယခုတစ်ခေါက် သူ ဝင်လာသည့်အခါ စက်ဆုပ်ရွံရှာဖွယ်အပြုအမူများဖြစ်စေ၊ လှောင်ပြောင်အော်ဟစ်သံများဖြစ်စေ မတွေ့ရတော့ပေ။ အကျဉ်းသားအားလုံး ချက်ချင်း တုန်ရီလာပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ဝင်လာသည့်ရွှီချင်းကို ကြောက်ရွံ့နေသည့်အကြည့်များဖြင့်သာ ကြည့်လိုက်ကြသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် အကျဉ်းခန်းများစွာကို ကျော်ဖြတ်လာခဲ့ပြီးနောက် ဝတ်စုံနက်မိန်းကလေး၏ဘေးရှိ အကျဉ်းခန်းတစ်ခန်းပေါ်သို့ အကြည့်ရောက်သွားသည်။ ထိုအကျဉ်းခန်းထဲတွင် လည်ပင်းမှာအမာရွတ်နှင့် မျက်လုံးသုံးလုံးကျင့်ကြံသူတစ်ယောက်ရှိသည်။
ရွှီချင်းက ထိုသူကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ ထိုသူကို အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရပြီး ညဉ့်ငှက်အဖွဲ့ဝင်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ ထိုကျင့်ကြံသူ၏ စူးစူးဝါးဝါးအော်ဟစ်သံများကြားတွင် သူသည် ထိုသူကို ဆုပ်၍ အဆိပ်များဖြင့် ပက်လိုက်ပြီး ပိုးကောင်နက်များကို လွှတ်လိုက်သည်။
ထိုညသည်လည်း ယမန်နေ့ညကအတိုင်း ကုန်ဆုံးသွားသည်။
ထိုသို့ဖြင့် နောက်ထပ်သုံးရက်ကုန်လွန်သွားသည်။
ရွှမ်ဌာနခွဲရှိ ဂိုဏ်းသားများကြားတွင် ရွှီချင်းနှင့်ပတ်သက်သည့် ထိတ်လန့်ဖွယ်သတင်းများ ပျံ့နှံ့လာသည်။ အကျဉ်းခန်းထဲရှိ အကျဉ်းသားအားလုံး သေဆုံးသွားခဲ့ပြီး ဝတ်စုံနက်မိန်းကလေးတစ်ယောက်တည်းသာ ကျန်တော့သည်။ ရွှီချင်းကို ကြည့်လေ့ရှိသည့် သူမ၏အကြည့်တွင် အကြောက်တရားများ ပို၍ပင် ကိန်းအောင်းလာ၏။
“ ဟွမ်ဌာနခွဲက အကျဉ်းသားတွေကို ဒီကိုခေါ်လာခဲ့ ”
ရွှီချင်း၏ညွှန်ကြားချက်ကို ချက်ချင်း ဆောင်ရွက်ပေးလိုက်ကြသည်။ ထိုသို့ဖြင့် ရွှမ်ဌာနခွဲ၏ အကျဉ်းထောင်တွင် တူညီသောဖြစ်ရပ်တစ်ခု ဆက်လက်ဖြစ်ပွားနေသည်။
အကျဉ်းသားများအားလုံးက အစတွင် သရော်လှောင်ပြောင်နေခဲ့ကြပါသော်လည်း နောက်ပိုင်းတွင် ကြောက်ရွံ့ထိတ်လန့်ကာ စိတ်ဓာတ်ကျလာတော့သည်။
ရွှီချင်းမှာ ပိုးကောင်နက်လေးများကို လေ့လာရာ၌ အတော်လေး ခရီးရောက်လာပြီဖြစ်သည်။ သူက အလောင်းအဆိပ်ကိုပင် ပေါင်းထည်လိုက်ရာ ပိုးကောင်နက်များ၏ အရေအတွက်နှင့် အစွမ်းသတ္တိမှာ ကြီးစွာ တိုးတက်လာခဲ့သည်။
ပိုးကောင်နက်များက လူသားမဟုတ်သောမျိုးနွယ်များမှ ရာဇဝတ်ကောင်တစ်ကောင်၏ ကိုယ်ထဲသို့ ချည်းနင်းဝင်ရောက်သွားသောအခါ အရိုးများအဖြစ်ပြောင်းလဲသွားပြီး အသွေးအသားများကို လုံးလုံးလျားလျား ဝါးမျိုတတ်သည်။
သို့သော်လည်း ရွှီချင်းမှာ ကျေနပ်အားရခြင်း မရှိသေးပေ။
“ ဝါးမျိုမခံရအောင် အပြင်ဘက်မှာ ပိတ်ဆို့ထားရင် လွယ်သွားမယ်။ ဒီတော့ ပိုးကောင်နက်တွေကို အဆိပ်လိုမျိုး မမြင်ရအောင် လုပ်ထားရင် ပိုကောင်းမယ် ”
ရွှီချင်းသည် လူဆိုးထိန်းဌာနအား တိဌာနခွဲမှ ဖမ်းဆီးထားသော ရာဇဝတ်သားများကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။
ဤအကျဉ်းထောင်ထဲ၌ အကြီးအကျယ် ထိုးနှက်ခံလိုက်ရသည်မှာ ဝတ်စုံနက်မိန်းကလေးဖြစ်သည်။
ရွှီချင်းနှင့် မတွေ့ခင်က အကြောက်တရားကို သူမ နားမလည်ခဲ့ပေ။ သို့သော် ဤရက်အနည်းငယ်အတွင်း ရွှီချင်း၏အပြုအမူအမျိုးမျိုးကို သူမ မြင်ခဲ့ရသည်။ သွေးအေးသောအမူအရာဖြင့် စူးစမ်းလေ့လာနေသောသူ၏ပုံစံက သူမ၏စိတ်ကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။
တိဌာနခွဲမှ အကျဉ်းသားများ ရောက်လာသောအခါတွင် ရွှီချင်းက လက်ကိုဝှေ့ယမ်း၍ ပိုးကောင်နက်အများအပြား ထုတ်ဖော်လိုက်သည်ကို ဝတ်စုံနက်မိန်းကလေး ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူမ၏ခန္ဓာကိုယ် တုန်ရီလာပြီး သူမ၏မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများ ရှားရှားပါးပါး ပေါ်လာသည်။
ရွှီချင်း၏မျက်နှာကို ဘေးတိုက်အနေအထားမှ ငေးစိုက်ကြည့်နေပြီးနောက် သူမ၏လက်ချောင်းကို ကိုက်ကာ ရွှီချင်းထံသို့ ဆန့်ထုတ်လိုက်သည်။ သူမ၏ပုံစံက ရွှီချင်းအား သူမ၏လက်ချောင်းကို စားမလားဟု မေးနေဟန်တူသည်။
ရွှီချင်းက သူမအား စိတ်မဝင်စားသည်ကို မြင်၍ တုန်ရီနေသော လက်ကို ပြန်ဆုတ်လိုက်ပြီး ပါးစပ်ထဲထည့်၍ သွေးများကို စုပ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမက တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။
“ အစ်ကိုရွှီချင်း … ညီမ ကူပေးရမလား ”